Best Teacher (13) ကျမ အမေ (ဝါ) ကျမရဲ ့ လက်ဦးဆရာ
Best Teacher (13) ကျမ အမေ (ဝါ) ကျမရဲ ့ လက်ဦးဆရာ
အမေရှိစဉ်က ခဏခဏ ပြောဘူးတယ်။ ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ တဲ့။ အမေ တို့ စိတ်ထဲမှာတော့ ရှေးရှေးတုန်းက အတွေးအခေါ်တွေ စွဲမြဲနေတာလေ။ ဥပမာ…
နေမကောင်းတာနဲ့ တန်းပြီး ဆရာမောင် ဆေးနီလုံး တိုက်တော့တာပဲ၊ ဗိုက်နာတယ်အမေ ဆိုတာနဲ့ ချက်ခြင်း ဗိုက်လှန်ပြီးရေနံဆီတွေ လိမ်းတော့ တာပါပဲ၊ နှာခေါင်းပိတ်ပြီ ဆိုတာနဲ့
ခြေဖဝါး ကို ရေနံဆီ သုတ်တော့တာပါပဲ။ အငယ်ကောင်တွေ နေမကောင်းလို့ အမေအဲဒီ ကုထုံးတွေ ကို အမေ သုံးတဲ့အခါ ကန့်ကွက်ဖို့ စကားစလိုက်တာနဲ့( ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ) ဆိုတဲ့ ဝါကျ အမေ့ လက်သုံးပါ။
သဒ္ဒါစကားနဲ့ ပြောမယ်ဆိုရင်လေ ..
အမေ့ဝါကျ….. ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ။
အမေ့ မျက်နှာထား (Facial Expression)…… ပြုံးပြုံးကြီး
အမေ့ မျက်လုံးသွားရာလမ်း (Eye Contact)….. ပီတိနဲ့ စိုက်ကြည့်
အမေ့ဝါကျ ပုံစံ (Form)…. ဝေဖန်ပြစ်တင်
အမေ့ဝါကျသက်ရောက်မှု(Function)….ငါ့သမီးက ဆရာမ၊ ဆရာလုပ်တတ်လိုက်တာ။တော်လိုက်တာ။
ပညာရေးတက္ကသိုလ် တက်နေရင်းနဲ့ အိုးသည်ကုန်း တက္ကသိုလ်/ သိပပံ ကျောင်းသူ/သားများ
ရဲ ့ ကျောင်းကပွဲ လုပ်ပြီး ကျောင်းအတွက် အလှုငွေရဖို့ အားထုတ်ခဲ့ကြပါတယ်။ ကျမက ယိမ်း
အဖွဲ့မှာ ပါဝင် ကပြရပါတယ်။ အတိုချုပ်ပြောရရင် ကပွဲနေ့ ရောက်ပြီ ဆိုပါတော့။ ဆိုင်းဝိုင်းက ..တို့ ဗေတို့ပေ… တို့ ဗေတို့ပေ… စရုံရှိသေး ကျမ က ကဗျာလွတ် ပထမဆုံး အကွက် ခါးထောက် ဒူးပေါ် ကွေးပြီးနေပြီ၊ တစ်ခါ မဟုတ်ဘူး ဘယ် တစ်ခါ ညာတစ်ခါ။
ဘယ်သူမှ ဘာမှ ကကြိုးမစရသေးဘူးနော်၊ ( ရှက်စရာ)။
ဒါနဲ့ ကပွဲပြီးလို့ အိမ် ရောက်တော့ အမေ့ကို ကျမ ကမေးကြည့်တယ်။
“ အမေ့ သူများတွေ မကသေးခင် သမီးကမှားပြီး တို့ ဗေတို့ပေ… တို့ ဗေတို့ပေ ..လုပ်မိ
သွားတာ၊ ရှက်စရာကြီးနော် ။ သမီးဖြင့် ပူထူသွားတာပဲ မနည်းကို ညီအောင် ကရတယ်”
“ ဘာရှက်စရာရှိ မှာတုန်း၊ ငါ့ သမီးက ရှေ့က နမူနာပြသလို တောင် ဖြစ်သေး”….တဲ့။
ကျမ စိတ် အဆင် မပြေဖြစ်လာတာကို ဒီလို ကုစားပေးနိုင်တာ ကျမရဲ ့ အမေ…
ကျမ ရဲ ့ လက်ဦးဆရာ Best Teacher ပါပဲရှင်။ တော်ပါသေးတယ်။ ဒီတစ်ခါ သူသုံးနေကျ
ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ။ စကားလေး နဲ့ ထည့်မဆူလို့လေ။
ကျမတို့မှာ မောင်နှစ်မ (၇)ယောက်ရှိပါတယ်။ ကျမက မီးဖိုချောင် အလုပ်တွေ မလုပ်ချင်ဘူး။
ညီမလေးက အမေ့ မီးဖိုချောင်အလုပ်တွေ ကူပြီး ကျမက အဝတ်လျှော်၊ ရေထမ်း၊ကြမ်းတိုက်၊
မီးပူတိုက် စတဲ့ အလုပ်ခပ်ကြမ်းကြမ်းတွေ တာဝန်ယူပါတယ်။ ကျမ တက္ကသိုလ်တက်တော့
အိမ်က အဖွဲ့တွေ မျှလုပ်ကြတာပေါ့။ ကျမ ကျောင်းပြန်လာရင် အငယ်တွေပျော်ကြတယ်။
တာဝန်လွှဲနိုင်ပြီမို့လေ။ ကျမကြမ်းတိုက်ထားပြီးရင် ဘယ်သူမှ ဖြတ်လျှောက်တာမကြိုက်ပါဘူး။
အငယ်တွေကို ဆူကာပူကာနဲ့ပေါ့။ အဲဒီအခါမျိုးဆိုရင်တော့ အမေ ကျမ ကို လေအချိုနဲ့တောင်
မပြောတော့ပါဘူး။ ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ။ ဝါကျကစတင်ပြီး…….
“ ညည်းပြန်လာတာ ငါ့ သားတွေ ကြမ်းပေါ်မတက်ရတော့ဘူး။ ကလေးတွေ ကင်းမြီးကောက်
ထောင်သွားရမှာလားအေ”……..လေပြေကနေ လေပြင်း တိုက်ခတ်တော့တာပါပဲ။
ခဏနေတော့ အငယ်တစ်ကောင် ကို လဖက်ရည်ချို ချိုင့်နဲ့သွားဝယ်ခိုင်းပြီး ….
အဆောင်မှာ လဖက်ရည်သောက်ရတာမဟုတ်ဘူး ..ဆိုပြီး ပြန်ချော့ပါတော့တယ်။ အမှန်တော့
ကျမတို့ခေတ်က တက္ကသိုလ် သွားတက်သူ တစ်မြို့လုံးမှ (၅)ယောက်မရှိအောင်ရှားပါးနေတာ။
သူအင်မတန် ဂုဏ်ယူတဲ့ သမော်တီးလေ။ ကြမ်းတိုက်တာလည်း သဘောကျနေတာ၊ ကျန်တဲ့
ကလေးတွေ စိတ်ထဲ မမကြီးကိုပဲ နေရာပေးလွန်းတယ် မထင်ရအောင် ဗျူဟာ သုံးလိုက်တာ
မှန်း ကျမ သဘောပေါက်ခဲ့ရပါတယ်။ ကျမရဲ လက်ဦးဆရာ အမေပါ။
ကျမ အမေက (၄) တန်းပဲအောင်ပါတယ်။ ဒါပေမဲ့ စာသိပ်ဖတ်ပါတယ်။ တစ်ခါတစ်လေ ကဗျာ
လည်းဆန်ပါတယ်။ ကျမ တို့ခေတ်က အော်တို ရေးပေးကြတာ ခေတ်စားတယ်လေ။ သူငယ်ချင်း အချင်းချင်း ရေးတာပါ။ မင်းသားမင်းသမီး အော်တို မဟုတ်ပါဘူး။ ကျမ ရန်ကုန်
ပြန်ရောက်မှ ကျမ အော်တို ထဲမှာ အမေ ရေးပေးလိုက်တဲ့ အကြောင်းတွေ့ရပါတယ်။
“သမီး… ဘွဲ့ ရပြီးရင် အမေ့ အိမ် ကို ပြန်လာပါ”……. တဲ့။ သူပြောချင်တာ တွေ အိမ်မှာ မှာပြီး
သား၊ အထပ်ထပ်မှာပြီးသား။ အဲဒီလို ရင် ကိုလာမှန်အောင်လည်း ကျမအမေ ဖန်တီးတတ်ပါ
တယ်။ ကျမရဲ ့ လက်ဦးဆရာပါ။
အမေဟာ မတရားတာတွေ့ရင် မနေတတ်ဘူး။ ဖေဖေ့ လက်အောက် လုပ်သားတွေထဲက
လင်မယားရန်ဖြစ်ရင် ခင်ပွန်းသည်ဘက်က မှားနေရင် အမေ က ဇနီးသည်ဘက် က ဝင် ပြော
တတ်ပါတယ်။ ကျမ ပထမတုန်းက အမေ့ကို ဒီလို ဝင်မပါစေချင်ဘူး။ နောင်တော့ သဘော ပေါက်ခဲ့ပါတယ် … အဖေ့ ဘူတာလုပ်သားတွေက တစ်ချို ့ က မူးရမ်းတတ်တာမျိုးလေးတွေ။
ဇနီးသည်ခမျာ အမေ့ ကို သာ အမေရင်းသဖွယ် အားကိုးတိုင်ပင်ကြရှာတာဆိုတော့ လေ
အမေက ဝင် ဟန့်ပေးတဲ့ သဘောပါပဲ။ အမေ ပြောတတ်လေ့ရှိတဲ့ စကာလေးတစ်ခုရှိတယ်။
“ငါ့အေ မတရားဘူးထင်ရင် ခွေးနှစ်ကောင်ကိုက်တာတောင် ရှုံးတဲ့ခွေးဘက်က ဝင်ကိုက်ချင်တယ်” တဲ့။ မောင်နှစ်မ တစ်တွေ အမေ့ ကြည့်ပြီးရယ် ခဲ့ကြရတယ်။
အမေကလဲ ဗျာ…. ဆိုပြီးဘာဆက်ပြောရမှန်းမသိအောင် ဖြစ်ခဲ့မိတယ်။ အတိဿယဝုတ္တိ မှန်းသိပေမဲ့ အမေ့ဥပမာ ကြီးကို စိတ်ညစ်မိခဲ့ ကြတယ်။ ဆရာမ ဖြစ်လာတော့ တစ်ခါတစ်လေ ကျမလည်း အမေ့ လေသံတွေပါလာခဲ့မိပြီ။
အမေ့လိုပဲ ကရုဏာဒေါသောတွေ ပြွမ်းနေတဲ့ စကားတွေ…စကားတွေ…
မပြောမဖြစ် ပြောလိုက်ရတဲ့ စကားတွေ….အရောင်တွေပါတဲ့စကားတွေ…..
ထူးအိမ်သင်က စကားလုံးမရှိတဲ့ ကောင်းကင်တဲ့…….ကျမကတော့ ….ဆရာဒေါင်းဘို ရေးထားတဲ့ အောက်ပါကဗျာလေး
ထဲကလိုပါပဲ။ ကလေးတွေ ကို ဟင်းစားပြရင်း ကွန်ချက်ပြရင်း ခွန်အားတွေ များနေတဲ့ စကားတွေ မိုးအောက်မြေပြင် ပြည့်
လျှံနေအောင် ပြောနေမိဦးတော့မှာပါ။
“ဆရာ”
ဟင်းစားလည်းငှ
ကွန်ချက်ပြသည်
ဘဝ အလှ
ချွန်ထက်မြရန်
ရှေ့မှ သွန်သင်
ပဲ့ကိုင်ပြင်သည့်
သခင် အာစရိ ဂုဏ်ကြီးဘိ။ ။
ရေးသူ….ဒေါင်းဘို(ဗဟင်း)
မော်နီတာ ဂျာနယ်မှ အောက်တိုဘာ ပထမပတ်ထုတ်အားကျေးဇူးတင်လျှက်။
ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ။ လို့ အမေ ပြောခဲ့တဲ့အတိုင်း ဆရာအလုပ်နဲ့ အသက်မွေးသူမို့ ဆရာလုပ်နေရပါလား။ ဒါပေမဲ့ (ချစ်ခြင်းအားဖြင့်) စာသင်ပေးတဲ့ Best Teacher ပါကွယ်။ (မေတ္တာ အားဖြင့်) တပည့်များကို လမ်းညွှန်သူပါကွယ်။သို့သော် ဒီအလုပ် နဲ့ အသက်မွေးသူမို့ ပီတိ ကိုသာစားပြီး အားလုံးကိုတော့ FOC သင်မပေးဘူးပေါ့ကွယ်။နို့ မို့ဆို ဒီ အဖွားကြီး Malnutrition ဖြစ်ပြီး ဘာမှစားစရာမရှိမှ ဒုက္ခ မဟုတ်ပါလား မိတ်ဆွေတို့ရေ။
10 comments
TTNU
October 6, 2011 at 12:23 am
Sorry နော် တက္ကသိုလ်/ သိပ္ပံ ကျောင်းသူကျောင်းသားများရဲ ့ ကျောင်းကပွဲ ဆိုတဲ့ နေရာမှာ
Typo ဖြစ်သွားတာ မမြင်လိုက်လို့ပါ။
kai
October 6, 2011 at 10:20 am
တီချယ်…နောက်ဆို.. ကိုယ်တိုင်တည်းဖြတ်ပြင်ဆင်လို့ ရပါပြီ..။
အဆင့်တက်ပေးဖို့.. နောက်ကျနေတာ…ခွင့်လွတ်ပါခင်ဗျား..။
TTNU
October 6, 2011 at 10:09 pm
ကျေးဇူးနော် ကိုခိုင်ရေ
တီချာ Spoken Patterns လေးတွေပါ ထပ်ပို့ထားတယ်နော်။
ပြီးတော့ တစ်ခါတစ်လေ စာရိုက်တာ အချိုးမကျတာတွေ သည်းခံပေးနော်။
small cat
October 6, 2011 at 6:06 am
“တပည့်မရှား၊ တပြားမရှိ
ပီတိကိုစား ၊အားရှိပါ၏။” ဆိုပြီး
ဘယ်ပညာရှင်ကများလက်ဆော့လိုက်တယ်မသိပါ၊
“ငပိကိုစား၊အားရှိပါ၏”
ဆိုတာကမှကောင်းဦးမည်။
thit min
October 6, 2011 at 6:37 am
အကြင်နားတရားကြီးမားသောမိခင်၏စောက်ရှောက်
မှုနှင့်ကြီးပြင်းလာရခြင်းသည်လည်းဆရာပီသသောနှလုံးသား
ကိုမွေးဖွားခြင်း၏အကြောင်းရင်းမြစ်တခုပင်ဖြစ်ချေတော့သည်တကား။
(ဆရာမကြီးရေဟိုဘက်ပို့စ်မှာရေးထားတာလေးဒီမှာရှင်းပြပရစေနော်)
မောင်သစ်မင်းကသုတေသနစာမျိုးတွေပဲရေးတဲ့သူပါခင်ဗျာ၊စာရေးဆရာမဟုတ်ရပါ။
pooch
October 6, 2011 at 9:39 am
တီချယ်ရေ အနော်ကတော့ တီချယ်ရဲ့
ကရုဏာဒေါသောတွေ ပြွမ်းနေတဲ့ စကားတွေ…စကားတွေ…
မပြောမဖြစ် ပြောလိုက်ရတဲ့ စကားတွေ….အရောင်တွေပါတဲ့စကားတွေ…..
စတဲ့ …..စတဲ့…. စကားတွေကြောင့် အသိသညာတွေ…..ဗဟုသုတတွေ…. တော်တော်များများကိုရရှိခဲ့တဲ့ အတွက် အမြဲတစေ ကျေးဇူးတင်နေခဲ့ပါတယ်.. တခြားသော တီချယ့်ရဲ့ တပည့်များအားလုံးဟာလည်း အနော်နဲ့ ထပ်တူထပ်မျှလိုပဲ ခံစားသိရှိနေမယ်လို့လည်း ယုံပါတယ်…
ကြောင်ကြီး
October 6, 2011 at 10:02 am
သားသမီးတယောက် သိတတ်လိမ္မာဖို့ တော်တတ်ထူးချွန်ဖို့ မိဘတွေရဲ့ ဆိုဆုံးမမှု အရေးကြီးတယ်ဆိုတာ ကြီးမှ ပိုပိုနားလည်လာတယ်။ တဆက်ထဲမှာပဲ မိဘတွေရဲ့ အိမ်ထောင်ရေး သာယာမှ ခလေးတွေဘဝ ဖြောင့်ဖြူးမယ်ဆိုတာလည်း သဘောပေါက်လာတယ်။ နိုင်ငံဂျားရောက် မိတ်ဆွေတွေကို သူတို့ခလေးတွေနဲ့ ပတ်သက်လို့စကားစပ်မိရင် မိဘနှစ်ပါးရဲ့ အုပ်ထိန်းမှုအောက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်တဲ့ခလေး (အထူးသဖြင့် မိန်းခလေး)ဟာ အသက်ပြည့်တဲ့အခါ ကြုံတွေ့ရတတ်တဲ့ မြီးကောင်ပေါက်ပြသနာကို ရှောင်လွှဲဖို့ အဖြစ်နိုင်ဆုံးပဲလို့။။
blackchaw
October 6, 2011 at 10:12 am
ဆရာ နေဝင်းမြင့် စကားနဲ့ ပြောရရင်
ကျွန်တော်တို့ အားလုံးက အမေ့ တက္ကသိုလ် က ကျောင်းဆင်းလာကြရတာ
အမေ့ ယူနီဗာစတီ ဆင်းတွေပဲ ဆရာမရေ။
weiwei
October 6, 2011 at 10:33 am
အောင်မြင်တဲ့ဘဝလမ်းကြောင်းပေါ်ရောက်ဖို့ လက်ဦးဆရာဖြစ်တဲ့ မိဘက အဓိကအရေးပါကြောင်း အသက်ကြီးလာမှပဲ သိခဲ့ရတယ် …
ဆရာမပို့စ်ကို ဖတ်ပြီး အမေ့မေတ္တာကို ပိုပြီးသတိရမိလို့ သီတင်းကျွတ်မှာ သေသေချာချာလေး ကန်တော့လိုက်ပါအုန်းမယ် …
windtalker
October 6, 2011 at 12:51 pm
မောင်ပေ့ မာတာ က မောင်ပေ့ကို
တက္ကသိုလ်ကျောင်းတက်တုန်းက
ပြောနေကြစကား ကတော့
“ ငါ့သား က အသောက်အစားမှာ ကင်း ဘဲ ” တဲ့