ထားရစ်ခဲတာလား ….ကျန်နေခဲ့တာလား
သူမဟာ
သူယောင်မယ်လို
တိတ်ဆိတ်တဲ့ခြေလှမ်းတစ်ချို့နဲ့
ညနေတစ်ခုကိုသယ်ဆောင်ပြိး
ငါ့အနားတိုးကပ်လာပေါ့…။
ဟိုး …အဝေးက
မီးခိုးခေါင်တိုင်လို
ရှည်မျောမျောအရိပ်တွေက
ငါချစ်တဲ့
ဒဏ်ရာဗလပွနဲ့…
ကမ္ဘမြေပေါ်မှာ
လဲလျောင်းအိပ်စက်ဖို့
ရွေ့ရှားနေကြ…။
အေးစက်မာကျောပြီး
ပြုံးရယ်ဖို့မေ့လျော့နေတဲ့
ငါ့နှုတ်ခမ်းတွေကို
နားလည်မှုလွဲမှားပြီး
စိတ်ကောက်နေတဲ့သူမကို
ချော့သိပ်ဖို့ မေ့လျော့နေပြန်တယ်..။
အဲဒိလိုအချိန်မျိုးမှာ
ရရာလက်မှတ်ယူပြီး
နိမ္ဗာန်သွားချင်တဲ့ခရီးသည်တွေ
တို့လို့တွဲလောင်းနဲ့ ရထားကိုခိုဆွဲပြီး
ငါ့ကိုထားရစ်ခဲ့ပြီး
ရထားသယ်ဆောင်ရာပါသွားကြ…။
တစ်ကယ်ပဲ နိမ္ဗာန် ရောက်သွားကြမလား?
အို…… မတွေးတော့ပါဘူး…။
ငါတို့ကတော့ တစ်ကယ်ကျန်ရစ်ခဲ့တာသေချာတယ်…။
နေဝန်းနီ
11 comments
ကြောင်ကြီး
October 14, 2011 at 10:53 am
သူယောင်မယ်
လူရှောင်တွယ်
ဖြူပြောင်ငယ်၊
ဘူကောင်ရယ်
ဆူထောင်တယ်
ကူပေါင်ကွယ်..။
windtalker
October 14, 2011 at 11:14 am
ထားခဲ့တာ က တော့ အကြွေးစာရင်း (ဘီလ်)
ကျန်ခဲ့တာ က တော့ သောက်ပြီးသား ပုလင်းခွံ တွေ ပါပဲ ဘိုဘိုနီ ရယ်
နွယ်ပင်
October 14, 2011 at 11:26 am
ထားရစ်ခဲ့သလိုလိုနဲ့ ကျန်နေခဲ့တာလားဆိုပြန်တော့လည်း မဟုတ်ပြန်ဘူးတဲ့ ….. 😛
Shwe Ei
October 14, 2011 at 11:45 am
မကျန်ခဲ့စေနဲ့ ကိုနီ မှီအောင်လိုက်။ ဒီခေတ်ကြီးထဲမှာကျန်ခဲ့ရတာ အောက်တယ်။
manawphyulay
October 14, 2011 at 12:02 pm
ကဲ ကျန်ရစ်ခဲ့တာ သေချာပြီဆိုရင်တော့… ကျန်ခဲ့မယ့်တူတူ မထူးပါဘူး။ ဆက်သောက်နေလိုက်ပေါ့။ နိဗ္ဗာန်ကိုမှ မမှီတော့တာနော်…. 😛
we R one
October 14, 2011 at 12:16 pm
ထားရစ်ခဲ့သူ မင်းတစ်ယောက်အတွက်ကွယ် ဆုတောင်းပေးမယ် မင်းဘဝလေး ကို….. 😀
thit min
October 14, 2011 at 7:00 pm
ငါတို့ကတော့ တစ်ကယ်ကျန်ရစ်ခဲ့တာသေချာတယ်…။ဆိုတော့
သူက အဖော်နဲ့ ကျန်ခဲ့ပုံပဲ။ “ငါတို့” တဲ့လေ။
naywoonni
October 14, 2011 at 8:08 pm
မောင်မင်း thit min မျက်စေ့ တော်တော် ကောင်းသေးတယ်…။ ဒါကိုတော်တော်များများက မမြင်ကြဘူး…။ တဏှာမင်ပြီး တမင်ချန်ခဲ့တာကို တွေ့သွားသေးတယ်…။ အဲဒါကိုပဲ ရထားနဲ့ပါသွားသူတွေကို
အဲဒိလိုအချိန်မျိုးမှာ
ရရာလက်မှတ်ယူပြီး
နိမ္ဗာန်သွားချင်တဲ့ခရီးသည်တွေ
တို့လို့တွဲလောင်းနဲ့ ရထားကိုခိုဆွဲပြီး
ငါ့ကိုထားရစ်ခဲ့ပြီး
ရထားသယ်ဆောင်ရာပါသွားကြ…။
တစ်ကယ်ပဲ နိမ္ဗာန် ရောက်သွားကြမလား?
လို့ ခနဲ့တဲ့တဲ့ ပြောထားတာလေ………။
MaMa
October 14, 2011 at 9:38 pm
အင်းးးး ကဗျာဆရာဖော်မှပဲ ကဗျာရဲ့ မြှုပ်ကွက်ကို မြင်တော့တယ်။ 🙂
နို့မို့ဆို (အိုင်ကျူမြင့်ပုံများ) အပြန်ပြန်ဖတ်ပြီး လည်နေတာ။ 🙁
etone
October 15, 2011 at 9:59 am
((( ဒဏ်ရာဗလပွနဲ့…
ကမ္ဘမြေပေါ်မှာ
လဲလျောင်းအိပ်စက်ဖို့
ရွေ့ရှားနေကြ…။ ))) ဆိုတာ ပေါ်လစီနဲ့ ငြိနေပါသတဲ့ အဘနီရေ … လမ်းတွေ ပေါက်တဲ့အကြောင်း သွယ်ဝှိုက်ပြီးရေးထားလို့ပါတဲ ့ 😀
char too lan
October 15, 2011 at 1:54 pm
ထားရစ်ခဲ့တာ မဟုတ်ပါဘူး
ကဗျာနှစ်ပိုဒ် နှစ်ခါ(တိတိ)မိုက်ပီး
မေ့လျော့လွန်းတတ်သူ တစ်ယောက်သာပဲ
ကျန်ရစ်ခဲ့ရတာပါ…………………………
လေးနီကဗျာကို မှီငြမ်းရွီးရွမ်းလိုက်တာ ခွင့်လွှတ်ပါဗျာ….. 🙂