နေရာလိုက်တန်ဖိုး
နေရာလိုက်တန်ဖိုး
လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြဖို့ တောင်းဆိုသူတွေက တောင်းဆိုနေကြတယ်။ ဒီလိုတောင်းဆိုတာကို ဖိနှိပ်သူတွေကလည်း ဖိနှိပ် နေကြတယ်။ တလောကလုံးကို ခြုံငုံကြည့်လိုက်မည်ဆိုလျှင် ဖိနှိပ်သူနှင့် အဖိနှိပ်ခံဆိုပြီး လူတန်းစား နှစ်ရပ်ပဲရှိတာကိုတွေ့ရမှာပါ။ လူအမျိုးမျိုးအစား စားတွေ ဘယ်လောက်ပဲများများ ဖိနှိပ်သူအဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ အဖိနှိပ်ခံ အဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ ဒီနှစ်မျိုးထဲက တမျိုးမျိုးနဲ့ပဲ လူတွေဟာ ရှင်သန်ရပ်တည်နေကြတာပါ။
လူ့အခွင်အရေးကို တန်ဖိုးထားရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ်လို့ ဘယ်လောက်ပဲပြောပြော တန်ဖိုးထား လေးစားလိုက်နာတတ်ဖို့ဆိုလျှင် လူကို နားလည်ရပါလိမ့်မယ်။ လူကို နားမလည်လျှင် လူ့အခွင့်အရေးဆိုတာကိုလည်း နားလည်မှာမဟုတ်ပါဘူး။ လူတွေဟာ လူတွေကို နားလည်ကြမှာဖြစ်ပေမယ့် လူတွေက လူတွေကို နားမလည်ကြပါဘူး။ ဒါ့ကြောင့်လည်း လူတွေကပဲ လူ့အခွင့်အရေးတွေကို ချိုးဖျက်နေကြတာပေါ့။ လူတွေကပဲ လူ့အခွင့်အရေးတွေက်ို ချိုးဖျက်နေကြ တာဆိုတော့ လူတွေနဲ့ဖွဲ့စည်းထားတဲ့ လူ့လောကကြီးဟာလည်း ဗရမ်းဗတာ ဖရိုဖရဲနဲ့ နိုင်ရာစားတဲ့ တိရစ္ဆာန်လောကကြီးနဲ့ မခြား ဖြစ်နေတော့တာပေါ့။
လူဟာ လူကိုနားလည်ဖို့အတွက် လူ့ဘဝကို နားလည်ရပါလိမ့်မည်။ လူ့ဘဝကို နားလည်ပါမှ လူကိုနားလည်မှာပါ။ ဒီအချက်နှစ်ချက်ရဲ့ ကွဲပြားခြားနားမှုကို သိမြင်သဘောပေါက်ပြီ ဆိုပါမှ လူ့အခွင့်အရေးကို အမှန်အကန် အပြည့်အဝ လိုက်နာတတ်သူဖြစ်မှာ။ အသိပညာတွေ အတတ်ပညာတွေ ဘယ်လောက်ပဲ တတ်နေပါစေ လူနဲ့လူဘဝကို နားမလည်ဘူးဆိုလျှင် သူ့ရဲ့အတတ်ပညာ အသိပညာတွေဟာလည်း လူ့အခွင့်အရေးကို တန်ဖိုးထားတတ်စေမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတောင်းဆိုသူတွေမှာ မရှိမဖြစ် တတ်ထားရမည့် ပညာရပ်ဟာ လူနဲ့ လူ့ဘဝကို ခွဲခြားနားလည်တတ်မှု ပညာပါပဲ။ တခြားပညာတွေ တတ်စရာ မလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လူနဲ့ လူ့ဘဝကို ခွဲခြားနားလည်တတ်မှုပညာ မတတ်ပါပဲနဲ့ တခြားပညာရပ်တွေ ဘယ်လောက်ပဲတတ်နေပါစေ လူ့အခွင့်အရေးဆိုတာကို နားလည်လိုက်နာတတ်မှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။
လူနဲ့လူ့ဘဝကို နားလည်တတ်မှု ပညာရပ်ဆိုတာ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မှာမှ ကြားဖူးကြမှာ မဟုတ်ပါဘူး။ မကြားဖူးပေမယ့် တထူးတဆန်းပညာရပ်လည်း မဟုတ်ပါ။ လူတွေ နေ့စဉ်နဲ့အမျှ အသုံးချနေတဲ့ ပညာရပ်ပါပဲ။ လူ့အခွင့်အရေးကို အပြည့်အဝလိုက်နာတတ်သူဖြစ်ဖို့အတွက် လိုက်နာမည့်သူဟာ ဖိနှိပ်သူအဖြစ်နဲ့ ရှိမနေဖို့ လိုအပ်သလို၊ အဖိနှိပ်ခံ အဖြစ်နဲ့လည်း ရှိမနေဖို့ လိုအပ်ပါတယ်။ ဖိနှိပ်သူအဖြစ်နဲ့ ရှိနေတဲ့သူဟာ သူဆက်ဆံခံရတဲ့ လူ့ဘဝ အခြေအနေမှန် အနေအထားအတိုင်း ဆက်ဆံတာမျိုး မလုပ်နို်င်ပါဘူး။ ဒီလို ပါပဲ အဖိနှိပ်ခံရသူအဖြစ်နဲ့ ဆက်ဆံပြန်ရင်လည်း လူ့ဘဝအခြေအနေမှန် အနေအထားအတိုင်း ဆက်ဆံတာမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေနှစ်ရပ်လုံးကို ဒီလူတွေကပဲ ပြုလုပ်ကြတာပါ။ ဒါ့ကြောင့်လည်း လူ့အခွင့်အရေးဆိုတာကို လိုက်နာလို့မရ ဖြစ်နေကြရတာပေါ့။ လူ့အခွင့်အရေးကို တကယ်ပဲ အမှန်အကန် အပြည့်အဝ လေးစာလိုက်နာချင်တယ်ဆိုရင် ပြောခဲ့တဲ့ အခြေအနေတွေကနေ ရုန်းထွက်ကြရပါလိမ့်မယ်။ ဒီနေရာမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နယ်ပယ်ကျဉ်းကျဉ်းလေး နားလည်တာမျိုးမဖြစ်ဖို့ လိုပါလိမ့်မည်။ ဒီစကားရဲ့ အဓိပ္ပါယ်ဟာ နယ်ပယ်အသီးသီးနဲ့ သက်ဆိုင်တဲ့ စကားဖြစ်ပါတယ်။
လူတွေဟာ တဦးနဲ့တဦး ပုံစံအမျိုးမျိုးနဲ့ ဆက်စပ်နေကြရတာပါ။ ဒီလို ဆက်စပ်ကြတဲ့ အခါမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ အဖြစ်ကနေ လွတ်အောင် ဆက်စပ်နိုင်ဖို့ ကြိုးစားကြရမှာပါ။ ဒီလိုမှ မဆက်စပ်နိုင်ကြဘူးဆိုရင် ကိုယ့်မိသားစုနှင့်ကို နေနေကြရပေမယ့် အဖေါ်မဲ့နေပါလိမ့်မယ်။ ကိုယ့်မိတ်ဆွေတွေနဲ့ နေနေကြရပေမယ့် အဖေါ်မဲ့နေပါလိမ့်မယ်။ လူတွေဟာ လူတွေနဲ့ နေနေကြရပေမယ့် အဖေါ်မဲ့ နေပါလိမ့်မယ်။ လူတောထဲမှာ နေနေရပေမဲ့ လူတွေဟာ အဖေါ်မဲ့နေကြတာဆိုတော့ အမှောင်ကမ္ဘာထဲမှာ စမ်းတဝါးဝါး အသဲငယ်ငယ်နဲ့ပဲ လူ့ဘဝခရီးကို လျှေက်လှမ်းနေကြရလေရဲ့။
ဒီတော့လည်း အသဲမငယ်ရဖို့အတွက် အပိုအစား၊ အပိုအဝတ်၊ အပိုအနေတွေနဲ့ ကိုယ့်ကိုကိုယ် ဟန်တွေမာန်တွေထုတ်ပြီး အသဲငယ်တာကို ဖုံးလွှမ်းဖို့ ကြိုးစားကြတော့တာပေါ့။ အပိုတွေဆိုတော့လည်း ဘယ်တော့မှ ဖြည့်လို့ မပြည့်နိုင်ဖြစ်ပြီး အပိုတွေပြည့်ဖို့ လူ့အခွင့်အရေးဆိုတာကို နဲနဲလေးမှ စောင်းငဲ့မကြည့်နိုင်တော့ဘူးပေါ့။ လူ့အခွင့်အရေးဆိုတာကို လေးစားလိုက်နိုင်ဖို့ဆိုရင် သမ္မတလည်းလူ သူတောင်းစားလည်းလူ သူလည်းလူ ငါလည်းလူ လူလူချင်း အတူတူပါပဲလို့ သိမြင်လက်ခံနိုင်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် သူတောင်းစားနဲ့ သမ္မတ ဘာမှ မထူးဘူးလားလို့ မေးစရာရှိပါတယ်။ နေရာလိုက်တန်ဖိုးတွေကတော့ ရှိနေကြမှာပါ။
သုညဆိုတာ တစ်နဲ့ ကိုးတို့လောက် တန်ဘိုးမရှိဘူးလို့ ထင်စရာရှိပါတယ်။ ဒီဂဏန်းဆယ်လုံးမှာ ဘယ်ဂဏန်းက ဘယ်ဂဏန်းထက် ပိုပြီးတန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ ရမှာ မဟုတ်ပါဘူး။ သူ့နေရာကို လိုက်ပြီး တန်ဖိုးကြီးတယ် သေးတယ် သတ်မှတ်ရတာပါ။ “09” နဲ့ “90” ကို ကြည့်ပါ။ “9” ဟာ “0”ကြောင့် တန်ဖိုးအတက်ခံရတာလား၊ တန်ဖိုးအကျခံရတာလား။ တန်ဖိုးအတက်ခံရတာ မဟုတ်သလို တန်ဖိုးအကျခံရတာလည်း မဟုတ်ဘူးလို့ ပြောရပါလိမ့်မယ်။ သူ့နေရာလိုက်ပြီး သူ့တန်ဖိုးနဲ့သူ ရှိနေကြ တာပဲ မဟုတ်ပါလား။ ဒီလိုပါပဲ “19” နဲ့ “91” ၊ “29” နဲ့ “92”………..။
ကျွန်တော်တို့တတွေကရော ကျွန်တော်တို့တတွေရဲ့ နေရာလိုက်တန်ဖိုးတွေကို မေ့ဖျောက်ထားပြီး တခြားကြီးတယ်ထင်တာတွေ နောက်လိုက်နေကြမှာလား။ ကျွန်တော်တို့ အချင်းချင်း နေရာလိုက်တန်ဖိုးတွေ ရှိအောင် ကြိုးစားကြမလား………….။