မြန်မာတွေမညံ့ သို့သော် (yangonchronicle 2011)
လွန်ခဲ့သည့် ဧပရယ်လထုတ် The Wave မဂ္ဂဇင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ “Oh! We are Burmans” ဆိုသည့် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာလူမျိုးများမှာ အားနည်းချက်ကြောင်ကွက်အဖြစ် ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၊ အတွေးတိမ်ခြင်းတို့ကို တွေ့ရပြီး ထိုရောဂါမျိုးကို လူကြီးသူငယ်နာဟုခေါ်ကြောင်း ရေးသားထားသည်။
မြန်မာတွေ မညံ့ပါဟု အချို့က ဂုဏ်ယူတကြီး ပြောကြသည်။ ထိုအဆိုအပေါ် အငြင်းပွားရန်လည်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာတွေက အမှန်တကယ်ပင် မညံ့ကြ၍ ဖြစ်သည်။ သို့သော် မြန်မာတွေ ထူးချွန်သလားဟု မေးလျှင် အဖြေရကျပ်သည်။ စာရေးသူ ငယ်စဉ်က ရဟတ်ယာဉ် တီထွင်သော ပန်းပဲဆရာတစ်ဦးကို မြင်ဖူးသည်။ ထိုပန်းပဲ ဆရာမှာ စာမတတ်ချေ။ သို့သော် ရဟတ်ယာဉ်တစ်စင်းကို ဟင်းဂလိုင်း သံချောင်းကွေး၍ နှစ်လုံးထိုး ကားအင်ဂျင်သုံးကာ တည်ဆောက်ခဲ့သည်။ သူ၏ ရဟတ်ယာဉ်ကို မြို့ပြင်ရှိ ချောင်းစပ်တွင် စမ်းသပ်ပျံသန်းရာ ရွာနီးချုပ်စပ်မှ နွားလှည်းများဖြင့် လာရောက်အားပေးခဲ့ကြသည်မှာ ပွဲတော်သဖွယ်ဖြစ်ခဲ့သည်။ သို့ရာတွင် ရဟတ်ယာဉ်မှာ ခြောက်ထပ်တိုက် တစ်လုံးစာမျှ အပေါ်တက်သွားပြီး ရှေ့လည်းမတိုး၊ နောက်လည်းမသွား၊ အပေါ်လည်း ဆက်မတက်ဘဲ အသံစုံမြည်ဟီး၍ လေထဲတွင်ပင် တန့်နေတော့သည်။ မကြာပါချေ၊ မိတ်အင်ဘားမား ရဟတ်ယာဉ်ကြီးမှာ ချောင်းထဲသို့ အရှိန်ပြင်းစွာ ပြုတ်ကျလေတော့သည်။ ပရော်ဖက်ဆာ အင်ဂျီနီယာ ပန်းပဲဆရာမှာ နံရိုးတွေ အကုန်ကျိုး၍ သွားတွေလည်း တစ်ချောင်းမှမကျန်ချေ။ သို့ရာတွင် အသက်မသေခဲ့ပေ။ အသက်မသေသော်လည်း အဖမ်းခံရသည်။ သို့သော် ထောင်မကျချေ။ မည်သို့ပင်ဆိုစေကာမူ စာမတတ်ပေမတတ် ကျေးတောသား မြန်မာတစ်ဦးက ရဟတ်ယာဉ်တစ်စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း အနှီနယ်မြို့ကလေးမှ လူထုက ဂုဏ်ယူလျက် ရှိကြသည်။
အထက်ပါ ဖြစ်ရပ်ကိုကြည့်လျှင် မြန်မာတွေမှာ အတုမြင် အတတ်သင်၊ သင်လွယ်တတ်လွယ်သည့် ဉာဏ်ကောင်းသည်။ သို့ရာတွင် ကိုယ်တိုင် စဉ်းစားတွေးတောခြင်း မရှိဟု ဆိုရမည်။ တစ်ကွက်သာစဉ်းစား၍ နောက်တစ်ကွက်အတွက် မစဉ်းစားဟု ဆိုရပေမည်။ ပန်ကာနှင့် အင်ဂျင်ရှိလျှင် ရဟတ်ယာဉ်ဖြစ်ပြီ အထင်ရောက်၍ ဂျိုင်ရိုစကုပ်၏ သဘောတရား၊ ယာဉ်၏ Balance စသည်တို့ကို တစ်ကွက်မျှ မစဉ်းစားထားသည်ကို တွေ့ရသည်။ စာမတတ်သူဖြစ်၍ ထိုအချက်ကို အပြစ်ပြောရန်မရှိသော်လည်း စွန့်ဦးတီထွင်သူ ပန်းဘဲဆရာကို အစိုးရကဖမ်းဆီး၍ နောက်တစ်ကြိမ်မလုပ်ရန် ပြင်းပြင်း ထန်ထန် သတိပေးလိုက်ခြင်းဖြစ်သည်။ တိုးတက်သော နိုင်ငံများတွင် စွန့်ဦးတီထွင်သူကို အစိုးရကပင် ထောက်ပံ့၍ မြှောက်စားသည် မဟုတ်လော၊ ယခု ဖြစ်ရပ်မှာမူ တိုးတက်လိုသူကို အညွန့်ချိုးလိုက်သကဲ့သို့ပင် ရှိတော့သည်။
ရှိတာနဲ့ လှအောင်ဝတ်မည်၊ လုပ်သလိုမဖြစ်ပါက၊ ဖြစ်သလို လုပ်မည်ဟု ကြွေးကြော်ပြလိုက်သေးသည်။ ဘာမှမရှိပေလို့ ရှိများရှိလို့ကတော့ ဒုံးပျံတောင် ထွင်ပြလိုက်ဦးမည်ဟု ဟစ်ကြွေးသူလည်း ရှိသည်။ ဘာပစ္စည်းပျက်ပျက် အသာလေးပြင်တတ်တယ်၊ နိုင်ငံခြားမှာ အလုပ်သွားလုပ် လို့ကတော့ သူဋ္ဌေးဖြစ်နေပြီ၊ ဘယ်မှမသွားချင်လို့သာဟူသော စကားများလည်း ကြားဖူးကြ ပေလိမ့်မည်။ အမှန်ပင်တော်ပါသည်။ ဂျပန်နိုင်ငံတွင် ဖွင့်မရတော့၍ လမ်းဘေးပုံထားသော တီဗွီတွေ၊ ဗွီဒီယိုပြစက်တွေ၊ ရေခဲသေတ္တာတွေ မြန်မာပြည်ရောက်တော့ မြန်မာ့အစွမ်းဖြင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ် အသုံးခံသည့် ပစ္စည်းကောင်းတွေ ဖြစ်သွားကြသည်။ ကမာ္ဘစစ်အကြွင်းအကျန် ဘတ်စကားအိုကြီးများ စင်းလုံးချော မဟုတ်သည့်တိုင် မူလဥပဓိရုပ်မပျက်ဘဲ အန္တရာယ်ကင်းသည်ဟု ထင်ရသည်အထိတော့ စီးနင်းနိုင်အောင် မြန်မာတို့ စွမ်းဆောင်ထားသည်။ လိပ်ခုံးကား၊ ဂျစ်ကားတွေမှာ ကြည့်လျှင် ကမာ္ဘလှည့် ခရီးသည်တွေ တအံ့တဩ ငေးကြည့်ရသေးသည်။ သူတို့နိုင်ငံများတွင် မျိုးတုန်း ပျောက်ကွယ်သွားသော ကားများမှာ မြန်မာပြည်တွင် ငယ်ရုပ်ပင် မပျောက်သေးချေ။ အပိုပစ္စည်းလည်း မရှိတော့သည့်တိုင် မြန်မာတွေ ဘယ်ကဘယ်လို တီထွင်ပြုပြင်ထားကြသနည်း၊ အလွန်ကို တော်သော မြန်မာ လူမျိုးများ ဖြစ်ပါသည်ဟု ချီးကျူးကြသည်။ ထိုသို့ဖြင့် အားကိုးတကြီး လာရောက်၍ ယနေ့ခေတ်ပေါ် လပ်ဇ်ကား တစ်စင်းကို ပြုပြင်ခိုင်းလျှင် မူလီပင် ဘယ်နားကဖြုတ်ရမှန်းမသိသော အခြေအနေ ဆိုက်သွားနိုင်သည်။ တွင်ခုံဆရာ၏ သား၊ မြေးတွေက မိုလုပ်သည့်စက်ကိုပင် မပိုင်သေးချေ၊ ဘိုးဘေးနည်း အတိုင်း မျက်မှန်းနှင့် ဟိုနားထူ၊ ဒီနားပါး လုပ်နေကြဆဲပင် ဖြစ်သည်။ ဆိုလိုသည်မှာ အဟောင်းကြီးများထဲမှ ဖောက်မထွက်နိုင်သေးဘဲ မိမိပရိတ်သတ်၊ မိမိအရပ်၊ မိမိ ဇာတ်နှင့် ကျေနပ်နေကြခြင်းကြောင့်သာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် သူဋ္ဌေးကြီးတွေ အလွန်ပေါသည်ဟု ဆိုကြသည်။ ဒေသတွင်းသာမက ကမာ္ဘ့အဆင့်ထဲတွင် ဝင်နိုင်လောက်အောင် ချမ်းသာသူများ ရှိသည်ဟု ဆိုကြသည်။ သို့သော် မည်သူမျှ ကမာ္ဘ့အဆင့်ဝင်အောင် ချမ်းသာပါသည်ဟု ထုတ်ဖော်မကြေငြာချေ။ မည်သည့်နည်းနှင့် ချမ်းသာသနည်းဟု မပြောနိုင်ကြ၍ ဖြစ်သည်။ မပြောဝံ့ကြ၍လည်း ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်းတွင်တော့ ယခုလောက် ခက်ခဲကြမ်းတမ်းသော စနစ်ကြီးတွင်ပင် ယခုကဲ့သို့ ချမ်းသာအောင် ကြိုးစားနိုင်ကြသည်။ စီးပွားရေးပိတ်ဆို့မှုသာ ဖွင့်ပေးလိုက်လျှင် ယခုထက်ပိုမို ချမ်းသာလိမ့်မည်ဟု မြန်မာသူဋ္ဌေးတွေ ကိုယ့် ဟာဒယကို ကိုယ်ပြန်၍ အစာကျွေးကြသည်။ ဝိတ်တန်းမတူသော ကမာ္ဘ့အဆင့် သူဋ္ဌေးများနှင့် စိတ်ကူးထဲမှာ ကြိတ်ပြိုင်သလို အခြွေအရံများကလည်း ဘုန်းတော်ဘွဲ့၍ မြှောက်ပင့်ပေးသည်။ ဒေသတွင်း ကုမ္ပဏီခပ်သေးသေးတစ်ခု (သို့) အောက်ဈေးနှိမ်၍ ဝယ်မည့် တရုတ်ကုမ္ပဏီ ခပ်ကြီးကြီးတစ်ခုနှင့် အလုပ်တွဲလုပ်ရလျှင် မြန်မာသူဋ္ဌေးများ ဂုဏ်ယူမဆုံး ဖြစ်ကြသည်။ ကမာ္ဘ့ဈေးကွက်တွင် မိမိတို့ အမှန်တကယ် ရနိုင်သည့် အကျိုးအမြတ်ကို ထိုကုမ္ပဏီ တွေက ယူ၍ အရိုးအရင်းသာ ပေးသွားကြသည်ကိုသိလျှင် မချိတင်ကဲ ဖြစ်ပေဦးမည်။ မြန်မာသူဋ္ဌေးတွေ ကမာ္ဘနှင့် ယှဉ်နိုင်ပြီဆိုလျှင် ကမာ္ဘတွင် မြန်မာ သူဋ္ဌေး၏ ကုမ္ပဏီက ထုတ်သောပစ္စည်း ဘယ်နှစ်မျိုးရှိ သနည်းဟု ပြန်ကြည့်ရန်လိုသည်။ ဧရာမ စိုက်ကွင်းကြီးများ၊ ဧရာမ မွေးမြူရေးစခန်းကြီးများ ရှိစေကာမူ ကမာ္ဘ့ဈေးကွက်တွင် မြန်မာပြည်ကထုတ်သော တံဆိပ်နှင့် ဆန်၊ ရာဘာ၊ ဆီအုန်း၊ သားငါး မတွေ့ရချေ။ ထိို့ကြောင့် မြန်မာပြည်မှာ သူဋ္ဌေးတွေ သာ ကြီးပွားသည်။ စီးပွားရေးလုပ်ငန်းစုတွေက မကြီးပွားဟု ဆိုရမည်။ ကုမ္ပဏီကြီးပွားမှ စီးပွားရေး အောင်မြင်သည်ဟု ဆိုရမည် မဟုတ်ပါလော။ ကမာ္ဘ့ ဈေးကွက်တွင် မိုက်ခရို ဆော့၊ ဝါလ်းမတ်၊ ဖိုဒ့်၊ ဆမ်ဆောင်း စသည်ဖြင့် သူဋ္ဌေးတွေမှာ သူ့ဂုဏ်နှင့်သူရှိ သည်။ မြန်မာသူဋ္ဌေးများက လူကြီးပွားအောင်သာ ဟိုကပ်ဒီကပ်နှင့် ကြံဖန်ကြိုးစားသွားကြသည်။ အောင်မြင်မှုဟူ၍ မည်မည်ရရ တစ်စုံတစ်ရာမရှိ။ ထို့ကြောင့် ကမာ္ဘ့တန်းမှီ သူဋ္ဌေးများနှင့် ယှဉ်ပြိုင်ရာတွင် တစ်တန်းလျော့သလို ဖြစ်နေရသည်။ ပြဿနာမှာ စွန့် ဦးတီထွင်လိုစိတ် မရှိ သောကြောင့်သာ ဖြစ်သည်။
အာလူးကြော်ဆိုလျှင် မြန်မာလုပ် အာလူးကြော်ကို မစားလိုကြ၊ တရုတ်ကလာသော တာရှည်ခံ အရောင်ဆိုး အရည်အသွေးမမှီ အားလူးကြော်ကိုမှ စားချင်သည်။ ကိုရီးယားတွင် ဝါးရှားပါး၍ ထမင်းလိပ်လုပ်ရောင်းသည်ကို ခေတ်မှီသည်ဟု၍ ထမင်းလိပ်စားသည်။ မြန်မာခဲတံချောင်းနှင့် သဘောသဘာဝ အတူတူပင် ဖြစ်သည်။ ရပ်ကွက်ထဲက မုန့်ဆိုင်တွေမှာ မြန်မာဇီးထုပ် ရောင်းသည်ကိုပင် မတွေ့ရတော့ချေ။ ယိုးဒယားနှင့် တရုတ်မုန့်များက နေရာယူ နေသည်။ မည်သည့် အစားအသောက်က အန္တရာယ်ကင်းသည်ကို မြန်မာတိုင်းသိသော်လည်း နိုင်ငံခြားဖြစ်ကိုသာ စားချင်သည်။ အထုပ်အပိုး ပြင်ဆင်မှုတွင် စားချင်စဖွယ် ဆွဲဆောင်ထား၍ဖြစ်သည်။ အဓိကပြဿနာမှာ မိမိတို့လုပ်ငန်းကို ရိုးရာအတိုင်း စွဲကိုင်ထားခြင်းဖြစ်ပြီး အပြောင်းအလဲကို မလုပ်လိုခြင်းသာ ဖြစ်သည်။ မူလလက်ဟောင်းဆိုသည့် နာမည်တစ်လုံးနှင့်ပင် ကျေနပ်နေပြီး ခေတ်နှင့်ညီအောင် ပြောင်းလဲ လုပ်ကိုင်နိုင်မှု မရှိ၊ စဉ်းလည်း မစဉ်းစားပေ။ ထို့ကြောင့် လူတစ်ဦးချင်း၊ လုပ်ငန်းတစ်ခုချင်း နောက်ကျကျန်ခဲ့ရင်းမှ တိုင်းပြည်အတိုင်း အတာနှင့်ပါ နောက်ကျကျန်ခဲ့တော့သည်။
နောင်လာမည့် သုံးလေးနှစ်အတွင်း အာဆီယံကုန်သွယ်မှုဇုန်တွေ လာပေတော့မည်။ ယခုပင်လျှင် တရုတ်နှင့် ယိုးဒယားပစ္စည်းတွေကို မယှဉ်နိုင်လျှင်၊ ပြိုင်ဘက်တွေ များလာသည်နှင့်အမျှ မြန်မာ့ရိုးရာလုပ်ငန်းတွေ ပပျောက်သွားဖို့သာ ရှိသည်။ တိုးရစ်တွေ အမှတ်တရ လာကြည့်သည့် ပြတိုက်ထဲက လုပ်ငန်းလေးတွေသာ ဖြစ်သွားဖို့ရှိသည်။ ယနေ့ လုပ်စားနေရသည့် အခြေအနေမျိုးကို သာယာနေ၍မရ၊ လုပ်ငန်းတွေ နေ့မြင်ညပျောက် ဖြစ်နေသာ အရှိန်အဟုန် ပြင်းလွန်းသည့် ကမာ္ဘ့ဈေးကွက်တွင် မြန်မာသူဋ္ဌေးတွေ ရပ်တည်နိုင်ကြမည်လော၊ သူဋ္ဌေးတွေတင်မဟုတ် လက်မှုပညာသည်၊ ကျွမ်းကျင်ပညာသည်တွေရော ထိုကမာ္ဘ့ဈေးကွက်ထဲတွင် ရှိနေကြသော အလုပ်သမားများနှင့် ယှဉ်ပြိုင်နိုင်မည်လော။ စဉ်းစားကြဖို့သာ ရှိသည်။
26 comments
pURpLeGiRL
September 27, 2011 at 9:55 am
pURpLe အထင်ကတော့ မြန်မာတွေတကယ်မညံ့ပါဘူး။ဒါပေမယ့် အခုလိုဖြစ်နေရတာက နိုင်ငံအတွက် တကယ်ကိုဦးဆောင်နိုင်တဲ့လူ မရှိဘူးလို့ပါပဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးတော့လို့ လုပ်နေတဲ့လူတွေ ရှိနေသရွေ့ ဒီအတိုင်းပဲဖြစ်နေမှာပါ။
blaze
September 27, 2011 at 10:27 am
ဟုတ်ပါတယ် ခင်ဗျာ ။ ကျွန်တော်တို့ မြန်မာတွေ မညံ့ပါဘူး ။ စဉ်းစားတတ်ဖို့ပဲ လိုတာပါ။
Tony
September 27, 2011 at 1:12 pm
ဘာကို စဉ်းစားရမှာလဲဗျ။ လူပဲဗျာ သိသင့်သလောက်တော့သိတာပဲ။ ဒီ ဆောင်းပါးကြီးဖတ်ပြီးမှ စဉ်းစားတတ်ရတော့မှာလား။
blaze
September 27, 2011 at 11:32 pm
ကျွန်တော်ပြောတာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး။ ဒီဆောင်းပါးလေးကို အစအဆုံး ဖတ်ကြည့်ပြီးရင် ကျွန်တော်ဘာကိုဆိုလိုတယ်ဆိုတာ သိမှာပါခင်ဗျာ။ ဆရာကြီးလေသံနဲ့ ပြောတာမဟုတ်ပါဘူးဗျာ။
(ဟာ……post တောင်ထပ်မတင်ရဲတော့ဘူးဗျာ….. .ဝေဖန်ချက်တွေကလဲ…….. .ကောင်းတာရေးတော့လဲ…)
kai
September 28, 2011 at 4:08 am
ကိုရင် ရေ..
ဒီရွာမှာပို့စ်တင်တာ.. တင်တဲ့ပို့စ်ပေါ်မူတည်ပြီး.. ရွာသားတွေက ဝေဖန်ဆန်းစစ်နိုင်ကြဖို့…ဖြစ်ပါတယ်.။
ဒီရွာရဲ့.. စံနစ်ကိုက.. အဲဒီလိုလုပ်ထားတာပါ..။
စည်းကမ်းလေးပြန်ဖတ်ကြည့်ပါ…
ဆိုတော့…
မန်းတာတခုတက်တိုင်း.. ကိုရင့်အတွက်..ပွိုင့်( ငွေ)တွေဝင်ဝင်လာတာ.. မမေ့ပါနဲ့နော..။
ကိုရင့်ကို.. အမှတ်တွေပေးနေကြတာပါ…။
Wai Yan Lay
September 27, 2011 at 10:25 am
ကောင်းပါတယ် ရေးထားတာလေးတွေ… ကျွန်တော်ကြားဖူးတာရှိတယ်ဗျ…. NASA အာကသစခန်းမှာတောင် မြန်မာလူမျိုးတွေ ဝင်လုပ်နေကြတယ်ဆိုတာ… ဘာပဲဖြစ်ဖြစ် မြန်မာတွေမညံ့ဘူးဆိုတာ … သိပါတယ်…. ဒါပေမဲ့ ရေသာခိုတတ်တဲ့ အကျင့်တွေတော့ ရှိနေသေးတယ်ဗျာ…. စိတ်မကောင်းစရာပါ
ရွှေဘိုသား
September 27, 2011 at 10:56 am
မညံ့တာတော. ဟုတ်တယ်ဗျ ဒါပေမဲ.တော်သွားရင် ရေသာခိုသွားတာက ပိုဆိုးနေတယ်
chitsu
September 27, 2011 at 12:13 pm
မတော်ခင်မှာတော့ကြိုးစားကြတယ်
တော်တတ်နားလည်သွားတော့ပျင်းသွားကြတယ်နော်
မညံ့ပါဘူးတော်ကြပါတယ်
htoosan
September 27, 2011 at 1:01 pm
မညံ့ ဘာဘူးဆိုတာ မှာတင် ရပ်မနေကြဖို့… သို့သော်…
တရားခံ ဘယ်သူလဲဟေ့….
အရာရာ တားဆီးချူပ်ချယ် အစိုးရိမ်မကင်းတဲ့ အစိုးရ နဲ့ လူနေမူ့အသိုင်းအဝိုင်းဘဲဖြစ်နေလို့လား…..
ရောင့်ရဲတင်းတိမ်နေတတ်ကြသလို နေတတ်ကြဖို့ ဆုံးမ ခံနေကြရလို့လား …….
kai
September 27, 2011 at 1:24 pm
အရင်ကတော့.. အစိုးရနဲ့အုပ်ချုပ်မှုစံနစ်တွေကြောင့်.. လို့တွေးမိတယ်..။
အခုတော့.. မြန်မာဟာ..ဘယ်စံနစ်အောက်ရောက်ရောက်.. ဘယ်နေရာနေနေ..မြန်မာစရိုက်စွန့်ခဲတယ်တွေ့ရတယ်..။
ယူအက်စ်လို.. ဥရောပနိုင်ငံတွေလို.. ဒီမိုကရေစီထိပ်တန်းစံနစ်အောက်မှာလည်း.. မြန်မာဟာမြန်မာစရိုက်မစွန့်နိုင်တာတွေအများကြီးပဲ..။
စွန့်ထားတဲ့သူတွေ(အမျာစု)သာ.. ထိပ်တန်းရောက်.အောင်မြင်ကြတာလည်း.. သတိထားမိတယ်..။
ဆိုတော့…
.. ဒီမိုကရေစီထိပ်တန်းစံနစ်အောက်မှာလည်း( ခြုံပြောရရင်). မြန်မာဟာ.. လူမှုအသိုင်းအဝိုင်း.. အားပေးတည်ဆောက်ကူညီရာမှာ တခြားလူမျိုးတွေနဲ့စာရင်..အင်မတန်အားနည်းကြတာ တွေ့ရတယ်ပေါ့..။
ဒါတွေကိုမျက်မြင်နှစ်ပေါင်းများစွာကိုယ်တိုင်ပါဝင်နေမိတော့… .. မြန်မာတွေဒီလိုဖြစ်နေတာ.. နို်င်ငံရေးစံနစ်ကြောင့်ပေါ်လုံးလုံးတည်မှီနေတယ် မထင်မိတော့ဘူး..။
ဒါတွေဒီလိုဖြစ်နေတာ.. မြန်မာ့ဓလေ့ထုံးစံတွေကြောင့်ပဲ..။
(ဘာသာရေး..အတွေးအခေါ်တွေဟာ.. လူနေမှုစရိုက်တွေ.. ဘဝတွေကို..အင်မတန်လွှမ်းမိုးပဲ့ကိုင်နိုင်တယ်..။ ဒါကြောင့်.. သံသရာလုံးမှောက်တယ် သုံးကြတာပဲ..)
တိတိကျကျပြောရရင်.. အင်မတန်ခေတ်နောက်ကျနေတဲ့. .ရှေးရိုးစွဲအစွန်းရောက်ဘာသာရေးကြောင့်ပဲ..။
ဒီလိုပဲမြင်မိတယ်..။
ကိုယ်တိုင်.. ထဲထဲဝင်ဝင်..အဲဒီပေတံသုံး.. လိုက်လံတိုင်းတာကြည့်ကြစေလိုတာပဲ..
လောကကို..ဘာသာရေးနဲ့လွတ်ကင်းတဲ့.. အမြင်တမျိုးနဲ့ မြင်ကြည့်ပါ…။
ဥခွံထဲကဖေါက်ထွက်ကြည့်ကြပါ…။
မြန်မာဟာ..ကမ္ဘာတန်းမှာ.. ၁ဝနှစ်အတွင်းရှေ့ရောက်လာမယ်… အာမခံရဲတယ်..။
–
ကျုပ်ရဲ့.. ကိုယ်ပိုင်အတွေးအခေါ်ဖြစ်ပါတယ်..။
မကြိုက်မနှစ်သက်ရင်… ဝေဖန်လေကန်..ဆဲကြပါကုန်..။
Thanlwinoo
September 27, 2011 at 3:00 pm
ကိုခိုင်က `အင်မတန် ခေတ်နောက်ကျတဲ့ ရှေးရိုးစွဲ အစွန်းရောက် ဘာသာရေး´ကြောင့်လို့ ဆိုထားပါတယ်..။
မြန်မာတွေ အများဆုံးကိုးကွယ်တဲ့ ထေရဝါဒဗုဒဘာသာကို ဆိုလိုတယ်ထင်ပါတယ်..။
ဘာသာတရားကို ဝေဖန်ရင် ကိုးကွယ်တဲ့လူနဲ့နိုင်ငံကို ကြည့်ပြီး အပေါ်ယံဝေဖန်ယုံနဲ့ မလုံလောက်ပါဘူး.။ ထေရဝါဒဗုဒဘာသာကို သေသေချာချာ in depth လေ့လာရင် အင်မတန် `ခေတ်မီ အစွဲကင်းပြီး အလယ်အလတ်ကျတာ´တွေ့နိုင်ပါတယ်..။
မြန်မာတွေ အောက်ကျနောက်ကျဖြစ်နေတာ တရားတော်နဲ့အညီ မကျင့်ကြံတဲ့ ဗုဒဘာသာအမည်ခံတွေ များနေတာကြောင့်လို့ ထင်ပါတယ်…။
စင်ကာပူဝင်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ From third world to first world စာအုပ်မှာ ခေတ်ပြိုင် ဂျပန်ဝန်ကြီးချုပ်တစ်ဦးရဲ့ တိုက်တွန်းမှုကြောင့် ဗုဒဘာသာ Meditation လုပ်ကြည့်ရာမှာ စိတ်တည်ငြိမ်မှုရကြောင်း ရေးထားပါတယ်.။ ဦးသန့်ရဲ့ တည်ငြိမ်ရဲရင့်တဲ့ အရည်အချင်းကိုလည်း ဗုဒဘာသာနဲ့တွဲဖက်ပြီး ကမာက အထင်ကြီးလေးစားပါတယ်..။
နောက်လူတွေ ဗုဒဘာသာကို သေသေချာချာမလေ့လာဘဲ အလွယ်တကူ ထင်ယောင်မှားမှာ စိုးလို့ပါ..။
kai
September 27, 2011 at 3:29 pm
ဗုဒ္ဓဘာသာကို .. ကမ္ဘာကလူတွေထင်ယောင်မမှားပါဘူး..။
အခု..ကမ္ဘာ့စီးပွားရေးစူပါပါဝါ.. ၂နဲ့၃(တရုတ်နဲ့ဂျပန်)ဟာ.. ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့နိုင်ငံပါ..။
အများစုဆိုတာက..ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေဟာ မြန်မာပြည်တပြည်လုံး လူဦးရေစုစုပေါင်းထက်ပိုများကြပါတယ်..။
http://en.wikipedia.org/wiki/Buddhism_by_country
ယူအက်စ်မှာ.. အဓိကသာသနာပြုနေသူထဲထင်ရှားတာက.. ဒလိုင်လားမားပဲ.။ သူက.. ဟောလိဝုဒ်လိုနေရာကို..တောက်လျှောက်သွားရောက်ရှင်းပြဟောပြော.. စာအုပ်တွေရေး.. သာသနာပြုတာမို့.. မင်းသား၊မင်းသမီးတွေ.. ဗုဒ္ဓဘာသာဝင်တွေအများကြီးဖြစ်ခဲ့တာပဲလေ..။
ကမ္ဘာ့အအောင်မြင်ဆုံး…အက်ပ်ပဲစီအီးအို(ဟောင်း)..စတိ့ဗ်ဂျော့ကလည်း ဗုဒ္ဓဘာသာဝင်ပါ..။
–
မြန်မာထေရဝါဒဗုဒ္ဓဘာသာ( မြန်မာ ဆိုတဲ့စာလုံးထည့်ထားပါတယ်)ကတော့.. သာသနာပြုအင်မတန်အားနည်းတယ်.။
ခေတ်နဲ့မလျှော်ညီတဲ့..ထောက်စရာတွေတပုံတခေါင်းနဲ့လေ..။ ထင်ယောင်မှားစရာတွေချည်း..တင်းကြမ်းနဲ့..။
ဘာဖြစ်သလည်းဆိုတော့..ယူအက်စ်ရောက် မြန်မာတွေထဲမှာတင်.. ယူအက်စ်မွေးတဲ့ မြန်မာဒုတိယဂျန်နရေးရှင်း.. အကုန်လိုလို.. အရွယ်ရောက်ရင်.. မြန်မာထေရဝါဒဗုဒ္ဓဘာသာကို စွန့်ကြတေ့ာတာပဲ…။
အင်မတန် စိတ်မကောင်းစရာကောင်းတယ်..။
မူရင်းစာခေါင်းစဉ်နဲ့..တော်တော်လွဲကုန်ပြီ…။
ဆိုတော့….
ဥခွံထဲကဖေါက်ထွက်ကြည့်ကြပါ…လို့ပဲ..ထပ်ပြောချင်တာပါပဲ…။ 🙂
kai
September 27, 2011 at 1:32 pm
– နာဆာမှာ.. မြန်မာဇာတိနွယ်အင်ဂျင်နီယာတယောက်ဟာ.. တော်တော်အရေးပါတဲ့နေရာမှာရှိတယ်.. ကြားဖူးတယ်..။ ဂြိုလ်တုတက်ရင်.. ခွင့်ပြုလက်မှတ်ထိုးရတဲ့ အုပ်စုထဲမှာပါတာတဲ့.။
– . နာဆာမှာအလုပ်လုပ်ဖူးတဲ့.. ပင်စင်စားအင်ဂျင်နီယာတယောက်နဲ့.. မန္တလေးဂေဇက်မှာတော့… အင်တာဗျုးလုပ်ဖူးပါတယ်..။ ဒုံးခွင်းဒုံးတွေစံနစ်ပရိုဂရမ်ကို ဆွဲပေးခဲ့ဖူးတဲ့ သူပေါ့..။
– oracle ရဲ့ ထိတ်တန်းရာထူးမှာ.. မြန်မာဇာတိနွယ်တယောက်ရှိတယ်..။
– ယူအက်စ်တနိုင်ငံလုံးမှာ.. ဆိုင်တွေတော်တော်များများဖွင့်ထားတဲ့.. ပန်ဒါအိပ်စ်ပရက်စ်က.. ပိုင်ရှင်ဟာလည်း.. မြန်မာပြည်ပေါက်ပါ..။
– ယူအက်စ်တက္ကသိုလ်တွေမှာ.. ပါမောက္ခလုပ်နေတဲ့.. မြန်မာတွေလည်း တော်တော်များများရှိပါတယ်.။
– အင်္ဂလန်Conservative Party Conferenceမှာ.. မြန်မာအနေနဲ့ကိုယ်စားပြု စကားပြောတဲ့.. မြန်မာမျိုးဆက်သစ် ၂ယောက်ပဲရှိဖူးတယ်.။
တယောက်က..ခရစ်ယန်(ဇိုရာဖန်) တယောက်က မွတ်စလင်။(ဝေနှင်းပွင့်သုန်)
Tony
September 27, 2011 at 2:07 pm
“- . နာဆာမှာအလုပ်လုပ်ဖူးတဲ့.. ပင်စင်စားအင်ဂျင်နီယာတယောက်နဲ့.. မန္တလေးဂေဇက်မှာတော့… အင်တာဗျုးလုပ်ဖူးပါတယ်..။ ”
အဲ့ဒါပြန်ဖတ်ချင်လို့ ဘယ်မှာရှာရမလဲ ဗျ။ ရှိတယ်ဆိုရင် link ပေးပါ။
pooch
September 27, 2011 at 2:01 pm
ကျမ အိမ်အလုပ်ကို ဝင်တော့ အခု စာရေးသူ ပြောထားတာတွေကို မျက်ဝါးထင်ထင် တွေ့ ရတယ်။ ကျမ တို့ က ဂျပန်နည်းအတိုင်း ( အဟောင်းအတိုင်း) လုပ်ခဲ့တာ ကျမ တသက် ကျော်လာပြီ၊ တရုတ် ဖက်က အော်ရဂျင်နယ် စလစ်တွေ ဝင်လာတော့ ကျမတို့ လို ပြည်တွင်းစက်မှု လုပ်ငန်းလုပ်သူတွေ ကြာလေ မျက်ဖြူစိုက်တွေ ဖြစ်ပြီး ဖြူကာ ပြာကာဖြစ်လာတာကြာပြီ။ အော်နေရတာ တော်တော်ကြာပြီ။
ဒါပေမဲ့ ကျမ ဦးလေးက အမြင်ရှိတော့ သူတို့ လို စရိတ်နည်းပြီး အရည်အသွေးကောင်းဖို့ အတွက် သူတို့ ဖက်က လျှပ်စစ်နဲ့ ကျိုတဲ့ စက်ကို တရုတ်ဖက်က မှာတယ်။ တရုတ်တွေ တော့ လျှော့မတွက်နဲ့ နော်။ စက်ကို ရောင်းတယ် ။ နည်းမပါဘူး။ ဘယ်ရမလဲ မြန်မာလူမျိုးတဲ့နော် နည်းလမ်းပေါင်းစုံကို မြန်မာ ပြည်မှာ ရှိသမျှှ စက်ရုံတွေကို ကျမ ဦးလေးသွားတယ် ။ နိုင်ငံခြားပြန်များနဲ့တွေ့တယ် ။ နည်းတောင်းတယ်။ စမ်းတယ် ။ စက်ဝယ်ပြီး ၂ နှစ်ကျော်မှာ အဲ့ဒီစက်အောင်တယ် ။သုံးနိုင်သွားတယ်။ ကျမ ဦးလေး က ရိုးရိုးသာမန်ဘွဲ့ရ။
သိပ်မကြာခင်က ကျမ အဲ့ဒီစက်နဲ့ တွဲသုံးရတဲ့ မီတာတခုကို ရှန်ဟိုင်းဘက်ကနေ အွန်လိုင်းက လှမ်းဆက်သွယ်ပြီး မှာတယ်။ စက်ရောက်လာဖို့ အဆင့်တွေအများကြီး ဖြတ်ရတယ် ။လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မရှိဘူး။ ဘာတွေ တွေ့ရလဲဆိုတော့ နိုင်ငံရဲ့ စီးပွားရေးဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အုပ်ချုပ်သူလူတန်းစားများချမှတ်ထားတဲ့ ပိတ်ဆို့ထားတဲ့ အရာများနဲ့ လုံးဝထဲထဲဝင်ဝင် ပတ်သတ်တာကို တွေ့ရတယ်။
ကျမတို့ နိုင်ငံသားတွေကလည်း ပြင်ရမယ်။ သူတို့ ကလည်း အခရာကျတယ်။
htoosan
September 27, 2011 at 2:46 pm
ကျေးဇူးတင်ပါတယ် ကိုkai. ကျွန်တော်ပြောချင်တာနဲ့ တစ်ထပ်ထဲပါဘဲ။
ကျွန်တော်ကတော့ ကြောင်ကြီး ရဲ့ ဘီးလူးကြမ်းခံရမှာ ကြောက်လို့. .. ဟဲ ဟဲ သူကြီးဘဲ အဆဲခံလိုက်တော့..
ငရဲသား
September 27, 2011 at 6:32 pm
ခြေရာ တိုင်းခွင့်မရအောင် ပိတ်ဆို့တားဆီး ကန့်သတ်ထားမှုက အဓိက ပါဘဲ။
ခု ကားသွင့်ခွင့်ရတာတောင် ဟိုကား မျိုး သွင်းခွင့်မရှိ ၊ ဒီကားမျိုးမသွင်းရ တဲ့။
သူတို့ပဲ သွင်းမဲ့ သဘောပေါ့။
အဲဒါပဲ ကြည့်တော့ ဘယ်ကလာ ကောင်းစားတော့မလဲ..
windtalker
September 27, 2011 at 9:29 pm
အင်း..ကျုပ် ကွန်မင့် ကို ဘယ်လောက် နီကြမလဲ တော့ မသိဘူး
မန် ့ဦးမယ် ဗျာ
” မြန်မာနိုင်ငံတွင် သူဋ္ဌေးကြီးတွေ အလွန်ပေါသည်ဟု ဆိုကြသည်။ ဒေသတွင်းသာမက ကမာ္ဘ့အဆင့်ထဲတွင် ဝင်နိုင်လောက်အောင် ချမ်းသာသူများ ရှိသည်ဟု ဆိုကြသည်။ သို့သော် မည်သူမျှ ကမာ္ဘ့အဆင့်ဝင်အောင် ချမ်းသာပါသည်ဟု ထုတ်ဖော်မကြေငြာချေ။ မည်သည့်နည်းနှင့် ချမ်းသာသနည်းဟု မပြောနိုင်ကြ၍ ဖြစ်သည်။ မပြောဝံ့ကြ၍လည်း ဖြစ်သည်။ ”
ဒီခေတ်ကြီးထဲမှာ က
လွယ်သလို လုပ်စားကြတာ ကလား ဗျ
လွယ်သလို ဆိုတာကလဲ
အိုင်ဒီယာ ပေါ့ ဗျာ
အိုင်ဒီယာ ရသွားရင်
ဘယ်လမ်းနဲ ့ပဲ လျှောက်ရ လျှောက်ရ
ရောက်အောင် သွားကြတာ ကလား ဗျ
အဲဒီဘောစိ တွေ မှာ
ပြန်ပြောဖို ့တော်တော် ခက်လိမ့်မယ် ဆိုတာ က
သူတို ့ခြေရာ အတိုင်း လိုက်နင်းကြမှာ လည်း စိုးကြတာကိုး
အခု ခေတ်ကြီးက ၊ သူများ လုပ်တာ ချက်ချင်း လိုက်လုပ်နေတဲ့ ခေတ်ကြီးဆိုတော့ ( ဘိရုမာ မှာ ပြောပါတယ် )
ကိုယ်က ပွိုင် ့တစ်ခု တွေ ့ပြီ ဆိုရင်
အဲဒီပွိုင် ့ကို လျှိုတိတ်လေး လုပ်လိုက်ကြတာပဲ
အဆုံးသတ်ရရင်
ကျုပ် တို ့မြန်မာ ဗမာ တွေ လုံးဝ မညံ့ပါဘူး ဗျာ
တစ်ခါတစ်လေ ကြ
နှစ်ကောင် စားချင်လို ့တစ်ကောင်ကျွေး တာ တွေ လည်း ရှိပါတယ်
ဘေးလူက တော့ အကုန်လုံး နားမလည် တော့
မချင့်မရဲ တွေ ဖြစ်ရတာပေါ့ ဗျာ
nature
September 27, 2011 at 11:32 pm
မြန်မာတွေဟာ မညံ့ပါဘူး ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်တွေထဲမှာ အရည်အချင်းပြည့်ဝတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်တယောက်ဖြစ်ပြီး ကမာ္ဘကလေးစားရတဲ့ ဦးသန့်ဟာ မြန်မာပြည်သား တယောက်ပါ။
kai
September 28, 2011 at 1:07 am
နိုဗဲလ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တယောက်လုံး ဘာလို့မေ့ထားသလဲ..။
ဒါပေမဲ့.. မြန်မာပြည်ရဲ့အစွန်းရောက်ကွန်ဆာဗေးတစ်(ရှေးစွဲရူး) တွေက.. ဒေါ်စုရော.. ဦးသန့်ရောကို မြန်မာလူနေမှုအသိုင်းအဝိုင်းနဲ့. .နိုင်ငံရေးထဲအဝင်ခံလိုစိတ်မရှိခဲ့ဘူး.. ဘေးကိုတွန်းတိုက်ထုတ်လိုက်ထုတ်ခဲ့ကြတာပေါ့…။
မြန်မာပြည်မယ်.. “မှန်တာပြောရင်.. ရွာပြင်ထုတ်ခံရမယ်”ဆိုတာ အလကားဖြစ်နေတဲ့.. တဘောင်မဟုတ်ဖူး.. တကယ်ကိုဖြစ်နေတာ… အတွေးအခေါ်အယူအဆမတူရင်.. အပြင်(နိုင်ငံအပြင်)ကိုတွန်းထုတ်ရင်ထုတ်..မထုတ်ရင်..ထောင်ချပစ်မှာပဲ.. .. သတ်ပစ်(လုပ်ကြံပစ်)မှာပဲ..
ဒီလိုနဲ့.. မြန်မာပြည်ဟာ လူတော်တွေအရမ်းဆုံးရှုံးခဲ့တာပေါ့..။
လွန်ခဲ့တဲ့..နှစ်၁ထောင်လောက်ကစကြည့်… အနော်ရထာလက်ထက်က.. ရွှေဖျင်းညီနောင်၊ ပန်းပဲမောင်တင့်တယ်ကစလို့.. ကနောင်မင်းသားကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကျားဘမ်းပိုင်ရှင်Aw Chu Kin၊ ဦးဂိုအင်ဂါ.. သျှင်ဥက္ကဌ၊ အဲဒီကနေ.. အခုဒေါ်စုနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ.. Saffron Revolution ကခေါင်းဆောင် ရဟန်းတော်တွေအထိ ကြည့်ပါ..။
အဲဒီလိုနဲ့.. ရှေးစွန်းရူးတွေရဲ့အတွေးအခေါ်..အယူအဆ ဘယ်လောက်လွှမ်းမိုးသလည်း.. ဒီရွာထဲ.. တင်ထားတဲ့ပို့စ်တွေကိုပဲသေသေချာချာလိုက်ဖတ်ကြည့်.. ခရီးသွားရင်းကားပေါ်မှာအချိန်မေးတာကစလို့.. ကလေးကို “သားသားဘယ်ကဖြစ်လာတာ”ပြောတာအထိ.. အစွန်းရောက်ဘာသာရေးအတွေးအခေါ်ကနေ.. လွတ်ပြီး တွေးနေတာ မရှိကြတာ..သတိထားမိလိမ်မယ်.. ။
မြန်မာပြည်ရဲ့.. ဂျာနယ်..မဂ္ဂဇင်း.. ကောက်လှန်ဆွဲဖတ်ကြည့်… ရှေးစွန်းရူးအတွေးအခေါ်တွေ တွေ့ရလိမ့်မယ်..။
ဆိုတော့…
မြန်မာတွေ..မညံ့.. သို့သော်…… တော်၍မရ.. 🙂
( Saffron Revolution နှစ်ပါတ်လည် အမှတ်တရနှင့်ရေးပါသည်)
nature
September 28, 2011 at 5:43 am
….နိုဗဲလ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တယောက်လုံး ဘာလို့မေ့ထားသလဲ..။…
အဟီး…..ကျနော်ရှည်သွားမှာစိုးလို့ပါ။ (ဆွဲရင်ရှည်တတ်သည်)
padonmar
September 28, 2011 at 6:53 am
ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား စာအုပ်ထဲမှာ မြန်မာတွေရဲ့ ချစ်စရာစရိုက်လေး(ဧည့်သည်ဆို ဧည့်ဝတ်ကျေပွန်တာစသည်)တွေရော၊
မကောင်းတဲ့စရိုက်တွေ(လူအင်အားကောင်းမှ မိုက်ရဲတာ၊ရှုံးမယ်ထင်ရင် ကြောက်ကြပြီးနိုင်မယ်ထင်မှရဲတတ်တာ စသည်)တွေရော
သူမကြိုက်တာတွေပြင်ကြစေချင်တာတွေကို ရှေးမြန်မာပြည်လူနေမှုစရိုက်လေးတွေရယ် တရုတ်နဲ့စစ်တိုက်တဲ့ အကြောင်းတွေရယ် ရေးထားတာသိပ်ကောင်းပါတယ်၊
ဖတ်ကြည့်ကြစေချင်ပါတယ်။
htoosan
September 28, 2011 at 9:06 am
ဒို့ မြန်မာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီ…
လေတွေ ..လေတွေ .. ရောင်းစားလိုက်ရရင် ကမာ္ဘ့အဆင့်ဝင်အောင် ချမ်းသာ၊ပြန်ပြောဖို့လဲ မခက်တဲ့ ထူးဆန်းဘောစိ ကမာ္ဘ့အဆင့်ဝင်အောင် ချမ်းသာပါသည်ဟု ထုတ်ဖော်ကြေငြာလိုက်မှာ ..ကြေငြာလိုက်မှာ …. အခုတော့ အဲ့ဒီ့လေတွေ ဘယ်လို မူပိုင်လုပ် ဘယ်လိုထုတ်ပိုး ရမလဲ လဘ္ကက်ရည်ဆိုင်ထိုင်ပြီး ဘော်ဒါတွေနဲ့ လေကန်လိုက်ဦးမယ်။
Shwe Ei
September 28, 2011 at 11:55 am
မြန်မာတွေ မထူးချွန်တဲ့ အထဲမှာ ခေါင်းရှောင်တွေများတာလည်းပါမယ်ထင်တယ်။ အစိုးရတခုထဲ မကြည့်နဲ့ ၊ ကုန်မဏီ ကြီးကြီးတခုမှာ ရာထူးကြီးကြီး ရနေတဲ့လူတွေကြည့်။ ကိုယ့်နေရာနဲ့ တန်တဲ့ တာဝန်ယူမှုကို အပြည့်အဝအလုပ်ချင်ကြဘူး။ ဖော်လံဖားလုပ်ပီး သူဌေး အကြိုက်မျှောလိုက်ဖို့ကို ပိုအားသာတယ်။ ကိုယ့်လက်အောက်ဝန်ထမ်းကိုနှိပ်ကွပ်ဖို့ဆို မျက်နှာပြောင်ပြာင်နဲ့လုပ်ရဲတယ်။ အဲလိုနေရာကျရင် ဗုတ်ဓဘာသာဝင် ဆိုတဲ့ concept ကပျောက်နေရော။ ကျန်တဲ့ ထုံးတမ်းစဉ်လာအရ ကန်တော့ခံရဖို့အချိန်ဆိုရင် ထိပ်ဆုံးကနေရာယူဖို့ ဝန်မလေးပြန်ဘူး။ ဒီမှာက ဘာမဟုတ်တာလေးက စပီးကြောက်နေလိုက်ကျတာ ဟုတ်တာတောင် မှန်အောင်မလုပ်ရဲတော့အထိ အကြောက်တရား လွှမ်းမိုးခံနေရသလိုဘဲ။
htoosan
September 28, 2011 at 12:53 pm
သူတို့မှာလဲ ဆင်းရဲ ချမ်းသာ ပညာတတ် ပညာမဲ့ အမျိုးစုံရှိကြတာပဲ … သူတို့ချမ်းသာတဲ့အကြောင်းရင်းကတော့ အတ္တနဲ့လောဘကြောင့် … တကယ်ကြိုးစားလို့ အောင်မြင်ခဲ့ကြတာ … သူတို့အားလုံးမှာ ကြောက်စိတ်မရှိပါဘူး … ဘာမဆို မဟုတ်ဘူးထင်ရင် ပြန်ပြောရဲကြတယ် … မိဘကိုတောင် ပြန်ပြောရဲတာဆိုတော့ … ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ကြိုးစားအားထုတ်မှုကို တန်ဖိုးထားကြတာကိုတော့ သတိထားခဲ့မိပါတယ် … သူတို့တွေနဲ့ အကြာကြီးနေခဲ့ပြီးနောက် သူတို့ ချမ်းသာကြတာကို ကျွန်မဘယ်လိုမှ မအံ့ဩတော့ပါဘူး……………….အတ္တနဲ့လောဘရဲ့ ပူလောင်မှုကို သူတို့ဆီမှာ မြင်တွေ့ခဲ့ရလို့ ကျွန်မကတော့ အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် အပူမမိအောင်ပဲ နေပါတယ် …………………
မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? by Foreign Resident ၏ ဒေါ်ဝေဝေ Comment မှ ဒေါ်ဝေဝေခွင့်ပြုချက် မယူဘဲ ကူးတင်လိုက်ပါသည်.။
Copy Left နှင့် တရားမစွဲဖို့တော့ တောင်းပန်ပါ သည်။
blaze
September 28, 2011 at 4:36 pm
Copy left နဲ့ ကျွန်တော်က တရားမစွဲပါ။……………
ကို kai တော့မသိပါ..
point နုတ်မယ်လို့ ကျွန်တော်ကိုတော့ လာပြောတယ်ဗျ….(ဟဲဟဲ)