မဲဆောက် မြန်မာပြည့်တန်ဆာမိန်းကလေးများဘဝ တစေ့တစောင်း
“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒီ်ကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒီ်ဘဝကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။
နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘဝပျက်ကာ ပြည့်တန်ဆာဘဝတွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘဝသို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။
မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ
သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအဝင် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။
ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။
လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တဝက်၊ ကိုယ်က တဝက်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘဝလည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒီ်ကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။
ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြဝတီကိုသွားတဲ့အခါမှာ ရဲ၊ လဝက၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘဝကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြဝတီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။
ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။
အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘဝကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘဝရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။
ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘဝမှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။
သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘဝကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ဝယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။
မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။
မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။ အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။
ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ
သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘဝမှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။
သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တဝက် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ဝင်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။
ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။
ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။
ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။
“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အဝရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။
ပန်းဦးဈေးကွက်
ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘဝ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တဝက်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိ်သေးဘူး” ဟု ပြောသည်။
မြန်မာပြည့်တန်ဆာကျန်းမာရေး
မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။
ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘဝဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘဝရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟုု ပြောသည်။
ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။
အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမဝင် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။
မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ ေတော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘဝကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။
ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။
သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။
(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)
@ http://www.khitpyaing.org/
39 comments
လင်းဝေကျော်
September 28, 2011 at 11:43 am
ဆင်းရဲတဲ့ တိုင်းပြည်မှာလူဖြစ်တာနဲ့ ကုန်ကူးခံရတဲ့ လူသားဘဝကို ရောက်သွားတာပဲလား။
ကိုယ့်ကို ကာကွယ်ပေးနိုင်မယ့် အစိုးရ ကိုလည်း ဘာမှ အားကိုးလို့မရတော့ ….
ဘဝတွေ ဘဝတွေ ရင်နင့်စရာ..
မြန်မာဆိုတာ ဖာနဲ့ အလုပ်သမား လို့ ဒီအနီးနားက တိုင်းပြည်တွေက မှတ်ယူကုန်ကြပြီလား
Foreign Resident
September 28, 2011 at 12:14 pm
Dear Ko လင်းဝေကျော်,
Bitter Truth = ဆင်းရဲရင် ဖာ ဖြစ်သွားတာ သဘာဝပါ။
It is unavoidable / inevitable process.
Yes, ” မြန်မာဆိုတာ ဖာနဲ့ ကျွန် လို့ ဒီအနီးနား တိုင်းပြည်တွေက မှတ်ယူကုန်ကြပြီ ”
So, We need to try very very hard to be rich.
lone
September 28, 2011 at 11:48 am
အမလေး အမလေး ဖတ်ရတာ ကြက်သီးတောင်ထပါလားနော်… ဪ ကိုမမြင်ရတဲ့ဘဝတွေအများကြီး
ရှိပါသေးလား…ကြောက်စရာကောင်းလိုက်တာ….. ဟူး…. သူတို့အစားရင်မောလိုက်တာကွယ်…
အနိစ္စ…ဒုက္ခ…အနတ္တ….. တကယ်တကယ်ပါ…ဖတ်ရတာကျောချမ်းတယ်…. အိ….
nozomi
September 28, 2011 at 11:54 am
စိတ်လဲ မကောင်းဘူး
ဒီ အလုပ်တွေကိုလဲ အားမပေးပါဘူး
ဒါပေမဲ့ ဒီပို့စ် ဖတ်ပြီးမှ အရင်ထက်စာရင် သူတို့ဘဝတွေကို ပိုနားလည်လာတယ်
windtalker
September 28, 2011 at 12:12 pm
ကိုကိုလူဆိုး ရဲ ့ပို ့စ် ကို ဖတ်ပြီး
တော်တော်လေး အသိတရား တွေ
ဗဟုသုတ တွေ ရလာရပါတယ်
ပြောပေးကြပါဦးဗျာ..
သူတို ့လေးတွေ ကို ..
ပန်းဦးဖောက် တာ ဘတ်၁၅၀၀ဝ နဲ ့တည့်တယ်
ခေါင်း နဲ ့တစ်ဝက် စီ ဆိုတော့
ဘတ် ၇၅၀ဝ ရတယ်
သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။
ဆိုတော့ ပထမ ဆုံး အကြိမ် မှာ
ဘတ် ၁၀၅၀ဝ ရတာပေါ့နော်
ဗမာငွေ နဲ ့တွက်ကြည့်ရင်
တစ်ဘတ် = ၃ဝ ကျပ်ထား
ဆိုတော့..၃၁၅၀၀ဝ ကျပ် ရတာပေါ့
အောင်မလေးလေး..
ကလေးမ တို ့ရယ်
ဒီလောက် ပိုက်ဆံ တော့
တို ့ဗမာနိုင်ငံ က လူတွေ လဲ
သုံးနိုင် ၊ တတ်နိုင်ကြပါတယ် ကွာ
အပျိုစစ်ခဲ့မယ် ဆိုရင်ပေါ့…
တစ်ကူးတစ်က
သူများနိုင်ငံ ထဲ သွား
ရဲ ကြောက်ရ
ခေါင်းကြောက်ရ နဲ ့
မလွယ်ပါကလား
လုပ်မယ့်လုပ်
ကိုယ့်နိုင်ငံမှာကိုယ်
တရားဝင်
လုပ်လို ့ရတဲ့ အချိန် ၊ အခွင့်အရေး တွေ
ရှိလာသင့်ပါပြီနော်
Foreign Resident
September 28, 2011 at 12:16 pm
ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်
Shwe Ei
September 28, 2011 at 12:19 pm
ဘဝတွေ ဘဝတွေ မစာနာနိုင်တဲ့လူတွေ အတွက်တော့ ပြောစရာဖြစ်နေအုံးမှာဘဲ။
windtalker
September 28, 2011 at 12:31 pm
‘ ဘဝတွေ ဘဝတွေ မစာနာနိုင်တဲ့လူတွေ အတွက်တော့ ပြောစရာဖြစ်နေအုံးမှာဘဲ။ ‘
သူတော်ကောင်းကြီး ရွှေအိ ရေ…..
စာနာလို ့ဖြစ်သင့်တာကို ရေးပြနေတာလေ
သူတို ့မှာ ဘဝပေးမကောင်းလို ့
ရှေးအတိတ်ကံကြောင့်
ပိုက်ဆံ အသည်းအသန်လို နေလို ့
သူများနိုင်ငံမှာ သွားပြီး
ဖာ လုပ်စားပါပြီတဲ့
မညှာမတာ ခေါင်းပုံဖြတ်ခံရရင်တဲ့ ။
ဘယ်သူက လာကာကွယ်ပေးမှာတဲ့လဲ ။
သူတို ့နိုင်ငံသား အချင်းချင်း နှစ်ပေါက်တစ်ပေါက် ရိုက်ရင်
ခင်ဗျား ကာကွယ်ပေးနိုင်လား ။
ကိုယ့်နိုင်ငံ မှာ ကိုယ်
တရားဝင် လုပ်ခွင့်ရခဲ့မယ် ဆိုရင်
ခေါင်းပုံဖြတ်ခံ ရတာ အတွက်
သက်ဆိုင်ရာ ကို တိုင်ပြီး ၊ ဆုံးရှုံးမှု ကို ပြန်တောင်းယူလို ့မရနိုင်ဘူးလား
စဉ်းစားစမ်းပါဦးဗျာ
ပြောစမ်းပါဦး
ပို ့စ်ကိုလည်း သေချာ မဖတ်ပဲနဲ ့
သူများ မန် ့ထားတာလေးတွေ တင်
ဖတ်ပြီး
ဆရာကြီးပေါက် လာမလုပ်နဲ ့လေ
( ကိုကိုလူဆိုးရေ ၊ ခွင့်လွှတ်ပါ )
မိုက်ကယ်ဂျော်နီအောင်ပု
September 28, 2011 at 12:27 pm
အဲ့သည် ပြည့်တန်ဆာဆိုတာကလည်း အမျိုးမျိုးတော့ရှိတယ်
တစ်ယောက်နှင့်တစ်ယောက်တော့မတူကြပါဘူး
တစ်ချို့ကြတော့လည်း ဝါသနာပါလို့ကိုလုပ်တာ
မေးလိုက်ရင်ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးလိုက်ပြောနေတာ
ကျုပ်ကအပီကိုလိုက်လေ့လာထားတာ
လေ့လာဆိုကျုပ်က ……………….
တိန်!!!!!!!!!!!!!!!!!!!!!!!!!!!!!
lone
September 28, 2011 at 12:54 pm
ကိုအောင်ပုပြောနေတာကို…ရွာထဲကဘယ်သူခဲနဲ့လှမ်းပေါက်တာလဲဟေ့…. ဟဲဟဲ….
pan pan
September 28, 2011 at 2:01 pm
အရမ်းကို ရှားပါးပြီး အရမ်းကို နိမ့်ကျနေပါပြီ
မြန်မာနိုင်ငံကလူတွေ အသိပညာနည်းသူ များနေတာကြောင့်လည်း ပါမယ်
ုဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်ကုန်ကြပြီ
တော်တော်ပြုပြင်ယူရမယ်ထင်တယ်
ပြည့်တန်ဆာဘဝရောက်တဲ့ မိန်းကလေးတွေဘဝလည်း သနားပါတယ်
(မရည်ရွယ်ဘဲ၊ မလုပ်ချင်ဘဲ လုပ်ရသူများ)
weiwei
September 28, 2011 at 2:20 pm
ဒီပို့စ်ကိုဖတ်ကြည့်တော့ မဲဆောက်မှာ ပြည့်တန်ဆာလုပ်နေကြတာ မြန်မာပြည်မှာထက်တော့ သာနေသေးတာပဲ …
မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန်မှာ အဲဒီအလုပ်လုပ်စားဖို့ တော်တော်ခက်ပါတယ် … အဖမ်းခံရဖို့ ရာခိုင်နှုန်းတော်တော်များတယ် …. ပြည်သူလူထုဆီက တိုင်စာတွေက အမြဲရနေတော့ ရဲတွေက မဖြစ်မနေ အဖမ်းပြရတယ် … တစ်လကို သတ်မှတ်ထားတဲ့အမှုတွဲရအောင် တမင်တကာကို လိုက်ဖမ်းနေကြတာ ကြားဖူးလို့ပါ … သူတို့ကိုယ်တိုင်ခေါ်လာပြီးမှ တခြားရဲကို လာဖမ်းခိုင်းကြတာဆိုတော့ လက်ပူးလက်ကြပ်ပေါ့ … ကျေနပ်လို့ လုပ်စားနေကြတာကို မသနားပေမယ့် ရဲလက်ရောက်တာကိုတော့ သနားမိတယ် … 🙁
kai
September 28, 2011 at 2:39 pm
ပြောရရင်..မလေးရှားမှာလည်း. ဒီလိုဇတ်လမ်းဆင်တွေမနည်းဘူး..။
ထိုင်းမှာ..မြန်မာတွေရှိနေတာ.. ၃သန်းလောက်လို့.. သတင်းတခုမှာဖတ်ဖူးတယ်..။
အရွယ်ကောင်းတွေ..သန်းချီနေကြပါတယ်..။
ဆိုတော့..
မလေးရှားက မြန်မာတွေ.. မြန်မာပြည့်တန်ဆာသတင်းလေးတွေရှာတင်ပေးကြပါဦး..။
GreeNSheeP
September 28, 2011 at 2:43 pm
လေးစားရပါသော
kai ခင်ဗျား
“ မလေးရှားက မြန်မာတွေ.. မြန်မာပြည့်တန်ဆာသတင်းလေးတွေရှာတင်ပေးကြပါဦး.. ” လို ့ဆိုလာလို ့
ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာ တင်ဆက်ပေးလိုပါသည် ။
လေယာဉ်ခလေး နှင့် ဟိုဖိုးဒီဖိုး လေး များ
မစပေးပါ ခင်ဗျား
မောင်သန်းထွဋ် ဦး
September 28, 2011 at 4:18 pm
မြန်မာဆိုရင် ဖာနဲ ့ကျွန်နဲ ့လို ့ထင်ခံရအောင် လုပ်ရက်သူတွေကိုတော့ မုန်းလိုက်တာ။ဒင်းတို ့လက်ချက်ကြောင့်ကမောက်ကမဖြစ်ကုန်ပီ။
ကိုကိုလူဆိုး
September 28, 2011 at 5:50 pm
အော် အဲလိုလည်း ဟုတ်မယ်မထင်ပါဘူးဗျာ သူတို့လည်း သူတို့တစ်နိုင်စီးပွားရေးလုပ်စားကြတာပဲ. ဒီခေတ် လူတစ်ယောက် တစ်ရက် နှစ်ထောင် /သုံးထောင်လောက်ရမဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေများများလုပ်ပေး စက်ရုံတွေများများဖွင့်ပေးနိုင်မယ်ဆိုရင် …….နည်းနည်းပပျောက်သွားမယ်ထင်တယ်။
zaymdy
September 28, 2011 at 5:52 pm
ဝမ်းနည်းပါတယ်ဗျာ.. အလို.အဖြစ်ဆိုးတွေ.နဲ. အမြန်ဆုံး ကင်းလွတ်ကြပါစေ…မြန်မာပြည်တွင်းလည်း အလုပ်အကိုင်အခွင်.အလမ်းပေါများပြီး စားဝတ်နေရေး အဆင်ပြေနိုင်အောင် လက်ရှိအစိုးက အမြန်ဆုံး လုပ်ဆောင်ပေးဖို.လိုပါတယ်။
ကိုကိုလူဆိုး
September 28, 2011 at 5:57 pm
နောက် လူကုန်ကူးတယ်ဆိုတာ အရမ်းကြောက်ဘို့ကောင်းတယ်ဆိုတာပါ
အခုလို ဗိုလ်ချုပ်ပြောသလို လုပ်နေတာက နည်းနည်းတော်သေးတယ်ထင်တယ်
လူကုန်ကူးတယ်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံက လူတွေကို လိမ်လည်ခေါ်သွားပီးတော့
တဖက်နိုင်ငံကိုရောင်းစားတာက လူအမျိုးမျီုးရှိပါတယ်.
တစ်ချို့ လူတွေဆို နောက်ဆုံးထွက်သက်ထိပေးဆပ်ရတက်တယ်
ဥပမာဗျာ . လူတစ်ယောက်ကို ဝယ်လိုက်ပီဆိုပါတော့.. တခြားနိုင်ငံကသူဌေးတွေ ကိုယ်လက်အင်္ဂါတွေ အစားထိုးကုသမယ်ဆိုရင် အဲဒီ ကျွန်တွေဆီက ကိုယ်လက်အင်္ဂါ တွေကို အစားထိုးကုသတာ နောက် ကျောက်ကပ်မကောင်းဘူးဆိုပါတော့ ဗျာ ရောင်းစားခံလူဆီက ကျောက်ကပ်ကိုထုတ်ပီးရောင်းတယ် ပြီးရင် သူ့ကို ဆေးနည်းနည်းပြန်ပြီးကုပေးတယ်. အသက် ရှင်တယ်ဆိုယုံလေးပေါ့.. နောက်လိုတာတွေ အကုန်လုံး ခြေထောက် မျက်လုံး အကုန်လုံးပါပဲ ရောင်းစားတာ နောက်ဆုံး ရောင်းလို့မရနိုင်တော့ဘူးဆိုမှ ဆေးထိုးပီး သတ်ပစ်လိုက်ကြတာလေ ..အဲဒါလူကုန်ကူးရင်ဖြစ်တက်တာတွေပါ.
yokesoe
September 28, 2011 at 6:02 pm
ဟိုးအရင်ကတော့ ဖိလစ်ပိုင် နိုင်ငံကို ဖာအလုပ်လုပ်စားတဲ့ နိုင်ငံလို့ သမုတ်နေသံကြားဘူးတယ်၊
အခု တော့ မြန်မာနိုင်ငံကို အဲသလို အထင်ခံရတော့မှာလား ဗျာ။
ဆိုးပါ့ အဖြစ်က မနှစ်ကထက်ဆိုးနေပါပေါ့လား ။
Captain
September 28, 2011 at 7:16 pm
ဖတ်ရတာတော့ စိတ်မကောင်းစရာဘဲဗျာ၊စီးပွားရေးတွေကြပ်ကြတော့လဲ အမျိူးမျိူးဖြစ် ကုန်ကြတော့ဒါဘဲ နော်…..
mgmglusoe
September 28, 2011 at 7:39 pm
ဟုတ်ပ ရှိသမျှအကုန်ကြပ်… လိုင်းကားလဲကြပ်…နေရတာလဲကြပ်…
အသက်ရှုရတာလဲ ကြပ်လာသဗျို့ ။
rocket
September 28, 2011 at 10:24 pm
ဟိုဟာလဲကြပ်တယ် ဟိုလေ စဉ်းစားရ ကြပ်တာ ပြောပါတယ်
ဓါတ်ပုံထဲက မိန်းခလေးတွေက မြန်မာနိုင်ငံက ဟုတ်ရဲ့လားဗျာ
မတူသလိုပဲမို့ ပါ ။
unclegyi1974
September 28, 2011 at 11:42 pm
နိုင်ငံမတိုးတက်သမျှ မချမ်းသာသမျှ
ဆင်းရဲချမ်းသာကွာဟမှုများသမျှ
ဒီလိုအဖြစ်တွေဆက်ရှိနေမှာပါ
ဒါကြောင့်ကိုယ့်တိုင်းပြည်တိုးတက်အောင်
ဆင်းရဲချမ်းသာကွာဟမှုနည်းအောင်
လူတိုင်းဝင်ငွေကောင်းအောင်
ကြိုးစားဖို့လူတိုင်းမှာတာဝန်ရှိပါတယ်
apulay
September 29, 2011 at 9:52 am
foreign resident က မြန်မာပြည်သားမဟုတ်လား ။ မြန်မာဆိုရင် ဖာနဲ့ကျွန်ဆိုရင် foreign resident ကဘယ်အမျိုးအစားထဲ မှာ ပါနေပါသလဲကွယ်
Foreign Resident
September 29, 2011 at 10:33 am
Dear A Pu Lay,
” မြန်မာဆိုတာ ဖာနဲ့ ကျွန် လို့ ဒီအနီးနား တိုင်းပြည်တွေက မှတ်ယူကုန်ကြပြီ ”
It will be painful, but, it is bitter truth.
They think, especially “Thai & Malaysian” think.
If somebody said ” မြန်မာဆိုရင် ဖာ နဲ့ ကျွန် ”
I also feel like he directly said to me.
But, in this comment, I said it purposely, deliberately & intentionally.
” to stimulate the patriotism of Myanmar ”
” I want Myanmar to struggle very hard to escape from this situation ”
As for myself alone,
I can easily change to Australian Citizen.
But, I still holding my Myanmar Citizenship.
ရွှေဘိုသား
September 29, 2011 at 11:25 am
ကျနော်တစ်ခါက ကြည်.မြင်တိုင်မှာကြုံဖူးတယ် ရဲတွေက ညဘက်ကြီး ပိုက်ဆံပျက်တာနဲ လိုက်ဖမ်းတာ
မိတော. ကျွေးလည်းကျွေးရ ပေးလည်းပေးလိုက်ရတယ် ဒါ.မို. ထိုင်းဘက်လိုက်တာဖြစ်မှာပေါ.
kai
September 30, 2011 at 3:12 am
ဒီအဖြစ်တွေအပေါ်..သတင်းအနေနဲ့ အားဖြည့်ပြီးပြောစရာတခုက…
အဲဒီထိုင်းမှာ.. ပြည့်တန်ဆာလုပ်လို့.. ရောဂါစုံ(ပညာစုံမဟုတ်)လာတဲ့သူတွေဟာ.. နှင်ထုတ်ခံကြရပါတယ်..။
ထိုင်းကနေပြည်နှင်ဒဏ်ပေါ့..။
အဲဒီတော့..ရှာထားတဲ့ငွေထုတ်လေးနဲ့.. ရွာပြန်..မြို့ပြန်တာပေါ့..(မြန်မာပြည်ထဲ ပြန်ရောက်လာတာ)
အဲဒီမှာတင်.. မဟာပြဿနာ နောက်တခုကစ,တော့တာပဲ..
နိုင်ငံခြားပြန်အဲဒီလိုအမျိုးသမီးတွက.. မြန်မာပြည်မှာ.. အဲဒါမျိုးဆက်လုပ်စားလို့.. လွယ်နေသတဲ့..။
(ထိုက်သင့်မှန်ကန်တဲ့ လက်တွေ့ကျတဲ့..ဥပဒေမရှိ.. ပြည့်တန်ဆာဆို.. စုံလုံးမှိတ်.. ခြေကန်တွန်းတဲ့. .ရှေးစွန်းရူးတွေလွှမ်းမိုးတဲ့. .လောကထဲပြန်ရောက်လာတယ်ပေါ့…။)
ဖေါက်သည်တွေကလည်း..အတွေ့အကြုံများတဲ့… နိုင်ငံခြားပြန်တွေ ကြိုက်သတဲ့..။
တချို့ကလည်း… နိုင်ငံခြားပြန်လို့ မပြောပဲ.. သူ့အတွေ့အကြုံတွေနဲ့..ဆားဗစ်စ်ကောင်းကောင်းပေးတတ်တဲ့အခါ..ပစ္စည်း ရောင်းကောင်းသတဲ့..။
ရွာဒေသတွေမှာတော့.. အနီးအနား ရွာနီးချုပ်စပ်ကတောင်.. လာရောက်စားသုံးကြရတဲ့.. တောင်ကျော်ပြန်..ရှမ်းပြည်ပြန်..လက်မလည်သူလေးပေါ့…။
အဲဒီမှာ…
၄လုံးရောဂါ..တက်ဘုန်းကြီးရောဂါ.စတဲ့. လိင်နဲ့ပါတ်သက်တဲ့..ရောဂါတွေနဲ့..
မြန်မာအမျိုးကောင်းသားတွေကို.. စိတ်ဓါတ်ရေးရာအရ..အထွေထွေဆွဲချမှုတွေ.. အခုလိုဖြစ်နေတော့တာပဲ..။
တတိုင်းပြည်လုံးအတိုင်းအတာမှာပေါ့..။
==
ဒါမျိုးတွေကို.. ဘယ်လို..လျှော့နည်းသွားအောင်လုပ်နိုင်ကြမလည်း.. ဆွေးနွေးကြစေချင်တယ်..။
လုပ်ပေးနိုင်သူတွေ..ဥပဒေပြုသူလွှတ်တော်အမတ်တွေ.. ဖတ်မိရင်.. အတွေးတွေရသွားစေချင်လို့ပါ..။
amatmin
September 30, 2011 at 9:08 am
ကျနော်တွေ့ဖူးတဲ့မိသားစု ကတော့ ရ ယောက်လောက်ရှိမယ်ဗျာ..
အဲဒီအမျိုးသမီးရဲ့လုပ်စာကိုတအိမ်လုံးထိုင်စားတယ်ဗျာ..
ကျန်တဲ့လူတွေထဲ လဲအရွယ်ကောင်းအမျိုးသားတွေပါ ပါတယ်..သူတို့ကဘာမှမလုပ်ဘဲဒီလိုစားသောက်နေထိုင်ရတာကိုလဲ
ရှက်ရွံနေကြပုံမရှိပါဘူးဗျာ။ဒါတောင်မှပြည်တွင်:မှာလုပ်စားပြီး
.အော်ဒီလိုဘဝပါလားလို့ လူတွေဝေဖန်တာခံရတဲ့အနေအထားမျိုးနော့။
သမီးတွေကို ပြည်ပမှာနေပြီး စီးပွားရှာတယ်လုပ်ထားတဲ့သူတွေများ ပိုဆိုးမယ်ထင်တယ်.(ဇိမ်ခံပြီးထိုင်စားတဲ့နေရာမှာ)
ပြောချင်တာကတော့ဗျာ.သမီး ၊ အစ်မ ၊ နှမတွေက***ံပြီးရှာဖွေနေတာတွေကို.ထိုင်စားဝံ့တဲ့.
လူတွေများနေသရွေ့က.သူတို့အဖို့ကတော့ မကျွတ်စတမ်းရှာပေရော့ဗျာ။
ထိုင်စားတဲ့အဖွဲ့ကတော့တိုင်းပြည်တိုးတက်ရင်အစ်မ ၊ နှမတွေ ဝင်ငွေပိုကောင်းဖို့ကိုတောင်မျှော်လင့်နေအုံးမယ်.
.ဆင်းရဲနေတုံးလဲ ဆင်းရဲနေလို့ဘာမှမလုပ်ချင်ဘူးဆင်ခြေနဲ့ပေါ့
အဲဒီတော့ကာ …သူတို့နောက်ကမိသားစုတွေအလုပ်လုပ်ဖို့မပျင်းကြတော့ရင်သူတို့လဲဒီဘဝတွေက လွတ်ဖို့လမ်းစရမှာပါပဲ၊.
Foreign Resident
September 30, 2011 at 1:54 pm
“အဲဒီအမျိုးသမီးရဲ့လုပ်စာကိုတအိမ်လုံးထိုင်စားတယ်ဗျာ..
ကျန်တဲ့လူတွေထဲ လဲအရွယ်ကောင်းအမျိုးသားတွေပါ ပါတယ်.”
Yes, A Mat Min,
I have seen a lot of situation like it in Myanmar.
I don’t know why they don’t want to work.
rocket
September 30, 2011 at 12:29 pm
ဒီနိုင်ငံမတော့ ပြည့်တန်ဆာ လိုင်စင်ထုတ်ပေးရင်ပေး ၊ မပေးရင် ပျော်ပါးတဲ့သူတွေကိုပါ
ပြည့်တန်ဆာမှုနဲ့ထောင်ချ ရင် ဘယ်လိုနေမလဲ ?
နည်းနည်းတော့ ပျော်ပါးမှုတွေ လျော့ကျ သွားမယ်ထင်ပါတယ် ။
( ဆွေးနွေးကြည့်တာပါ ၊ အပျက်သဘောမျိုးမဟုတ်ရပါခင်ဗျာ )
kai
September 30, 2011 at 2:59 pm
ယူအက်စ်က..ပြည်နယ်တခု-၂ခုက.. အဲဒီ၂ခုလုံးဥပဒေနဲ့ပြဌာန်းလုပ်တယ်..
ကယ်လီဖိုးနီးယားက.. ပြည့်တန်ဆာကို.. တရားဝင်လိုင်စင်မပေးဘူး..
ဒါပေမဲ့.. ပျော်ပါးတဲ့သူကိုမိရင်.. အဲဒီလူကိုပါ.. အရေးယူတာကြားဖူးတယ်..။
ဆိုတော့..
မြန်မာပြည်က.. လူအဝင်အထွက်များတဲ့.. နယ်ခြားမြို့တချို့ကို.. ပြည့်တန်ဆာတရားဝင်လိုင်စင်ချပေးပြီး.. တနိုင်ငံလုံးအတိုင်းအတာနဲ့ကတော့.. လိုင်စင်ရပြည့်တန်ဆာနဲ့မဟုတ်ပဲ.. ပျော်ပါးတဲ့သူကို.. အရေးယူရင် ကောင်းမယ်ထင်တာပဲ..။
moesung
September 30, 2011 at 5:37 pm
ကျနော်သိချင်တာက လေးထောင့် ပုံးတွေထဲ သူတို့ ဘာဝင်လုပ်နေတာလဲ
အဲဒီလေးထောင့်ပုံးတွေက အိမ်သာလား အဝတ်လဲခန်းလား
kai
October 1, 2011 at 3:10 am
မိုဘိုင်းအိမ်သာလိုအခန်းလေးတွေ.. တန်းစီချထားပြီး.. လိင်ဆက်ဆံချင်သူက.. ရူရူးပေါက်သလို..ဝင်ပြီး လိင်ဆက်ဆံတာမျိုးတော့ ထိုင်းမှာမြင်ဖူးတယ်..။
အခုဟာက..အဲဒါမျိုးတော့မဟုတ်ဖူးလို့တော့ ထင်တာပဲ..။
လူများအရောင်းအဝယ် လုပ်နေတာလား..။
သိသူတွေပြောပြပါဦး..။
Foreign Resident
October 1, 2011 at 4:46 am
No,
When they were trying to pass the Thailand border illegally,
They were hiding inside this ice box &
Thai police found out them.
ကိုကိုလူဆိုး
October 1, 2011 at 10:42 am
မြင်ဖူးယုံတင်လား သူကြီးရ 😛 ရှုးရှုးရော ဝင်မပေါက်ခဲ့ဘူးလား 😀 ယုံပါဘူးနော် သူကြီးလုပ်ခဲ့တဲ့အလှူတွေအတွက် ရေစက်တော့ချလိမ့်မယ်လို့တော့ ထင်တာပဲ း)
ကိုကိုလူဆိုး
October 1, 2011 at 10:39 am
သိချင်ရင် ဝင်ကြည့်ပေါ း)) နည်းနည်းတော့ကျပ်လိမ့်မယ် အထဲမှာက နှစ်ယောက်တောင်ထိုင်ရတာနော် း) ကြည့်ရတာ ငါးဖမ်းသဘောင်္နဲ့ တစ်ဖက်နိုင်ငံကို ခိုးဝင်မလို့နဲ့တူပါတယ်။
surmi
October 1, 2011 at 12:52 am
လိုင် စင် ပေး ရင် တခု တော့ ကောင်း တယ် ၊ ကျန်းမာရေး စစ် ဆေး နိုင် တယ် ၊ ဘယ် သူက ဘာ
ဆို တာ ခွဲ ခြား ထား လို ့ ရ တယ် —သူ တို ့ တွေ ရဲ ့ လုပ် ငန်း ခွင် ကို နေ ရာ သတ် မှတ် ပေး လို ့ရ တယ် ။ ဆန္ဒ ရှိ ရင် အဲ ဒီ ကို သွား ကြ ပေါ ့ ။ အခု က ပြည့် တန် ဆာ နဲ ့ သာ မန် အရပ် သူ မှား မှား ပြီး
ခေါ် မိ ကြ တော ့ နှစ် ဦး နှစ် ဘက် ပြ သ နာ ဖြစ် ကြ တယ် —- မ စာ နာ လို ့ ပြော တာ မ ဟုတ် ဘူး —-
တား မရ မဲ ့ အ တူ တူ —-။ တစ် ချို ့ က ယုတ် မာ လွန် း တယ် ငွေ ကြေး အ ပြည့် မ ပေး ဘူ း —-
တစ် ချို ့ ကြ တော ့ အနိုင် ကျင့် လွန်း တယ် —- ဘတ် (စ်) ကား မှတ် တိုင် နဲ ့ခတ် လှန်း လှန်း မှာ
တစ် ယောက် တည်း ရပ် နေ တဲ ့ မိန်း က လေး တစ် ယောက် ကို မှား ပြီး ခေါ်တာ မြင် ဘူး တယ် —-
moethidasoe
October 1, 2011 at 10:12 am
ဆာမိရယ် .. မှားခေါ်တာ မဟုတ်ဘူး .. ရမလားလို့ စမ်းကြတာ ..
လိုင်စင်လုပ်ပေးရင် ရဲ နဲ့ စားသုံးသူလောက်ပဲ သိကြမှာပါ ..
လိုင်းတန်းရယ်လို့ သိသာစရာ ရှိချင်လဲ ရှိမယ် .. မရှိရင်လဲ မရှိပဲ ဖြစ်နိုင်တယ်
အခုလဲပဲ .. ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိနေတာပဲဟာ
ရောင်နီ ဦး
February 18, 2012 at 11:10 am
သနားစရာပဲဗျာ။သူတို့ပြောတာအမှန်ဆိုရင်ပေါ့