အကျဉ်းထောင်ထဲက ရွှေရတု ဇာဂနာ
ကီလီ ၆ ဟု ခေါ်သည့် ရုပ်ရှင်ရိုက်ကွင်းတည်ရာ နေရာတခုမှာ သူ့ကို လူကိုယ်တိုင် စတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ လောကဓံ အထုအထောင်းကို ထုသားပေသား ကျနေသည့် ခပ်ပြုံးပြုံး မျက်နှာနှင့်၊ အရာရာကို ရယ်စရာအဖြစ် ကြည့်ကာ သရော် လှောင်ပြောင်ရန် အသင့်ဖြစ်နေပုံ။ သို့ရာတွင် ခင်မင်နှစ်လိုဖွယ်။
သူကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာခေါ် ကိုသူရဖြစ်သည်။
၂၀၀၂ ခုနှစ် ဝန်းကျင်ကာလ၊ ထောက်လှမ်းရေး တန်ခိုးထွားနေစဉ် အချိန်ဖြစ်ပြီး ဇာဂနာ ဆိုသည့်အမည်ကို အစိုးရက ပိတ်ပင်ထားသည့် အတွက် မောင်သူရ အမည်ဖြင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူး နေရချိန်ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ဆံပင် တမွေးမျှမရှိ။ ၁၉၉၄ သူ ထောင်ကထွက်ပြီး နောက်ပိုင်း ရုပ်ရှင်နယ်ထဲတွင် ကျင်လည်သည့် တောက်လျှောက် သူ ဆံပင် မထားတော့။
“ဇာဂနာတို့ကတော့ ပြောင်ပြောင်ပဲ” ဆိုသည့်စကား လူအများကြားတွင် ခေတ်စားခဲ့သည်။
စစ်အစိုးရ၏ အခုတမျိုး၊ တော်ကြာတမျိုး မူဝါဒများအတိုင်း လိုက်နာရသူများထဲတွင် စာနယ်ဇင်းများက ထိပ်ဆုံးကပါသည်။ သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် “မေမြို့” ဟု မရေးရ၊ ပြင်ဦးလွင်ဟု ရေးရမည် ဆိုလျှင် အားလုံး လိုက်ရေးရသည်။ “ထိုင်ဝမ်” မဟုတ် “တရုတ် (တိုင်ပေ)” ဟု ရေးမှ ခွင့်ပြုမည် ဆိုပြန်လျှင်လည်း တရုတ် (တိုင်ပေ) ရပြန်သည်။ ကိုဇာဂနာနှင့် ကျမ ကီလီ ၆ တွင် စတင်ဆုံတွေ့ရသည့် ထိုကာလကတော့ “ထိုင်း” နိုင်ငံကို “ထိုင်း” နိုင်ငံဟု မခေါ်ရ “ယိုးဒယား” ဟုသာ ခေါ်ရမည်ဟု အမိန့် ထွက်ပေါ်နေချိန်ဖြစ်သည်။
ကျမတို့ သတင်းထောက်တွေကို တွေ့သည်နှင့် ကိုဇာဂနာက “ဟေ့ … အားလုံးပဲနော်။ ထိုင်းကို ထိုင်းလို့ ခေါ်ရင် အဖမ်း ခံရမယ်။ ယိုးဒယားလို့ ခေါ်ကြ။ အဲဒီတော့ ငါတို့ ရုပ်ရှင်ရိုက်တဲ့အခါမှာ ဒိုင်ယာလော့ခ်ထဲ နားထိုင်းတာတို့ ဘာတို့ပါရင် နားထိုင်းတယ်လို့မပြောကြနဲ့။ နား ယိုးဒယား ဖြစ်နေတယ်လို့ ပြောကြ” ဟု ရုတ်တရက် ပြောလိုက်သဖြင့် အားလုံး ရယ်ကြရသည်။
ကိုဇာဂနာက အရာရာကို ဟာသဉာဏ်ဖြင့် ရှုမြင်ကာ သရော်ဖို့ချည်း စဉ်းစားနေသည်ဟု ထင်ရသည်။ လူထုကလည်း ဟာသ အသစ် တမျိုးမျိုး ကြားလိုုက်ရလျှင် “ဒါ ဇာဂနာ ပြောတာပဲဖြစ်မယ်” ဟု ထင်ကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျမ ကိုဇာဂနာကို မေးကြည့်ဖူးသည်။
နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်ကြီးတဦးက ရေသန့်စက်ရုံတခုသို့ သွားကြည့်ရင်း “ဒီသောက်ရေသန့်တွေကို ဘယ်လိုခေါ်လဲ” ဟုမေးရာ စက်ရုံမှူးက “ပီအိတ်ချ် ဆဲဗင်းလို့ ခေါ်ပါတယ်” ဟု ပြောသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးက “ကောင်းတယ်၊ ကောင်း တယ်၊ နောက်ကို ပီအိတ်ချ် အိတ်တို့ နိုင်းတို့ ရတဲ့အထိ ကြိုးစားကြ” ဟု မှာကြားခဲ့သည် ဆိုသည့် ဟာသတပုဒ် ပြည်သူလူထု ကြားတွင် ပြန့်နှံ့ခဲ့ဖူးသည်။ ထိုပြက်လုံးမှာ ကိုဇာဂနာထုတ်သည့် ပြက်လုံးဖြစ်သည်ဟု လူ အများက ယုံကြည်ကြသည်။
“လူတွေက အစိုးရနဲ့ ပတ်သက်လို့ ရယ်စရာ၊ ဟားစရာ တခုခု ကြားလိုက်ရရင်၊ ဒါ ဇာဂနာပြောတာပဲ၊ ဇာဂနာ ဖောက်တာပဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်က ကျနော်တို့က ဒီလောက် ခေါင်းမကောင်းပါဘူးဗျာ။ လူတွေက ပိုတော်တာပါ။ သူတို့ ဘာသာ ထုတ်တဲ့ ပြက်လုံးကို ကျနော်ထုတ်တာ ဆိုပြီး နာမည်တပ်တာပါ” ဟု ကိုဇာဂနာက ပြန်ပြောခဲ့သည်။
၁၉၈၈ ခုနှစ်မတိုင်ခင်ကာလ မြန်မာ့ရုပ်မြင်သံကြားတွင် ကိုဇာဂနာနှင့်အဖွဲ့ တင်ဆက်သည့် “မိုးနတ်သူဇာ” အငြိမ့်ကို လူကြိုက်များခဲ့သည်။ တက္ကသိုလ် ဘွဲ့ရ လူငယ်ပညာတတ် လူရွှင်တော်များဖြင့် ဖွဲ့စည်းထားသည့်အငြိမ့်။ ခါးအောက် ပြက်လုံးများ၊ ကလိထိုးရယ်ရသည့် ပြက်လုံးများ မဟုတ်ဘဲ စနစ်တကျ ပညာသားပါပါရယ်ရသည့် ပြက်လုံးများကြောင့် လူထုကြားတွင် ပြောစမှတ်တွင်ခဲ့သည်။
အထိမ်းအမှတ်ပွဲတိုင်း မိုးနတ်သူဇာအငြိမ့်ကို လူတွေမျှော်ကြသည်။ အငြိမ့်ကြည့်ပြီး နောက်တနေ့ မနက်အထိ ညက ကြည့်ခဲ့သော ပြက်လုံးကို ပြန်ပြောင်းပြောကာ ရယ်မောကြသည်။
လက်ရှိ စစ်အာဏာပိုင်များကဲ့သို့ မဟုတ်ဘဲ ဆိုရှယ်လစ် ဒီမိုကရေစီ လက်အောက်တွင် အမြင်မတော်သည်ကို ဝေဖန်ခွင့် အနည်းငယ် ရခဲ့သည်။
နိုင်ငံတော်ပိုင် မီဒီယာကြီးတွင် တင်ဆက်သောပွဲ ဖြစ်သဖြင့် အကန့်အသက်နှင့် ပြက်လုံးထုတ်ရသော်လည်း နှစ်ခွ အဓိပ္ပာယ် သက်ရောက်သော ပြက်လုံးများကို မိုးနတ်သူဇာ လူရွှင်တော်များက ထုတ်သကဲ့သို့ ပရိသတ်ကလည်း အတွေးဖြန့်ကာ ရယ်မောတတ်ခဲ့ကြသည်။ အာဏာရှင်ကို သရော်လှောင်ပြောင်းခြင်းဖြင့် လူထု ဘဝင်ကို ဆွဲငင်သော ကိုဇာဂနာအား အာဏာရှင်တို့ မျက်မုန်းကျိုးသည် ကတော့ မဆန်းလှပေ။
နောက်တော့ မြပုဏ္ဏမာ အငြိမ့်။ အငြိမ့်အမည်ပြောင်းသော်လည်း၊ မင်းသမီးနှင့် လူရွှင်တော်များ အလဲအလှယ် အနည်းငယ် ရှိသော်လည်း ကိုဇာဂနာဦးဆောင်သည့် ပြက်လုံးခွင်များကတော့ ထုံးစံအတိုင်း မပြောင်းမလဲ။
ကိုဇာဂနာ၏ “သူတောင်းစား ညီလာခံ” ဇာတ်လမ်းတိုကတော့ ထိုခေတ်ပရိသတ်ကြားတွင် ရေပန်းအစားဆုံး ဖြစ်သကဲ့သို့ အာဏာရှင်များကို မခံချိမခံသာ ဖြစ်စေသော ဇာတ်လမ်းဖြစ်ခဲ့သည်။
စစ်အာဏာရှင် အစိုးရလက်အောက်တွင် နေရသူများအတွက် ထွက်ပေါက်ဆို၍ စိတ်တခုသာ ရှိပါသည်။ မြန်မာပြည်သူ လူထု အနေဖြင့် လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အနုပညာကို ထုတ်ဖော်ပြသခွင့်များ နည်းပါး ဆိတ်သုဉ်းခဲ့သည်မှာ ၁ဝ စုနှစ် ၄ ခုမက ရှိပြီဖြစ်သည်။ ထို့ကြောင့်လည်း လူထုက ရယ်စရာကို မက်မောကြသည်။ ရယ်စရာကို ရှာဖွေကြသည်။ ကိုဇာဂနာကတော့ လူအများ၏ စိတ်ထွက်ပေါက်အဖြစ် ရှာဖွေနေရသည့် ပြက်လုံးများကို လူထုထဲသို့ အရောက် ပို့ပေးသူဖြစ်သည်။
ကိုဇာဂနာနှင့် ကာလကြာရှည် အလုပ်တွဲလုပ်၊ အတူနေထိုင်ခဲ့သူ ပန်းချီထိန်လင်းက ကိုဇာဂနာ၏ ရဲရင့်သော ပြက်လုံးများ အကြောင်းကို “ကြောက်မွေးပါ ဇာဂနာနဲ့နုတ်” ဟူသောဆောင်းပါးအဖြစ် ကောင်းကင် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။
၁၉၈၈ ခုနှစ်မတိုင်ခင်က ပေါက်မြို့တွင် ကိုဇာဂနာတို့ အဖွဲ့ ကခဲ့ကြစဉ် နတ်ဝင်သည် လုပ်ကြသည့် ပြက်လုံးခွင်၌ ကိုဇာဂနာက “ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ၇၅ ကျပ်တန်တွေ တရားမဝင် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” … လို့ မေးသောအခါ လူရွှင်တော် တက်တူနှင့် ကိုချစ်စရာတို့က .. “အဲဒါ အမေလုပ်တာလား” ဟု ထောက်မေးရန် ဖြစ်သော်လည်း ထိတ်လန့်ကာ ထောက်မပေးတော့ဘဲ ပြက်လုံးအသွားကို ပိတ်ထားကြသည့် အဆုံးတွင် ကိုဇာဂနာက …. “အဲဒါ .. ပုံ/ စိန်လွင် လုပ်တာဟေ့” ဟု ပြက်ခဲ့ကြောင်း ကိုထိန်လင်းက ရေးသားထားသည်။ နာမည်ကျော် ဗိုလ်ချုပ်စိန်လွင်ကို ပြက်ခဲ့ခြင်းဖြစ်သည်။
၎င်းနောက် လူထုကြားတွင် ကောလာဟလလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများက ကိုဇာဂနာကို ပြက်လုံးခေါ် ထုတ်ခိုင်းသည်၊ ကိုဇာဂနာက မကြောက်မရွံ့ဖြင့် သူတို့ကို ပြန်၍ သရော်လှောင်ပြောင်ခဲ့သည်၊ ကိုဇာဂနာကို ထောင်ထဲ ထည့်လိုက်ပြီ … စသည်ဖြင့်။ ထိုစဉ်က မဆလ ခေါင်းဆောင် ဦးနေဝင်းကတော့ “လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်မှာပေါ့” ဟု ပြောကြောင်း ကိုထိန်လင်း ရေးသားထားသည်ကို ဖတ်ရသည်။
သေချာသည်ကတော့ ကိုဇာဂနာကို ၂၀၀၆ ခုနှစ်နောက်ပိုင်း လူထုရှေ့တွင် လုံးဝ အငြိမ့်ကခွင့်၊ ပြဇာတ်စင်တင်ခွင့် မပေးတော့ပေ။ ရုပ်ရှင်၊ စာပေ စသည့်အနုပညာတို့က ဆင်ဆာကို ဖြတ်ရသည်။ ဆင်ဆာက ဖြတ်ချင်တာဖြတ်ချပြီးမှ ပုံနှိပ်ခွင့်၊ လူထုကြား ဖြန့်ချိခွင့်ရသည်။ အငြိမ့်၊ သဘင်၊ ပြက်လုံးခွင် ကျတော့ ပွဲမစခင် ဆင်ဆာရှေ့တွင် တမျိုး ကပြပြီး တကယ့်တကယ် စင်တင်သောအခါကျမှ ကိုယ်ပြောချင်ရာ ပြောချလိုက်လို့ရသည်။ ကိုဇာဂနာက ထိုအခွင့်အရေးကို အမိအရ အသုံးချခဲ့သည်။ ထို့ကြောင့်လည်း သူ့ကို အာဏာရှင်တို့က အငြိမ့်ကခွင့် ပိတ်ခြင်း ဖြစ်သည်။
ထိုအခါ ကိုဇာဂနာက မောင်သူရ အမည်ဖြင့် ရုပ်ရှင်ရိုက်သည်၊ ဒါရိုက်တာလုပ်သည်၊ သရုပ်ဆောင်လုပ်သည်။ ထို့ထက်ပို၍ မျိုးဆက်သစ် လူရွှင်တော်များကို မွေးထုတ်သည်။ ထိုလူရွှင်တော်များဖြင့် စင်တင်ပွဲများ ရအောင်လုပ်သည်။ သီးလေးသီးနှင့် ဂေါ်ဇီလာကို လူတိုင်း သိပါသည်။ ကိုဇာဂနာ၏ လမ်းညွှန်မှုဖြင့် ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးအပြီး မျှော်စင်ကျွန်း စင်တင်ပွဲက ဝက်ဝက်ကွဲ လူသိများခဲ့သလို အာဏာရှင်များပင် ယင်း မျှော်စင်ကျွန်းအခွေကို တောင်းယူကြည့်ရသည်ဟု သိရသည်။
ကိုဇာဂနာကို လူချင်း နောက်တကြိမ်ဆုံတာကတော့ စာရေးဆရာ တာရာမင်းဝေ၏ ဈာပနတွင်ဖြစ်သည်။ ထိုတကြိမ်က ကျမနှင့် လူချင်း ဆုံတွေ့သည်မှာ နောက်ဆုံးဟု ဆိုရပေလိမ့်မည်။ ရွှေဝါရောင်တော်လှန်ရေး ကာလကတော့ သံဃာတော် များကို ဆွမ်းကပ်လှူနေသည့် ကိုဇာဂနာကို ဓာတ်ပုံများတွင် မြင်တွေ့ရသည်။ ကိုကျော်သူနှင့် အတူတူ ဖြစ်သည်။
၂၀၀၈ မေလ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလွန် ကာလတွင် ကျမ ဧရာဝတီမဂ္ဂဇင်း၌ သတင်းထောက် တာဝန်ယူနေပြီဖြစ်သည်။ ထိုစဉ်က ကိုဇာဂနာနှင့် ဖုန်းပြောခွင့်ရသည်။
“ခဏနေ မြစ်ဝကျွန်းပေါ်ဘက်ကို ထွက်တော့မှာ။ ပစ္စည်းတွေ တင်နေပြီ။ ကျနော့်မှာက မိတ်ဆွေ အပေါင်းအသင်း စုံတယ်၊ အသိုင်းအဝန်းကလည်း ကျယ်တော့ ကူတဲ့သူက များတယ်” ဟု ကိုဇာဂနာက ပြောခဲ့သည်။
ဖုန်းထဲတွင် ပစ္စည်းများ တင်ချနေသံ၊ ဝိုင်းဝန်းနေသည့် လူသံများကို ကြားရသည်။ ပင်ပန်းနေသည့်ကြားက ကိုဇာဂနာ့အသံက တက်ကြွနေသည်။ သူ ကျင်လည်ရာ အနုပညာ အဝန်းအဝိုင်းက ပံ့ပိုးမှုများကို သူ အားရကျေနပ်နေပုံရ၏။
“လူတွေ မရောက်နိုင်တဲ့ဒေသ၊ မသွားနိုင်တဲ့ဒေသတွေ အများကြီး ကျန်သေးတယ်ဗျာ။ ကျနော်တို့ လူခွဲပြီး သွားကြမှာ။ အဲဒီလို သွားဖို့ ခက်ခဲတဲ့ ဒေသတွေကို ပိုသွားနိုင်အောင်ကြိုးစားမယ်” ဟု ကိုဇာဂနာက ပြောသည်။ သူ့ အသံထဲတွင် စေတနာကို မြင်နေရသည်။ လူ သိန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ် ဒေသကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် ကရုဏာ သက်နေမည့် ကိုဇာဂနာကို ကျမ မမြင်ရဘဲ ဖုန်းပြောရင်း ခန့်မှန်းလို့ရသည်။
ထိုစဉ်က ကိုဇာဂနာ့အသံကို ယခုအထိ ထပ်ကြားရလိမ့်မည် မဟုတ်ဟု ကျမ မထင်မိခဲ့။ သူ နာဂစ်ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် အတောအတွင်း ၂၀၀၈ ဇွန်လ ၄ ရက်နေ့တွင်ပင် အာဏာပိုင်များက သူ့ကို ဖမ်းဆီး သွားခဲ့ကြ သည်။
အင်းစိန်ထောင် တရားရုံးက အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအဝင် အနည်းဆုံး ပုဒ်မ ၅ ခုနှင့် တရားစွဲဆိုခဲ့ပြီး ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်တော့ အီလက်ထရွန်နစ် အမှုတခုအတွက် ထောင်ဒဏ် ၈ နှစ်စီနှင့် စုစုပေါင်း ၂၄ နှစ် လျှော့ပေါ့ပေးခဲ့သောကြောင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။
ယနေ့ ဇန်နဝါရီ ၂ရ ရက်နေ့ သူ့အသက် ၅ဝ ပြည့်သည့် မွေးနေ့တွင်တော့ သူသည် ရန်ကုန်နှင့် မိုင် ၉၀ဝ ကျော်အကွာက မြစ်ကြီးနား အကျဉ်းထောင်တွင် ရှိနေရသည်။
ကိုဇာဂနာကို အာဏာပိုင်များက ထောင်ဝင်စာပိတ်ထားသည်မှာ ၈ လခန့်ရှိပြီ ဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်သူ မငြိမ်းက ပြောသည်။
လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေနှင့် မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့က ၁၉၆၁ ခုနှစ် ဇန်နဝါရီ ၂ရ ရက်နေ့တွင် မွေးဖွားခဲ့သည်။
သူ၏ ငွေရတု မွေးနေ့ကို စစ်အစိုးရ၏ အကျဉ်းထောင်ထဲ၌ ကျင်းပနေရမည့် ကိုဇာဂနာသည် ၎င်း၏ မိခင်ကြီးနှင့် ဖခင်ကြီး၏ ဈာပန အခမ်းအနားများကိုလည်း တက်ခွင့်မရခဲ့ပေ။
“တခြားသူတွေ ထောင်ဝင်စာ သွားရင်မှာလိုက်တာပဲ ရှိတယ်။ ဒါပေမယ့်ဒီနှစ်က ရာသီဥတု အရမ်းဆိုးတော့ တခြားသူ တွေလည်း မသွားနိုင်တာ ၁ လလောက်ရှိပြီ။ အဆက်အသွယ်ပြတ်နေတာပေါ့။ ကျမတို့ကတော့ ရာသီဥတုဒဏ်ကြောင့် သူ လေတွေဘာတွေ ဖြန်းမသွားပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု မငြိမ်းက ပြောသည်။
ကိုဇာဂနာအား The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုသည့် အဖွဲ့အစည်းက ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကိုဇာဂနာက မည်သည့် တာဆီးပိတ်ပင်မှုများ၊ အခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ ပျော်ရွှင်နေတတ်ကြောင်း သူ၏ အနုပညာ မိတ်ဆွေ၊ လူမှုရေးအတူလုပ်ဘက် သရုပ်ဆောင် ကိုကျော်သူကလည်း ပြောပြသည်။
ယခင်လက ကျင်းပခဲ့သည့် ကိုကျော်သူ့ အနုပညာပြပွဲတွင်လည်း ကိုဇာဂနာ အမှတ်တရအဖြစ် ခင်းကျင်းပြသခဲ့သေးသည်။ ကိုကျော်သူနှင့် ကိုဇာဂနာက “ဘာဘာ ဘာမှမသိ” “ပုဏ္ဏားဘကွန်း” စသည့် ရုပ်ရှင်ကားများတွင် အတူ သရုပ်ဆောင်ခဲ့ ကြသည်ကို အမှတ်ရသည့် အနေဖြင့် ထိုသို့ခင်းကျင်းခဲ့ကြောင်း ကိုကျော်သူက ပြောသည်။ ကိုကျော်သူ၏ အခင်းအကျင်းက ဟာသသဘော၊ သရော်သည့်သဘော သက်ရောက်နေသည်။
ကိုဇာဂနာ့ ဓာတ်ပုံများနှင့် အတူ လက်ရှိမြန်မာ့ရုပ်ရှင်တွင် အသုံးပြုနေသော ကင်မရာကြီးကို ချိုင်းထောက် တပ်ပေးထားကာ “မြန်မာ့ရုပ်ရှင် ကမ္ဘာလွှမ်းစေရမည်” ဟု စာတန်းချိတ်ထားခဲ့ခြင်း ဖြစ်သည်။
ကိုကျော်သူက “ကျနော်ဒါရိုက်တာလုပ်တဲ့ ဇာတ်ကြမ်း ဆိုတဲ့ကားနယ်ထွက်ရိုက်တော့ ကိုဇာဂနာလည်းပါတယ်။ မိုးတွေက ချနေတော့ ဇာတ်ကားက စလို့မရဘူးဖြစ်နေတာ။ အဲဒီမှာ အဖွဲ့သားက ၅ဝ ကျော်လောက်ဆိုတော့ အားလုံး စိတ်ညစ်နေကြ တာပေါ့။ တရက်တော့ ကားရိုက်လို့ရလိုရညား ဆိုပြီး စိတ်ညစ်ညစ်နဲ့ ကျနော်က အပြင်ထွက်ပြီး ကောင်းကင်ကို မော့ကြည့်ချိန် သီချင်းသံ ကြားရတယ်။ အဲဒါ ကိုဇာဂနာပဲ။ သူကတော့ ဘာပဲဖြစ်နေဖြစ်နေ ပျော်ပျော်ပဲ” ဟု ကိုဇာဂနာ့ အမှတ်တရ ပြန်ပြောပြသည်။
ကိုဇာဂနာက အကျဉ်းထောင်ထဲတွင်လည်း ပျော်ရွှင်စွာနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့အတွက် ကျန်းမာရေးတခုသာ စိုးရိမ်ကြောင်း ကိုကျော်သူက ဆိုသည်။
“တခါက သူနဲ့အတူတူ ကားရိုက်နေတုန်း သူ့ခေါင်းက သွေးတွေယိုတာ ကြုံဖူးတယ်။ အဲဒီလိုမျိုး ထပ်ဖြစ်မှာ စိုးရိမ်တယ်။ သူ့မွေးနေ့မှာ သူ ကျန်းမာပါစေ၊ ကျနော်လုပ်တဲ့ကုသိုလ်တွေ အမျှဝေတယ်၊ သူရပါစေ လို့ပဲ ဆုတောင်းပေး ချင်ပါတယ်” ဟု ကိုကျော်သူက ဆက်ပြောသည်။
ကိုဇာဂနာ၏ မွေးနေ့အမှတ်တရအဖြစ် ဇန်နဝါရီ ၂ရ ရက်နေ့တွင် သူ့တပည့်များဖြစ်ကြသော သီးညီအစ်ကို အဖွဲ့က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အငြိမ့်ကကြမည်ဖြစ်သည်။ ရသည့် ငွေကို ကိုဇာဂနာ့အတွက် လှူဒါန်းမည်ဟု ဆိုသည်။
ကိုဇာဂနာ၏ တပည့်တဦးဖြစ်သော လူရွှင်တော် ဇီးသီး၏ ပြောပြချက်အရ ကိုဇာဂနာသည် အကျဉ်းထောင်ထဲတွင်လည်း ပြက်လုံးများထုတ်နေကြောင်း၊ သူ့အဆောင်ကို နေ့ဆိုင်း၊ ညဆိုင်း ခွဲ စောင့်ရသည့် ဝန်ထမ်းများအား “မင်းတို့လည်း ငါ့လို ထောင်ကျ နေတာပါပဲကွာ။ စဉ်းစားကြည့်။ ငါက အနှစ် ၂ဝ ကျရင် မင်းတို့က ထောင် ၁ဝ နှစ် ကျနေတာနဲ့ မတူဘူးလား” ဟု ပြောလေ့ရှိကြောင်း၊ ထောင်ဝန်ထမ်းများနှင့် မိတ်ဆွေဖြစ်သွားလေ့ ရှိသောကြောင့် အာဏာပိုင်တို့က ကိုဇာဂနာ၏ အဆောင်ကို စောင့်သော ဝန်ထမ်းများအား မကြာခဏ အလဲအလှယ် လုပ်ပေးရလေ့ရှိကြောင်း သိရသည်။
ကိုဇာဂနာ့ မိတ်ဆွေ ကိုထိန်လင်းကတော့ သူ့ဆောင်းပါးထဲတွင် ကိုဇာဂနာ၏ ဒိုင်ယာရီ စာအုပ်အကြောင်း ထည့်ရေးထားသည်။ ကိုဇာဂနာက ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်မည်ဟု သူ့ဒိုင်ယာရီထဲတွင် ဖော်ပြထားကြောင်း၊ ယခုထိလည်း ရန်သူကို မိတ်ဆွေဖြစ်စေရန် ကြိုးစားနေကြောင်း ရေးသားထားသည်ကို ဖတ်ရသည်။
ကိုထိန်လင်းကို ကျမက ကိုဇာဂနာအား စာတကြောင်းတည်းနှင့် ပေါ်လွင်အောင် သရုပ်ဖော်ပေးရန် တောင်းဆိုခဲ့သည်။
သူက ဇာဂနာ ဆိုသည်မှာ “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အတွက် ပိတ်နေတဲ့ပါးစပ်တွေကို ဟာသနဲ့ ဆွဲဖွင့်သူ” ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ။
12 comments
MOEPWINTPHYU
October 1, 2011 at 1:57 pm
ဇာကနာကိုလွတ်လိုက်ပြီလိုကြားနေတာ ဟုတ်လားတောသိဘူး ….
yetazar
October 1, 2011 at 2:23 pm
ပြည်ပမီဒီယာတွေမှာတော့ လွတ်ပြီလို့ကြေငြာတာပဲဗျ ။ အစိုးရကတရားဝင်ထုတ်ပြန်တာတော့မတွေ့မိသေးဘူး ။ လွတ်ပြီထင်ပါတယ် ။ သီးလေးသီးအဖွဲ့တွေလဲ ပွဲလုပ်တော့မယ်ကြားတယ် ။ အဲဒီပွဲမှာကိုဇာဂနာကြီးပြန်တွေ့ရမလားမသိဘူး ။
ba gyi
October 1, 2011 at 3:13 pm
Poste တင်ပေးတဲ့ ကိုကိုလူစိုး ကိုကျေးဇူးတင်ပါတယ်၊ ရွှေဝါရောင်လေးနှစ်ပြည့်နေ့ကတည်းကသတိယနေ တာ၊ သူတစ်ယောက်ထည်းမဟုတ်ပါဘူး၊ အားလုံးသော ဦးဆောင်သူ/ပါဝင်သူများကိုပါ၊ ဒါသမိုင်းကြောင်းပဲ လေ—– သမိုင်ကြောင်းဆိုတာတည်မြဲတဲ့ အရာဆိုပေမည့်၊ အဆိုးတွေ- အကောင်းပြောင်းလဲလို့မရတဲ့အရာ
တော့မဟုတ်ပါဘူး၊ယ္ခု လည်း ကိုကြီးဇာဂနာရေ ခင်ဗျား လွတ်မလွတ် တရားဝင်မသိသေးပေမည့်၊ ကိုကြီးဖြစ်
ချင်တဲ့ ရန်သူမှမိတ်ဆွေအောင်လုပ်နေကြပါပြီဗျား၊ ထာဝရရန်သူဖြစ်ကြရအောင် ကလေးတွေ မှ မဟုတ်ပဲကိုး၊
အဲလိုမှမဟုတ်ရင်တော့——– ကိုကြီးဇာဂနာပြန်ထွက်လာရင် မူကြို သာဖွင့်ပေတော့ဗျိုး ——– ။
yangonPhoeZaw
October 1, 2011 at 4:07 pm
ပြည်မြန်မာအတွက် ပြန်လာခြင်းကောင်းပါစေ၊ အတွေးသစ်တွေနဲ ့ ထပ်မံ ရဲရင့်နိုင်ပါစေ။
ကြောင်ကြီး
October 1, 2011 at 7:30 pm
(ဦး) ကျော်သူလည်း ရုပ်ရှင်ရိုက်ခွင့်ရရင် (ဦး) ဇာဂနာလည်း ပြန်လွတ်လာရင် သူတို့နှစ်ဦးတွဲပြီး ရိုက်မဲ့တန်ဖိုးရှိတဲ့ ရယ်စရာဇာတ်ကားတကားလောက် ကြည့်ချင်တယ်ဗျာ..။
unclegyi1974
October 1, 2011 at 10:14 pm
တခေတ်မှာတယောက်ပေါ်ခဲလှတဲ့ပညာရှင်
မကြာမှီလာမည်မျှော်
kai
October 2, 2011 at 12:42 am
ပြီးခဲ့တဲ့ တပါတ်ကတင်..သူ့အမျိုးသမီးနဲ့ မိတ်ဆွေတယောက်အိမ်မှာတွေ့သေးတယ်..။
ဇာဂနာလွတ်/မလွတ်.. ရန်ကုန်ကမိတ်ဆွေတွေ.. သတင်းပေးကြပါဦးလေ..။
မောင်တုတ် ကြီး
October 2, 2011 at 2:09 pm
ခုချိန်ထိတော့ မကြားရသေးပါဘူး။လွတ်စေချင်ပါတယ်။ပညာသားပါတဲ့ ပျက်လုံးပိုင်ရှင်မို ့မျှော်လင့်ပါတယ် ပြည်သူတွေ
အမောပြေစေဖို ့ပေါ့ဗျာ။
manawphyulay
October 2, 2011 at 5:44 pm
သတင်းကြားတာက ကိုဇာဂနာကို လွတ်လိုက်ပြီဆို… တကယ်ဟုတ်မဟုတ် ခုထိတော့ အတိအကျမရသေးဘူး။ သတင်းကတော့ ထွက်နေတယ်။ တကယ်ဆိုရင်တော့ အလွန့်အလွန်ဝမ်းသာမိပြီး လူသားများကို ဟာဒရရွှင်ဆေး တိုက်ကျွေးမည်ကို လူတိုင်းမျှော်လင့်နေကြကြောင်း သိစေချင်ပါတယ်ရှင်။
aduhtun
October 2, 2011 at 7:34 pm
ကောင်းပါလေ့. ၊ ခုရက်ပိုင်းတွေမှာ မင်္ဂလာသတင်းတွေ ဆက်တိုက်ကြားနေရတယ်ဗျာ၊
မြစ်ဆုံ ကိစ္စ၊ ဇာကနာ ကိစ္စ သတင်းတွေက ကြားရတာ နားဝမှာ ချိုလိုက်လေတယ်ဗျာ၊
ဒို့ မြန်ပြည်ကြီး ဇောက်ထိုးမိုးမျှော်ဘဝက ပြန်တည့်မတ် လာတော့မှာလား ?
မောင်တုတ် ကြီး
October 2, 2011 at 7:48 pm
လူလိမ်တွေလျော့ပါးသွားဖို ့ရှိရင်ကောင်းပါတယ်။သူတပါးနာမည်ပျက်လိုပျက်စီးပြုမူနေသူကို ဆီအိုးနဲ ့ထည့်ကြော်ဖို ့
မဝေးတော့ပါဘူး။စိတ်ချပါဗျာ။လူမိုက်တို ့သွားရာလမ်းက မလှပ ပါဘူး။
yel ag lun
October 2, 2011 at 7:57 pm
ဘာကြီးတုန်း .. ဆိုဒ်မှားပီးရေးမိတာလား ၊ ဘုရားမကြိုက်နတ်မကြိုက်တာတွေ မလုပ်ပါနဲ့နော်၊
အကုသိုလ် ဆိုတာက မလုပ်သေးပဲ ကြံစည်တာနဲ့တင် အပြစ်ကျတတ်ပါတယ်ဗျာ။ စေတနာနဲ့ပါ။