Best Teacher(16) ဒါကျုပ်ဆရာမ ဗျ
Best Teacher (16) ဒါ ကျုပ်ဆရာမဗျ
ကျမက ပဲခူးတိုင်းကနေ မန ္တလေးတိုင်း ကို ပထမဆုံး အလုပ်တာဝန်လာထမ်းဆောင်ရတာ ဆိုတော့
တစ်ကောင်ကြွက် ဆရာမလေးပေါ့။ ကျောင်းသူကျောင်းသားတွေကို သာ ကိုယ့်
ဆွေမျိုးလုပ်နေခဲ့ရတာလေ။
အဲဒီခေတ်အခါက ကလေးတွေမှာ အခုခေတ်ကလေးတွေလို ကျူရှင်ပြီးကျူရှင် ပိမနေခဲ့ကြ
ဘူး။ ကျောင်းစာသင်ပြီး အိမ်ပြန် အစာစား ကစား ရေချိုး မိဘကူ စသဖြင့်အေးအေးဆေးဆေး ဘဝတွေ ပါပဲ။
ဒီလိုနဲ့ ကျမ ငှားနေတဲ့ အိမ်နားက ကျမရဲ့ တပည့်လေးနှစ်ယောက်ဟာလည်း
ညနေတိုင်ကျောင်းဆင်း အိမ်ပြန် ရေမိုးချိုးပြီးကြရင် ကျမဆီလာလည်ရင်း စာမေးကြ၊ ကူညီကြ
နဲ့ နေပျော်စရာဘဝလေးများ ကျမတို့ ရခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ထဲက တစ်ယောက်က လှလှတဲ့။ အရပ်မြင့် မြင့် မျက်လုံးလှလှနဲ့။
သူတို့အိမ်ကလက်ဖက်ရည်ဆိုင်ဖွင့်တယ်။သူကိုယ်တိုင် မနက်အစောကြီး နံပြားရိုက်တယ်။
မနက်တိုင်းကျမဆီကို သူကိုယ်တိုင်ရိုက်တဲ့ နံပြားတစ်ချပ်နဲ့ လက်ဖက်ရည်တစ်ခွက် အမြဲပို့တာ။
( မပို့ပါနဲ့ လှလှ ရယ်) ဆိုတာလည်း မရဘူး။ ( ဆရာမ ပိုက်ဆံ ပေးပါမယ်) ဆိုတာလည်း မရဘူး။ ဒါနဲ့ ကျမ သူ့ကို
အိမ်မှာစာသင်ပေးခဲ့ပါတယ်။ ကျမ တပည့်သာဆိုတာ ကျမထက်
(၅) နှစ် (၆)နှစ်လောက်ပဲ ငယ်တာ။ အခုထိ ကျမတို့ အဆက်အသွယ်ရှိကြတုန်းပါ။ သူ့ဘဝ
အခက်အခဲတွေ ရှိရင် လာရင်ဖွင့်တတ်ပါတယ်။
နောက်တပည့်လေးကတော့ မောင်စံတဲ့။ သူ့အမေက သူ့ကို အမွှာမွေးထားတာမို့ ခပ်သေးသေး
ဖျောက်ဖျောက်လေး။ သေးကွေးပြီး အရပ်က ပုတယ်။ ကျမကျောင်းကို ဘီးစီးအသွား လမ်းမှာ
တွေ့လို့ (ဆရာမ အနော်လည်းလိုက်ခဲ့မယ်) ဆိုရင်သူ့ကိုကယ်ရီယာပေါ်တင်ခေါ်ခဲ့ရပါတယ်။
သူက တင်မနင်းနိုင်ပါဘူး။
အတန်းထဲ ဆရာမဝင်လာရင် ကလေးတွေ မတ်တတ်ရပ်ပြီး မင်္ဂလာပါ ဆရာမ နှုတ်ဆက်ကြတဲ့ အခါ ကျမ သူ့ကို
ထိုင်နေတယ်မှတ်လို့ ( ဟေ့ ကောင် မတ်တတ်ရပ်လေ) လို့ ပြောတဲ့အခါ သူ ပြန်ဖြေတာက
( ဆရာမ အနော် မတ်တတ်ရပ်နေတာပါ ခင်ဗျ ) တဲ့လေ။
သူကကျမ လက်ရေးကို အတုခိုးရေးတယ်၊ သူ့လက်ရေးလည်း လှပါတယ်။ ကျူရှင်တစ်ခုမှာ လက်ရေးညီညီလေးတွေ
ဖယောင်းဖောက်ရေးရင်းနဲ့ အခုတော့ နာမည် ရှိလာပြီ ဖြစ်တဲ့ ကျူရှင်ဆရာ တစ်ယောက် ဖြစ်နေပါပြီ။
ဒီလိုနဲ့ ဆရာမ တစ်ယောက်အနေနဲ့ စာတွေလည်းသင် သူတို့ ရဲ ့ ဘဝအမောလေးတွေပါ
ဖြေရှင်းပေးရင်းနဲ့ ဆယ်စုနှစ်တွေ များလာခဲ့ပြီပေါ့။ တစ်ချို ့ ကလေးတွေကို ကျောင်းထွက်
သွားကတည်းက မတွေ့တော့ဘူး။ တစ်ချို ့ကို တစ်နှစ်တစ်ခါ အာစရိယပူဇော်ပွဲ မှာ ပြန်
တွေ့ရတယ်။
ဒီအာစရိယပူဇော်ပွဲနေ့ ကို ကျမတို့လို ဆရာ /မ အိုကြီးတွေ သိပ်မျှော်ကြတာ။
တစ်နှစ်လုံး ဘယ်မှ မသွားပေမဲ့ ဒီနေ့လေးမှာတော့ ကျောင်းကို အရောက်သွားကြတယ်။
တပည့်တွေ လက်အုပ်လေးတွေတချီချီ နှုတ်ဆက်သံတွေဝေစည်နေတာ မမေ့နှိုင်စရာ မြင်
ကွင်းတစ်ခုပါ။ ပြောင်ပြောင်ရောင်ရောင်တပည့်တွေ တွေ့တော့ ဝမ်းမြောက်ရသလို ညှိုးညှိုး
နွမ်းနွမ်းတပည့်တွေ တွေ့ပြန်တော့လည်း အားပေးရပြန်ပါတယ်။
ပြောပြရဦးမယ်။ ကြာခဲ့ပါပြီ။ ကျောင်းအပြန် ညောင်ပင်ဈေးမှာ ဈေးဝယ်နေကျ။ တစ်နေ့တော့
ဈေးထိပ်မှာ သနပ်ခါးတုံးတွေရောင်းနေတဲ့ ဈေးသည်ဆီမှာ ကျမ
သနပ်ခါးတုံးလေးတွေ ကောက်ကိုင်ပြီး ရွေးပါတယ်။ ဈေးသည်ကြီးက သူဖာသာ (၃)တုံး(၄)တုံးကောက်ရွေးပြီး
ကြိုးချည်ပြီး ကျမခြင်းတောင်းထဲ ထည့်ပေးလိုက်ပါတယ်။
ကျမက ( နေဦးလေ၊ ရွေးဦးမယ်လေ၊ ဘယ်လောက်ဈေးလဲ မပြောရသေးဘူးလေ။) လို့ပြောတော့ ….
သူက (ကျွန်တော် အကောင်းဆုံးတွေ ရွေးပေးထားတာပါ၊ဆရာမကို ကန်တော့တာပါ။)တဲ့။
ဆရာမ ဖြစ်ခါစက တပည့် ထင်ပါရဲ ့လို့ တွေးမိပါတယ်။။ လောကဓံ ကို ဘယ်လို ရင်ဆိုင်နေရလို့ များ ရင့်ထော်
ကြမ်းတမ်းနေရတာပါလိမ့်ကွယ် လို့ ဆက်တွေးရင်းနဲ့……
(အော် မောင် ဘယ်သူ..) လို့ မေးတော့ သူ က ဘယ်အတန်းက ဘယ်သူပါ ပြောပေမဲ့ ကျမ
စမ်းတဝါးဝါးပါရှင်။ ( အေးကွယ် .. ဆရာမ မမှတ်မိတာ စိတ်မရှိနဲ့နော်)….
သူ ကျမပြောတာ အာရုံထားပုံမပေါ်ဘဲ ခပ်ဝေးဝေး ကို လှမ်းကြည့်ရင်း ၊ ကျမ အကြည့်ကို ဝေ့
ရှောင်ရင်း ( ညနေတိုင် ဆရာမ ကျောင်းအပြန်ဈေးဝယ်နေတာ လှမ်းကြည့်မိပါတယ်၊ မခေါ်ရဲတာနဲ့ ။ အခု ဆရာမ
သနပ်ခါးတုံး လာရွေးမှ နှုတ်ဆက်ရတာ။) …
ကျမသူကို ကြည့်ရင်း စိတ်တွေ မကောင်းလိုက်တာ။ ကောင်းရောင်းကောင်းဝယ် လုပ်စား
နေတာ စိတ်ချမ်းသာပါတယ်။ နှုတ် မဆက်ရဲဘဲ လှမ်းကြည့်နေတာကို စိတ်မကောင်းဖြစ်မိတာပြောတာပါ။
သနပ်ခါးတုံးဘိုးကို အတင်း ဘယ်လိုပေးပေး မယူတာနဲ့ (ကျေးဇူးတင်ပါတယ်ကွယ်)နဲ့ပဲ
နှုတ်ဆက်ခဲ့ရတယ်။ အိမ်ထောင်ကျပြီလား။ သားသမီးဘယ်နှစ်ယောက်ရပြီလဲ။ အဆင်
ပြေရဲ ့လား၊ စသော မေးခွန်းတွေ ရင်ထဲမှာ တန်းစီနေပေမဲ့ နောက်နေ့ မှ မုန့် ပဲ သရေစာ
လေးနဲ့ မေးတော့မယ် လေ ဆိုပြီး ပြန်ခဲ့တယ်။ နောက်နေ့ ကစပြီးသူ့ ကို မတွေ့တော့ပါဘူး။
ဈေးရောက်တိုင်း ကျမ မျက်လုံးတွေ လမ်းဘေးချရောင်းတဲ့ ဆိုင်မရှိ ဈေးသည်တွေအကြား
မှာ တပည့်ကိုရှာပေမဲ့ မတွေ့တော့ပါ။ ဒါပေမဲ့ နောက်တစ်ယောက် ထပ်တွေ့ပါတယ်။
သူ့နာမည်ကမောင်တင့် တဲ့။ ကျောင်းမှာ စာတော်တယ်။ အနေအထိုင် ပိရိကျစ်လစ်တယ်။ တက္ကသိုလ်ကပြန်လာမှ
တစ်ခါနှစ်ခါ လာ ကန်တော့ သေးတာ။ နောက်ပိုင်း သူ့သတင်းကြားရတယ်။အသောက်အစားလေးဖက်လာတတ်ပြီတဲ့။
နည်းနည်းပါးပါး နေမှာပါ လို့ တွေးနေမိခဲ့တယ်။ကျမ ကိုလည်း သူလာမတွေ့တော့ဘူး။
အခုဈေးထဲမှာတွေ့တော့ ကျမ သူ့ကို မမှတ်မိဘူး။ ညစ်ပတ်စုတ်ပေနေတာပါလား။
(ဆရာမ) လို့ လှမ်းခေါ်မှ ကြည့်လိုက်တော့ .. လားလား မောင်မင်းကြီးသား .. မနက်
(၈)နာရီခွဲ (၉) နာရီ လောက်ရှိသေး၊ မျက်လုံးနီကြီးနဲ့။
( မင်း ကျောင်းပိတ်လို့ ပြန်လာတာလား) လို့ ကျမမေးတော့၊
(ကျွန်တော် ကျောင်း ဆက်မတက်တော့ဘူး) တဲ့။ ကျမ ဘာပြောရမှန်းမသိ ငေးကြည့်နေတုန်း ….
( ဆရာမ .. ပိုက်ဆံ နည်းနည်းချေးပါ) တဲ့။ ကျမ ဘာလုပ်ရမှန် မသိတော့ဘူး။
အရေးပေါ် ငွေလိုလို့၊ ပြဿနာရှိလို့ ဆိုတဲ့ ကလေးတွေ ကို အဆင်ပြေသလို ထုတ်ပေးတတ်ပေမဲ့သူ အရက်သောက်ဖို့ မှန်း
သိနေလေတော့ ကျမ လက်တွန့်နေမိပါတယ်။
အရေးပေါ်ဆို ကိစ္စမရှိဘူး။ အရေဖျော်မှာဆိုတော့ စိတ်တွေလေးမိတယ်။
မနည်း ပြုံးပြ ပြီး သူ့ ကို အကဲခတ်ရပါတယ်။ အကြမ်းပတမ်းလုပ်မှာလားပေါ့။
(ဆရာမ မှာလည်းဈေးဝယ်ဖို့ပဲ နည်းနည်းပါတာကွဲ့) …..ပြောရင်းနဲ့ ဘယ်လိုဆုံးမရမလဲ၊
ဘာပြောရမလဲ စကားလုံးတွေရွေးနေတုန်း သူက ကျမ ဈေးခြင်းတောင်းကို ဖမ်းဆွဲလိုက်
တယ်။ ကျမ လန့်သွားတာပေါ့နော။
သူဇွတ် တောင်းနေတာကို မြင်တဲ့ ဈေးသည် မိတ်ဆွေတစ်ယောက်က …
(ဆရာမ ဒီကိုလာ ဒီကိုလာ၊ ဒီကောင်လေး ဒီအတိုင်း ဇွတ်လိုက်တောင်း
နေတာ၊ မင်း သွားတော့၊ သွားတော့။ ) လို့ သူ့ ကို နှင်တော့ ကျမ တပည့် ကိုရွှေမူးကောင်
ဘာပြန်ပြောသလဲ သိလား။
“ဒါ ကျုပ် ဆရာမ ဗျ” တဲ့။ ကျမ ငိုချင်လိုက်တာ။
13 comments
padonmar
October 21, 2011 at 1:17 am
TT စာဖတ်ရတာ မျက်ရည်တောင်လည်မိပါတယ်။
ငမူးကလည်း ကျုပ်ဆရာမမို့ တောင်းတာပေါ့နော်။
kocho
October 21, 2011 at 3:03 am
ဆရာမစာကိုဖတ်တိုင်း ကျနော့ငယ်စဉ်က ကျေးဇူးရှိခဲ့သော ဆရာ၊ဆရာမများ
အား တသိရမိသလို လွမ်းမိပါ၏ (ဘားဂလစ်သုံးတာအဆင်ပြေသွားပါပြီဆရာမရေ)မြန်မာစာ အခုမှရိုက်လို့ အဆင်ပြေသွားပါတယ် ကျေးဇူးတင်ပါတယ်ဗျာ အစဉ်လေးစားလျှက်
small cat
October 21, 2011 at 6:31 am
“”အခုခေတ်ကလေးတွေလို ကျူရှင်ပြီးကျူရှင် ပိမနေခဲ့ကြ””
စောစောထ
သွားတိုက်
မျက်နှာသစ်
စာကျက်
ကျူရှင်တက်
ကျောင်သွား
ကျောင်းပြန်
ကျူရှင်တက်
နောက်တစ်ခုဆက်တက်
စာကျက်
အိပ်ယာဝင်
စောစောထ။ ။
MaMa
October 21, 2011 at 7:34 am
ဘဝမှာ ရည်မှန်းချက်က ဆရာမဖြစ်ချင်တာ။ မူကြိုဆရာမပဲ ဖြစ်ဖြစ် တက္ကသိုလ်ဆရာမပဲ ဖြစ်ဖြစ်ပေ့ါ။ ဒါပေမယ့် ဖြစ်ချင်တာနဲ့ ဖြစ်နေတာက တခြားစီပေမယ့် ကိုယ်ဖြစ်ရတဲ့ အခြေအနေကိုလည်း ကျေနပ်ပါတယ်။ ဒီစာလေးကိုဖတ်ပြီး ဆရာမလို ကိုယ့်ရဲ့ငယ်ငယ်က ဆရာ/ဆရာမတွေကိုတောင် သွားသတိရမိတယ်။ နယ်မြို့လေးမှာ စာသင်ခဲ့ရတာတွေ၊ ဆရာမပြောတဲ့ တပည့်တွေလို သူငယ်ချင်းတွေ စိတ်ထဲ အတွေးထဲကို ရောက်လာတယ်။ 🙁
Moe Z
October 21, 2011 at 10:20 am
Teacher ရဲ့ post တိုင်းကို ဖတ်ဖြစ်ပါတယ်
မိုးစက်ရဲ့ဖေဖေက အထက်တန်းကျောင်းအုပ်ကနေ အငြိမ်းစားယူတော့ အသက် ၆ဝမှာ လုပ်သက် ၄ဝပါ။
ဖေဖေတာဝန်ကျတဲ့နေရာတွေလိုက်ရင်း ဆယ်တန်းအောင်တဲ့အထိ ကျောင်းပေါင်း ၈ကျောင်းပြောင်းခဲ့ရပါတယ်။ ဆရာမတွေနဲ့သူငယ်ချင်းတွေကို ခွဲရတိုင်းငိုရတာလည်း မမေ့နိုင်ခဲ့ဘူး။ အဝေးရောက်ဖေဖေတပည့်တွေ လာကန်တော့ကြရင် ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး မေမေချက်ကျွေးတာစားပြီးမှပြန်ကြတယ်။ အဲဒီအချိန်တွေဆို ဖေဖေကတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲနေတယ်။
ကြောင်ကြီး
October 21, 2011 at 11:21 am
မိုးစက်နဲ့ဦးကြောင်အတူ အဖေ့ကိုသွားကန်ရမဲ့တနေ့ မကြာခ င်ရောက်လာတော့ မှာပါကွယ်။ 😳
တပည့်လှလှ
ဂါတဲ့ဟန်
ဝမ်းတီးဝမ်းနံ
နေ့စဉ်မှန်…။
လမ်းကြုံစီးကာ
အချောင်တုပ်
မောင်စံလူရှုပ်
ဆရာလုပ်..
မောင်တင့်လူဆိုး
အရက်ဂျိုး
အပြောတမျိုး
သူယုတ်ဆိုး….။
windtalker
October 21, 2011 at 1:10 pm
ဆရာများ သားသေ ဆိုတဲ့ စကားပုံ ပဲ ရှိခဲ့တာကို
“ တပည့် ဆိုးတော့ ဆရာစိတ်လေ ” ဆိုပြီး
ပြင်သင့်တာ ကြာပါပြီ ဆရာမ ရယ် ။
pooch
October 21, 2011 at 3:39 pm
တီချယ်… စိတ်မကောင်းလိုက်တာ …
အနော် တို့ ကို တခါမှ မပြောဖူးဘူးနော် … .. ပြောပြဖို့ကို တီချယ်လည်း စိတ်မကောင်းဖြစ်နေမှာပဲ….
ပေါက်ဖော်
October 21, 2011 at 5:51 pm
ငမူးမဟုတ်ပဲ..အနော့်လို..ဘက်စုံတော်တဲ့ ကျောင်းသားဆိုရင်တော့ တီချယ်နု ပျော်မှာပေါ့နော်
😆
nozomi
October 21, 2011 at 6:05 pm
ဆရာမကြီးရဲ့ ပို့စ်တွေ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ
ဆရာမကြီးက ဆရာမ ဆရာမ တပည့် အကြောင်းတွေပဲ ရေးလိုက်ပေမဲ့
ဖတ်ရတဲ့သူတွေအားလုံးက သူတို့ရဲ့ ရင်ထဲက ဆရာ/မ တွေကို ပြန်သတိရစေတာမို့ ပါ
ကျွန်တော်အလယ်တန်းတုန်းက ဧရာဝတီတိုင်းထဲက ရွာလေးတစ်ရွာမှာ မြို့ကလာတဲ့ ဆရာမတွေက အိမ်တအိမ်မှာ စုနေကြတယ် လိုအပ်ရင် ညဘက်ဆို ဆရာမအိမ် စာစုသင်ပေးတယ် တစ်ခါတစ်လေတော့လဲ တခြားရွာထဲမှာ ပွဲ ရှိရင် ဆရာ တပည့်တွေ စုပြီး လှည်းနဲ့ ပွဲကြည့်သွားကြတယ်
ဆရာ/မ တွေ ဘယ်ဘဝ ရောက်ရောက် ကျွန်တော်တို့တွေ ဘယ်ဘဝရောက်ရောက် အားလုံး ကတော့ ဆရာ/မ တွေရဲ့ တပည့်တွေပါပဲ
TTNU
October 21, 2011 at 10:57 pm
ပဒုမ္မာရေ … တီတီလည်းရေးရင်းနဲ့ မျက်ရည်လည်မိပါတယ်။
ကိုချိုရေ.. တိပြီလား အော် မှားလို့ သိပြီလား။
ဟုတ်ပါ့ ကြောင်လေးရယ် … ကလေးတွေမှာ တကျူထဲ ကျူနေကြရတာ။
မမရေ.. ကျမ စာတွေက မမကို Nostalgic ဖြစ်စေမိပြီလားကွယ်။
မိုးစက်ဖေဖေ က အသက် (၂၀) ကတည်းက အလုပ်ဝင်ခဲ့တာပေါ့နော်။ တပည့်တွေ ပြန်တွေ့တဲ့ ဆရာအို
ကြီးတွေ မျက်ရည်ဝဲကြတာ တီချာ သိတယ်။ Ignore လုပ်သွားတဲ့ တပည့်တွေ ကို လိုက်ငေးရတာကိုလည်း
ခံစားနားလည်မိတယ်ကွယ်။
ကြောင်ကြီးရေ… ကဗျာလေးတီချာကူးထားလိုက်ပြီနော်။ ကျေးဇူးနော်။
ကိုဝင်းထောလခါ ပြောတာ သဘောတူတယ်။ “ တပည့် ဆိုးတော့ ဆရာစိတ်လေ ”။ဆရာမ မျက်ရည်ထွက်။
ပူးချ်ရေ… တီချာပြောပြတဲ့ အချိန်မှာ အနော်က ဟိုး….အဝေးကြီးမှာ….. လေ။
ကိုပေါက်ဖော်လို ဘက်စုံတော်ပြီး မမူးဘဲ ရမ်းနေတဲ့ (ပုလင်းရမ်းတာပြောတာပါ) တပည့်ဆိုလည်း တီချာတို့
ကချစ်နေမှာပါ။
နိုဇိုမိရေ (ဆရာ/မ တွေ ဘယ်ဘဝ ရောက်ရောက် ကျွန်တော်တို့တွေ ဘယ်ဘဝရောက်ရောက် အားလုံး ကတော့ ဆရာ/မ တွေရဲ့ တပည့်တွေပါပဲ) ဆိုတာလေးနဲ့တင် ဒီ Post လေးရေးရကျိုးနပ်သွားပါပြီ။ကျေးဇူးကမ္ဘာဆိုင်နော်။
မိတ်ဆွေအားလုံး….. Thank you very much. I’m really grateful to you guys!!!
thit min
October 22, 2011 at 6:27 am
ခုတလော ဆရာမကြီးအလာကျဲလို့နေများကောင်းရဲ့လားလို့တောင်စိတ်ပူမိပါသေးတယ်။
~~~~~~~~~~~~~~
မြခြူသံ သီချင်းထဲကလို “ရာဇဣန္ဒြေပျက်လုအောင်ပ အချစ်ရူးရူးတော့သည်၊ အို အချစ်ရူးရူးတော့သည်” ဆိုတဲ့စသားလေးလိုပါဘဲ
ကိုယ့်အပေါ်ဘယ်လိုဘဲဆိုးဆိုး ၊တတ်စေချင်၊အောင်စေချင်၊တပည့်တွေရဲ့ဘဝကိုတိုးတက်စေချင်တဲ့ဆရာ/ဆရာမများရဲ့ စေတနာကို
အခုအချိန်မှာတော့ပိုလို့ပိုလို့ သိလာရပါပြီ ဆရာမကြီးရေ။
ဆရာနဲ့တပည့်သိပ်နီးနီးကပ်ကပ်မရှိလှတဲ့ ဒီနိုင်ငံမှာတောင် ဒီလောက်ဆိုတော့၊ ကျနော်တို့ရဲ့ ငယ်ဆရာများဘယ်လောက်စေတနာ
ကြီးခဲ့ကြတယ်ဆိုတာတွေးတုန်းမှာ ဆရာမကြီးရဲ့စာက ပိုပြီးတွန်းအားပေးလိုက်သလိုဖြစ်လို့ ရှေးဖြစ်ဟောင်းအောက်မေ့ဘွယ်တွေ
တွေးမိသွားပါတော့တယ်။
~~~~~~~~~~~~~~
ကျနော်ဒုတိယနှစ်စာမေးပွဲပြီး အိမ်မှာရှိနေတုန်း ခြံထဲမှာလမ်းရှောက်ရင်းစာဖတ်နေပါတယ်။စာဖတ်ရင် အားရပါးရ ဘောလ် ပင်တချောင်းနဲ့ မှတ်ရမျဉ်းသားရလုပ်တတ်တဲ့ကျနော် က လက်ကစာအုပ်ကိုကိုင်ထားတုန်း ရေးနိုးလ်ဘောလ်ပင်လေးကိုအ
ဖုံးဘက်ကနေကိုက်ထားပါတယ်။အဖြူသားကအပြင်ဘက်ပေါ့နော်။
အဲဒီမှာ တရပ်ကွက်ထဲနေ ဆယ်တန်းတုန်းကဆရာမကခြံရှေ့ကဖြတ်သွားတာမြင်လိုက်လို့ နှုတ်ဆက်ဖို့အသွား၊ဆရာမလှဲ့အကြည့်
ဆုံပါတယ်။
ဆရာမမျက်နာရုတ်တရက်ပျက်သွားပြီး၊ဪ မင်းကဒုတိယနှစ်ဆိုတော့ လုပ်ချင်ရာလုပ်ပြီ ပေါ့လေ၊ဒီလိုလား၊မင်းကွာ ထင်တောင်မထင်ထားဘူး၊ဘာညာနဲ့ ဒေါသတကြီး ပြောပါလေရော၊ ကျနော်လဲတော်တော်ကြောင်သွားတာပေါ့။
နောက်ဆရာမက “မင်းပါးစပ်ထဲက စီးကရက်ကို ခုလွှင့်ပြစ်လိုက်စမ်း” လို့ဆက်ပြောတော့မှ သဘောပေါက်သွားတော့တယ်။
အသာအယာ ပါးစပ်က ထုတ်ပြလိုက်တဲ့ ရေးနိုးလ်ဘောလ်ပင်လေးကိုလဲပြလိုက်ရော၊ ဆရာမခမျာ ရှက်ရှက်နဲ့ အေးပြီးရောလို့
ပြောလဲပြော ပြေးလဲပြေးပါတော့တယ်။ နဲနဲရှက်သွားတဲ့ဆရာမကို ကျနော်ကလှမ်းပြီး “ဆရာမရေ ကျေးဇူးပါ” လို့အော်ပြောလိုက်ရ
ပါတယ်။
အရက်သောက်တာများတွေ့ရင် “သတ်” မလားတောင် မသိဘူး။
ကျေးဇူးအထူးတင်ထိုက်သူများပါဆရာမကြီးရေ။
TTNU
October 23, 2011 at 11:37 pm
ဆရာသစ်ရေ
ဂရုစိုက်ပြီးကကျန်းမာရေးမေးပေးတာကျေးဇူးတင်ပါတယ်။
ပို့သပေးသော မေတ္တာကြောင့် နေကောင်းစွာဖြင့် အေဘီစီ ရောင်းစားနေဆဲပါ။
အင်တာနက်ကော်နက်ရှင်တွေ ဒုက္ခိတ ပျားစွဲနေသောကြောင့် တလည်လည်
စက်ဝိုင်းလေးကို ခေါင်းမူးအောင် စိုက်ကြည့်ရင်း ရန်ပုံငွေ ဖြုန်းတီးနေသလိုဖြစ်နေတာမို့
Absent without leave (AWOL) ဖြစ်နေတာပါ။
ဆရာ/မ တွေ မေတ္တာကို နားလည်စွာ ခံယူပေးနှိုင်စွမ်းရှိတာကိုက စွမ်းရည်ကောင်းတစ်ခုပါ။
ဆရာ/မတွေဘက်ကလည်း ” ဒါ ဒို့တပည့်လေ” ကြွားလုံးထုတ်ချင်တာ လူတွေမသိကြလို့ပါ။
ချမ်းသာသွားတဲ့တပည့်။ ရာထူးကြီးကြီးရောက်နေတဲ့ တပည့်။ နိုင်ငံရပ်ခြားပညာတော်သင်
ရောက်နေတဲ့တပည့်။ …..သူတို့ သူတို့ အတွက် အကြွားပိုရသလို…. ဆိုက်ကားနင်းနေတဲ့
တပည့်… ကုန်ထမ်းနေတဲ့တပည့်… မူလတန်းပြဆရာလေးဖြစ်နေတဲ့တပည့်…
နောက်ဆုံး ငမူးတပည့် အထိ တွေ့ပြန်တော့လည်း အသနားပိုရပြန်ပါရော ဆရာသစ်ရေ။