အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၈) အမြန်ရထားပေါ်မှ လူသတ်မှု
အမြန်ရထားပေါ်မှ လူသတ်မှု
နယူးဒေလီရဲ့ ပဟာဂျန် ဘူတာရုံကြီးက လူသံသူသံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဆူညံစည်ကားနေတာ။ မီးခိုးရောင်
ပလက်ဖောင်းတွေကအဖြူတောက်တောက် ပြန်သုတ်ထားတယ်။ရထားအင်ဂျင်တွေက မီးခိုးတွေ မှုတ်ထုတ်လို့ နားမခံသာတဲ့
တရွှီရွှီမြည်သံတွေ ဆူနေလိုက်တာများ။
တကယ်လို့ ခင်ဗျားသာ ဒီလူအုပ်ကြီးထဲမှာ ကျွန်တော့်ကို ရှာမယ်ဆို ဘယ်နေရာများ ကြည့်မလဲ သိချင်မိသား။
ကွန်ကရစ်ခင်းတွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ လှဲနေ အိပ်နေကြတဲ့ ကလေကချေ ချာတိတ်ကလေးတွေ ရှိတဲ့ဘက်ကြည့်
မိမှာလား။ဒါမှမဟုတ်..ဈေးဗန်းခေါင်းပေါ်တင်လို့ ဘူတာရုံ တစ်လျှောက် ဈေးလိုက်ရောင်းနေမဲ့ မြီးကောင်ပေါက်တွေထဲ
ရှာကြည့်မိမှလား။အဲဒါမှမဟုတ်..ရေသန့်ဘူးအဟောင်းတွေ လျှောက်ကောက်ပြီး ဘုံဘိုင်ခေါင်းကရေ ပြန်ထည့်လို့
ဟိမဝနာ္တက ရေသန့်ပါဆိုပြီး လိုက်ရောင်းနေတဲ့ ငတိလေးတွေထဲများ ပါမလားလို့ ကြည့်နေမှာလား။အဲဒီဟာတွေအထဲ
မတွေ့ဘူးဆိုရင် ဘူတာရုံထဲက ပလက်ဖောင်းတကာကို သန့်ရှင်းရေးလိုက်လုပ်နေရတဲ့ စုတ်တီးစုတ်ပြတ် ငနဲလေး
တစ်ယောက်များ ဖြစ်နေမလားလို့ ခင်ဗျား ထင်မိနေမှာလား။ဒါလည်း မဟုတ်သေးဘူးဆိုရင် ခရီးသည်တွေရဲ့အထုတ်
အပိုးတွေ လိုက်သယ်ပေးနေတဲ့ အင်္ကျ ီအနီဝတ် ကူလီကလေးများ ဖြစ်နေမလားလို့ ခင်ဗျား တွေးကောင်းတွေးနေ
မိမှာပဲနော်။
ဟုတ်ကဲ့..သေသေချာချာလေး ပြန်စဉ်းစားပါဦး..။ဘာလို့ဆိုတော့ ကျွန်တော်က ဈေးသည်လည်း မဟုတ်ဘူး..၊
ကူလီလေးလည်း မဟုတ်ဘူး..၊တံမြက်စည်းလှဲတဲ့ ချာတိတ်လေးလည်း မဟုတ်ဘူး..။ကနေ့ ကျွန်တော်က မွမ်ဘိုင်းကို
အိပ်ခန်းတွဲမှာလိုက်မဲ့ အမှန်အကန် ခရီးသွားလေးတစ်ယောက်မို့လို့ပေါ့ဗျ။မပိုပါဘူး..။လက်မှတ်တောင် ကြိုတင်မှာပြီးမှ
လာတာ။ ကြွေတိုက်ထားတဲ့ ချည်သားစစ်စစ်နဲ့ ရှပ်အင်္ကျ ီအဖြူရယ် လီဗိုက် ဂျင်းဘောင်းဘီရယ်ဝတ်လို့ အပြတ်သား
နားနေတာ။ဟုတ်တယ်..လီဗိုက် ဂျင်းဘောင်းဘီ.. တိဘက် ဈေးက ဝယ်လာတာ။ပလက်ဖောင်း အမှတ် ငါး မှာရှိတဲ့
မွမ်ဘိုင်းကိုသွားမဲ့ အမြန်ရထားပေါ်တက်ဖို့ အေးအေးလူလူပဲ ကျွန်တော်လျှောက်လာခဲ့တယ်။ကျွန်တော့်ဘေးမှာ သေတ္တာ
အညိုလေး ခေါင်းပေါ်ရွက်လို့ မလှမ်းချင်လှမ်းချင်နဲ့လျှောက်နေတဲ့ ကူလီလေး တစ်ယောက်ပါလာတယ်။အဲဒီ အထမ်းသမား
ကူလီလေးက ကျွန်တော်ငှားလာတာ။သေတ္တာလေးက ကျွန်တော့်ဟာပဲ။
အထဲမှာတော့ အဝတ်အစားနည်းနည်းပဲပါတယ်။အရုပ်ဟောင်းလေးတွေရယ်၊ ဩစတေးလျ အမျိုးသားပထဝီဝင်
မဂ္ဂဇင်း စာအုပ်တွေရယ်၊ ဆလင်းအတွက် ဂိမ်းစက်လေး တစ်ခုရယ် ပါတယ်။သေတ္တာထဲမှာ ပိုက်ဆံတော့ ထည့်မထား
ဘူးဗျ။ရထားပေါ်မှာ အိပ်နေတုန်း ပစ္စည်းလစ်ပြေးတာတွေ၊ ဆေးခပ်ပြီး ရှိတာလေး မ ပြေးတာတွေ နားမဆံ့အောင်
ကြားဖူးပါရောလားဗျ။တေလာ မိသားစုဆီက ကျွန်တော့်လုပ်အားခ ရူးပီးငါးသောင်းကို မနီလာစာအိတ်ထဲထည့်ပြီး
ကျွန်တော့် အတွင်းခံဘောင်းဘီ ထဲမှာ ဖွက်ထားလိုက်တယ်။ကဲ ..ဘယ်သူမြင်ဦးမလဲ။ခု ခရီးသွားဖို့အတွက်တော့
နှစ်ထောင်လောက်ပဲ လက်ထဲမှာ အလွယ်ထားလိုက်တယ်။ရထား လက်မှတ်ခတွေ ဘာတွေလည်း ပေးပြီးပြီ။ ခု
အထမ်းသမားလေးကို သူ့လုပ်အားခနဲ့ ကျွန်တော့်အတွက် စားစရာသောက်စရာလေး ဝယ်ဖို့ ပဲကျန်တယ်။နောက်
သူပြန်လာပေးတဲ့ အကြွေတွေကို ကျွန်တော်တစ်ချက်ကြည့်ပြီး အင်္ကျ ီအိတ်ထဲထိုးထည့်ထားလိုက်တယ်။
ကျန်တဲ့ပိုက်ဆံကတော့ ဘင်ဒရာ ကနေ ဆလင်းနေတဲ့ ဂတ်ကိုပါ ကို သုံဘီးဆိုင်ကယ်ငှားစီးသွားဖို့ လောက်မယ်လို့
ကျွန်တော် မှန်းထားတာပဲ။
မြို့ပတ်ရထားနဲ့ မလာဘဲ သုံးဘီးငှားစီးပြီးလာလို့ ဆလင်းတစ်ယောက် အံ့ဩသွားလေမလား။သူ့အတွက်
ဂိမ်းစက်လေး မြင်လို့ အပျော်လွန်ပြီး မူးမေ့မသွားပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်။ဟုတ်တယ်..ကျွန်တော်ဆလင်း
ကို ပိုသတိရလာတယ်ဗျာ။ ကျွန်တော့်ကို တွေ့ရင် သူ့မျက်နှာဘယ်လိုများ ဖြစ်သွားမလဲ ဆိုပြီး ကျွန်တော် စဉ်းစားနေမိတယ်။
စင်္ကြန် နံပါတ်ငါး မှာ လူတွေသူတွေ ပျားပန်းခပ်နေတာ ဆူပါဘဇား ဈေးကြီးထဲမှာ ထက်တောင် ရှုပ်သေးတယ်။ဈေး
လိုက်ရောင်းနေတဲ့သူတွေဆိုတာလည်း အစိုးရရုံးတွေရှေ့က ပွဲစားတွေအတိုင်းပဲ။ခရီးသည်တွေကလည်း သူတို့နာမည်နဲ့
နေရာ ကို ကြိုတင်စာရင်းပေး ဇယားမှာ ပြူးပြဲရှာနေတာအောင်စာရင်းလာကြည့်တဲ့ ကျောင်းသား ကျောင်းသူတွေ ကျနေတာ
ပဲဗျ။ဟော ..ကျွန်တော့် နာမည်ကို မီးရထားဌာနကတော့ ကောင်းကောင်းဖျက်ထားတာပဲ။ကြည့်ဦး..ရေးထားတာ တီအမ်
ရမ်တဲ့။ထားပါတော့။ကျွန်တော့်နေရာက တွဲနံပါတ် အက်စ် ရ က အောက်ဘက် အိပ်စင် နံပါတ်သုံးဗျ။
ကျွန်တော်စီးရမဲ့ တွဲက နောက်ဆုံးပိုင်းလောက်မှာရှိတော့ ကျွန်တော်ခေါ်လာတဲ့ အထမ်းသမားလည်း တော်တော်လေး
မောသွားရှာတယ်။တွဲထဲမှာ ကိုယ့်နေရာလေးကိုယ်ထိုင်ချလိုက်ပြီး လက်ဆွဲအိတ်ကို အိပ်ယာအောက် ထိုးသွင်းထားလိုက်တယ်။
ကျွန်တော့် နေရာက တွဲတံခါးပေါက်နဲ့ ကပ်လို့ပဲ။အထမ်းသမားကို ရူးပီးနှစ်ဆယ် ထုတ်ပေးတော့ သူကလည်း နည်းနည်းတော့
ပိုပေးပါဦး ..သယ်လာရတာအဝေးကြီး ဘာညာနဲ့ထပ်တောင်းတော့ကျွန်တော်လည်း နှစ်ရူးပီးထပ်ပေးလိုက်ပါတယ်။အထမ်း
သမားထွက်သွားတော့ ကျွန်တော်လည်း ကိုယ့်ပတ်ဝန်းကျင်အနေအထားကို စူးစမ်းမိတယ်။ဒီအိပ်စင်ခန်းထဲမှာ အိပ်စင်
ခြောက်ခုပါသဗျ။ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် အောက်ထပ်အိပ်စင်မှာ မိသားစုတစ်စုရှိတယ်။အဖေလုပ်တဲ့သူကတော့ သက်
လတ်ပိုင်းအရွယ် မာရဝါရီ စီးပွားရေးသမားတစ်ယောက်နဲ့တူတာပဲ။ဝေ့စ်ကုတ် အနက်ရယ်၊ ဦးထုပ်အနက်ရယ်က မာရဝါရီတွေ
အမှတ်လက္ခဏာကို ပြနေတာကိုး။မျက်ခုံးမွှေး ထူထူရှုပ်ရှုပ်၊ နှုတ်ခမ်းမွှေးက ခဲတံနဲ့ တစ်ကြောင်းထဲဆွဲထားသလို ပါးပါး
မျှင်မျှင်လေး၊ အဲ..မျက်နှာကတော့ ခပ်တင်းတင်းပဲ။သူ့ မိန်းမကလည်း အဲဒီလိုပဲ မျက်နှာမာ ကြီးနဲ့။ဘွားတော်က ဆာရီ
အစိမ်းရောင်နဲ့ ဘလောက်စ်အင်္ကျ ီကတော့ အဝါရောင်ဝတ်ထားတာပဲ။ကျွန်တော့်ကိုလည်း မသင်္ကာနဲ့ မျက်လုံးနဲ့
ရှိုး နေသေးတာ။သူတို့ရဲ့သား..ကောင်လေးကတော့ အရပ်ရှည်ရှည် ကလန်ကလားနဲ့ ခင်စရာကောင်းမဲ့ပုံပါ။အင်း.
..ကောင်လေးရဲ့အစ်မဖြစ်တဲ့ ကောင်မလေးကတော့ ပြတင်းပေါက်နားမယ် ကပ်ထိုင်လို့။ဟား..ကျွန်တော့်မျက်လုံးတွေ
ကတော့ သူ့ဆီကနေခွာလို့တောင် မရတော့ဘူးဗျို့။ကောင်မလေးက သေးသေးသွယ်သွယ်လေး။အပြာရောင် ဆယ်လ်ဝါ
ခါမိဇ် ဝမ်းဆက်ဝတ်ထားတာ။ ဆယ်လ်ဝါ ခါမိဇ် ဆိုတာ ချည်သားအကျင်္ ီပွပွနဲ့ဘောင်းဘီပွပွလေ။ဘောင်းဘီကျတော့
အပေါ်မှာတောက်လျှောက်ပွပြီး ခြေကျင်းဝတ်ကျမှ အကျပ်လုပ်ထားတာ။ပြီးတော့ ချွန်နီး လို့ခေါ်တဲ့ ခြုံပုဝါလေး
ကို ခြုံလို့။အသက်ဝင်တောက်ပတဲ့ မျက်လုံးလေးတွေကို ကာချယ်လေးသ လို့ ပိုထင်ရှားစေတာ။ပြစ်မျိုးမထင်တဲ့
အသားအရည်နဲ့ နှုတ်ခမ်းလေးတွေကလည်း ချစ်စရာ..။သူ့အလှကို ဘာနဲ့ညာနဲ့ရယ်လို့ စာမဖွဲ့တတ်ပေမဲ့ ကျွန်တော်တွေ့
ဖူးသမျှ မိန်းကလေးတွေထဲမတော့ အလှဆုံးတစ်ယောက်ဆိုတာဖြင့်ရဲရဲကြီး ပြောနိုင်တာ။ဘယ်သူမဆို နှစ်ခါပြန်မကြည့်
ဘဲ မနေနိုင်တဲ့ မျက်နှာကလေးပါဗျာ။အို..အနည်းဆုံး သုံးခါပဲ။သူ့မျက်လုံးလေး ညှို့ဓာတ်ပါပုံများ..ကျွန်တော်သာ အဲ့ဒီ
မျက်လုံးလေးတွေနဲ့ စိုက်ပြီးအကြည့်ခံလိုက်ရလို့ကတော့..အားလုံးကိုမေ့လျော့သွားလိမ့်မယ် ထင်မိတာပဲ။သူ့အလှလေး
တစိမ့်စိမ့်ကြည့်လို့ ကြည်နူးမယ် မကြံရသေးဘူး ဘေးဘက် အိပ်စင်က ကလေးက ဗြဲကနဲထငိုတာ ဖီးလ် တော်တော်
ငုပ်သွားတယ်။ကလေးက ယောက်ျားလေး။လသားလေးရှိဦးမယ်။သူ့အမေကလည်း ခပ်ငယ်ငယ်ပါပဲ။မျက်နှာက မှုန်မှုန်
ကုပ်ကုပ်။ကြေတွန့်နေတဲ့ အနီရောင် ဆာရီကို ဝတ်လို့။ကြည့်ရတာ အဖော်အလှော်မပါ လူမမည်ကလေးနဲ့ တစ်ကိုယ်တည်း
ခရီးသွားရပုံပါပဲ။ကလေးပါးစပ်မှာ ချိုလိမ်လေးတပ်လို့ မငိုအောင် ချော့နေတာ။ရပါဘူး။ကလေးက ငိုတုန်း။အီ တုန်း။အဲဒါနဲ့
..နောက်ဆုံး သူ့ဘလောက်စ် အကျင်္ ီလှန်ပြီး နို့တိုက်တော့မှ ကလေးက ကျေနပ်သွားတော့တယ်။ဘာရယ်မဟုတ်ဘူး
..အမေတစ်ယောက်က ကလေးကို နို့တိုက်ပြီး ချော့သိပ်တာကို ကျွန်တော်ငေးမိတော့ ကလေးအမေရဲ့ ပြည့်တင်းနေတဲ့
ရင်သားညိုညိုကိုပါ ဖျတ်ခနဲ မြင်မိသွားတာပေါ့။ကျွန်တော့် နှုတ်ခမ်းတွေ သွေ့ခြောက်လာသလိုပဲ။ကျွန်တော်ငေးနေတာ
မော်ရဝါရီ လူကြီး စိုက်ကြည့်တာ မိသွားတော့မှာ မျက်လုံးကို ပြတင်းပေါက်ဘက် လွှဲလိုက်ရတော့တာ။
လက်ဘက်ရည်ရောင်းတဲ့ လူတစ်ယောက် တွဲထဲဝင်လာတယ်။ကျွန်တော်တစ်ယောက်ပဲ မှာသောက်တာ။မြေခွက်
ထဲ နွေးရုံလောက်ရှိတဲ့ လက်ဘက်ရည်ကို ထည့်ပေးတယ်။ဟား..အရသာကလည်း ရွှံ့ရည်နဲ့တောင် နည်းနည်း ဆင်
သဗျ။သူ့နောက်က သတင်းစာရောင်းတဲ့ ချာတိတ်တစ်ယောက်ဝင်လာတယ်။မော်ရဝါရီကြီးက တိုင်းမ်စ် အော့ဖ် အိန္ဒိယ
တစ်စောင်ဝယ်တယ်။သူ့သားက ကာတွန်းစာအုပ်ဝယ်တယ်။ ကျွန်တော်လည်း စတားဘတ် မဂ္ဂဇင်းတစ်စောင်ဝယ်
လိုက်တယ်။
ရထားထွက်တော့မယ်။ နောက်ဆုံးအချက်ပေး ဥဩ တော့ ဆွဲနေပြီ။ ထွက်မှပဲ..။ဘာတွေကြာနေလဲတော့မသိဘူး။
ငါးနာရီခွဲထွက်ရမဲ့ဟာ..။ခုခြောက်နာရီခွဲနေပြီ။စင်္ကြန်က နာရီကြီး လှမ်းကြည့်လို့ရသားနဲ့ ကျွန်တော်က ဟန်ပါပါ ကိုယ့်လက်
က နာရီကို ထောင်ကြည့်လိုက်တယ်။လက်ကောက်ဝတ်တောင် ခါပြီးကြည့်တာနော်။နာရီအသစ်ကြီး ပတ်ထားတယ်ဆို
သူများမြင်အောင်လေ။ အဟေး..ဟေး အထူးသဖြင့် ကောင်မလေး ပေါ့။ကက်စီယိုဒီဂျစ်တယ် နာရီဗျ။မိတ်အင် ဂျပန်တဲ့။
ပလိကာ ဈေးကနေ ရူးပီး နှစ်ရာကြီးများတောင် ပေးဝယ်ထားရတာ။ ဟုတ်တယ်..ကက်စီယို ..ရက်စွဲတွေဘာတွေ
တောင် ပြတာ။ဪ..စာလုံးပေါင်းက စီနဲ့ပေါင်းတဲ့ ကက်စီယိုတော့ မဟုတ်ဘူး။ ကေ နဲ့ပေါင်းတဲ့ ကက်စီယို..
Kasio ပါတဲ့ဗျာ။
ရှေ့က မောရဝါရီ သားအဖနှစ်ယောက်ကတော့ ဟုတ်နေတာပဲ။အဖေလုပ်တဲ့သူက သတင်းစာ..သားက ကာတွန်း ..
စိတ်ဝင်တစားကို ဖတ်နေကြတာ။သူတို့အမေကတော့ ညစာပြင်နေပြီ။ဟိုဘက်က နို့စို့ကလေး အမေကတော့ အိပ်ပျော်လို့။
ကလေးကလည်း နို့စို့လျက်သားလေး။ကျွန်တော်ကတော့ မဂ္ဂဇင်းစာအုပ်ကို ဖတ်ချင်ယောင်ဆောင်နေတယ်။မဂ္ဂဇင်းကို
အလယ်ခေါင်ကဖွင့်ပြီး ကိုင်ထားတာ။ဖွင့်ထားတဲ့စာမျက်နှာမှာ ခုတလော ဟော့တ်နေတဲ့ ဆက်စီ မင်းသမီး ပူးနမ် ဆင်းဂ်
ရဲ့ ဘီကီနီ နဲ့ ပုံ။ဒါပေမဲ့ သူ့ပစ္စည်းတွေ ကျွန်တော်စိတ်မဝင်စားဘူး။ကျွန်တော် ခိုးပြီး ရှိုး နေတာ ပြတင်းပေါက်နားကပ်
ထိုင်လို့ တရိပ်ရိပ်ဖြတ်သွားတဲ့ မြို့ပြရှုခင်းတွေကို ငေးနေတဲ့ ကောင်မလေး။သူကတော့ ကျွန်တော့်ကို တစ်ချက်လေးတောင်
ငဲ့စောင်းလို့ မကြည့်ဘူးဗျာ။
4 comments
windtalker
September 28, 2011 at 12:22 pm
ကိုယ့်ဆရာရယ်
လူသတ်မှုလေး ဖြစ်တဲ့အထိ
တစ်ပါတည်း တင်ပေးလိုက်ရင်
ပိုကောင်းမယ် ဗျာ
အခုတော့
စောင့်ပေဦးတော့ ပေါ့
ဟူး
မြန်မြန်တင်ပါဗျို ့
ကလေးအမေ ကို မမြင်ရပဲ
ရေတွေ ငတ်လာပြီ
ဟီဟိ
မောင်ဘလိူင်
September 28, 2011 at 12:36 pm
ကိုပေရေ ကျွန်တော်လည်း ပြီးသလောက်တင်တာပါ
ပဲခင်ဗျာ..။မအားတဲ့ကြားက အချိန်ကလေးလုပြီး ရေး
ရလို့ပါ။ (သူကျတော့ အပိုင်းတွေ မခွဲတာ ကျနေတာပဲ 🙂 )
Shwe Ei
September 28, 2011 at 1:47 pm
ဇာတ်လိုက်လဲ အခုမှကြည်နူးစရာလေးတွေခံစားရတော့တယ်။ ဂွတ်ထ ဂွတ်ထ ကောင်းလေစွ
မောင်ဘလိူင်
September 28, 2011 at 6:01 pm
မထင်နဲ့ဗျို့..ဒီဇာတ်လမ်းက Underdog ပုံစံမျိုး။ ဇာတ်လိုက်က ဇာတ်လမ်း တောက်လျှာက်
လူးလှိမ့် ကွေးကောက်နေအောင်ခံ။ ဇာတ်သိမ်း မှ တစ်ချီကောင်းထသတ်ပြီး လူဆိုးက
ဂန့်။ အဲဒီကျမှ မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာ ဇာတ်သိမ်းလေသတည်း ဆိုတာမျိုး။
ထားပါတော့ အဲဒါ။ အဓိက က ဇာတ်လမ်းရဲ့ Theme လေး ကြောင့် ဘာသာပြန်
ဖြစ်တယ်။ ဒါ့အပြင် ဇာတ်လမ်းထဲက Scene တွေက ဗမာပြည်နဲ့ အတော်တူနေတာ
ကြောင့်လည်း ပါတယ်။