တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် (အပိုင်း – ၃)

kaiSeptember 22, 20111min1090

အပိုင်(၁၊၂) ဖတ်ရန် —> https://myanmargazette.net/68792/politics-news-issues

ပြောင်းလဲမှုသို့ ဦးတည်သော ရွေ့လျားမှုများ

ပြောင်းလဲမှုတွေကို စတင်ဖို့ ရွေ့လျားမှုတွေ ရှိဖို့ လိုအပ်ပါတယ်။ ရွေ့လျားမှုတွေရှိမှသာ ပြောင်းလဲမှုကို ဦးတည်တဲ့ အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရွေ့လျားမှုတွေဆိုတာမှာလဲ သဏ္ဍာန်မျိုးစုံ ရှိပါတယ်။ ပမာဆိုရရင် အားကစားနည်းမျိုးစုံရဲ့ သဏ္ဍာန်ကွဲပြားသလိုပါပဲ။ ဘောလုံးကစားတဲ့အခါ ဘောလုံးတလုံးကို လူပေါင်းများစွာက လုယူကစားရပါတယ်။ ဘတ်စ်ကက်ဘောကစားတဲ့အခါလဲ ဒီလိုပါပဲ။ ဒါပေမယ့် ဂေါက်သီးကစားတဲ့အခါမှာကျတော့ ဘောလုံးတလုံးထဲကို လုပြီးကစားတာ မဟုတ်ပါဘူး။ ကိုယ့်ဘောလုံးနဲ့ကိုယ်၊ ကိုယ့်အရွေ့နဲ့ကိုယ် ဖြစ်ပါတယ်။

အခြားကစားနည်းတွေမှာလဲ ဒီလိုပါပဲ။ သူ့နည်းသူ့ဟန်နဲ့သူ ရှိပါတယ်။ လက်ဝှေ့ပွဲဆိုရင် သူနိုင်၊ ကိုယ်နိုင် အပြိုင်အဆိုင် အလဲထိုးကြရပါတယ်။ သေနတ်ပစ်ပြိုင်ပွဲဆိုပြန်ရင်တော့ ပစ်မှတ်ကို ထိအောင် ဘယ်သူက ပစ်နိုင်မလဲ ဆိုတာကို ပြိုင်ကြရပါတယ်။ စကားစစ်ထိုးပွဲဆိုရင် စကားနဲ့ အနိုင်ယူကြ ရပါတယ်။ အားလုံးဟာ ကိုယ့်အရွေ့နဲ့ကိုယ် ဖြစ်ပါတယ်။ ဂေါက်သီးရိုက်ပွဲကို ဘောလုံးပွဲလို ဖြစ်စေချင်လို့ မရပါဘူး။ စကားစစ်ထိုးပွဲကလူတွေကို လက်ဝှေ့ပွဲကြိုးဝိုင်းထဲထည့်ပြီး လက်အိတ် အတင်းစွပ်၊ ထိုးကြိတ်ခိုင်းလို့ မရပါဘူး။ ကစားနည်းကစားဟန်တွေ မတူညီနိုင်ပါဘူး။ နိုင်ငံရေးမှာလဲ ဒီလိုပါပဲ။ ဥပဒေတွင်းနိုင်ငံရေး၊ ဥပဒေပ နိုင်ငံရေး၊ မြေပေါ်နိုင်ငံရေး၊ မြေအောက်နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ စားပွဲဝိုင်းနိုင်ငံရေး၊ သံတမန်နိုင်ငံရေး၊ လမ်းမပေါ်က နိုင်ငံရေး စတာတွေ အားလုံးမှာ လုပ်နည်းလုပ်ဟန်တွေ မတူညီနိုင်ပါဘူး။

တောင်အာဖရိကနိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ဒီလို ကွဲပြားခြားနားတဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ဥပဒေသတွေကို ကောင်းကောင်းကြီး သဘောပေါက် ခဲ့ကြပါတယ်။ မြေအောက်နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်ရေးတွေ အရှိန်မြှင့်ဖို့ လိုအပ်နေချိန်မှာလဲ တာဝန်ကျေပြွန်အောင် ထမ်းဆောင်ခဲ့ကြသလို၊ နိုင်ငံရေးအရ ပြောင်းလဲမှုတွေကို ထောက်ကူပေးနိုင်မယ့် ပြင်ဆင်တည်ဆောက်မှုတွေကိုလဲ ကြိုးပမ်း ဖော်ဆောင်ထားခဲ့ကြပါတယ်။

မင်ဒဲလားကို လူဖြူအစိုးရက ထောင်သွင်းအကျဉ်းချထားချိန်မှာ အခြားခေါင်းဆောင်တွေက လူထု လှုပ်ရှားမှု လုပ်ငန်းဆောင်တာများကို လက်တွေ့ကျကျ ပြင်ဆင်ထားခဲ့ကြပါတယ်။ မင်ဒဲလား လွတ်မြောက်လာချိန်မှာ နိုင်ငံနဲ့ အဝှမ်းမှာ လူနှစ်သန်းကျော်အင်အားရှိတဲ့ အဖွဲ့အစည်း ခုနစ်ထောင် ကျော် ရှိနေပါတယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစု တွေလဲ ရှိသလို၊ ပြည်ပမှာလဲ ထောင်နဲ့ချီတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ၊ ဥပဒေဆိုင်ရာ ပညာရှင်တွေ ရှိနေခဲ့ပါပြီ။

ဒါတွေကို မင်ဒဲလားက ပြုလုပ်ထားခဲ့တာ မဟုတ်ပါ။ လွတ်မြောက်နေတဲ့ ခေါင်းဆောင်များနဲ့ လှုပ်ရှားတက်ကြွသူများက အမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို အမြော်အမြင်ရှိမှု၊ အသိဉာဏ်ပညာ ကြီးမားမှုနဲ့ လက်တွေ့ကျကျ ဆောင်ရွက်တတ်မှုတွေဟာ တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ Leverage ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒီလိုတည်ဆောက်ပြင်ဆင်ထားမှုတွေကို အခြားသူတွေက ပြုလုပ်ခဲ့ကြခြင်း မရှိပဲ၊ မင်ဒဲလား လွတ်မြောက်လာမှသာ အစစ၊ အရာရာ ပြန်လည်ဆောင်ရွက်နေရမယ်ဆိုရင် စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကြီး အောင်မြင်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့မှာ အသေအချာပါပဲ။

လွတ်မြောက်လာချိန်မှာ ဒီလို ခိုင်မာတောင့်တင်းတဲ့ လူထုလှုပ်ရှားမှုအင်အား၊ နိုင်ငံတကာ ထောက်ခံ အားပေးမှုနဲ့ ကဏ္ဍအလိုက် ကျွမ်းကျင်သူအုပ်စုတွေ အဆင်သင့်ရှိနေတဲ့အတွက် မင်ဒဲလားဟာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို ဦးဆောင်ပြီး၊ ထိရောက်တဲ့ ရွေ့လျားမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ လ အနည်းငယ် အတွင်းမှာတင် Groote Schuur Minute ကို မင်ဒဲလား ဦးဆောင်တဲ့ အေအင်စီနဲ့ အစိုးရတို့အကြား သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ Groote Schuur Minute အရ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို နှစ်ဘက်စလုံးမှ အလေးအနက်ထား၍ ဖော်ဆောင်ရန်၊ စေ့စပ် ဆွေးနွေးရေးဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေမည့် အတားအဆီးများကို နှစ်ဘက်စလုံးမှ ရှင်းလင်း ဖယ်ရှားရန်၊ ယင်းသို့ ရှင်းလင်းဖယ်ရှားပြီးပါက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ဆက်ဆံရေးလမ်းကြောင်းများ ဖွင့်လှစ်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရန်နဲ့ အစိုးရဘက်မှ အရေးပေါ်အခြေအနေ ကြေငြာထားမှုများအား ရုတ်သိမ်းပေးရန် စတဲ့အချက်တွေကို သဘောတူညီခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အလုပ်အဖွဲ့ (working group) တခုကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

ဒီအလုပ်အဖွဲ့ကနေ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအရ ပြည်ပမှာ နေထိုင်နေရသူများ ပြည်တော်ပြန်ရေး ကိစ္စရပ်များနဲ့ သက်ဆိုင်သော conditions များကို အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာကို ရေးဆွဲခဲ့ပါတယ်။ ဒီအစီရင်ခံစာကို ဒုတိယအကြိမ် သဘောတူညီချက်ဖြစ်တဲ့ Pretoria Minute မှာ နှစ်ဘက်စလုံးက အတည်ပြုခဲ့ကြပါတယ်။ ဒါတွင်မကပဲ တောင်အာဖရိက လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အခြားနိုင်ငံရေး အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုအကြားမှာ “နိုင်ငံတွင်းဖြစ်ပွားနေတဲ့ ပြဿနာ တွေဟာ စေ့စပ်ဆွေးနွေးခြင်း နည်းလမ်းတခုတည်းနဲ့သာ ဖြေရှင်းနိုင်မယ်” ဆိုတဲ့ အမြင်တရပ် ထွန်းကားလာအောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ နှစ်ဘက်စလုံးက သဘောတူညီလက်ခံခဲ့ကြပါတယ်။ Pretoria Minute အရ အစိုးရဘက်က ပြည်တွင်းလုံခြုံရေးအက်ဥပဒေကို ပြုပြင်ရေးဆွဲရေးနဲ့ မင်ဒဲလားတို့ဘက်က အေအင်စီရဲ့ လက်နက်ကိုင်လှုပ်ရှားမှုများ ရပ်ဆိုင်းရေးတို့ကိုလဲ သဘောတူညီ ခဲ့ကြပါတယ်။

မင်ဒဲလားလွတ်မြောက်ပြီး တနှစ်အကြာမှာ အစိုးရဘက်က Apartheid laws တွေကို ပြင်ဆင် ရေးဆွဲဖျက်သိမ်းမှုတွေ ပြုလုပ်မယ်လို့ ကြေငြာခဲ့ပြီး၊ (၁၉၉၁) ခုနှစ် ဇွန်လမှာ the Group Areas Act နဲ့ the Population Registrations Act တွေကို အပြီးအပိုင် ဖျက်သိမ်းပေးခဲ့ပါတယ်။ စေ့စပ် ဆွေးနွေးရေးဖြစ်စဉ် အကောင်အထည်ဖော်နေဆဲ ကာလမှာ နှစ်ဘက်စလုံးဟာ အပေးအယူတွေ လုပ်ခဲ့ကြသလို၊ တွန်းအားတွေလဲ အပြန်အလှန်ပေးခဲ့ကြပါတယ်။ ပမာဆိုရရင် မျဉ်းပြိုင်ပြေးလမ်းတွေ ပေါ်မှာ လျှောက်လှမ်းခဲ့ကြရာက ဆုံမှတ်တခုပေါ်ရောက်ရှိဖို့အတွက် နှစ်ဘက်စလုံးက တစထက်တစ နီးကပ်အောင် ရွေ့လျားသွားကြတဲ့ သဏ္ဍာန်ဖြစ်ပါတယ်။

လူဖြူအစိုးရဲ့ ပါလီမန်ကြီးကို ဖျက်သိမ်းပေးရမယ်လို့ မင်ဒဲလားတို့က မတောင်းဆိုခဲ့ပါဘူး။ သို့ပေမယ့် မတရားတဲ့ ဥပဒေတွေကို ပါလီမန်ကနေ ပြင်ဆင်လာအောင်၊ ဖျက်သိမ်းလာအောင် စေ့ဆော် တွန်းအားပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်ပရောက်နိုင်ငံရေးသမားများ ခြွင်းချက်မရှိ ပြည်တော်ပြန်ခွင့်ရရေး ကိစ္စရပ်တွေမှာလဲ မင်ဒဲလားနဲ့ အခြားအတိုက်အခံ ခေါင်းဆောင် တွေဟာ စိတ်ရှည်ရှည်၊ သွေးအေးအေးနဲ့ ပညာသားပါပါ ကိုင်တွယ် ဖြေရှင်းခဲ့ကြရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနဲ့ ပြည်ပရောက်နိုင်ငံရေးသမားများ ခြွင်းချက်မရှိ ပြည်တော်ပြန် ခွင့်ရရေး ဆိုတာ အတိုက်အခံတွေဘက်က ကြည့်မယ်ဆိုရင် ပထမ ဦးစားပေးအရေးကြီး ကိစ္စဖြစ်သလို၊ အစိုးရဘက်က ကြည့်မယ်ဆိုရင်လဲ ပထမဦးစားပေး အရေးကြီး ပြဿနာ ဖြစ်ပါတယ်။ အသက်များ၊ ဘဝများကို လောင်းကြေးထပ်ပြီး၊ ပဋိပက္ခတွေမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရတာ ဖြစ်တဲ့အတွက် အတိုက်အခံတွေဘက်မှာလဲ စေ့စပ်ဆွေးနွေးရေးကို ဒူးထောက်အညံ့ခံရေးလို့ တွေ့မြင်ယူဆကြသူတွေ ရှိနိုင်သလို၊ အစိုးရအဖွဲ့အတွင်းမှာလဲ စေ့စပ်ဆွေးနွေးရေးကို လက်မခံလိုတဲ့ ခေါင်းမာသူများ (Hard-liners) တွေ ရှိနိုင်ပါတယ်။

ဒီလို ခေါင်းမာသူတွေက ရန်သူသဖွယ် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေး၊ ပြည်ပရောက်နိုင်ငံရေးသမားများအား ခြွင်းချက်မရှိ ပြည်တော်ပြန်ဝင်လာရေး စတာတွေကို အမုန်းတရား ကြောင့် ဖြစ်စေ၊ လက်စားချေသံသရာကို ကြောက်ရွံ့၍ဖြစ်စေ၊ အတိုက်အခံ နိုင်ငံရေး သမားများ အားလုံး ပြန်လည်ပေါင်းစည်းသွားပြီး ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းပေါ်ကို ပြန်လည် တက်ရောက်သွားမှာကို ကြောက်ရွံ့၍ဖြစ်စေ အသည်းအသန် ကန့်ကွက်လေ့ရှိကြပါတယ်။ အခန့်မသင့်ရင် စေ့စပ် ဆွေးနွေးရေး လုပ်ဆောင်လိုသူများ (Soft-liners) တွေကို အာဏာရဲ့ ပြင်ပကို ရောက်ရှိ သွားအောင် လုပ်ယူတတ်လေ့ရှိကြပါတယ်။ ဒါကြောင့် အတိုက်အခံတွေနဲ့ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို အကောင် အထည်ဖော်ဆောင်လိုသူများဟာ မိမိတို့ အစိုးရအဖွဲ့တွင်းမှာတင် ညှိနှိုင်းမှုတွေ၊ အတွင်းစည်း တိုက်ပွဲတွေ လုပ်ရလေ့ရှိတဲ့ ပြဿနာကြီးတရပ်ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို မင်ဒဲလားနဲ့ အတိုက်အခံခေါင်းဆောင်များကလဲ သဘောပေါက် နားလည်ပေး ခဲ့ကြပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့ နိုင်ငံရေးသတင်းစကားတခုကိုတော့ ပြတ်ပြတ်သားသားပဲ ပေးအပ်ထားခဲ့ပါတယ်။ အဲဒါကတော့ “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနဲ့ ပြည်ပရောက် နိုင်ငံရေးသမားများ ခြွင်းချက်မရှိ ပြည်တော်ပြန်ဝင်ခွင့်ရှိရေး စတဲ့ ကိစ္စရပ်တွေကို ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ ကာလပတ်လုံး စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်မှာ မဟုတ်သေးဘူး” ဆိုတဲ့ ရှင်းလင်းပြတ်သားသော နိုင်ငံရေးသတင်းစကားပဲ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၁၊ ၉၊ ၂၀၁၁)