“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (လမ်းဆုံအောင်ပန်း)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)”
(လမ်းဆုံအောင်ပန်း)
နောက်နေ့မနက်အိမ်ယာနိုးတော့ မနက်ငါးနာရီခွဲ။
မန်းလေးမှာဒီအချိန်ဆို ကန်ပါတ်လမ်းမှာ လမ်းလျှောက်နေကြအချိန်။
အဲဒါနဲ့မျက်နှာသစ် ကောင်တာမှာအိပ်နေတဲ့ကလေးကို နှိူးလို့ တံခါးဖွင့်ခိုင်းပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။
အရုဏ်တက်အလင်းရောင်ထွက်ခါစ ကောင်ကင်က အပြာရောင်နုနုလေးဖုံးလွှမ်းလို့နေပါတယ်။
မနေ့ညက မိတ်ဆွေတွေနဲ့ထမင်းစားသွားခဲ့ကြတဲ့ ဆိုင်လေးရှိတဲ့မြို့မြောက်ဘက်ကိုလျှောက်လာခဲ့ပါတယ်။
လမ်းအရှေ့ဘက်က အမြင့် လမ်းအနောက်ဘက်ကတော့ မြေနိမ့်။
သူ့အောက်ဘက်ချိုင့်ဝှမ်းထဲမှာတော့ အိမ်ကလေးတွေအစီအရီ။
ဆိုင်လေးတွေအိမ်လေးတွေကတော့ တံခါးပိတ်လို့ အိပ်မောကျလို့ကောင်းဆဲ။
လမ်းပေါ်မှာတော့ ကျနော်လို့လမ်းလျှောက်သူတစ်ယောက်စ နှစ်ယောက်စ၊
ကျနော်သိပ်ကြောက်တဲ့ ခွေးတွေကလည်း လမ်းပေါ်မှာဟိုနားတစ်ကောင်ဒီနားတစ်ကောင်။
ခပ်တည်တည်နဲ့လမ်းလျှောက်တော့သူလဲသူ့လမ်းသူသွားကို်ယ်လဲကိုယ့်လမ်းကိုယ်သွား။
လမ်းမှာတွေ့ရတဲ့ လှတယ်လို့ထင်ရတဲ့အိမ်လေးတွေကို ဓါတ်ပုံရိုက်။
ဒါနဲ့ဘဲညကထမင်းစားခဲ့တဲ့ဆိုင်နားရောက်တော့ ပြန်ကွေ့လို့မြို့တောင်ဘက်ကို ပြန်လျှောက်လာခဲ့ပါတယ်။
မြို့တောင်ဘက်ခပ်ဝေးဝေးမှာတော့ တောင်ကုန်းပေါ်မှာစေတီတစ်ဆူကိုဖူးမြင်ရပါတယ်။
နည်းနည်းလေးသွားလိုက်တော့ ဈေးဆိုင်တန်းလေး။
သူကတော့ ကားတွေထမင်းစားနားတတ်တဲ့ချယ်ရီမြိုင်ထမင်းဆိုင်နဲ့အတူတွဲလို့ရှိနေတဲ့
အောင်ပန်းမြို့ထွက်လက်ဆောင်ပစ္စည်းတွေရောင်းတဲ့နေရာလေးပါဘဲ။
အဲဒီနေရာရောက်တော့ ဆက်မသွားဘဲပြန်လှည့်လာခဲ့ပါတယ်။
လမ်းမှာ ရထားသံလမ်းလေးကိုတွေ့တော့ သံလမ်းအတိုင်းအနောက်ဘက်ကိုဝင်သွားလိုက်တော့
ရေစီးသန်တဲ့ချောင်းလေးကိုတွေ့ရပါတယ် ရေနီနီတွေစီးလို့ပေါ့။
တော်တော်လေးဝင်သွားမယ်ဆိုရင်တော့ စိမ်းစိုတဲ့ အပင်လေးတွေနဲ့ဖွဲ့တည်ထားတဲ့ မြင်ကွင်းကျယ်ကြီးကို တွေ့ရပါတယ်။
အဲဒီကနေဆက်လျှောက်လာလိုက်တာ ဟိုးအဝေးက အိမ်တွေဘက်ကိုသွားတဲ့မြေနီလမ်းလေးပေါ်မှာလွယ်အိတ်လွယ်ထားတဲ့
ကျောင်းသားလေးတစ်ယောက်။
သူ့ဘေးတစ်ဖက်တစ်ချက်မှာတော့ အစိမ်းအနုအရင့်ရောနေတဲ့ အပင်လေးတွေက မျက်စေ့အေးစရာ။
အပြန်လမ်းမှာတော့ လမ်းအနောက်က်ဘေးမှာ ခေါက်ဆွဲဆို်င်လေးတွေ့တာနဲ့အဆာပြေဝင်စား။
အသားနဲ့မှတစ်ပွဲငါးရာ စားရတာ တန်ပါတယ်။
နောက်တော့ပြန်လာရေမိုးချိုးပြီး ဈေးဘက်သွားဘို့ပြင်ရပါတယ်။
အောင်ပန်းမှာအထက်ဈေးနဲ့အောက်ဈေးဆိုတာရှိပါတယ်။
အထက်ဈေးကတော့ ကျနော်တည်းတဲ့တည်းခိုခန်းရဲ့ အရှေ့ဘက်တောင်ကုန်းပေါ်မှာ။
ကျနော်တည်းတဲ့နေရာကနေ တောင်ဘက်နည်းနည်းသွား တောင်ကုန်းလေးပေါ်တက်သွားရင်
အထက်ဈေးကိုရောက်သွားတာပါ။
ဈေးသွားတဲ့အတက်လမ်းလေးမှာ ဂျာနယ်ဆိုင်၊လက်ဖက်ရည်ဆိုင်၊ အလှပြင်ဆိုင် စတဲ့
ဆိုင်ကလေးတွေက တန်းစီလို့နေပါတယ်။
ဈေးကတော့ စည်ကားပါတယ်။
ဈေးနေ့ဆိုရင် အရောင်းအဝယ်ပိုကောင်းပါသတဲ့။
အဲဒီနေ့မျုးိဆိုရင် ရှမ်းပအို့ဝ်တောင်သူ တိုင်းရင်းသားပေါင်းစုံကို တွေ့နိုင်ပါသတဲ့။
ကျနော်ကတော့ ဈေးနေ့နဲ့မကြုံတော့ တိုင်းရင်းသားပေါင်းစုံကို မြင်နို်င်ဘို့အခွင့်အရေးနဲ့တော့ လွဲခဲ့ပါတယ်။
အဲဒါနဲ့ဈေးထဲမှာမိတ်ဆွေဆိုင်တွေကိုသွား သူတို့အတွက်မန်းလေးလက်ဆောင်မုန့်တွေပေးအလုပ်ကိစ္စတွေပြော
လက်ဖက်ရည်သောက်ပြီး တော့ပြန်လာခဲ့ပါတယ်။
ဈေးထဲမှာပေါ်ဦးပေါ်ဖျားလိမ္မော်သီးတွေလဲတွေ့ခဲ့ရပါတယ်။
မက်မန်းသီးအလုံးကြီးတွေ စပျစ်သီးအလုံးကြီးတွေကိုခင်းကျင်းထားတာစားချင်စရာ။
ဈေးတစ်နေရာရောက်တော့ ရှမ်းပြောင်းဖူးတွေပြုတ်ထားတာ တစ်ဖူးမှတစ်ရာ ၊
ဝယ်စားကြည့်တော့ လဲ စေးစေးပိုင်ပိုင်နဲ့တကယ့်ကိုချိုလှပါတယ်။
ကျနော်အမည်မသိတဲ့ပန်းလှလှတွေ သစ်ခွပန်းတွေကို ဒေစီပန်းတွေကို ခင်းလို့ရောင်းနေတာတွေ့ရပေမယ့်
သူတို့ ကိုဓါတ်ပုံရို်က်တာကြိုက်မကြိုက်မသိတော့ လက်မဆော့ခဲ့ရပါဘူး။
အထက်ဈေးကပြန်လာပြီးတော့ လမ်းဒေါင့်မှာရှိနေတဲ့ “ မီခိုင်”ဆိုတဲ့တရုပ်ထမင်းဆိုင်လေးမှာထမင်းဝင်စားဖြစ်ပါတယ်။
ဈေးလဲသင့်တင့် သလို ဟင်းချက်ကလဲကောင်းပါတယ်။
ဒီတရုပ်ဆိုင်နဲ့မျက်နှာခြင်းဆိုင်မှာတော့ မြန်မာထမင်းဆိုင်လေးရှိပါတယ်။
စားမယ်လို့ကြည့်လိုက်တိုင်း အမြဲလူပြည့်နေတာကြောင့် တစ်ခါမှမစားဖြစ်ဘဲ တရုပ်ထမင်ဆို်င်နဲ့သာနှစ်ပါးသွားခဲ့ရပါတယ်။
သွားမယ်ဆိုလဲ စီးစရာ ယာဉ်မရှိတော့ ဝေးဝေးလံလံ မသွားခဲ့နိုင်ပါဘူး။
နေ့လည်ထမင်းစားပြီးတော့ဈေးလေးကို သွားဘို့ စီစဉ်ရပါတယ်။
အောင်ပန်းလမ်းဆုံလမ်းညွှန်ဆိုင်းဘုတ်ဘေးမှာ ဆိုင်ကယ်ကယ်ရီတွေမှတန်းစီနေပါတယ်။
နီး500 ဝေး 1000 ၊အသွားအပြန်နဲ့စောင့်ရမယ်ဆိုရင် တော့ ညှိနိူင်းဈေးပေါ့။
ကျနော့်တည်းခိုခန်းနဲ့မျက်နှာချင်းဆိုင်တိုက်ဘေးမှာ ကွမ်းယာဆိုင်နဲ့ ဘိလိယက်ခုံလေးရှိပါတယ်။
အဲဒီနေရာမှာလဲ ဆိုင်ကယ်ကယ်ရီကောင်လေးတွေရှိပါတယ်။
ကျနော်အပြင်ထွက်လာတော ့ ဝဝကောင်လေးတစ်ယောက် “ကယ်ရီလား”လို့မေးရင်းလက်လှမ်းပြ
တော့ ကျနော်ခေါင်းညိတ်ပြပြီး သူကို့အောက်ဈေးလိုက်ပို့ခိုင်းရပါတော့တယ်။
အသွားအပြန်ငှားလို်က်တာပါ။
အောက်ဈေးကတော့ လမ်းညွှန်ဆိုင်းဘုတ်လေးရှိတဲ့နေရာကနေ အနောက်ဘက်ကိုဆင်းသွား
(ကလောဘက်သွားတဲ့လမ်းကလေးပါ)
ဘောလုံးကွင်းလေးတွေ့ရင် သူ့ဘေးကလမ်းလေးအတိုင်းအနောက်ထဲဝင်သွား။
(ကျနော်ရောက်တုန်းက အဲဒီဘောလုံးကွင်းလေးထဲမှာ ဈေးရောင်းပွဲတော်ကျင်းပနေပါတယ်။
ညညဆို သွားကြလာကြနဲ့စည်ကားပါတယ်။)
အဲဒီလမ်းကလေးနဲ့ တည့်တည့်တွေ့ရတာက “အောင်ပန်းဘူတာ”။
သူ့ဘေးဘက်ကနေကွေ့ဝင်သွားရင် အောက်ဈေးကိုရောက်ပါတယ်။
အောက်ဈေးကို စီးမိုးလို့ကြည့်နေတာကတော့ “လွယ်မယ်တောင်”
မနက်က ကျနော်လမ်းလျောက်ရင်းမြင်ခဲ့ရတဲ့စေတီကလေးက ဒီတောင်ပေါ်မှာရှိပါတယ်။
ဈေးထဲမှာလဲမိတ်ဆွေတွေဆိုင်ကို ကယ်ရီကောင်လေး အကူအညီနဲ့ ဟိုမေးဒီမေးနဲ့လိုက်ရှာရပါတယ်။
တကယ်ပြောရရင် ကျနော်မိတ်ဆွေတွေကို ဖုန်းနဲ့သာအမြဲပြောနေတယ် လူချင်းကတော့ ခုမှတွေ့ဘူးတာပါ။
သူတို့နဲ့စကားပြောကြတာကတော့ တစ်နာရီကျော်ကျော်လောက်ကြာပါတယ်။
ကယ်ရီကောင်လေးကတော့ ကွမ်းယာဆိုင်လေးနံဘေးမှာ အေးအေးဆေးဆေးထိုင်စောင့်နေပါတယ်။
ကျနော်ဈေးထဲကထွက်လာတာမြင်တော့ “လေးလေးဘယ်သွားချင်သေးလဲ”မေးတော့
ကျနော်က”မြို့အပေါ်စီးကမြင်ရတဲ့နေရာကနေဓါတ်ပုံရိုက်ချင်တယ်”လို့ပြောတော့ဈေးကိုစီးမိုးထားတဲ့
တောင်ကုန်းလေးကိုလက်ညိုးထိုးပြပြီး အဲဒီတောင်ပေါ်လိုက်ပို့ပေးမယ်ဆိုလို့ဆိုင်ကယ်ပေါ်တက်လိုက်ရပါတယ်။
တောင်တက်လမ်းမှာတော့ ရေစီးကြောင်းလေးကနေရေတွေဆင်းနေပါတယ်။
ဟိုတစ်ရက်က မိုးတွေအရမ်းများပါသတဲ့။
အဲဒီလွယ်မယ်တောင်ပေါ်က ဆင်းလာတဲ့ရေတွေကြောင့်အောက်ဈေးကလေးကိုရေလွှမ်းသွားပါသတဲ့။
ခလေးပေါ်က်စနဲ့မိခင်တစ်ယောက် ရေစီးသန်တဲ့ရေစီးချောင်းလေးကို ကူးရင်းမှောက်ရက်လဲအကျ ကလေးကရေစီးထဲ
ပါသွားပါသတဲ့။ဒါကတော့ ဈေးထဲမှာပြောသံကြားခဲ့ရတဲ့အရပ်သတင်းလေးပါ ကောင်လေးကပြန်ပြောလို့ ကျနော်လဲသိရတာပါ။
တောင်ကတော့မြေလမ်း သိပ်တော့ မမတ်ပါဘူး။
စကားတစ်ပြောပြောနဲ့တက်သွားကြပါတယ်။
လမ်းတဝက်လောက်မှာညောင်ပင်ကြီးတစ်ပင်နဲ့ နတ်ကွန်းတစ်ခု၊
ဆက်တက်တော့ တောင်တက်လမ်းက ကွန်ကရစ်လမ်း အတက်လမ်းကမတ်စောက်စောက်၊
တစ်ဝက်လောက်ရောက်တော့ လီဗာအကုန်ဟဲပေမယ့် မီးသံတွေသာပေးလာတယ်ဆိုင်ကယ်က မတက်။
ဒါနဲ့ကျနော်က အောက်ဆင်းပြီး ခြေလျှင်တက်လိုက်ပါတယ်။
တောင်ပေါ်ရောက်တော့ မြင်ရတဲ့စေတီကသုံးဆူ။
ဟိုးအဝေးမှာမြင်ရတဲ့မြင်ကွင်းက ပန်းလာသမျှအမောပြေစေပါတယ်။
စောင်းတန်းလေးအောက်မှာ စိမ်းနုရောင်စပါးခင်း၊
အဝေးမှာ အပြာရောင်မိုးကောင်းကင်နဲ့ အဖြူရောင်တိမ်တို်က်၊
အိမ်တွေကတောင်ကုန်းအောက်ချိုင့်ထဲမှာ။
ဟိုးအဝေးမှာလွင်ပြင်ကျယ် မျက်စေ့တဆုံးမြင်နေရာတော့ ကိုယ့်စိတ်တွေတောင် အဝေးလွင့်သွားသလိုပါဘဲ။
အရှေ့ဖက်ကိုငေးမောကြည်ပတော့ အိမ်ကလေးတွေက နေရာအနှံ့။
တောင်ပေါ်ကနေလှမ်းပြီး လေးမျက်နှာလုံးရူ့မဆုံးနိုင်အောင် ကြည့်လေလှလေပါဘဲ။
ပိုနီးတဲ့ အောက်ခြေက မြို့မြင်ကွင်းလေးပေါ့။
စိမ်းစိုနေတဲ့လယ်ကွင်းတွေ အဝေးမှာရှိနေတဲ့အိမ်လေးတွေ
ပြာလွင်နေတဲ့ကောင်းကင်ကြီးရဲ့ ရူ့မဆုံးတဲ့ မြင်ကွင်းကို မြင်ရတာ ကျနော်စိတ်ထဲမှာအပူမှန်သမျှခဏတော့ကင်းစင်လို့ အေးချမ်းသွားသလိုပါဘဲ။
ိစိမ်းလန်းငြိမ်းချမ်းသော ကွင်းပြင်လေးကိုမြင်ရတာ အေးချမ်းလှပါတယ်.
စိမ်းစိုနေတဲ့လယ်ကွင်းတွေ အဝေးမှာရှိနေတဲ့အိမ်လေးတွေ
ပြာလွင်နေတဲ့ကောင်းကင်ကြီးရဲ့ ရူ့မဆုံးတဲ့ မြင်ကွင်းကို မြင်ရတာ ကျနော်စိတ်ထဲမှာအပူမှန်သမျှခဏတော့ကင်းစင်လို့ အေးချမ်းသွားသလိုပါဘဲ။
ဒါနဲ့ဘဲ အေးချမ်းတဲ့ ရသကို ခံစားလို့မဝသေးပေမယ့် အလုပ်တွေကျန်သေးတာကြောင့် အပူတောထဲကိုပြန်ဆင်းလာခဲ့ပါတယ်။
တောင်တက်လမ်းတစ်ဝက်လောက်ရောက်တော့ ကိုးမြိုရှင်နတ်နန်းနားရောက်တော့ စည်ရှည်ကြီးတစ်လုံးချိတ်ထားတာကိုတွေ့ရပါတယ်။
ကယ်ရီသမားလေးကိုဖိုးလုံးပြောပြတာကတော့ တစ်ခါက အောင်ပန်းမြို့ကို ဓမြတိုက်မယ်ဆိုပြီးလာကြတဲ့ဓါးမြတွေ
က ဒီနတ်နန်းနားရောက်တဲ့အခါ အောင်ပန်းမြို့ကိုလှမ်းကြည့်တော့ ရေပြင်ကြီးဘဲမြင်ရလို့ ဓမြမတိုက်ဘဲလှည့်ပြန်သွားတယ်
လို့ ပြောြ့ပတာကို နားဆင်ရပါသေးတယ်။
တောင်အဆင်းမြေနီလမ်းလေးကတော့ နက်စောက်တော့အရှိန်ဖြည်းဖြည်းနဲ့ဘဲသွားရပါတယ်။
တောင်ပေါ်သွားတဲ့လမ်းမှာလူနေအိမ်ခြေကျဲပါးပါတယ်။
အိမ်တစ်အိမ်ရှေ့မှာပွင့်နေတဲ့ပန်းကလေး လှတယ်ထင်တော့ဆိုင်ကယ်ပေါ်ကနေလက်ဆော့ခဲ့ပါသေးတယ်။
အောက်ရောက်တဲ့အပြန်လမ်းမှာ မီးရထားနဲ့ဆုံလို့ခဏရပ်နေချိန် မီးရထားနဲ့ခရီးမသွားရတာနှစ်များစွာကြာခဲ့ပြီဆိုတာကို
တွေးမိတော့ ငယ်ငယ်က မီးရထားနဲ့ခရီးသွားခဲ့တာတွေကို ဖျပ်ကနဲ့စိတ်အာရုံမှာ ပေါ်လာပါသေးတယ်။
အဲဒီကနေပြန်လာပြီး ကိုဖိုးလုံးနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်း နက်ဖြန်ကလောသွားဘို့ကိစ္စသူနဲ့ချိန်းကြပါတယ်။
နောက်တော့ သူပြောပြတာလေးတွေနားထောင်အင်တာနက်ဆိုင်ဘယ်နားမှာရှိလဲသူ့ကိုမေး၊
ပြီးတော့အလုပ်ကိစ္စနဲ့တွေ့ဘို့ရှိတဲ့သူအိမ်ကိုအတူသွားပြန်လာတော့ ညနေစောင်းနေပါပြီ။
အဲတာနဲ့ရေမိုးချိုုးပြီးဝရန်တာမှာထွက်ပြီးအဝတ်လှန်းတော့ ဆည်းဆာအောက်က လှပတဲ့မြို့လေးကို မြင်ရပြန်ရောဗျာ။
မြင်ကွင်းကလှသလား ကျနော်ကဘဲကြည့်သမျှလှနေသလားတော့မသိ။
စိတ်ကြည်နူးရပါ၏။
ဝရံတာမှာရပ်နေတာအေးတော့ အထဲပြန်ဝင်အကျီဝတ်နေပေမယ့် မှန်နံရံမှာအရိပ်လာထင်နေတဲ့ တိမ်နီနီတွေကြောင့်
အပြင်ကိုပြန်ထွက်လို့ ပါတ်ဝန်းကျင်ကိုငေးမောကြည့်နေမိတာ ဘယ်လောက်တောင်ကြာသွားတယ်ဆိုတာ သတိမထားမိလိုက်ပါဘူး။
ညနေဆည်းဆာ အလှတွေပါ
မီးရောင်တောက်နေတဲ့ညနေခင်းလေးကတော့လှပပါပေတယ်။
တိမ်တောက်ချိန်ဆည်းဆာကရုပ်ဆိုးသူတောင်လှပါသတဲ့။လူလှလားမလှလားတော့မသိဘူး ရူ့ခင်းကတော့လှပါတယ်။
လှပတဲ့ဆည်းဆာငေးမဝနိုင်အောင်ပါဘဲ
အခန်းတံခါးကိုခေါက်သံကြားလို့သွားဖွင့်မှအောက်ထပ်မှာဧည့်သည်ရောက်နေတယ်ဆိုတာလာပြောတာဖြစ်နေပါတယ်။
အဲတော့မှထမင်းစားသွားဘို့ချိန်းထားတာကိုသတိရမိပါတော့တယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(16-10-2011)
ဆက်လက်ဖော်ပြပါမည်။
14 comments
windtalker
October 15, 2011 at 7:40 pm
ကိုပေါက် ရေ
ပထမဆုံးပုံနဲ ့ဒုတိယ ပုံ ကို တော်တော်ကြိုက်မိတယ်ဗျာ
မနက်အစောကြီး ထ မှတ်တမ်းတင်တာဆိုတော့
မအေးဘူးလား ဗျ
ရာဇဝင်လူဆိုး
October 15, 2011 at 8:26 pm
ကိုကြီးပေါက်…ပို့စ်တင်ဖို. ငွေရော လူရော အချိန်ရော အရာရာက ရတဲ့ပွိုင့်မမျှဘူးနော်..။ဒါပေမယ့် စာဖတ်သူအပေါ်ကို ဒေသန္တရ ဗဟုသုတနဲ့ စိတ်ခံစားမှုကိုပြချင်တဲ့ ကိုပေါက်ကို ကျေးဇူးပါ..။
မှတ်ချက်။ ။ ကိုပေါက်အား ပွိုင့်တိုးပေးရန် သူကြီးအား တိုက်တွန်းသင့်သည်။
ကိုပေါက်(မန္တလေး)
October 15, 2011 at 9:56 pm
ဒါကတော့ ဝါသနာပေါ့ကွာ။
စာချည်းဘဲရေးရတာ ငြီးငွေ့တော့ ဖိုတိုအက်ဆေးလုပ်ကြည့်တာပါ။
ပွိုင့်ကတော့ တိုးရင် တိုးတယ်လို့ မှတ်လိုက်တာပါဘဲ။
blackchaw
October 15, 2011 at 10:22 pm
ကိုပေါက်ရေ။
ဓါတ်ပုံတွေနဲ့ ရေးဖွဲ့ထားတဲ့ အက်ဆေး လေးကို
ဝင်ဖတ်သွားပါတယ်။
ကိုပေါက်(မန္တလေး)
October 15, 2011 at 10:42 pm
မောင်ပေရေ
အေးတာတော့မပြောနဲ့ ဂျာကင်ကိုတစ်ရက်မှမချွတ်ရဘူးမောင်။.
ပေါက်ဖော်
October 15, 2011 at 10:45 pm
အခုဓာတ်ပုံထဲက ရှုခင်းတွေပိုကြိုက်သဗျာ
လေးပေါက်ရေ
thx 4 sharing ပါဘဲ
ကျနော်တော့ ဒီပို ့စ်မှာ
အစားအသောက်ဈေးတန်တာနဲ ့.ရှုခင်းတွေလန်းတာကို ပိုအမှတ်ရတယ်ခင်ဗျ
Shanma TUmdy
October 16, 2011 at 12:08 am
ပုံတွေကတော့ .. မိုးလင်းကတည်းက မိုးချုပ်ထိ ပြည့်စုံနေတာပဲ..
(ဒါဆိုဘာများမပြည့်စုံတာလဲ ) ဟုတ်ကဲ့ .. ..ကိုပေါက်ရဲ့ပုံပါ.. ဟီဟီး..
Shanma TUmdy
October 16, 2011 at 12:09 am
အဲ.. လောသွားလို့ .. ကာယကံရှင်ရဲ့ပုံ လိုသေးတယ်လို့ ..
akswe
October 16, 2011 at 2:16 am
ဓါတ်ပုံတွေကြည့်ပြီး ရရှိသွားတဲ့ သင်္ဂါရ ရသ အတွက် ကိုပေါက်ရေ ကျေးဇူး အထူးပါနော်…
small cat
October 16, 2011 at 6:14 am
ပထမဆုံးပုံမှာ ကိုပေါက်ကိုထွက်ကြိုနေတာဘယ်သူလဲဗျ။
အောက်ကပြန်ရေရင် ၁၃နဲ့ ၁၄ က ခြုံပုတ်စိမ်းစိ်မ်းလေးပေါ်က ပြာပြာဟာဘာလဲဗျ၊
ကိုပေါက်(မန္တလေး)
October 16, 2011 at 8:34 am
ထွက်ကြိုတာ မဟုတ်ဘူးဗျ။
ခဲမလို့ စောင့်နေတာရယ်။
ခြုံပုတ်စိမ်းစိမ်းလေးပေါ်က အပြာလေးက ထီးအစုတ်ကလေးပါကွယ်။
“ဘီလူးကြီး”ogre
October 16, 2011 at 8:42 am
အကိုပေါက် ကခွေးကြောက်တာပဲလားဗျ
ခွေးတွေရင် မကိုက်တဲ့နည်းပေးမယ်
ခွေးတွေ့ရင် ““လက်မကိုလက်သီးဆုတ်ထဲမှာထည့် ဆုပ်ပြီးသွားဗျ””
ခွေးကိုက်မကိုက်တော့သေချာမသိဘူး““ပြေးဘို့တော့ အသင့်ပြင်ထားပေါ့”” 😛
pooch
October 16, 2011 at 2:07 pm
လေးပေါက်ရဲ့ ပုံတွေကို ကြည့်ဖို့ အကြာကြီးစောင့်ပြီး တဝကြီး ကြည့်သွားတယ်..
စောင့်ရကျိုးနပ်တယ်… မျက်စိကိုအေးသွားတာပဲ.
ဆည်းဆာအလှကြားက မြို့လေးကတော့ အမြင်ဆန်းပြီး … တမျိုးလှနေသလိုပဲ..
တိမ်ပန်းချီရယ်…..
မြို့အလှရယ်………..
သဘာဝရယ်………….
မဒမ်ပေါက်ရယ်…………
လေးပေါက်ရယ်……………
ကင်မရာရယ်…………………. ကြည်နူးစရာ ခရီးတခုဖြစ်ခဲ့မှာ ပေါ့နော်….
kocho
October 16, 2011 at 2:13 pm
ရိုးရိုးလေးလှတဲ့ အလှဟာ ကြာကြာအကြည့်ခံပါတယ်ဗျာ thanks for photo sharing sa yar pout