ဒီတစ်ပတ် ဆန်နီနေမင်း ဂျာနယ်မှာရေးသားထားတဲ့ အလိုလိုက်သည်ဆိုသည်မှာ ဆောင်းပါးလေးပါ
လူ့လောကတွင် ”အလိုလိုက်တယ်”ဆိုတဲ့ စကားလုံးကို သူသူငါငါ ပြောဆိုနေကြပါတယ်။ အဲဒီလိုပြောဆိုနေကြပေမဲ့ အလိုလိုက်တာနဲ့ အလိုက်သိတာ ဘယ်ဟာကို ကျင့်သုံးသင့်သလဲ ဆိုတာကိုတော့ သေချာမသိကြတာက များပါတယ်။ ”အလိုလိုက်တယ်”ဆိုတဲ့ စကားလုံးဟာ ”အလိုက်သိတယ်”စကားလုံးနဲ့ စာသားချင်းဆင်ပေမဲ့ အဓိပ္ပါယ်ချင်း မတူညီပါ။ အလိုလိုက်တယ် ဆိုတဲ့စကားကို မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား စသူတို့ကြားတွင် သုံးနှုန်း နေကြပါတယ်။ ဒါပေမဲ့ အလိုလိုက်ရမလား၊ အလိုက်သိရမလား။ ဘယ်ဟာကို လိုက်နာကျင့်သုံး ရမလဲဆိုတာကိုတော့ မသိကြပေ။
အလိုလိုက်တယ်ဆိုတာ သားသမီး၊ တပည့်များရဲ့ အလိုကိုလိုက်ပြီး သူတို့လုပ်ချင်တာကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို သူတို့လုပ်ချင်တာကို ခွင့်ပြုပေးလိုက်ရင် သားသမီး၊ တပည့်များဟာ မကောင်းတဲ့ဘက်သို့ အလိုက်မှားသွားတတ်ပါတယ်။ အဲဒီတော့ မိမိက သူတို့အလိုမလိုက်ဘဲ သူတို့လိုအပ်တာလုပ်ပေးခြင်း၊ သူတို့လိုအပ်တဲ့ အသုံးအဆောင်များကို မိမိကလေ့လာစဉ်းစားပြီး ဝယ်ပေးခြင်းစတဲ့ ပြုလုပ်ပေးသင့်တဲ့အရာများကို ပြုလုပ်ပေးရမှာပါ။ အဲဒီလိုမဟုတ်ဘဲ မိဘများက သားသမီးများ စိတ်အလိုလိုက်ကာ သူတို့ဖြစ်ချင်တာကို ခွင့်ပြုပေးမှသာ မိဘကောင်းဖြစ်မဲ့ဟုယူဆပြီး အလိုလိုက်ပေးမယ်ဆိုရင် သားသမီးများ လမ်းမှားရောက်သွားနိုင်ပါတယ်။ ဒါတင်မကဘဲ သားသမီးများရဲ့အလိုကို လိုက်ပေးတာများပါက နောက်ပိုင်းမှာ သားသမီးများဟာ မိဘများအား မထိမဲ့မြင် အလေးမထား ဂရုမစိုက် ခပ်ပေါ့ပေါ့တွက်ကာ လုပ်ချင်ရာလုပ်ကြတော့မှာပါ။ ”မိဘတွေက တို့ကိုဘာမှမပြော အလိုလိုက်တယ်၊ ဒါကြောင့် ငါတို့ဘာလုပ်လုပ် အပြစ်မပြော”ဟု ထင်မြင်ယူဆချက်များ ဖြစ်ပေါ်လာပါလိမ့်မယ်။ သားသမီးများဟာ မိဘများရဲ့ သွန်သင်ဆုံးမှုမရှိတော့ဘဲ မိဘဩဇာအားနည်းလာရင် သူတို့စိတ်ကို သူတို့ပိုင်တယ်ဟုထင်လာကာ ထင်ရာဆိုင်းပြီး မိဘများ အရှုံးပေးရတဲ့ သားသမီးများဖြစ်သွားပါက လူတော်လူကောင်းတစ်ယောက် ဖြစ်လာဖို့ မလွယ်တော့ပေ။
ဒါကြောင့် သူတို့လုပ်ချင်တာ ဖြစ်ချင်တာကို အလိုမလိုက်ဘဲ သူတို့ လိုအပ်ချက်ကို အလိုက်သိစွာ သူတို့လိုအပ်တာများ ဝယ်ပေးခြင်းမျိုး ပြုလုပ်ပေးမယ်ဆိုရင် သူတို့ကလည်း မိမိကိုလေးစား ချစ်ခင်ကြမှာဖြစ်သလို သူတို့လိုအပ်တာကို ပြုလုပ်ပေးခြင်းကြောင့် မိမိမှာလည်း တာဝန်ဝတ္တရား ကျေမွန်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပါတယ်။ အလိုလိုက်ရင် ချစ်ရာမရောက်ဘဲ နစ်ရာရောက်တတ်တဲ့အတွက် မိမိအလိုက်လိုက်တဲ့ သားသမီး၊ တပည့်၊ ဇနီးလင်တို့ဟာ ပျက်စီးတာများပါတယ်။ မိဘများဟာ သားသမီးတို့ရဲ့ အုပ်ထိန်းသူမို့ မိဘစကားကို သားသမီးက တသွေမတိမ် လိုက်နာတဲ့ပုဂ္ဂိုလ်ဖြစ်ရန် လိုအပ်ပါတယ်။ အဲဒီလို သားသမီးများ လိုက်နာဖို့ရန်မှာလည်း မိဘများမှာ ဩဇာအာဏာရှိဖို့ လို်ပါတယ်။ မိဘများဩဇာအာဏာရှိဖို့က လည်း သားသမီးရဲ့ လိုအပ်ချက်ကို အလိုက်သိစွာ ပြုလုပ်ပေးသင့်တာမှတစ်ပါး ကျန်တဲ့သားသမီးပျက်စီးမဲ့ လမ်းကြောင်းများကို အလိုမလိုက်ဖို့ အရေးကြီးပါတယ်။ မိဘများဟာ သားသမီးကို အလိုလိုက်မယ်ဆိုရင် မိဘများရဲ့ ဩဇာအာဏာကို သားသမီးများက တဖြည်းဖြည်းချင်း ဂရုမစိုက်ဘဲဖြစ်ကာ နောက်ပိုင်းတွင် မိဘစကားကို နားမထောင်တော့လို့ သားသမီးများဒုက္ခတွေ့တဲ့အခါ မိဘများမှာ ပူဆွေးမှုသောကဖြစ်လာရပါတယ်။
အဲဒီလိုပါပဲ ဆရာနှင့်တပည့်မှာလည်း ဆရာက တပည့်အလိုကိုလိုက်ကာ နေထိုင်ကျင့်သုံး ပေးမယ်ဆိုရင် တပည့်များဟာ ဆရာကို မကြောက်မလေးစားတော့ဘဲ နောက်ပိုင်းတွင် ဆိုးသွမ်းမှုများ ဖြစ်လာပါတယ်။ ဆရာ့စကားကို တပည့်က နားထောင်မှသာ ထိုတပည့်ဟာ လူတော်လူကောင်းတစ်ယောက် ဖြစ်မှာပါ။ အဲဒီလို တပည့်က ဆရာ့စကားကို နားထောင်ရန် အတွက် ဆရာဟာ မှန်ကန်တိကျတဲ့ ဆရာဖြစ်ရပါမယ်။ ဆရာကောင်းတစ်ယောက်ဆိုတာ တပည့်အလိုမလိုက်ဘဲ အလိုက်သိစွာ ပြောဆိုဆက်ဆံ ကျင့်သုံးနေထိုင်တက်အောင် ပြုလုပ်ပေးရမှာပါ။ အဲဒါမှလည်း ဆရာတပည့်ကောင်းပီသပြီး ဆရာရောတပည့်ပါ နာမည်ရ ပါလိမ့်မယ်။
တကယ်တော့ လူ့လောကတွင် သူ့စည်းနဲ့သူ လိုက်နာကျင့်သုံးနေထိုင်တက်ရန် စည်းကမ်းသတ်မှတ်ပေးသူရှိရန်လိုအပ်သလို စည်းကမ်းသတ်မှတ်ပေးသူရဲ့ ဩဇာအာဏာရှိရန် လည်း လိုအပ်ပါတယ်။ ဒါမှလည်း ကောင်းမွန်တဲ့ စည်းကမ်းသတ်မှတ်ချက်များ လူသားတိုင်းမှာ ရှိနေလို့ လောကကြီး သာယာလှပနေမှာပါ။ ဒါကြောင့် လူသားအားလုံး မိမိချစ်တဲ့သူများအား အလိုမလိုက်ဘဲ အလိုက်သိစွာ ကျင့်သုံးဆက်ဆံတက်အောင် ကြိုးစားရပါမယ်။
ခုခေတ် မိဘများဟာ မိမိတို့သားသမီးများကို အလိုက်သိစွာကျင့်သုံးမပေးဘဲနဲ့ အလိုလိုက်မှုတွေများနေတဲ့အတွက် သားသမီးများ ပျက်စီးနေကြတာ များပါတယ်။ တကယ်ဆို မိဘများဟာ မိမိဖြစ်ချင်တဲ့အတိုင်း သားသမီးများကို သွန်သင်ပေးနိုင်ရမှာပါ။ ဥပမာ-မိမိသားကို ရှင်ပြုပေးချင်တဲ့ဆန္ဒကြောင့် သားများ ရှင်ဘဝကိုရောက်သွားသော်လည်း ရဟန်းဘောင် ရောက်အောင် မစွမ်းဆောင်နိုင်ကြတာ များပါတယ်။ သားများက သာသနာဘောင်မှာ မပျော်ဘူးဆိုရင် မိဘများက အလိုလိုက်ပြီး မပျော်လည်းထွက်ပေါ့လို့ ပြောကြပါ တယ်။ တကယ်တော့ သာသနာ့ဘောင်မှာ ကိလေသာမကုန်သေးရင်တော့ ပျော်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ သာသနာ့ဘောင်မှာ လောကီပျော်စရာများ မရှိလို့ပါ။ ဒါပေမဲ့ နေထိုင်ပျော်ရွှင်လာအောင် အကျင့်လုပ်ယူရမှာပါ။ အလေ့အကျင့်ဆိုတာ ဒီတိုင်းဖြစ်လာတဲ့အရာ မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်း ကျင့်ယူရမှာပါ။ ဘယ်အလေ့အကျင့် ဘယ်အလုပ်မဆို မွေးကတည်းက တတ်မလာပါဘူး။ ဝါသနာသာ မွေးကတည်းကပါလာတယ်ဆိုတာ ရှိပါတယ်။ အလေ့အကျင့်ဆိုတာ နီးစပ်မှုတွေ၊ ပတ်ဝန်းကျင်တွေကြောင့်သာ ဆိုင်ရာအကျင့်များဖြစ်လာကြတာပါ။
ဒါကြောင့် သာသနာ့ဘောင်ပျော်ဖို့ဆိုတာကလည်း အကျင့်မရှိလို့ မပျော်လို့ မနေဘူးဆိုရင် ဘယ်သူမှ နေနိုင်မှာမဟုတ်ပါဘူး။ ဒီလိုပဲ ဖြစ်သင့်တာကိုဖြစ်အောင်လုပ်မယ်ဆိုပြီး အကျင့်ဖြစ်အောင်နေရင်းမှ သာသနာ့ဘောင်မှာမြဲလာတာပါ။ များသောအားဖြင့် မြို့ပေါ်နေ မိသားစုအသိုင်းဝိုင်းများရဲ့ သားများဟာ ရှင်ဖြစ်ဖူးခဲ့ဦးတောင်မှ ရဟန်းဘောင်ရောက်အောင် မလျှောက်လှမ်းနိုင်ကြပါဘူး။ ယခုခေတ်မြို့နေ မိသားစုများရဲ့သားများဟာ ရှင်ဖြစ်ဖူးတဲ့လူတောင် အနည်းအကျဉ်းပဲရှိပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိဘများရဲ့ အလိုလိုက်မှုမှားတာရော၊ မိဘများရဲ့အတွေး၊ သားများရဲ့အတွေးမှားတာကြောင့် ဖြစ်ပါတယ်။
မိဘများက သားများကို ဘယ်လိုအလိုလိုက်ထားသလဲဆိုရင် သားက ဒါမလုပ်ချင်ဘူးဆို မလုပ်နဲ့ပေါ့ဆိုတာမျိုးထိ အလိုလိုက်ထားပါတယ်။ မိမိသားအား မိမိဖြစ်ချင်တဲ့ဆန္ဒဖြစ်မြောက် အောင် တိုက်တွန်းပေးမယ်ဆိုတဲ့ အသိဉာဏ်မရှိကြပါဘူး။ မိမိသားက သာသနာ့ဘောင်ရောက် အောင် ပို့ဆောင်ပေးပြီးမှ သားဖြစ်သူက လူထွက်ချင်တယ်ပြောရင် ထွက်ပေါ့ဆိုပြီး အလိုလိုက်ကြတာ များပါတယ်။ ဒါပြင် မိဘများရဲ့အတွေးမှာ မိမိတို့သား ရဟန်းဘောင် ရောက်သွားရင် စားချင်တာမစားရတဲ့အခါ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မယ်။ သားများမပျော်ပိုက်လို့ လူထွက်လာတဲ့အခါ လောကီပညာမတတ်သဖြင့် မျက်နှာငယ်ရမယ်။ သားအားရဟန်းဘောင် နေခွင့်ပေးလိုက်ရင် ငါတို့နဲ့ခွဲနေရမယ်၊ ငါတို့ကို လုပ်မကျွေးဘဲနေတော့မယ်စတဲ့အတွေးမှားတွေဖြင့် မြို့နေမိဘများနဲ့တောနေမိဘအချို့တို့ဟာ မိမိသားများ အား ရခဲလှတဲ့ သာသနာဘောင်မှာ ရောက်အောင် တိုက်တွန်းပေးခြင်း မရှိတော့ပေ။ မိမိသား သာသနာ့ဘောင်မှာ နေခွင့်ပေးလိုက်ရင် မိဘများမှာလည်း သာသနာ့ဒါယကာများဖြစ်လို့ အတိုင်းမသိ ဝမ်းသာရမဲ့အပြင် အကျိုးများလည်း ရရှိပါတယ်။ ဒါပြင် မိဘကို ကျေးဇူးဆပ်တာ၊ မိဘကိုလုပ်ကျွေးတာဟာ လူ့ဘောင်မှလုပ်ပေးလို့ ရတဲ့အရာ မဟုတ်ပါဘူး။ သာသနာ့ဘောင်ကနေလည်း မိဘကျေးဇူးဆပ်ခြင်း၊ လုပ်ကျွေးခြင်းများ ကို မြတ်ဗုဒ္ဓကိုယ်တိုင်က ချီးကျုးတော်မူခဲ့ပါတယ်။ ယခုခေတ် မြို့နေသားဖြစ်သူများကလည်း ရဟန်းဘောင်ဟာ ပျော်စရာမရှိ၊ ပျင်းစရာကြီး၊ စတိုင်တွေဟန်တွေနဲ့မနေရ၊ စားချင်တာမစားရ၊ ပျော်ချင်တာ မပျော်ရနဲ့ဆိုပြီး အတွေးမှားကာ ရဟန်းဘောင်ကို မနေချင်ကြတော့ပါဘူး။
အဲဒီလိုသာ မိဘများသားများချည်းရှိမယ်ဆိုရင် အနာဂတ်သာသနာဟာ ရင်မောဖွယ် ကောင်းလှပါတယ်။ မိဘများကလည်း သားများကို ရဟန်းဘောင်ရောက်အောင် တိုက်တွန်း ပေးရမှာပါ။ တိုက်တွန်းတဲ့အခါမှာလည်း သား ရဟန်းဘဝက ချမ်းသာတယ်၊ ဇိမ်နဲ့နေရတယ်၊ အပူပင်မရှိဘူးစတာတွေနဲ့ သိမ်းသွင်းလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းဘဝဟာ ပျော်ချင်တိုင်းမပျော်ရ၊ ဟန်ပန်စတိုင်နဲ့မနေရ၊ စားချင်တာမစားရ၊ လူငယ်ပီပီလွတ်လွတ်လပ်လပ်နဲ့ မနေရ၊ ဒီလောက်တိုးတတ်တဲ့ခေတ်ကြီးမှာ ရဟန်းဘဝဟာ ဘယ်မှာများပျော်စရာကောင်းမလဲဆိုတာ ခုခေတ်လူငယ်တွေ သိနေကြပါတယ်။ ဒါကြောင့် အဲဒီလိုနည်းနှင့် မိမိသားများ ရဟန်းဘောင်ရောက်အောင် မြဲအောင် သိမ်းသွင်းလို့တော့ မရနိုင်ပါ။
ဒီနေရာမှာ စာရေးသူအမေက စာရေးသူအား သာသနာဘောင်မြဲအောင် ကိုရင်ဘဝက ပြောခဲ့တဲ့စကားလေးကို ပြောပြချင်ပါတယ်။ စာရေးသူ အသက်(၁၇)နှစ်၊ ပထမကြီးတန်းရောက်တဲ့နှစ်မှာ သူငယ်ချင်းတစ်ယောက်က စာမေးပွဲကျလို့ လူထွက်သွားပါတယ်။ အဲဒါနဲ့ စာရေးသူလည်း သူငယ်ချင်းလိုပဲ လူထွက်မယ်ဆိုပြီး အမေ့ကို လူထွက်ဖို့ တစ်ခါပြောခဲ့ဖူးပါတယ်။ အဲဒီအခါ အမေက စာရေးသူကို ‘’သားက စာမေးပွဲအောင်တယ်လေ။ သားသူငယ်ချင်းက စာမေးပွဲကျလို့ စိတ်ညစ်ပြီးလူထွက်တာ”လို့ ပြောပါတယ်။ အဲဒါနဲ့ စာရေးသူကလည်း စာမေးပွဲအောင်အောင် သားလည်းထွက်ချင်တယ်လို့ ပြန်ပြောတဲ့အခါမှာ အမေက ဘာပြန်ပြောတယ် မှတ်တုန်း။ ‘’ငါ့သား မိဘကျေးဇူးကို ဆပ်ချင်လားတဲ့။ အော် အမေရယ် မိဘကျေးဇူးကို ဗုဒ္ဓဘာသာဝင်တိုင်း ဆပ်ချင်တဲ့လူတွေချည်း ပါပဲ။ ကျေအောင်မဆပ်နိုင်တာပဲ ရှိကြမှာပါ”လို့ စာရေးသူကပြောတော့ ‘’အမေက မိဘကျေးဇူးဆပ်ချင်ရင် သားသာသနာဘောင်မှာ မြဲအောင်နေပါတဲ့။ ကျန်တဲ့နည်းနဲ့ မိဘကျေးဇူးဆပ်တာကို အမေလက်မခံဘူးတဲ့။ တကယ်လို့ သားလူထွက်ချင်တယ်ဆိုရင် အမေ့ကို အရင်သတ်ပြီးမှ လူထွက်ပါ”တဲ့။ ကိုင်းဗျာ။ မှတ်ကရော။ အမေပညာသားပါပါပြောလိုက်တဲ့စကား ဘယ်လောက်များကောင်းလိုက်သလဲနော်။ ဒီစကားကို မိဘတိုင်းကသာ မိမိသားသမီးများအား မိမိဖြစ်ချင်တဲ့ဆန္ဒဖြစ်မြောက်အောင် ပြောဆိုခိုင်းမယ်ဆိုရင် သားသမီးကောင်းပီသပါက မလုပ်ပေးဘဲ နေမှာမဟုတ်ပါဘူး။
စာရေးသူလည်း ငယ်စဉ်က အမေ့ရဲ့ကျေးဇူးကို မသိခဲ့ပါဘူး။ လူငယ်မို့ ပျော်ပါးချင်တဲ့ စိတ်ကြောင့် လူထွက်ချင်တာပဲ ရှိခဲ့ပါတယ်။ သာသနာဘောင်နေရတဲ့အကျိုးတရားတွေကို မသိခဲ့ပါ။ နောက်ပိုင်း ပညာတွေသင်၊ တရားတွေလေ့လာမှတ်သား၊ စာတွေဖတ်ပါများလာမှ ‘’အော်-သာသနာဘောင်နေတာဟာ အများအကျိုးကိုလည်း ဒီဘဝမှာလုပ်ပေးနိုင်တယ်၊ နောင်ဘဝ ကောင်းကျိုးလည်း လုပ်ပေးနိုင်တယ်။ လောကီ လူတွေရဲ့ဒုက္ခများမှလည်း လွတ်ကင်းတယ်၊ မိဘများကိုလည်း သာသနာအမွေခံများအဖြစ် လုပ်ပေးနိုင်တယ်၊ လောကီအာရုံကာမဂုဏ်တွေ ဆိုတာ အရင်ဘဝပေါင်းများစွာကလည်း မိုက်မဲစွာနဲ့ သုံးဆောင်ခံစားခဲ့ပြီးပြီ၊ ဒီလိုသာ လောကီကာမဂုဏ်တွေနဲ့သာ ပျော်နေမယ်ဆိုရင် ငါ ဒီသံသရာဒုက္ခကြီးက လွတ်မှာမဟုတ်ဘူးစတဲ့ အကျိုးရှိတာတွေကို တွေးမိပြီး သာသနာဘောင်ကို မမြဲ၊ မြဲအောင် နေလာတာပါ”။
ဒါကြောင့် လူငယ်တိုင်းရဲ့အတွေးမှား၊ တချို့မိဘများရဲ့ အတွေးမှားတွေကို စာရေးသူဘဝနှင့်နှိုင်းယဉ်ပြီး ထောက်ပြတာပါ။ တချို့လူငယ်များက လောကီပညာမတတ်လို့ ဘုန်းကြီးတွေဝတ်ကြတာ၊ လူ့ဘောင်မှာလုပ်မစားရဲလို့ ဘုန်းကြီးဝတ်ကြတာလို့ ထင်နေကြပါတယ်။ စာရေးသူလည်း လောကီပညာများကို အကုန်သင်ခဲ့ဖူးပါတယ်။ တက်သင့်သလောက်တက်ပါ တယ်။ လူ့ဘဝမှာလုပ်စားဖို့လည်း သတ္တိရှိပါတယ်။ ဒါပေမဲ့ အဲဒီထက် အကျိုးများတဲ့အရာတွေကို ကြည့်ပြီး သာသနာဘောင်မှာနေနေတာပါ။ လူ့ဘောင်မှာနေရင် မျက်မှောက်ဘဝကောင်းစားရေး လောက်ပဲ လုပ်နိုင်ကြတာ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဘောင်မှာနေတဲ့လူတွေဟာ များသောအားဖြင့် အပေါင်းသင်းမှားပြီး နောက်ဘဝကောင်းစားရေးများကို လုပ်ဖို့မေ့နေကြကာ မျက်မှောက်ပျော်ပါးရေးပဲ ဦးစားပေးလုပ်နေကြလို့ပါ။ လူ့ဘောင်က လူသားတွေဟာ အများအကျိုးကို သာသနာဘောင်က သံဃာတွေလောက် လုပ်မပေးနိုင်သလို တမလွန်ကောင်းစားရေးကိုလည်း သံဃာတွေလောက် မလုပ်နိုင်ကြပါဘူး။ သာသနာဘောင်မှာ စာသင်ခြင်း၊ တရားဟောခြင်း၊ စာရေးခြင်းစတာတွေလုပ်နေတာဟာ အများအကျိုးဖြစ်သလို အဲဒီအလုပ်တွေဟာလည်း တမလွန်ဘဝကောင်းစားရေးတွေပါ။ ဒါပြင် ဝိပဿနာတရား ကို မိမိလေ့လာထားသမျှ လက်တွေ့ကျင့်ကြံမယ်ဆိုရင် ဒီဘဝတရားထူးမရတောင် နောက်ဘဝမှာတော့ ရအောင်လုပ်နိုင်ပါတယ်။ အဲဒီလို အကျိုးကျေးဇူးများကို လူ့ဘောင်မှာရအောင်လုပ်နိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့အလုပ်မဟုတ် သလို လုပ်ဖို့လည်းအသိတရားရှိတဲ့လူ နည်းပါတယ်။ များသောအားဖြင့် ခုခေတ်လူငယ်တွေဟာ တိုးတတ်လာတဲ့ခေတ်ကြီးမှာ ပျော်ပါးစရာတွေနဲ့ပဲ အချိန်ကုန်ပြီး မကောင်းမှုတွေပဲ လိုက်စား နေကြတာ များပါတယ်။
ဒါကြောင့် လူသားအားလုံးဟာ မိမိတို့ချစ်ခင်နှစ်သက်သူများရဲ့ မျက်မှောက်တမလွန် ကောင်းစားရေးများကို ရှေးရှုးတွေးတောဆင်ခြင်ကြည့်ပြီး သူတို့အတွက် အဓိကအသုံးဝင်မဲ့ လိုအပ်တာများ ဖြည့်ဆည်းဆောင်ရွက်ပြုလုပ်ပေးကာ မိမိချစ်ခင်သူများအား ချစ်ရာမရောက်ဘဲ နစ်ရာရောက်စေတတ်တဲ့ အလိုလိုက်ခြင်းများ မပြုလုပ်မိကြစေဘဲ အလိုက်လိုခြင်းနဲ့အလိုက်သိခြင်းများကို ခွဲခြားပြုလုပ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်…….။
ဂျာနယ်ကိုဖတ်ချင်ရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ http://www.mediafire.com/?nfegy2atqp8dgp2#1
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
Colombo, Sri lanka
4 comments
aungnng87
October 14, 2011 at 2:38 pm
တပည့်တော်မ ဆင်ခြင်မိပါသည်ဘုရား။
Foreign Resident
October 14, 2011 at 3:06 pm
အရှင်ဘုရား ဆန်နီနေမင်း
မြန်မာပြည်မှာ ရဟန်းစုစုပေါင်း ဘယ်နှစ်ပါးလောက် ရှိပါသလဲ ဘုရား ???
မြန်မာပြည် ဗုဒ္ဓဘာသာ လူဦးရေနှင့်ဆိုရင် ရဟန်း ဘယ်နှစ်ပါးလောက် ရှိရင် သင့်တော်ပါမလဲ ဘုရား ???
( Sustainable development ကိုဆိုလိုတာပါ ဘုရား )
သံဃာ့ မဟာနယက စတဲ့ သံဃာ့ အဖွဲ့အစည်း တွေကကော
ဒီကိစ္စမျိုး စာတမ်း ပြုစုထာ ရှိပါသလား ဘုရား ???
Thanks.
ဆန်နီနေမင်း
October 14, 2011 at 3:45 pm
အင်း မြန်မာပြည်မှာ ရဟန်းသံဃာ (၅)သိန်းကျော်ရှိတယ်လို့ မြို့နယ်အလိုက် ဝါဆိုသံဃာစာရင်းများအရ ဆိုပါတယ်။ တိကျတဲ့အရေအတွက်ကိုတော့ ဝါဆိုခါနီးမှသာ သိရပြီး ကျန်တဲ့ချိန်တွင် တိုးသူရော၊ လျှော့သူရော ရှိတဲ့အတွက် သေချာမသိနိုင်ပါ။ သို့သော် ခန်းမှန်းခြေဖြစ်တဲ့ ငါးသိန်းကျော်ကတော့ လက်ရှိအချိန်ထိ လျှော့နည်းမသွားသေးလို့ သိရပါတယ်။ မြန်မာလူဦးရေနဲ့ သံဃာအရေတွက်ဟာ ဒီလောက်ဆို ကိုက်ညီမှုရှိပါတယ်။ အဓိကကတော့ ရဟန်းကလည်း ဟောပြောဆုံးမပေးပြီး ရဟန်းလိုနေဖို့နဲ့ လူများကလည်း ဟောပြောဆုံးမသမျှကို လိုက်နာကျင့်သုံးပြီး လိုအပ်တာများ ထောက်ပံ့ပေးနေမယ်ဆိုရင် နည်းသည်များသည် ဤနှစ်လီအထူးမဟုတ်ပါ။ ဆရာဒကာလက်တွဲညီညီနဲ့တစ်ဦးကိုတစ်ဦး ရိုသေလေးစားကြပြီး မကောင်းမှုများမှရှောင်ကာ သာသနာကို ကမ္ဘာပြန့်အောင် လုပ်ဆောင်ပေးဖို့ပါပဲ။
windtalker
October 14, 2011 at 7:01 pm
ကျေးဇူးကြီးမားလှပါတယ် ဘုန်းဘုန်းဘုရား
အသိတရား အများကြီး တိုးပွားရကြောင်းပါ
သာဓုသာဓုသာဓု ပါဘုရား
နောင်လည်း ဂေဇက်တွင် အရှင်ဘုရား တရားတော်/ဆုံးမစာ/လမ်းညွှန်စာ များကို
ဖတ်ရှူပါ့မယ် ဘုရား
တပည့်တော်သည် ဂေဇက်တစ်ဆိုက်ထဲကိုသာ
သုံးသောကြောင့်ပါဘုရား