ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၆)
သူတို့လမ်းအိမ်ရဲ့ လမ်းသွယ်လေးနားကထွက်လာတော့ လမ်းထဲမှာလူရှင်းနေတယ်။ ရှေ့နားက လမ်းထိပ်မှာတော့ ဘတ္ထရီမီးလေးနဲ့ကွမ်းယာဆိုင်ကလေးက လင်းနေတယ်။ ရုတ်တရက် သူတို့လမ်းသွယ်လေးထဲကို ချိုးကွေ့ဝင်လာတဲ့ မီးရောင် နှစ်ပွင့်ကို မြင့်လိုက်ရလို့ လမ်းဘေးကပ်ရှောင်ပေးလိုက်တယ်။ မီးရောင်နှစ်ပွင့်နဲ့ ဆိုင်ကယ်နှစ်စီးက သူတို့ရှေ့မှာရပ်လိုက်တော့ မီးရောင် စူးစူးကြောင့် မောင်းလာသူကို မမြင်ရဘူး။ အဲဒီအချိန်မှာ သူကြားဖူးနေတဲ့ အသံတစ်သံကိုကြားလိုက်ရတယ်..။
“ချာလီ …ဟဲ့ နင်တို့အိမ်ကိုလာတာ ဟဲ့”
ကောင်မလေးရဲ့အသံ..။ ဟုတ်တယ်။ ကောင်မလေးရဲ့အသံလေးပါ။ ချိုလွင်လွင်လေး။ အမေနဲ့ ဒေါ်လေး ဒေါ်စိန်ကြည်က ကြောင်အမ်းအမ်းနဲ့။ ခုမှကြည့်မိတယ်။ ဆိုင်ကယ်နောက်တစ်စီးပေါ်မှာ မိမိ…။ ဆိုင်ကယ်ရှေ့မှာ အန်တီဆရာမ…။
“ဆရာမ…..”
ဒေါ်လေး ဒေါ်စိန်ကြည်က မိမိကိုတွေ့လိုက်ရင်ပဲ..ဆိုင်ကယ်ပေါ်က အတင်းဆွဲချတယ်။
‘”ကောင်မ လာစမ်းဒီကို ငါ့ကိုတော်တော် ဒုက္ခပေးတဲ့ကောင်မ….”
မြန်လိုက်တဲ့လက်..။ ဆိုင်ကယ်ပေါ်ကဆွဲချပြီး မိမိ ရဲ့ ကျောပြင်ကို တအုံးအုံးနဲ့ ချတော့တယ်။ ဆရာမကလည်း-
“မလုပ်ပါနဲ့ အစ်မရယ် ပြန်ရောက်လာပြီပဲ ကျွန်မတို့လည်း အစ်မတို့ စိတ်ပူနေမှန်းသိလို့ ပြန်လိုက်ပို့တာပါ လာပါ အစ်မရယ် လမ်းပေါ်မှာမကောင်းပါဘူး…။ ဆုံးမချင်ရင်လည်း အိမ်ကျမှ ဆုံးမ…လာလာ သားချာလီ သားတို့အိမ် ဆရာမတို့လိုက်ခဲ့မယ်….”
သူ့အိမ်ကို ဆရာမတို့လိုက်မယ်တဲ့။ သူ အမေ့မျက်နှာကိုကြည့်လိုက်တော့…အမေကလည်း သဘောတူတဲ့ဟန်ပြပါတယ်။
“လာလာဆရာမ ချာလီတို့ဆရာမကို ဟဲ့ စိန်ကြည်တော်တော့ လာအိမ်ကိုအရင်သွားမယ် ဆရာမတောင် လိုက်ပို့နေပြီပဲ ညည်း ဒေါသကိုလျှော့စမ်းအေ…။ လာလာ ဆရာမ ဟို့ရှေ့က အိမ်က ကျမအိမ်ပဲ….”
အမေက ဦးဆောင်ပြီးရှေ့က သွားတယ်။ ဒေါ်လေး ဒေါ်စိန်ကြည်ကတော့ မိမိရဲ့ နားထင်က ဆံပင်ကိုဆွဲပြီး လိုက်လာတယ်။ မိမိက မျက်နှာငယ်လေးနဲ့။ ငိုထားပုံရပေမယ့် သူ့အမေရှေ့မှာမို့လားမသိဘူး မျက်ရည်မကျဘူး။ ကောင်မလေးကတော့ ပြူးတိပြူးကြောင်ကိုဖြစ်လို့။
အိမ်ရောက်တော့ အဖေက အိပ်ယာထဲရောက်နေပြီ.။ သူအဖေရဲ့အကျင့်က ဧည့်သည်လာတယ်ဆိုရင် ရှောင်ထွက်သွားတတ်တဲ့အကျင့်ရှိတယ်။ စောစောကတည်းက လမ်းထဲက လူသံသူသံတွေကို အဖေကြားတယ်ထင်ပါရဲ့။
အိပ်ယာထဲဝင်ပြီးလဲနေပြီ။ အလိုက်သိသိနဲ့ သူလည်းမနိုးတော့ပါဘူး။ အိမ်ပေါ်ရောက်တော့ ယိုးဒယားဖျာတစ်ချပ်ကို မြန်မြန်ဆန်ဆန် ခင်းလိုက်တယ်။ အသင့်ရှိတဲ့ ရေနွေးကြမ်းအိုးနဲ့ခွက်တွေကို မီးဖိုချောင်ထဲက ယူချပေးတယ်။ အမေကတော့ ဆရာမတို့နဲ့ စကားဖောင်ဖွဲ့နေပြီ။ သူလုပ်သမျှကို လိုက်ကြည့်နေတဲ့ကောင်မလေးကို သူကလည်း လှမ်းပြီးပြုံးနေရသေးတယ်။ မိမိကတော့ မှုန်ကုတ်ကုတ်နဲ့ ဒေါ်လေး ဒေါ်စိန်ကြည်ဘေးမှာထိုင်လို့။ခုမှ မိမိကိုသေသေချာချာကြည့်လိုက်တော့ မိမိခြေထောက်မှာ ပတ်တီးကြီးနဲ့။ သူ့အမေ မသိအောင် လမ်းကို မာလျှောက်ခဲ့တယ်ထင်ရဲ့။
“အဲဒါပါပဲ ဆရာမရယ် ဒီကောင်မ ဘယ်လောက်အသည်းမာတယ်ထင်သလဲ ကြည့်စမ်း….”
“ကျွန်မလည်း မှောင်နဲ့မည်းမည်းဆိုတော့ ဆိုင်ကယ်ကို ချိုးကွေ့လိုက်တာ လမ်းကြာ;က သမီးလေးထွက်လာတာကိုမမြင်လိုက်မိဘူး။ ခြေထောက်ကို ဖြတ်ထိသွားတယ်။ ဆရာဝန်နဲ့ပြကြည့်တော့ မစိုးရိမ်ရပါဘူးတဲ့.။ ကျွန်မ အတန်းထဲက ကလေးလည်းဖြစ်နေပြန်တော့ စိတ်ပူတာပေါ့။ သမီးကလည်း ဘာမှမပြောဘူးလေ။ ကျွန်မက အိမ်ပြန်လိုက်ပို့မယ်လုပ်တော့ ငိုပါလေရော။ အဲဒီမှာ ကျွန်မက ဇွတ်မေးရတော့တာ ။ ဘာဖြစ်လာတာလဲလို့ပေါ့။ အကျိုးအကြောင်းသိရတော့မှ ကျွန်မ အမျိုးသားကို ဖုန်းဆက်ခေါ်ပြီး လိုက်ပို့တာ။ ဒါတောင် ချာလီ့အိမ်ကိုပဲပို့ပေးပါဆိုလို့..ဝင်လာတာ ။ အဲဒါ အစ်မနဲ့ တန်းတွေ့တော့တာပဲ။”
ခုမှ ဒေါ်စိန်ကြည်က ပြူးတူးပျာတာနဲ့ မိမိရဲ့ခြေထောက်ကိုကြည့်တယ်။ ဆရာမက
“မစိုးရိမ်ပါနဲ့ အစ်မ သမီးလေးရဲ့ ဆေးဖိုးဝါးခကို ကျွန်မ တာဝန်ယူပါတယ်…”
“ဟုတ်ကဲ့ပါရှင် ကံကြီးလို့သာ ဆရာမနဲ့တွေ့ရတာ ဒီကောင်မကိုတော့ အိမ်ရောက်မှ ကောင်းကောင်းဆုံးမရဦးမယ်”
“မလုပ်ပါနဲ့တော့ရှင် ကျွန်မလည်းကောင်းကောင်းပြောပြထားပါတယ်။ နားလည်အောင်ပေါ့။ ဒီလိုပါပဲ ကလေးတွေဆိုတာ…စိတ်ထဲရှိရာလုပ်လိုက်မိတာနေမှာပါ….ကဲသမီး သမီးကလည်း နောက်ကို အိမ်ကိုမပြောမဆိုပဲနဲ့ ထွက်မလာရဘူးနော်။ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ မကောင်းဘူးသမီးရဲ့..။ မိဘကိုပြန်ပြောရင်လည်း ငရဲကြီးတယ်…။ ကဲ ဆရာမရဲ့ရှေ့မှာပဲ သမီးအမေကို ကန်တော့လိုက်…။ အမှားဆိုတာ ဝန်ချတောင်းပန်ရင် ကျေတတ်တာပဲ သမီးရဲ့”
မိမိ က အန်တီဆရာမရဲ့ စကားကိုတော့နားထောင်ပါတယ်။ သူတို့ရှေ့မှာပဲ ဒေါ်လေး ဒေါ်စိန်ကြည်ကို ထိုင်ကန်တော့တယ်။
“ဟဲ့ အောင်မလေးမေ့နေလိုက်တာ ဧည့်သည်တွေကို ဘာမှမဧည့်ခံရသေးဘူး..ချာလီ သွားလမ်းထိပ်ကို ကော်ဖီမစ်နဲ့ မုန့်သွားဝယ်လာခဲ့”
“အို…ရပါတယ် အစ်မ မလုပ်ပါနဲ့ တကူးတကကြီး…..ညကလည်းမှောင်မှောင်နဲ့ မလုပ်ပါနဲ့”
အန်တီဆရာမရဲ့ယေ.ာကျာ်းကလည်း ဝင်ပြောတယ်။
“ဟုတ်ပါတယ်ဗျာ တကူးတကမလုပ်ပါနဲ့ ”
“မဟုတ်တာရှင် ..သားရဲ့ဆရာမတစ်ယောက်လုံးလာတာ ကျွန်မ ဧည့်ခံရမှာပေါ့။ ဒီလ ိုမျိုး ကျောင်းကဆရာမတွေ ကျမအိမ်ကိုမလာဖူးဘူး ဆရာမရဲ့။ နေဦးနော်….စိန်ကြည် လာကူဦး လက်ဖက်သုပ်ရအောင်လို့။ အတော်ပဲဆရာမရေ ကျမ အမျိုးတွေပါးလိုက်တဲ့ နှမ်းဆုပ်ကလေးကလည်းရှိနေတာ နေဦးနော်..။”
သူက လမ်းထိပ်ကိုပြေးထွက်ခဲ့တယ်။ သူပြေးရင်း ရင်တွေခုန်လိုက်တယ်ဆိုတာ မပြောပါနဲ့။ ကော်ဖီမစ်ကို မြန်မြန် သုတ်သုတ်လေးဝယ်ပြီး အပြေးပြန်ခဲ့တယ်.။ လမ်းတစ်ဝက်ရောက်မှ မုန့်မပါလာလို့ ပြန်လှည့်ဝယ်ရသေးတယ်။ အိမ်ရောက်တော့ အမေတို့က ဆရာတို့နဲ့ စကားတွေဖောင်ဖွဲ့ပြောဆိုနေကြတယ်။
ကောင်မလေးက နှမ်းဆုပ်တွေကို တစ်လုံးပြီးတစ်လုံးစားနေတယ်။
“အမေ ကော်ဖီမစ်…ရပြီ….စိန်ကြည်ဖျော်အေ…..”
ဒေါ်လေး ဒေါ်စိန်ကြည်က ကော်ဖီမစ်တွေဖျောနေတယ်။
“ဆရာမရယ် ကျမသားကိုလည်း အပ်ပါတယ်နော်။ ဂရုစိုက်ပေးပါ။ ကျမကလေ သားကို ပညာတတ်ကြီး သိပ်ဖြစ်စေချင်တာ။ ကျမက ပညာမတတ်ခဲ့ဘူးမှတ်လား။ ကျမ ငယ်ငယ်က ကျောင်းမနေခဲ့ရဘူးမလား။ သားကို ပင်ပန်းတဲ့အလုပ်မလုပ်စေချင်ဘူး။ မရှိတဲ့ထဲက ဖြစ်အောင်ထားပေးရတာ…။ အရိပ်ထဲမှာ ဘောလ်ပန်လေးကိုင်ပြီး အလုပ်လုပ်စေချင်တာ ကျမရဲ့ဆန္ဒပဲ…။ ကျမတို့က မရှိတော့ ကျူရှင်လည်းမထားနိုင်ဘူး။ ခုတောင် အချိန်ပိုကြေးကို သူများထက်နောက်ကျမှပေးနိုင်တာ…။ သားတို့ကလည်း ဘယ်သိမလဲ။ ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းဆိုတော့ မိဘတွေ ဘယ်လိုရုန်းကန်ရသလဲဆိုတာဘယ်သိမလဲ…အဲဒါကြောင့် ကျမသားကို အပ်တာပါ။ မလိမ္မာရင်လည်း ရိုက်နှိက်ဆုံးမနိုင်ပါတယ်..”
“ဟုတ်တယ် ဆရာ ကျမ သမီးကိုလည်း အပ်ပါတယ်”
ဒေါ်လေး ဒေါ်စိန်ကြည်က ကော်ဖီခွက်ထည့်ထားတဲ့လင်ဗန်းလေးကိုချရင်း ဝင်ပြောတယ်။
“ကျမ သမီးက စိတ်ကထက်တယ် ဆရာမ။ ပြောစရာရှိတာ ဆုံးမစရာရှိတာ ဆုံးမပါဆရာမ။ ကျမတို့က အချိန်ပြည့်မဆုံးမနိုင်ဘူးလေ။ ညနေပြန်လာ ထမင်းဟင်းချက်ပြုတ်စားသောက်ပြီးတာနဲ့ ပင်ပန်းလွန်းလို့အိပ်ချင်ရော။ ကလေးတွေ စာကျက်လား မကျက်လားတောင် သူများမိဘတွေလို စောင့်မကြည့်နိုင်ဘူး။ သမီးက အဲဒီတစ်ခုကို စိတ်ချရလို့တော်သေးတယ.်။ သူ့အသိစိတ်နဲ့ စာကျက်တယ်။ တစ်ခါတစ်လေ သူလိုချင်တာမရရင်တာ လုပ်ချင်ရာလုပ်တော့တာ..။သူ့အဖေကဆိုရင် သူ့သမီးကို သိပ်အထင်ကြီးတာ ဆရာမရဲ့ ပညာတတ်ဖြစ်မှာတဲ့…။ သူ့အဖေက ပြောတာတော့ တစ်မိပေါက်တစ်ယောက်ထွန်းမှာဆိုပဲ…။”
“ဟုတ်ကဲ့ပါ ကျွန်မကလည်း စောင့်ရှောက်ဆုံးမပါ့မယ်..။ ကျွန်မက သူတို့လေးတွေရဲ့အတန်းပိုင်လေ…။ ကျွန်မကလေးတွေကို ပစ်မထားပါဘူး။ ကျူရှင်မထားနိုင်လည်းမပူပါနဲ့ ကျွန်မဆီတာလွတ်လိုက်ပါ။ ကျွန်မအမျိုးသားကလည်း ကျောင်းဆရာတာမလုပ်တာ စာအသင်အပြက ကျွန်မထက်တောင်ကောင်းသေးတာ…။ကျူရှင်ကတော့ ကျွန်မက ဘယ်ကလေးမှ အိမ်မခေါ်သင်ပါဘူး။ အခု အစ်မတို့ရဲ့ သားနဲ့သမီးကိုတော့ ကျွန်မခေါ်သင်ပေးပါ့မယ်။ ကျွန်မ သမီးလည်း စာကျက်ဖော်ရတာပေါ့။ သမီးနဲ့ သူတို့ကလည်း သူငယ်ချင်းတွေဖြစ်နေပြီလေ….။ ကျွန်မ စေတနာ သန့်သန့်နဲ့ ကူညီသင်ပေးပါမယ့်..ဟုတ်လား..။”
“ကျေးဇူးတင်လိုက်တာရှင်….”
“တကယ့်ကိုကျေးဇူးတင်တာပါ…ကော်ဖီသောက်ပါဦး ဒီက အစ်ကိုလည်း သောက်ပါဦး သမီး ကော်ဖီသောက်ဦးလေ”
“တော်ပြီ အန်တီ သမီး နှမ်းဆုပ်တွေကိုကြိုက်တယ်…၊ အန်တီလုပ်တတ်လား ဟင်..”
“အို လုပ်တတ်တာပေါ့ သမီးကြိုက်ရင် ဒေါ်ဒေါ်လုပ်ပေးမှာပေါ့ လုပ်ပြီးရင် ချာလီနဲ့ ထည့်ပေးလိုက်မယ် ဟုတ်ပြီလား”
ဆရာမက အားနာနေတယ်ထင်တယ်။ ကောင်မလေးကို မျက်စိမျက်ရိပ်နဲ့တော်တော့လို့ပြောနေတယ်။ အဲဒီ မျက်စိမျက်ရိပ် ဘာသာရပ်ကို သူ ဘယ်သူမှမသင်ပေးပဲတတ်လာရတာ။ အမေက ဧည့်သည်တွေအိမ်လာရင် ထမင်းဝိုင်းကနေ မျက်စိမျက်ရိပ်နဲ့ထွက်သွားခိုင်းတတ်တာကို။ အလိုက်မသိလို့ကတော့ ကွယ်ရာခေါ်ပြီး ဗိုက်ကိုဆွဲလိမ်တော့တာလေ။
“မဟုတ်တာရှင် ကဲ သမီးတော်တော့ အစ်မတို့ရေ မိုးလည်းချုပ်လှပြီ ပြန်တော့မယ် မီးကလည်း ပျက်နေတာဆိုတော့ အိမ်မှာလူမရှိဘူးလေ… ”
“ဪ ဟုတ်တာပေါ့ သားချာလီ ဓါတ်မီးယူထိုးပြလိုက် ဆရာမတို့ပြန်တော့မယ်တဲ့…”
သူက ဓါတ်မီးလေးယူပြီးရှေ့ကထိုးပြရတယ်။ ကောင်မလေးက နှမ်းဆုပ်ကို လက်ကကောက်ကိုင်လာသေးတယ်။ တော်တော်လေးကြိုက်ပုံရပါတယ်။
“မညို ကျမလည်းပြန်မယ် အိမ်က ဟာက မျှော်နေရော့မယ် တော်ကြာ ဓါးကြိမ်းကြိမ်းနေမှဖြင့်နေစရာမရှိဖြစ်နေဦးမယ်..”
“အေး….အေး”
ဆရာမတို့ပြန်သွားတော့ ညက အတော်လေးနက်နေပြီ။ ကော်ဖီခွက်တွေကို သူသိမ်းလိုက်တယ်။ စားလက်စ လက်ဖက်သုတ်ပန်းကန်ကိုတော့ သူ ဝါးရတော့မှာပေါ့။ ဒီလိုနေ့မျိုးမှာ ဘုရားပွဲမကျရင် နောက်ရက်တွေမှာ ကျကိန်းမမြင်ဘူးလေ…။ အဲဒီ ညက ညအတော်လေးနက်မှ သူအိပ်ရတော့တယ်။ သူ ဒီညလေးကို မေ့နိုင်မှာမဟုတ်တော့ပါဘူး။ မီးမလာပေမယ့် အလင်းတစ်ပွင့်ကို သူ ရလိုက်တယ်မဟုတ်လား။
×××××××××××××××××××
ကျောင်းဝတ်စုံကိုလဲပြီးတော့ လွယ်အိတ်ကိုကောက်ကိုင်လိုက်တယ်။ လွယ်အိတ်ထဲ ညကထုတ်ထားတဲ့ စာအုပ်တွေပြန်ထည့်ရင် အမေပေးထားတဲ့ အချိန်ပိုကြေးကို စာအုပ်ကြားက ထုတ်ကြည့်လိုက်သေးတယ်…။ ဒီနေ့ကျောင်းသွားရမှာ သူပျော်နေတယ်။ မုန့်ဖိုးမရချင်နေတော့။ အချိန်ပိုကြေးပါတာနဲ့တင် သူကျေနပ်နေပြီ။ ဒီနေ့ သူမှာ အချိန်ပိုကြေးပါလာသလိုပဲ ဟိုကောင်တွေလည်းပါလာရင်ကောင်းမှာ။ သူကျောင်းထိပ်ရောက်တော့ မီကျော်နဲ့တွေ့တယ်။
“ချာလီ နင်အချိန်ပိုကြေးပါလား”
“အင်းပါလာတယ်..နင်ရော”
“အင်း အကုန်တော့မဟုတ်ဘူး တစ်ရာတည်းရယ်..ဒါတောင် ငိုယိုခြေဆောင့်ပြီးမှရတာ မလွယ်လိုက်တာဟယ်….”
မီကျော်က ကလိမ်ကကျစ်ဉာဏ်ရှိတယ်။ ဟန်ဆောင်ကောင်းတာလည်းနှစ်ယောက်မရှိဘူး.။ မင်းသမီးတွေတောင် အရှုံးပေးလောက်တယ်။ အရှုံးပေးလောက်ဆို မီကျော်က မင်းသမီးရူးရူးနေတာ။ မျက်ရည်ကျပြရမလား၊ အရူးလိုကပြရမလားရတယ်။ ခုလည်းကြည့် ငိုချင်ယောင်ဆောင်ပြီး အချိန်ပိုကြေးကို တစ်ဝက်ရလာအောင်တောင်လာနိုင်တယ်..။
ကျောင်းထဲမှာ မိမိကိုမတွေ့ရဘူး။ ကျောင်းမတက်နိုင်ဘူးထင်တယ်။
“မီကျော် မိမိ တို့အိမ်ဘက်ဝင်ခဲ့သေးလား”
“ဝင်တယ်..ကောင်မ ဖျားနေတယ်တဲ့ ခြေထောက်လည်း နာနေတယ်ပြောတာပဲ ပတ်တီးကြီးနဲ့ ဘာနားကမြင်းကျောထ ဆော့သလဲမသိဘူး ”
“ဆော့လို့ဖြစ်တာမဟုတ်ဘူး။ ဆိုင်ကယ်တိုက်တာ”
“ဆိုင်ကယ်တိုက်တာ..”
“ဟုတ်တယ် တိုက်တဲ့ဆိုင်ကယ်က ဆရာမ”
“ဆရာမ ..ဟုတ်လား ”
သူက မနေ့ညက အကြောင်းစုံကိုပြန်ပြောပြလိုက်တယ်။
“မိမိ ကံကောင်းလိုက်တာ” မီကျော်က အဲလိုပြောတော့ သူရယ်ချင်သွားတယ်။ ဆိုင်ကယ်တိုက်ခံရတာများ ကံကောင်းလိုက်တာလို့ပြောနေတယ်။ မျက်နာရူးမလေး မီကျော်ကိုတော့ သူမပြောချင်တော့ပါဘူး။ ကျောင်းထဲမှာ ကျောင်းသားတွေများလာပြီ။ ကောင်မလေးမလာသေးပါလား။ ကောင်မလေးကိုတွေ့ရင် မနေ့ညက ဝှက်ယူထားတဲ့ နှမ်းဆုပ်တွေကိုပေးရမယ်။ ကောင်မလေး ကြိုက်ပုံရတဲ့ နှမ်းဆုပ်တွေကို သူလည်းကြိုက်ပါတယ်။ ဒါပေမယ့် သူမစားရက်ပဲ ကောင်မလေးကို ကျွေးချင်နေမိတယ်။ ကောင်မလေးကြိုက်တဲ့ နှမ်းဆုပ်တွေကို လက်ထဲကြွပ်ကြွပ်အိတ်ကလေးထဲ သူမနေ့ညက ပန်းကန်ဆေးရင်း သိုသိုသိပ်သိပ်ထည့်ထားခဲ့ရတာ ဘယ်လောက် ရင်ထိတ်စရာကောင်းလဲ။ ဟော….လာပါပြီ..ကောင်မလေး။ ကျစ်ဆံမြီးကလေးနှစ်ဖက်မှာ ဖဲကြိုးနီကလေးစည်းလို့။ သနပ်ခါးလိမ်းထားပုံကလည်း သစ်ရွက်ပုံကလေးမို့ သိသာထင်ရှားနေတယ်…။
“နင့်လက်ထဲက နှမ်းဆုပ်တွေမလား”
မီကျော်အမေးကြောင့် သူလန့်သွားတယ်။ ဟုတ်ပါရဲ့ မီကျော်ကိုမေ့ပြီး ကောင်မလေးအတွက်ချည်းတွေးနေမိတယ်။
“ဟုတ်တယ်….ကောင်မလေးကိုကျွေးမလို့”
“ကောင်မလေး..ဘယ်သူ့ကိုပြောတာလဲ”
“ဟိုမှာလေ”
“မြတ်နိုး”
“ဟုတ်တယ် မနေ့ညက သူ နှမ်းဆုပ်တွေစားနေတာ သူ ကြိုက်တယ်ဟ သိလား”
“ငါလည်း ကြိုက်ပါတယ် မသာ ချာလီရဲ့”
လုပ်လာပြီ မီကျော်။
“နည်းနည်းလောက်ပါ တစ်ခု တစ်ခုပဲ”
“ဟာနင်ကလည်း ကောင်မလေးအတွက်ပါဆိုနေမှ..”
“တစ်ခုတည်းပါဆိုဟာ ကျွေးမလား မကျွေးဘူးလား ”
“နောက်တစ်ခါမှ စားနော် ဟာဟေ့ မီကျော်…….”
ကောင်မလေးက သူတို့ကိုမြင်သွားတယ်။ ပြီးတော့ မီကျော့်လက်ထဲက ကြွပ်ကြွပ်အိတ်ကလေးကိုလည်း မြင်သွားတယ်။
“မြတ်နိုး……ငါလေ…ငါ”
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
20th-Sep-2011
One comment
Shwe Ei
September 25, 2011 at 6:22 pm
ကျောင်းကကောက်တဲ့ ဟိုကြေးဒီကြေး မပေးနိူင်တာနဲ့ ကလေးတွေ စိတ်ဆင်းရဲ မိဘတွေ ဒွတ်ခရောက်ရတာတော့ မကောင်းပါဘူး။ ပီးတော့ နှမ်းဆုပ် ဆိုတာဘယ်လို ဟာပါလိမ့်။ စားကောင်းမဲ့ပုံဘဲ။