“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (တောင်ပိုင်းလမ်းဆုံ မြို့အောင်ပန်း)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)”
(တောင်ပိုင်းလမ်းဆုံ မြို့အောင်ပန်း)
တောင်ကြီးကနေ အောင်ပန်းကို သွားမယ်ဆိုတော့ အရင်ဆုံးလိုင်းကားကိုစုံစမ်းရပါတယ်။
အောင်ပန်းကားက မနက် ဆယ့်တစ်နာရီခွဲမှာ စထွက်ပါသတဲ့၊
ကားဂိတ်ကတော့ ဈေးမြောက်ဘက်အဆုံးအနောက်ဖက်ဒေါင့်နားလေးမှာ ကင်းတဲလိုအဆောက်အဦလေးထဲကနေ လက်မှတ်ရောင်းပေးတာပါ။
အဲဒါနဲ့ လက်မှတ်ဖြတ်တော့ ဟိုင်းလတ်ကား ဘဲရှိတယ်။
ရှေ့ခန်းကတစ်ယောက်ရမယ်ဆိုတာနဲ့ဆယ့်တစ်နာရီခွဲထွက်မယ့်ကားလက်မှတ်ကိုဖြတ်လာခဲ့ပါတယ်။
မဒမ်ပေါက်ကရှေ့ခန်းကျနော်ကတော့နောက်ခန်းပေါ့။
အောင်ပန်းကနေ ကလောနဲ့လွိုင်ကော်ဘက်ကိုသွားပြီးမှတောင်ကြီးကိုတစ်ခေါက်ပြန်လာရမှာပါ။
ကားဂိတ်နဲ့တည်းခိုခန်းက မန်းလေးလိုဆိုရင် တစ်ပြကျော်ကျော်လောက်ဝေးပါတယ်။
နီးနီးလေးဆိုတော့လဲ ကားမငှားချင်။
တည်းခိုခန်းကကောင်လေးတွေက တွန်းလှည်းခေါ်ပေးပါတယ် ဈေးကတော့ 1500။
ဈေးနားနီးတော့ တွန်းလှည်းခေါ်ရတာအဆင်ပြေပါတယ်။
အဲဒါနဲ့အထုပ်အပိုးတွေလှည်းပေါ်တင် လူကလမ်းလျှောက် ကားဂိတ်ရောက်တော့ကျနော်တို့စီးရမယ့်ကားက
ဟိုင်းလတ်ကားအဖြုရောင်လေး။
ပစ္စည်းတွေကားပေါ်တင်မယ်လုပ်တော့ ကားဆရာနဲ့စပယ်ယာက ခဏလေးဆိုဘေးချထားတော့
သူများအိမ်အရိပ်အောက်မှာသွားခိုနေရပါတယ်။
အဲဒီနေ့မှ နေကလဲ အတော်လေးပူပါတယ်။
ရှေ့ခန်းထို်င်ရမယ့်လူက ပြဿနာမရှိပေမယ့် နောက်ကလိုက်မယ့်သူက ထိုင်စရာပူရပါတယ်။
ကားခေါင်မိုးပေါ်မှာလည်းပစ္စည်းကပြည့်ရုံတင်မက မောက်လျှံလို့နေပါတယ်။
ကားအောက်ခန်းတစ်ဝက်လောက်ကလဲ ပစ္စည်းအပြည့် ။
လွတ်နေတဲ့ထိုင်ခုံမှာလဲ နေရာလပ်မကျန်အောင်လူအပြည့်။
ကျနော်က ကားဆရာကို ကျနော်အတွက်နေရာချန်ထားနော်ဆိုတော့ မပူပါနဲ့ ဆိုတဲ့သဘောနဲ့ခေါင်းဆတ်ပြပါတယ်။
ဒါပေမယ့် ဆယ်နှစ်နာရီထိုးတာတောင်ကားက ပစ္စည်းတင်မပြီးသေး။
ကျနော်အထုပ်တွေကလဲ ဘာမှ မတင်ရသေး။လူထိုင်ဘို့ဆိုတာကတော့ ဝေလာဝေး။
စပယ်ယာလေးမှာလဲ ကားခေါင်မိုးပေါ်တက်လိုက် နေရာတွေပြင်ထားလိုက်နဲ့ နေပူကြီးထဲမှာချွေးတလုံးလုံး။
ကားထွက်မယ်လို့လုပ်တော့ အောက်မှာ ကျနော်အပါအဝင်ထို်င်စရာမရသေးတဲ့လူကနှစ်ယောက်။
အဲဒီမှာစပယ်ယာက နောက်မှထို်င်နေတဲ့ မိန်းမဝဝကြီးကိုနောက်ကားမှလိုက်လို့ပြောတော့ မိန်းမကြီးကလဲ
“ထိုင်ပြီးသားဖယ်မပေးနိုင်ဘူး နေ့တိုင်းနင်တို့နဲ့အသွားအပြန်လိုက်နေတာ လူကျပ်မှ မကြီးကျယ်နဲ့”လို့ဆိုပါတယ်။
သူ့ဘက်က နေကြည့်မယ်ဆိုရင်လဲ မှန်တာပါဘဲ။
အဲဒါနဲ့ကျနော်ပစ္စည်းတွေကို တင် ကားနောက်မြီးမှာ သံသေတ္တာတစ်လုံးချ “ဆရာကြီးလာ”ဆိုပြီးကျနော်ကိုနေရာပေးပါတယ်။
သံသေတ္တာကတော့ ကားပေါ်မှာသုံးပုံတစ်ပုံ ကျန်တဲ့တစ်ပုံကတော့လေထဲမှာ။
သေတ္တာပြုတ်မကျအောင်တော့ ကားနဲ့တွဲပြီး သံကြိုးနဲ့တုပ်၊လူပြုတ်မကျအောင်တော့ ကားခေါင်မိုးက ကြိုးကွင်းကိုလက်နဲ့ကိုင်ပေါ့။
အဲဒါနဲ့ကားထွက်မယ်လဲလုပ်ရော ကောင်လေး ၄ယောက်က ကျနော်တို့ဘယ်က လို်က်ရမှာလဲဆိုပြီး ရောက်လာပါတော့တယ်။
ကားဆရာက နည်းနည်းတော့ သည်းခံလို်က်ပါ ဟဲဟိုးရောက်ရင်လူချောင်မှာပါလို့ပြောပါတယ်။
ဒါနဲ့ဘဲ တစ်နာရီကျော်ကျော်လောက်မှာမှကားထွက်ပါတယ်။
ကျနော်ကတော့သံသေတ္တာပေါ်မှာ။
ကားပေါ်ပါသူအားလုံး ပူးပူးကပ်ကပ်တိုးတုုးိခွေ့ခွေ့ မရ ရအောင်ထို်င်။
နောက်တက်လာတဲ့ကျောင်းသားလေးယောက်ကတော့ ကားခြေတင်ခုံပေါ်မှာခြေထောက်တစ်ဖက်ရပ်။
ကျန်တဲ့ခြေထောက် တစ်ဖက်ကလေထဲ လက်က တော့ခေါင်မိုးက သံတန်းကိုဆွဲလို့လိုက်။
အဲလိုမှ မလိုက်ဘူးဆိုရင်လဲ လိုရာခရီးကိုမရောက်နိုင်ပါဘူး။
ကားထွက်တယ်ဆိုမှဘဲ လေအေးလေးရလို့ နေသာထိုင်သာရှိပေမယ့် အမိုးအကာမပါတော့ ခေါင်းပေါ်မှာတော့ နေရောင်ခပါတယ်။
ဒါပေမယ့်လဲ တောင်ကြီးမြို့ကထွက်လို့အဆင်းလမ်းရောက်တာနဲ့ သစ်ပင်တွေကလမ်းကိုအုပ်မိုးထားတော့ အရိပ်ရပါတယ်။
ကောင်လေးတွေက ခေါင်မိုးပေါ်တက်လိုက်မယ်လုပ်တော့ စပယ်ယာကောင်လေးက အေးသာယာကျော်မှတက်လို့ပြန်ဖြေပါတယ်။
ဆက်လာနေရင်း အေးသာယာမရောက်ခင်လမ်းခုလတ်မှာလူတစ်ယောက်က လက်ပြအတား ကားကလဲရပ်ပေးမယ်လို့အရှိန်လျှော့ရော ကားပေါ်ပါလာသူ အားလုံးက “မဆန့်တော့ ဘူး တော်လောက်ပြီ”လို့ မတိုင်ပင်ဘဲ ညီညီညာညာဝိုင်းအော်တော့စပယ်ယာလေးက လက်ခါပြပြီး ကားဆက်ထွက်ပါတော့တယ်။
အဲဒီအချိန်မှာမှ တစ်ကားလုံးက အားရဝမ်းသာနဲ့ ရီလိုက်ကြတာ ပျော်စရာကြီး။
တစ်ခါတစ်ရံမှာခက်ခဲပင်ပန်းပေမယ့်လဲ အခက်အခဲထဲကနေ စိတ်ချမ်းသာစရာကို ရအောင်ရှာနိုင်တာ
စိတ်သက်သာရ ရတယ်လို့ ထင်မိပါတယ်။
ဒါနဲ့ဘဲကားသေးသေးလေးထဲမှာပြည့်ကျပ်ညှပ်နေပေမယ့် မတ်တပ်ရပ်နေတဲ့ကျောင်းသားတွေရဲ့အိတ်တွေကို ယူပေးထားတဲ့သူကယူ၊
ခြေထောက်တစ်ဖက်ထဲတင်ထားရတဲ့သူကို နောက်တစ်ဖက်ထပ်တင်လို့ရအောင် နေရာကျုံ့ပေးသူကကျုံ့ပေး၊
မလိုက်ရမှာစိုးလို့ စပယ်ယာကို ရန်တွေ့ခဲ့တဲ့ မိန်းမဝဝကြီးကလဲနောက်ကကျောင်းသားလေးတွေကို “ဖိုးသားတို့ရလား”
လို့မေးပြီး ထပ်ကျုံ့လို့မရလောက်တဲ့နေရာလေးကို တောင် ရသလောက်ထပ်ကျုံ့ပေးပါတယ်။
ထိုင်တာကြာလာလို့ညောင်းလောက်ပြီထင်ရင် “နေသာလား ရလား”ဆိုပြီးအနေအထားပြောင်းရအောင် ခြေထောက်
ဆန့်လို့ရအောင်နေရာပြင်ပေးလို့ပေးနဲ့တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကြတာ ချစ်စရာကောင်းလှတဲ့ နယ်သူနယ်သားတွေရဲ့စိတ်ဓါတ်လို့ထင်ပါတယ်။
ပြောပုံဆိုပေါက် မျက်နှာကျအနေအထားကြည့်ရတာ အဝေးကလူမြေပြန့်သားဆိုလို့ ကျနော်တစ်ယောက်ဘဲပါမယ်ထင်ပါတယ်။
ကျနော့်ဘေးနားထိုင်တဲ့ကလေးမလေးတွေကလဲ “လေးလေးရလား” ဆိုပြီး အားနာစရာကောင်းလောက်အောင်မေးပါတယ်။
ဒါနဲ့ဘဲကားလေးက တရိပ်ရိပ်နဲ့ပြေးနေရင်းက အေးသာယာလဲရောက်ရော နောက်တွယ်နေတဲ့ကလေးနှစ်ယောက်က ခေါင်မိုးပေါ်တက်သွားပါတယ်။
ကျနော်ကားနောက်ကထိုင်လိုက်လာတော့ တောင်တန်းနောက်ခံကြားကမြေပြန့်လွင်ပြင်လိုလှပတဲ့နေရာတွေ၊
စပါးခင်းတွေ ၊ ပြာလွင်တဲ့ကောင်းကင်ကြီးရဲ့နောက်ခံနဲ့ ဖြူလွလွတိမ်တွေ၊
တောင်ကမ္ဘားယံတွေမြင်ရတော့ဓါတ်ပုံရိုက်ချင်တာမှလက်ကိုယားနေတာပါဘဲ။
ဒါပေမယ့် ရိုက်ခွင့်မသာပါဘူး။
မတော်လို့ကားဆောင့်ရင် ပြုတ်ကျသွားမှာစိုးလို့ပါ။
သိပ်မကြာခင် ရွှေညောင် ရောက်တော့လူတစ်ယောက်ဆင်းတဲ့အချိန်မှာ ဓါတ်ပုံတစ်ပုံတော့ အမိအရရိုက်လိုက်ပါသေးတယ်။
အဲဒီကနေဆက်သွားညောင်ရွှေရောက်တော့ အိမ်တစ်အိမ်ကို ဝင်ပြီးပဲအိတ်တွေချပါတယ်။
အဲဒီမှာကားလဲခဏနားရော နောက်ကလိုက်လာတဲ့ကျောင်းသားလေးတွေက ခေါင်မိုးပေါ်တွယ်တိုက်သွားကြပါတယ်။
အဲတော့ကားပေါ်မှာခြေဆန့်လက်ဆန့်လုပ်လို့တော့ရသွားပါတယ်။
လမ်းမှာတော့ ဆင်းသူတက်သူကအဆက်မပြတ်တော့ကားကတော့ လူချောင်သွားလိုက် ကျပ်သွားလိုက်နဲ့
လမ်းပေါ်မှာ တရိပ်ရိပ်ပြေုးလို့ ခရီးတွေဆက်နေပါတယ်။
လူချောင်သွားတဲ့အခါကြပြန်တော့ ကားရှေ့ခန်းက ပစ္စည်းတွေကပြုတ်ပြုတ်ကျလာတော့ဝို်င်းထိန်းကြ။
အလုပ်တွေကို ဖြစ်လို့ပါဘဲ။
အတော်လေးကြာကြာမောင်းပြီးတဲ့အခါ ဟဲဟိုး မြို့ထဲကိုဝင်လာပါတယ်။
ဟဲဟိုးမြို့ထဲရောက်လို့ တစ်နေရာမှာ ဈေးတန်းကြီးတွေ့ရပါတယ်။
ဈေးပွဲတော်လုပ်နေတယ်ဆိုတဲ့နေရာက ကားလမ်းမ အနောက်ဘက်ခြမ်းမှာပါ။
အဲဒီမှာကားပေါ်ကလူအတော်များများကလဲ ကားဆရာပြောတဲ့အတိုင်းဆင်းကြပါတယ်။
ပစ္စည်းတွေလဲအတော်များများ ချလိုက်တော့ ကားကလူအတော်လေးချောင်သွားပါတယ်။
ခေါင်မိုးပေါ်က ကျောင်းသားလေးယောက်ရယ် ရှေ့ခန်းက 2ယောက်ရယ် နောက်ခန်းက ကျနော်အပါအဝင်ငါးယောက်ဘဲ
အောင်ပန်းခရီးဆုံးထိလိုက်မယ့်သူပါလာပါတယ်။
ဝန်ပေ့ါသွားတဲ့ကားလေးက ခပ်သွက်သွက်။
လူစုစုရှိရင် ဝင်ရပ်၊လိုက်မယ်ဆို်ခေါ်တင်နဲ့ခရီးဆက်ခဲ့ပါတယ်။
လမ်းတစ်နေရာရောက်တော့ ပန်းစီးတွေတစ်ပွေ့တစ်ပိုက်နဲ့ တိုင်းရင်းသူနှစ်ယောက်တက်လာပါတယ်။
သူတို့က ကားနောက်မြီးကလိုက်ရတော့ ကျနော့်ဘေးက ကလေးမလေးက သူတို့ပန်းစီးတွေကို ကိုင်ပေးထားပါတယ်။
ညီအမဖြစ်ပုံရပါတယ် ရုပ်ကအတော်လေးဆင်ပါတယ်။
အသားက ညိုညို သူတို့နှစ်ယောက်ကတော့ အပြန်အလှန်စကားတွေပြောလိုက်ရီလိုက်။
သူတို့ပြောတဲ့ဘာသာစကားကို ကိုယ်လဲမသိတော့ ဘာတွေသဘောကျနေသလဲဆိုတာတော့ ကျနော်လဲမသိ။
ခဏနေတော့ သူတို့ နှစ်ယောက်ဆင်းသွား။
ကားခပေးတော့ ပလပ်စတစ်အိတ်နဲ့ထည့်ထားတဲ့ နှစ်ရာတန်နှစ်ရွက်။
နောက်ပန်းစီးကြီးထဲက အခက်တစ်ချို့ကိုခွဲ တလမ်းလုံးကိုင်ပေးထားတဲ့ ကလေးမလေးကို
“ ဘုရားတင်ဘို့ “ဆိုပြီး အသံဝဲဝဲလေးနဲ့ပြောပြီးပေးသွားပါတယ်။
ဒီမြင်ကွင်းကိုမြင်ရတော့ စိတ်ထဲမှာအလိုလို ကြည်နူးမိပါတယ်။
စပယ်ယာလက်ထဲမှာကိုင်ထားတဲ့ အဖာတစ်ရာနဲ့ပိုက်ဆံတွေကို မြင်တော့
100တန် 200တန်ငွေစက္ကူအသစ်တွေကိုလဲပေးတယ်ဆိုပေမယ့်လဲသွားရေးလာရေးလွယ်ကူတဲ့မြို့ပြမှာသာ
အဆင်ပြေပေမယ့် အခုလို နယ်မှာတော့ ပလတ်စတစ်အိပ်နဲ့ထဲ့ထားတဲ့ငွေစက္ကူတွေကို သုံးနေရတုံးပါဘဲ။
ကားကအောင်ပန်း အောက်ဈေးအဝင်ဝနားမှာရပ်မယ်ပြောပါတယ်။
အောင်ပန်းကမိ်တ်ဆွေတွေကို ဘယ်မှာတည်းရင်ကောင်းမလဲမေးတော့ ရူ့ခင်းသာမှာတည်းလို့ပြောကြတာနဲ့
စပယ်ယာလေးကို တည်းခိုးခန်းရှေ့ရောက်အောင်ပို့ပေးပါလို့ မှာရပါတယ်။
နောက်အောင်ပန်းမြို့မှကြိုဆိုပါ၏ဆိုတာလေးကို ကျော်လာခဲ့၊
လမ်းအရှေ့ဘက်မှာ ဗိုလ်ဗထူး အထိမ်းအမှတ်ကျောက်တိုင်လေးအလွန်ရောက်ရော ကမ္ဘောဇဘဏ် ကိုမြင်ရ။
ခဏနေတော့ လမ်းဆုံလမ်းခွရောက်တဲ့အခါ လမ်းညွန်ဆိုင်းဘုတ်ကလေးကိုမြင်ရတော့မှ
ရှမ်းပြည်တောင်ပိုင်းမှာ ဘယ်နေရာကိုသွားသွားရောက်တဲ့လမ်းဆုံမြို့ဟာ “အောင်ပန်း”မြို့ဆိုတာသိလိုက်ရပါတယ်။
ခဏနေတော့ ကားလေးက ထိုးရပ်လိုက်ချိန်မှာတော့ စပယ်ယာလေးက အပြေးဆင်းလာ ကျနော်အထုပ်အပိုးတွေဝို်င်းချ
ကားကလေးက ပြန်အထွက်မှာတော့ ခေါင်မိုးပေါ်မှာလို်က်လာတဲ့ကျောင်းသားလေးတွေနဲ့အပြန်အလှန်လက်ပြလို့နုတ်ဆက်။
ကျနော်တည်းမယ့် ဟိုတယ်က ဝန်ထမ်းလေးတွေက ပြေးထွက်လာ ဒီတစ်ခါတော့ အခန်းကြိုတင်လို့ယူထားတာကြောင့်
အေးအေးဆေးဆေးနဲ့ တည်းမယ့် အခန်းကိုဝင်ခဲ့ပါတယ်။
အောင်ပန်းရောက်တဲ့ညမှာတော့ မိတ်ဆွေတွေကို ရောက်ကြောင်းလှမ်းသတင်းပို့တော့ သူတို့ကလဲ ဈေးသိမ်းချိန်ရောက်ရင်
တည်းခိုးခန်းကိုလာခဲ့မယ်လို့ပြောပါတယ်။
အဲဒါနဲ့ရေမိုးချိုးပြီး ခဏနားလို့ အညောင်းဖြေရပါတယ်။
ကျနော်တည်းရတဲ့အခန်းလေးက တောင်ဘက်အစွန်ဆုံး။
အနောက်ဘက်လှည့် အပြင်ဘက်မှ ဝရန်တာလေးတစ်ခုပါတော့ မြို့အလှကို ကြည့်လု့ိရပါတယ်။
တူသလိုလိုပေမယ့် မတူတဲ့တိမ်
နာရီကိုကြည့်မိတော့ ညနေသုံးနာရီခွဲ မိတ်ဆွေတွေနဲ့ချိန်းထားတာက အတော်စောနေပါသေးတယ်။
အဲဒါနဲ့ရေမိုးချိုးပြီး လက်ဖက်ရည်သောက်ရင်းလမ်းလျှောက်ထွက်ခဲ့ပါတယ်။
ကျနော်တည်းတဲ့နေရာက မြောက်ဘက်လမ်းအတိုင်းသွားမယ်ဆိုရင် ရပ်စောက် နဲ့ပင်းတယ၊
တောင်ဘက်ကတော့ ဟဲဟိုး ညောင်ရွှေ တောင်ကြီး။
အရှေ့တက်ရင်တော့ ဈေး အနောက်ဘက်တည့်တည့်ကတော့ ကလော နဲ့လွိုင်ကော်ကိုသွားတဲ့လမ်းမ။
အဲတော့ အပျင်းပြေလမ်းလျှောက်ရင်း အမှတ်တရပုံလေးတွေကိုလက်ဆော့။
နောက်ညနေခင်းရဲ့ မိုးမှောင်မှောင် တိမ်တွေရဲ့ပန်းချီကိုငေးမောနေမိပါတယ်။
အိမ်တွေဆီကိုဆင်းတဲ့လမ်းကလေး အောင်ပန်းမြို့ တောင်ဘက်ခြမ်းမှာပါ
ညနေခင်းရဲ့တိမ်ပန်းချီ မူံရီရီနဲ့လွမ်းမောစရာ
တကယ်ကိုလှပသော အေးချမ်းသော မြို့ကလေးမှာ အိပ်စက်ခွင့်ရတာကတော့ ဘဝရဲ့ စေညွှန်ရာလို့ဘဲအောင့်မေ့ရင်း
ပင်ပန်းသမျှကို အတိုးချလို့အိပ်စက်…………………………………
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(13-10-2011)
ဆက်လက်ဖော်ပြပါမည်။
12 comments
kanjosan
October 15, 2011 at 9:00 am
အားကျတယ် ကိုပေါက်ကြီးကို.. အောင်ပန်းရော ကလောရော သွားပြီး အေးအေးဆေးဆေး အနားယူခြင်တယ်..
ပေါက်ဖော်
October 15, 2011 at 11:18 am
လေးပေါက်..ခရီးသွားချက်ကတော့….
ခရီးသွား လမ်းညွှန် တစ်အုပ်တောင်..ထုတ်လို ့ရပြီထင်တယ်..
😀
ကိုပေါက်(မန္တလေး)
October 15, 2011 at 11:59 am
မြန်မာပြည်ထဲမှာ ကျနော်မရောက်ဘူးတဲ့နေရာတွေအများကြီးရှိပါသေးတယ်။
အလောင်းတော်ကဿပ၊မြစ်ဆုံ၊ချင်းပြည်နယ်၊မြန်မာပြည်အောက်ပိုင်းဆိုရန်ကုန်ကလွဲလို့ မရောက်ဘူးသေးဘူးလေ။
မသေခင်သွားခွင့်ရောက်ခွင့်ကြုံချင်ပါသေးသဗျာ။
windtalker
October 15, 2011 at 12:17 pm
ကောက်ပို ရေ
ပုံတွေ က ကြည့်ရတာ အရမ်းကောင်းတာပဲ ဗျာ
စိတ်တောင် ပူလာတယ်
ဂျီးလက်စ် အဲလေ နာမည်မေ့နေတယ်ဗျာ
ဟို ဘလိတ်ဓါး/ဘရိတ်ဓါး နဲ ့
တွေ ့နေမှာ စိုးတယ်
ဟီဟိ
“ဘီလူးကြီး”ogre
October 15, 2011 at 12:58 pm
ကိုပေါက်လို လျှောက်သွားရိုက်စရာရှိတာ တွေ့ရင်ရိုက်
ပျော်စရာကြီး …….
ကျုပ်တော့ဖုန်းတစ်လုံးနဲ့ လိုက်လိုက် ရိုက်ရတာ မလွယ်ဘူး
အရေးဟေ့ဆို ပုံကဝါးတားတားတွေပဲရလို့ သိပ်စိတ်ညစ်ရတာ
(၁၀) သိန်းတန်ကင်မရာမြန်မြန် ဝယ်နိုင်ရပါလို၏ဘုရား..။။။
Yin Nyine Nway
October 15, 2011 at 3:14 pm
ကဲ….တောင်တဲ့ဆုနဲ့ပြည့်စေ.. ဘီလူးကြီးရေ…
hmee
October 15, 2011 at 3:29 pm
လေးပေါက်ကို မနာလိုတောင် ဖြစ်လာပြီ။ လေးပေါက် ထိုင်လိုက်ရတယ် ဆိုတဲ့ နေရာကို ကြည့်ပြီး သတ္တိမခေတဲ့ သူမှန်း သိသွားပါတယ်။ 🙂
captainamerica
October 15, 2011 at 4:18 pm
ကိုပေါက်ရေ ချင်းပြည်နယ်ကပုံလေးတွေတင်ပေးမယ်။ဟိုတစ်နေ.ကမှဟားခါး
ကပြန်ရောက်လာတာ 🙂 ကိုပေါက်သာရောက်ဖြစ်လို.ကတော့အကြိုက်ပေါ့
ရှူခင်းတွေလှချက်ကတော့ပြောမနေနဲ.တော့ တကယ်သဘာဝစစ်စစ်ပဲ
မြန်မာပြည်မှာသဘာဝစစ်စစ်အတိုင်းကျန်တာဆိုလို.ချင်းပြည်တစ်ခု
ပဲရှိတော့မယ်လို.ထင်တယ်
we R one
October 15, 2011 at 4:32 pm
ဓါတ်ပုံရိုက်ဖို့ သက်သက် ခရီးထွက်ထားလားရှင့်..။ နဂိုကတည်းက မှ ရှမ်းပြည်ကို သွားလည်ချင်နေပါတယ်ဆိုမှာ သူ့ Post ကိုဖတ်ပြီးမှာ ရောဂါ က ပိုဆိုးလာပြီ..။
ဘယ်လိုပဲဖြစ်ဖြစ် ကိုပေါက်ကို အားကျတာတော့ တကယ်ကြီး..
ကိုပေါက်(မန္တလေး)
October 15, 2011 at 5:29 pm
ဟုတ်ဘူးဗျ ကျနော်ကအလုပ်ကိစ္စနဲ့သွားရင်းလက်ဆော့တာလေ။
blackchaw
October 15, 2011 at 5:36 pm
ကိုပေါက်ရေ။
ကျွန်တော်လည်း ဝင်အားပေးသွားတယ်နော်။
ကျွန်တော်တင်ထားတဲ့ ပုံလေးတွေလည်း ကိုပေါက် ဝေဖန်ပေးပါဦး။
လေးလေးစားစား တောင်းဆိုပါတယ် ကိုပေါက်ရေ။
ကိုပေါက်(မန္တလေး)
October 15, 2011 at 10:41 pm
ဘလောချက်ရေ
ကြည့်လဲကြည့် မန်းလဲမန်းပြီပါပြီကွာ။။