ဦးနှိမ်မာန်လျော့ ကန်တော့ပါသည် ဆရာခင်ဗျား….
ပန်းဆိုးတန်းလမ်းရှိ ဝင်းဝင်းပြဇာတ်ရုံတွင် ဒဂုန်ဆရာတင်က ဒါရိုက်တာချုပ်၊ ပျော်တော်ဆက်သန်းနွဲ့၊ ကျွန်တော်ချစ်မောင်နှင့် စာရေး သူတို့က ကိုယ့်အလှည့်နှင့်ကိုယ် ပြဇာတ်များစီစဉ်တင်ဆက်နေကြရ သည့် ဒါရိုက်တာများဖြစ်ကြပါသည်။ မည်သူ၏ ပြဇာတ်ရုံတင်သည် ဖြစ်စေ၊ ဆရာဒဂုန်တင်နှင့် ကျွန်တော်တို့နှစ်ဦးက အမြဲတမ်းပါနေရ၏။ ဆရာက ဇာတ်လမ်းဇာတ်ညွှန်း (အခန်းစဉ်ခွဲခြားမှု) တို့ကို ကြီးကြပ် သည်။ ကျွန်တော်က တေးသီချင်းရေးသားမှုနှင့် ဇာတ်လမ်းတည်းဖြတ် မှုကို တာဝန်ယူရပါသည်။
ပြဇာတ်တစ်ထုပ်အသစ်တင်မည်ရှိသောအခါ ထိုပြဇာတ်၏ ဇာတ်လမ်းအတိုချုပ်ကို သက်ဆိုင်ရာဒါရိုက်တာက ဆရာ့အားတင်ပြရ ၏။ ဆရာက ကြည့်ရှုစစ်ဆေးပြီး ပိုလျှင်ဖြတ် လိုလျှင်ဖြည့်၊ မကြိုက် လျှင်ပယ်၊ အခန်းစဉ်ခွဲခြားမှု၌လည်း သူ့စိတ်ကြိုက် ရှေ့နောက် အပြောင်းအလဲလုပ်၏။ ဖြည့်သည်၊ ဖြုတ်သည်၊ ဇာတ်တိုက်ကြသော အခါမှာလည်း အသုံအနှုန်းစကားလုံးများကို အတိအကျ ၏-သည် မလွဲ တစ်သမတ်တည်းပြောကြရ၏။ သူမကြိုက်သေးလျှင် ထပ်၍၊ ထပ်၍ပြင်သည်။ ကြိုက်လျှင်ကောင်းတယ်ဟု တစ်ခါမျှမပြော၊ ပြုံးစစ လုပ်နေတတ်၏။
အသစ်တင်မည့် ပြဇာတ်အတွက် သက်ဆိုင်ရာ ဒါရိုက်တာက မည်သည့်အခန်းတွင် မည်ကဲ့သို့သော တေးသီချင်းမျိုး ထည့်လိုပါသည် ဟု ပြောရသည်။ ကျွန်တော်က ဒါရိုက်တာပြောပြသောအခန်း၌ သီဆို ရန် တေးသီချင်းကို အကွက်ချ၍ စာသားရေးပေးရပါသည်။ (အကွက် ချ၍ဟု ဆိုသောကြောင့် သီချင်းရေးတာပဲ၊ အကွက်ချနေဖို့ လိုသေး သလားဟု ဆိုရန်ရှိ၏။ ပြဇာတ်၊ ရုပ်ရှင်၊ သဘင်စသော စင်တင်မှု အနုပညာရပ်များ၌ အသုံးပြုမည့် တေးသီချင်းများသည် ပရိသတ်၏ အမြင်အကြားအာရုံနှစ်မျိုးနှင့် ထိတွေ့ခံစားရမည့် သီချင်းအမျိုးအစားများ ဖြစ်ပါသည်။ ဓာတ်ပြား၊ ကက်ဆက်၊ အသံလွှင့်သော သောတအာရုံ တစ်ခုခံစားနိုင်သော အခြေအနေမျိုးမဟုတ်ပါ။ ထို့ကြောင့် စင်ပေါ်တွင် သီဆိုမည့်သရုပ်ဆောင်အနေနှင့် လှုပ်ရှားသွားလာမှု ဟန်ပန်အနေအထား အရပ်ရပ်ကို အကွက်ချစဉ်းစားပြီးရေးသားမှ အမြင်ရော အကြားပါ ပြည့်ဝစုံလင်သော ရသကိုခံစားရလိမ့်မည်ဖြစ်ပါ၏။ ဓာတ်ပြားအသံ လွှင့် သီချင်းများကဲ့သို့ မဟုတ်မှုဘဲ အနည်းငယ်ကွာခြားလျက် ဟန်ချက် (ရယ်မော၊ မှိုင်တွေ၊ လမ်းလျှောက်။ ငိုယို) အစရှိသည်တို့ကို ဖြည့်စွက် စဉ်းစားကာ အတောတီးလုံးတိုကလေးများခံ၍ ရေးသားရပါ၏။ ဤကဲ့သို့ သီချင်းများရေးသားပြီးလျှင် မောင်ကိုကိုလက်သို့အပ်၏။ မောင်ကိုကိုက အသံသွင်းပြီး သီဆိုမည့်သရုပ်ဆောင်များအား ချိန်းဆို ကာ သီချင်းတိုက်ကြလေတော့သည်။ ထိုစဉ်က ပြဇာတ်များကို ပုံမှန် ရက်သတ္တနှစ်ပတ် ကလေ့ရှိပါသည်။ ပရိသတ်ကြိုက်လွန်းသဖြင့် လေးပတ်၊ ငါးပတ်အထိ ကပြရသော ပြဇာတ်များလည်း ရှိခဲ့ပါ၏။
ပထမပတ် ကပြနေစဉ် အင်္ဂါနေ့ရောက်သောအခါ နောက်တစ်ပတ်တင်မည့်ပြဇာတ်အတွက် သီချင်းစတိုက်ကြရပါသည်။ သောကြာနေ့တွင် သီချင်းအားလုံးပြီးစီးအောင်တိုက်ကြရ၏။ စနေ၊ တနင်္ဂနွေနှစ်ပွဲစီရှိ၍ သီချင်းတိုက်ရန် အချိန်မပေးနိုင်ပါ။ သို့သော် သီချင်းမကြေသူတို့က တီးဝိုင်းဆရာအားကပ်ပြီး စနေရော၊ တနင်္ဂနွေ ရော နံနက်အစောကြီးလာ၍ တိုက်ကြသည်များလည်းရှိပါသည်။
ဒုတိယပတ်တနင်္လာနေ့မှစ၍ ဇာတ်တိုက်ပါသည်။ ထိုနေ့မှာ ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းစလုံး၏ ဇာတ်ကြောင်းကိုပြောသည်။ ဆွေမျိုးစပ်သည်။ (ဆွေမျိုးစပ်သည်မှာ မင်းသားနှင့် ဘယ်မင်းသမီး ကြီးက သားအမိ ဘယ်သူနှင့် ဘယ်ဝါက မောင်နှမ သူငယ်ချင်း စသည်တို့ကို ပြောဆိုကာ ဇာတ်တိုက်ချိန်တွင် အစုလိုက်ခွဲနေစေခြင်း ဖြစ်ပါ၏။ ပြီးလျှင် ပထမပိုင်းကို စတိုက်သည်။ အင်္ဂါနေ့တွင်လည်း ပထမပိုင်းကိုပင် ပြန်တိုက်ပြီးအချောသပ်သည်။ ဗုဒ္ဓဟူးနေ့တွင် ဒုတိယ ပိုင်း အကြမ်းတိုက်၊ ကြာသပတေးနေ့တွင် ဒုတိယပိုင်းအချောတိုက်၊ သောကြာနေ့ ကပြမည့်နေ့တွင် ပထမပိုင်းရော ဒုတိယပိုင်းပါ အချော သပ် တိုက်ကြပြီးလျှင် ထိုနေ့ည ရ နာရီ၌ ပြဇာတ်သစ်ကို စတင်ကပြ ကြပါတော့သည်။
ပါဝင်ကပြကြသော သရုပ်ဆောင်တို့မှာ အလွန်စည်းကမ်းရှိ သည်။ ဆရာ့ကိုလေးစားကြောက်ရွွံ့ကြ၏။ အချိန်အတိအကျ အဝင် အထွက် အပြောအဆို စကားလုံး လှုပ်ရှားမှု ဟန်ပန်အားလုံး အတိအကျ အပိုအလိုမရှိ ဆောင်ရွက်ကြသည်။ ထို့ကြောင့်လည်း ပြသချိန်ပြီးစီးချိန် မှာ မိနစ်မျှမလွဲအောင် အချိန်မှန်ခဲ့ပါသည်။
ပြဇာတ်သစ် စတင်ပြသည်မှ စနေနှစ်ပွဲ၊ တနင်္ဂနွေတစ်ပွဲ ဆိုလျှင်ပင် ထိုပြဇာတ်မှာ အသားကျသွားလေပြီ။ ပြဇာတ်အချောတိုက် သည့် သောကြာနေ့ နေ့လည်ပွဲကတည်းက တနင်္ဂနွေနေ့လည်ပွဲအထိ ငါးပွဲလုံးလုံး ကျွန်တော်က ဇာတ်ခုံကားကြားတွင်းမှနေ၍ ခရာကိုင်ပြီး တည်းဖြတ်ပေးရ၏။ အခန်းစဉ်တစ်ခုနှင့်တစ်ခု အကူးအပြောင်း အချိတ်အဆက်တိို့ကို တိတိကျကျချောချောမွေ့မွေ့ဖြစ်အောင် ခရာသံ ပေးမှုတ်၍ အချက်ပြုကာ တည်းဖြတ်ရခြင်ဖြစ်ပါသည်။ ကိုသန်းနွဲ့နှင့် ကိုချစ်မောင်တို့မှာ ပြဇာတ်တိုင်းတွင် သရုပ်ဆောင်အဖြစ်နှင့် အမြဲတမ်း ပါဝင်နေရသောကြောင့် မအားလပ်ကြပါ။ သူတို့စီစဉ်တင်ဆက်သော ပြဇာတ်များကိုပင် ကိုယ်တိုင်တည်းဖြတ်ပေးရန် အချိန်မရှိကြပါ။ ထို့ကြောင့် ကျွန်တော်က တာဝန်ယူရပါ၏။
ဆရာဒဂုန်ဆရာတင်က စနေနေ့ညပွဲကတည်းက ရုံတွင်မရှိ တော့။ ကန်တော်ကြီးစောင်းတန်းရှိ ယူနီယံကလပ်၊ အိုရီးယင့်ကလပ် စသည့် လူကြီးများစုဝေးရာ နေရာများသို့ စိတ်ချလက်ချသွားလေပြီ။ ထိုကလပ်များတွင် သူ၏အပေါင်းအသင်းရောင်းရင်းကြီးများနှင့် ဝိုင်းဖွဲ့ ဆွေးနွေးစားသောက်ကြ၏။ ယူနီယံကလပ်ခေါ် ပြည်ထောင်စုကလပ် မှာ အစိုးရအဖွဲ့ဝင်လူကြီးများ ရှိနေတတ်ကြပြီး အိုးရီးယင့်ကလပ်မှာမူ ကုန်သည်ကြီးများ၊ အရာရှိကြီးများ စုဝေးတတ်ကြပါ၏။ ဆရာက တစ်ခါတစ်ရံ ကျွန်တော့်ကိုခေါ်သွားပြီး မိတ်ဆက်ပေးသောကြောင့် အစိုးရအဖွဲ့ဝင် လူကြီးများ၊ ကုန်သည်ကြီးများ၊ အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ရပါသည်။
၁၉၅၂ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် တစ်ညပြဇာတ်ကပြချိန် ကျွန်တော့်ကို ဆရာက အပေါ်ထပ်ရုံးခန်းသို့တက်လာရန် ခေါ်ခိုင်း၏။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီး သခင်တင်က ဆရာ့ကို ခေါ်တွေ့ပြီး ဖဆပလအစိုးရအဖွဲ့အနေနှင့် ပြည်တော်သာ စီမံကိန်းချပြီး ပြီ။ ညီလာခံခေါ်ယူကာ ထိုပြည်တော်သာ စီမံကိန်းကို တင်ပြအတည် ပြုချက် ရယူကြမည်ဖြစ်သည်။ ပြည်တော်သာညီလာခံကို ခမ်းခမ်း နားနားကြီးကျယ်စွာ ကျင်းပကြမည်။ ထိုညီလာခံကြီးကို ကြိုဆိုဂုဏ်ပြု တဲ့ ပြည်တော်သာသီချင်းရေးပြီး ဝင်းဝင်းပြဇာတ်အဖွဲ့သူ၊ အဖွဲ့သား များက သီဆိုဧည့်ခံကြရမည့်အကြောင်းပြောပါသည်။ ဖဆပလအစိုးရ အဖွဲ့ဝင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီး သခင်တင်နှင့် ကျွန်တော်တို့၏ ဒဂုန်ဆရာတင်တို့မှာ လွတ်လပ်ရေးကြိုးပမ်းကြစဉ် ကာလ သခင်ဘဝကတည်းက လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ တရားပွဲများကျင်းပရာတွင် ဒဂုန်ဆရာတင်က နိုင်ငံရေးလှုံ့ဆော်ချက် တေးသီချင်းများသီဆို၍ အခမ်းအနားတရားပွဲကို စတင်ဖွင့်လှစ်၏။ သခင်တင်တို့ကဲ့သို့သော သခင်များက နိုင်ငံရေးတရားကို လက်သီး လက်မောင်းတန်း၍ဟောကြ၏။ ဒို့ဗမာသီချင်း၊ သခင်၊ သခင်မသိချင်း၊ မီးဒုတ်သီချင်း၊ ဓနရှင်သီချင်းစသော နိုင်ငံရေးတေးသီချင်းများမှာ ကြက်သီးဖြန်းဖြန်းထလောက်အောင်ကောင်းသော နိုင်ငံရေးတေးသီချင်း များဖြစ်သည်။ သူ့ကျွန်ဘဝမှ ရုန်းထလိုစိတ်များ တဖွားဖွားပေါ်လာစေ ရန် ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် နိုင်ငံရေးတရားပွဲများ ကျင်းပ ရာ နေရာတိုင်းလိုလို စိတ်အားတက်<ကဖွယ်ရာ နိုင်ငံအကျိုးပြုတေး သီချင်းများ သီဆိုလေ့ရှိကြပါ၏။ ဒဂုန်ဆရာတင်မှာ နိုင်ငံရေးသမား မဟုတ်ပါ။ သီချင်းရေးဆရာ၊ ပြဇာတ်ဒါရိုက်တာဖြစ်ပါသည်။ သို့သော် ဟိုစဉ်ကာလ အင်္ဂလိပ်အစိုးရကို အတိုက်အခံပြုပြီး လွတ်လပ် ရေးကို တောင်းဆိုနေကြသည့် အဝန်းအဝိုင်းအကြီးဆုံးဖြစ်သည့် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်နေလေပြီ။ နိုင်ငံရေး တေးသီချင်း တွေ ကိုယ်တိုင်ရေး၍ ကိုယ်တိုင်သီဆိုခြင်းအားဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုနေခဲ့လေပြီ။ ထို့ကြောင့်လည်း လွတ်လပ်ရေးရလာ၍ သခင်တင်တို့ အစိုးရအဖွဲ့ဝင်များဖြစ်လာကြသောအခါ ဒဂုန်ဆရာတင် ကို အသိအမှတ်ပြု၍ ကျိုးကြောင်းတိုက်ဆိုင်လာသည့်အခါတိုင်း၌ ခေါ်ယူတွေ့ဆုံရင်းနှီးစွာ ဆက်ဆံနေခြင်းဖြစ်ပါသည်။ ယခုလည်း ပြည်တော်သာ ညီလာခံကြီးအတွက် သီချင်းတစ်ပုဒ်ရေးရန် ဆရာကို တာဝန်ပေး၏။ ဆရာက ကျွန်တော်တို့ကို ခိုင်းပါလေပြီ။
တို့တိုင်းပြည်ကြီးကား ဒုတိယကမ္ဘာစစ်နှင့် ပြည်တွင်းစစ် ဘေးဒဏ်များကြောင့် ဖွတ်ဖွတ်ညက်ညက်ကျေနေလေပြီ။ ငါတို့ပြည် ကို ပြန်လည်၍သာယာဝပြောစိုပြည်လာအောင် ပြည်တော်သာလာ အောင် ပြည်သူတိုင်းက ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့ ဟူသော အဓိပ္ပာယ် မျိုးရှိသည့် တေးသီချင်းတစ်ပုဒ်ရေးရတော့မည်ဟု တွေးလိုက်မိပါ၏။
အသွေးအင်္ဂတေ… အသားအုတ်မြေ… သက်ဝိညာဉ် ပေါင်း…ထောင်သောင်း…မက…ပေ…ဗမာပြေ… လွတ်လပ်ရေး …စတေးခဲ့ကာ… တည်လာတာတွေ… မလိုစနက်…မီးအစ…အို…ဖျက်ဆီးကြ…ဘဝ… အခြေအနေ…ပြာပုံတွင်းမှာ…အတင်းသာ…နင်း… ကာ…ခြေ…မာန်တင်းလို့…ယခုပင်…ပြုပြင်ကြစို့ လေ…
အစရှိသော ပြည်တော်သာသီချင်းနှင့် တေးသံထံတျာတေ မနှေးအမြန် သံသာဝေ ဘေးရန်အမှန်ကွာပါစေ…သာယာယာယာ… အစချီသော အေးချမ်းလာမည့်မြန်မာပြည် သီချင်းနှစ်ပုဒ်ကို ရေးသား ကြပြီး ပြဇာတ်မင်းသမီး၊ မင်းသား၊ လူရွှင်တော်များနှင့် သီချင်းတိုက် ကြ၏။
]ပြည်တော် သာရမည်} ဟူသော ေ<ကးကြော်သံထွက်ပေါ်လာ ၏။ ပြည်တော်ာပိုစတာကြီးများ ကပ်ကြ၏။ ပြည်သူများအား လူ တစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လခ ၈၀ဝိ^ ပေးနိုင်စေရမည်။ လူတိုင်းလူတိုင်း ပြည့်ဝချမ်းသာပျော်ရွှင်စေရမည်ဟု တာဝန်ရှိပုဂ္ဂိုလ် ကြီးများက တရားပွဲများကျင်းပတော့ သီဆိုသူတို့ပင်လျှင် မကြားချင် တော့ပါ။ ရုပ်ရှင်ပြခါနီး ထိုသီချင်းထွက်ပေါ်လာသောအခါ ကလေး များက အေးချမ်းလာမယ့်မြန်မာပြည်ကို ဘိတ်ကလာတဲ့ ငံပြာရည်ဟု သံပြိုင်ဝိုင်းအော်ကြလေတော့၏။ တဖြည်းဖြည်းနှင့် သက်ဆိုင်ရာတို့က သံပတ်မတင်းတော့ဘဲ လျော့ရဲရဲဖြစ်လာသောအခါ ရုပ်ရှင်ရုံလုပ်သား များက ပြည်တော်သာနှင့် အေးချမ်းလာမယ့် မြန်မာပြည်ကို မသိမသာ လေး ရပ်ထားလိုက်ကြလေ၏။
ပြည်တော်သာစီမံကိန်းလည်း ရေစုန်မျောပြီး ပြည်တော်သာ သီချင်းသံလည်း လုံးဝတိတ်ဆိတ်ပျောက်ကွယ်သွားရလေတော့၏။
ဆရမြို့မငြိမ်း၏ လူချွန်လူကောင်းသီချင်းကား နှစ်ပေါင်း ၄ဝ ခန့်ကွာခြာလာသည့် ယနေ့အထိ ကြားနာနေကြရသည်။
လူချွန်လူကောင်းသီချင်းကို မူလအဆိုရှင် ဦးအံ့ကြီးကပင် မြန်မာ့အသံမှ အသံလွှင့်ခဲ့၏။ နောက်ပိုင်းတွင် မောင်သိန်းဝင်းက ပြန်လည်၍ သီကျူးပြန်၏။ ခေတ်အဆက်ဆက်ပေါ်လာဦးမည်ဖြစ် သော တေးသံရှင်အကျော်အမော်များကလည်း လက်ဆင့်ကမ်း၍ လူချွန်လူကောင်းကို သယ်ယူသွားကြမည်မှာ မလွဲပါ။ ပြည်တော်သာ သီချင်းက ပြည်တော်သာစီမံကိန်းနှင့်အတူ တိမ်မြုပ်ပျောက်ကွယ်သွား ရသည်။ လူချွန်လူကောင်းက အဘယ်ကြောင့် ရပ်တည်နေနိုင်ပါ သနည်း။ ပြည်သူတို့၏ နှလုံးရင်ဝမ်း၌ ငြိတွယ်ပွင့်လန်းနေပါသနည်း။
ဆရာမြို့မငြိမ်းက ပြည်တော်သာစေရန် လူချွန်လူကောင်းများ ဖြစ်သော အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ ကျွမ်းကျင်နားလည်သူပဂ္ဂိုလ်တွေပေါများဖို့ လိုပါသည်ကို တိုက်ရိုက်နည်းဖြင့် မဖွဲ့ပါ။ ထိုသို့သော လူချွန်လူကောင်းတို့အား ဆရာမြို့မငြိမ်းအပါအဝင် ဂီတအနုပညာရှင်များက အဆိုအတီးတို့ဖြင့် ခင်မင်လေးစားစွာ ဂုဏ်ပြုပါသည်။ အလေးပြုပါသည်ဟု သွယ်ဝိုက်၍ လှပညက်ညောစွာ ပြဆိုသွား၏။
ကျွန်တော်က ပြည်တော်သာကို ဆပ်ပြာကြော်ငြာ၊ သွေးဆေး ကြော်ငြာ၊ အလှကုန်ကြော်ငြာများကဲ့သို့ တိုက်ရိုက်ညွှန်ပြပြီး ကြော်ငြာ ပေးခဲ့မိပါသည်။
ဪ… အမြော်အမြင်ကြီးပါပေ့ ဆရာခင်ဗျား။ ဂီတနယ် ရောက်စ ဉာဏ်ကလေး တစ်ထွာတစ်မိုက်နဲ့ ပုဆိုးစတထောင်ထောင် လုပ်မယ့်ယောင် ဖြစ်ခဲ့မိသော ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါ၏။
သီချင်းရေးတဲ့အခါ အနုပညာပရိယာယ်လေးတွေကို သုံးသင့် တယ်၊ သုံးရမယ်၊ ခိုင်မာတဲ့အကြောင်းအရာကိုရွေးပြီး တို့ရဲ့အနုပညာ နဲ့ မိမိဖော်ပြလိုတဲ့အချက်ကို ရိပ်ခနဲမြင်လာအောင် ပြစေချင်တယ်။ ထင်းခနဲမြင်ရတာထက် ရိပ်ခနဲမြင်ရတာကို ပရိသတ်ဟာ ပိုပြီးအားစိုက် ကြည့်ရှုနားဆင်ချင်စိတ်ရှိနိုင်တယ်။ အတုံးလိုက် အတစ်လိုက် ကိုယ် လိုချင်တဲ့ ပုံစံကြီးပေါ်လာအောင် လက်ညှိုးညွှန်တာမျိုးကတော့ ဘယ် ကောင်းမလဲကွာ အဲဒါသတိထားပါ ငါ့တပည့်ဟု ဆရာမြို့မငြိမ်းက ဆေးပေါ့လိပ်တိုလေး ရှိုက်ဖွာရင်းပြောနေသကဲ့သို့ ခံစားထင်မြင်လာမိ ပါတော့သည်။ ဦးနှိမ် မာန်လျှော့ ရိုသေစွာရှိခိုးကန်တော့ပါတယ် ဆရာခင်ဗျား…။
(ဖတ်မိသော မဂဇင်းတစ်အုပ်မှ ရေးသားဖော်ပြလိုက်ရပါသည်။ နောက်ထပ် ကျန်ရှိနေသေးသော၊ ဖတ်ထားမိသော ဝတ္ထုတိုများကိုလည်း ရေးသားဖော်ပြပါဦးမည်၊ စာဖတ်သူအားလုံးကို ကျေးဇူးတင်လျက်)
One comment
kai
May 17, 2010 at 11:03 pm
စာလေးအတွက် ကျေးဇူးတင်လှပါတယ်ဗျာ။
“သီချင်းရေးတဲ့အခါ အနုပညာပရိယာယ်လေးတွေကို သုံးသင့် တယ်၊ သုံးရမယ်၊ ခိုင်မာတဲ့အကြောင်းအရာကိုရွေးပြီး တို့ရဲ့အနုပညာ နဲ့ မိမိဖော်ပြလိုတဲ့အချက်ကို ရိပ်ခနဲမြင်လာအောင် ပြစေချင်တယ်။ ထင်းခနဲမြင်ရတာထက် ရိပ်ခနဲမြင်ရတာကို ပရိသတ်ဟာ ပိုပြီးအားစိုက် ကြည့်ရှုနားဆင်ချင်စိတ်ရှိနိုင်တယ်။ အတုံးလိုက် အတစ်လိုက် ကိုယ် လိုချင်တဲ့ ပုံစံကြီးပေါ်လာအောင် လက်ညှိုးညွှန်တာမျိုးကတော့ ဘယ် ကောင်းမလဲကွာ အဲဒါသတိထားပါ ငါ့တပည့်ဟု ဆရာမြို့မငြိမ်းက ဆေးပေါ့လိပ်တိုလေး ရှိုက်ဖွာရင်းပြောနေသကဲ့သို့…”
ဒီခေတ် ဖေါ်ရင်းချွတ်ရင်း ကျွတ်လွတ်မတတ်ဖြစ်နေတဲ့ ဖက်ရှင်ခေတ်လွန်ဝတ် မြန်မာမိုဒယ်တွေ။ အနုပညာရှင်တွေကိုလည်း အဲဒါစာလေး ဖတ်စေချင်မိတာပါပဲ။