ငြိပဲငြိနိုင်လွန်းတဲ့ရာဟု

tartayMay 20, 20101min1400

ကျွန်တော်ဒီနေ့မနက်လုပ်စရာအလုပ်လေးရှိတာနဲ့ အိပ်ရာကစောစောထခဲ့တယ်။ လုပ်စရာအလုပ်ဆိုပေမယ့် မယ်မယ်ရရမဟုတ်ပါဘူး..။အသိဒေါ်လေးတစ်ယောက်က ရေဦးကိုသွားစရာရှိလို့ ကားဂိတ်အထိလိုက်ပို့ပေးပါဆိုလို့ လိုက်ပို့ပေးရတဲ့အလုပ်ပါ။

အိပ်ရာနိုးနိုးချင်း နိစ္စဓူဝအတိုင်း မျက်နှာသစ်၊သွားတိုက်၊ခြေလက်ဆေးကြော၊

အဝတ်အစားလဲပြီး ကွမ်းတစ်ယာပါးစပ်ထဲကောက်ထည့်ရင်း ဆိုင်ကယ်ထုတ်တယ်…

ခရီးသွားမယ့်ဒေါ်လေးရဲ့အထုပ်နဲ့ခြင်းကိုကူသယ်ပေး၊ ခြင်းကိုဆိုင်ကယ်ရှေ့ခြမ်းမှာတင်၊

အထုပ်ကိုတော့ဒေါ်လေးကနောက်ကနေထိုင်ရင်းပေါင်ပေါ်တင်လိုက်တယ်…အားလုံးနေရာကျသွား

တော့မှဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်သားထွက်ခဲ့ကြတယ်။ မနက်ခြောက်နာရီလောက်ပေါ့…

ကားဂိတ်ကိုလဲရောက်ရော ကားအဆင်သင့်တွေ့တာနဲ့ အန်တီ့ကိုကားပေါ်အထိလိုက်

တင်ပေးခဲ့လိုက်တယ်။ ကားထွက်သွားပြီးမှပဲ ကျွန်တော်ပြန်လာခဲ့တယ်။ဆိုင်ကယ်စီးနေရင်း

မဟာမြတ်မုနိဘုရားကိုသွားဖူးမြော်ချင်စိတ်ဝင်လာတာနဲ့ ဘုရားဘက်ဦးတည်ပြီးထွက်လာတယ်။

ဘုရားအရှေ့မုဒ်ပရဝုဒ်ထဲမှာ ဆိုင်ကယ်အပ်၊ပန်းဝယ်ပြီး ဘုရားပေါ်တက်လာခဲ့တယ်။

အရမ်းကြည်ညိုစရာကောင်းတဲ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို အရင်ဆုံးရွှေသင်္ကန်းကပ်၊

ပန်းလှူ၊အားရအောင်ဖူးမြော်ပြီးတော့မှ တောင်ဘက်စောင်းတန်းအတိုင်း လမ်းလျှောက်ရင်း

ဟိုငေးဒီငေး၊ဟိုတွေးဒီတွေးနဲ့ အေးချမ်းတဲ့ရင်ပြင်တော်ရဲ့ မြင်ကွင်းနဲ့အထိအတွေ့များပေါ်မှာ

နစ်မျောနေမိတယ်။ကိုယ့်အတွေးနဲ့ကိုယ်မျောနေတုန်း နံဘေးနားကနေ ” အစ်ကို….အစ်ကို” နဲခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ စတိုင်ပန်အနက်၊အင်္ကျီအသားရောင်၊ပြုံးချိုနေတဲ့

မျက်နှာပေးနဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ နောက်ပြီးသူ့လက်ထဲကပို့စ်ကဒ်တစ်ခု

ကို ကျွန်တော့ကိုထုတ်ပေးရင်း သူဘယ်သူပါဆိုပြီးအရင်ဆုံးစတင်မိတ်ဆက်တယ်။

ကျွန်တော်ကတော့ဘာမှပြန်မပြောသေးဘဲ ပြုံးပြခေါင်းငြိမ့်လိုက်ရင်း သူ့လက်ထဲကပို့စ်ကဒ်

ကိုယူကြည့်လိုက်တယ်။သူဟာဗေဒင်နဲ့လက္ခဏာဆရာတစ်ယောက်ပါ။ ကျွန်တော်သူ့မျက်နှာကို

ကြည့်ရင်း ” အော်……….အစ်ကိုကဗေဒင်နဲ့လက္ခဏာဆရာတစ်ယောက်ပဲ “လို့ပြောလိုက်တယ်။

သူက ” ဟုတ်ပါတယ်အစ်ကို…ကျွန်တော်ဗေဒင်နဲ့လက္ခဏာဆရာတစ်ယောက်ပါတဲ့။ ဒီရှေ့တည့်

တည့်မှာ ကျွန်တော်ဟောခန်းဖွင့်ပြီးအသက်မွေးနေတာကြာပါပြီတဲ့။ ဗေဒင်လာမေးတဲ့သူတွေကို

လည်းစေတနာကြေးလောက်ပဲယူပြီး ကျွန်တော်တတ်မြောက်ထားသမျှပညာနဲ့အစွမ်းကုန်ကူညီ

နေတာပါတဲ့။အခုလဲအစ်ကိုနဲ့ကျွန်တော်ဆုံတုန်း အစ်ကိုရဲ့ကံဇာတာအနိမ့်အမြင့်လေးတွေကို

စေတနာနဲ့တွက်ပေးပါရစေ “လို့ သူကပြောလာတယ်။ ကျွန်တော်လဲရုံးချိန်ဝေးနေသေးတာရယ်

အချိန်ဝေ့ချင်တဲ့စိတ်လဲရှိတာရယ်ကြောင့်  ” ရတယ်လေ..ဒါဆိုသွားစို့ ” ဆိုပြီးနှစ်ယောက်သား

စကားတစ်ပြောပြောနဲ့သူညွန်ပြတဲ့ဟောခန်းဆီထွက်လာခဲ့တယ်။ ကျွန်တော်ဖြတ်လာရာလမ်း

တစ်လျှောက်မှာလဲ များလိုက်တဲ့ဟောခန်းတွေ။ ဗေဒင်ဆရာတွေချည်းပဲစုနေကြသလားအောက်

မေ့ရတယ်။ ဟောခန်းတိုင်းမှာလဲ ဗေဒင်လာမေးကြတဲ့ပရိတ်သတ်တွေအပြည့်။ များသောအားဖြင့်

အမျိုးသမီးတွေများသလို အမျိုးသားတွေလဲပါပါတယ်။အသက်အရွယ်တွေကတော့ လူလတ်ပို်င်း

နဲ့လူငယ်ပိုင်းတွေလောက်ပဲ။ ကျွန်တော်ထင်တယ်..အဲဒီပရိတ်သတ်တွေဟာ ဝါသနာအရပဲဖြစ်

ဖြစ်၊ကျွန်တော့လို အချိန်ဖြုန်းချင်လို့ပဲဖြစ်ဖြစ်၊တကယ့်ကိုဒုက္ခပင်လယ်ဝေနေတဲ့သူတွေပဲ

ဖြစ်ဖြစ်၊နောက်ပြီး ခုနပြောသလိုဗေဒင်ဆရာတွေ ပို့စ်ကဒ်တစ်ထုပ်ကိုင်ပြီး ပရိုမိုးရှင်းလုပ်နေ

တုန်း အားနာပြီးပါလာတဲ့သူတွေပဲဖြစ်ဖြစ်တစ်ခုခုနဲ့ရောက်နေကြသူတွေများပါတယ်။

ဒီလိုနဲ့သူ့ဟောခန်းရှေ့ရောက်တော့ ကျွန်တော့အတွေးစကိုဖြတ်လိုက်တယ်။ဟောခန်းထဲကို

ရောက်တော့ သူကကျွန်တော်ထိုင်ဖို့နေရာပေးပါတယ်။ နောက်ပြီးဟောမယ့်နေရာမှာသူထိုင်

တယ်။ နှစ်ယောက်စလုံးကိုယ့်နေရာနဲ့ကိုယ်နေရာကျသွားပြီဆိုတော့…သူ့အလုပ်ကစပါပြီ။

ပထမဆုံးသူက လက်အုပ်ချီပြီးရွတ်ဖတ်သရဇ္ဖာယ်ပြုတယ်။ နှစ်မိနစ်လောက်တော့ကြာမယ်ထင်

တယ်။ အဲဒီအချိန်မှာကျွန်တော်ကတော့သူလုပ်နေတာကိုကြည့်ရင်း သူ့ရှေ့မှာငုတ်တုပ်ပေါ့…။

အားရအောင်ရွတ်ဖတ်သရဇ္ဖာယ်ပြီးတော့ ကျွန်တော့ရဲ့မွေးသက္ကရာဇ်နဲ့နေ့နံကိုမေးတယ်…။

နောက်ပြီး ဘောပင်ကိုင်ပြီးတော့စာအုပ်တစ်အုပ်ပေါ်မှာ အကွက်တွေချ..တွက်တော့တာပဲ။

သူလိုချင်တဲ့ဒေတာတွေပြည့်စုံပြီဆိုတော့မှ သူ့ရဲ့ဟောပြောခြင်းအလုပ်ကိုစလုပ်ပါတယ်။

ကျွန်တော်ဟာအထွန်းဘွားဖြစ်တဲ့အကြောင်း၊ ငယ်ရွယ်စဉ်မှာကျန်းမာရေးချူခြာပြီးတော့

အသက်ကြီးပိုင်းမှာလုပ်ငန်းတွေအဆင်ပြေချမ်းသာမယ်ဆိုတဲ့အကြောင်းစတာတွေပါဝင်တဲ့

အထွန်းဘွားဋီကာဖွင့်တော့တာပဲ။ ကျွန်တော်ငယ်ငယ်က သူရဇ္ဇမဂ္ဂဇင်းကိုအမြဲဖတ်တယ်။

အဲဒီမဂ္ဂဇင်းထဲမှာပါတဲ့ ဗေဒင်တွက်နည်းလေးတွေအတိုင်း ကျွန်တော်ဟာဘာဖွားလဲဆိုတာကို

တွက်ကြည့်ဖူးတယ်။ဟုတ်ပါတယ်…ကျွန်တော်ဟာအထွန်းဘွားပါ။ အထွန်းဘွားတွေနဲ့ပက်သက်

တဲ့အကြောင်းအရာတွေကိုလဲဖတ်ဖူးပါတယ်။ အခုဗေဒင်ဆရာဟောတဲ့ အထွန်းဘွားဒဿနကလဲ

ကျွန်တော်ဖတ်ဖူးသမျှတွေနဲ့ တိုက်ဆိုင်ဆက်နွယ်နေမှုရှိပါတယ်။ အဲဒီအချိန်ထိသူနဲ့ကျွန်တော်

မေးလိုက်ဖြေလိုက်လုပ်နေတာ ဘာမှအဆင်မပြေတာမရှိခဲ့ဘူး။အဆင်တွေကိုချောလို့။

အဲဒီလိုဟောပြောနေကြရင်းသူကကျွန်တော့ကိုလက္ခဏာကြည့်ပေးဖို့လက်ဝါးဖြန့်ခိုင်းတယ်။

ကျွန်တော်သူ့ရှေ့မှာလက်ဖဝါးဖြန့်ပေးလိုက်တော့သူကကျွန်တော့လက်နှစ်ဖက်ကိုကိုင်ပြီး

ဂါထာတွေထပ်ရွတ်တယ်။နောက်ပြီးကျွန်တော့လက်ဖဝါးကိုတံတွေးနဲ့သုံးခါထွေးတယ်။

ဟိုက်ရှ်…..ကျွန်တော်စိတ်မဆိုးခဲ့ပါဘူး။ပြီးမှပဲလက်ဆေးတော့မယ်စိတ်ကူးပြီးအသာလေးငြိမ်

နေလိုက်တယ်။နောက်သူကဆက်ဟောတယ်….။ဟုတ်ပါသလားဟုတ်ပါတယ်ပေါ့နော်။

အဲဒိအချိန်ထိလဲဘာပြဿနာမှမရှိသေးဘူး။ကျွန်တော့စိတ်ထဲမှာသာသာယာယာလေးပဲ။

ဖြစ်ချင်တော့ သူကပြောလာတယ်။အစ်ကိုဟာရာဟုဂြိုလ်ရဲ့လွမ်းမိုးမှုကိုခံနေရတဲ့အကြောင်း၊

ရာဟုဂြိုလ်လွမ်းမိုးခံနေရတဲ့အတွက်စိတ်လေမယ်၊ငွေကြေးအဝင်အထွက်မမျှမတဖြစ်မယ်၊

လုပ်ငန်းတွေအဆင်မပြေတာရှိနေမယ်၊လက်အောက်ငယ်သားကဒုက္ခပေးမယ်ဆိုတဲ့အကြောင်း

ပြောတယ်။နောက်ပြီးတော့ ရာဟုဂြိုလ်ခွင်ကသုံးလလောက်အတွင်းမလွတ်နိုင်သေးပေမယ့်

ရာဟုဂြိုလ်ရဲ့သက်ရောက်မှုအားကိုပျော့သွားအောင် သူစီမံထားတဲ့ဆေးဖယောင်းတို်င်သုံးတိုင်

ကိုသက်ဆိုင်ရာဂြိုလ်ခွင်မှာအစ်ကိုကိုယ်တိုင်ထွန်းညှိပူဇော်ပြီးဆုတောင်းရမယ်၊ကန်တော့ပွဲနဲ့

ဂြိုလ်စာကြွေးပြီးဆုတောင်းတာကိုတော့သူကိုယ်တိုင်ပဲလုပ်ပေးမယ်တဲ့။အဲဒီတော့အစ်ကို့အနေနဲ့

ဆေးဖယောင်တိုင်သုံးတိုင်ဖိုးနဲ့ကန်တော့ပွဲဖိုးကိုကြည်ဖြူစွာနဲ့သဒ္ဒါပြုနိုင်မလားဆိုပြီးမေးလာ

တယ်…..။အဲဒီမှာမှပြဿနာကစတော့တာပဲ…ဒါနဲ့ကျွန်တော်စကားဖြတ်ပြောရအုန်းမယ်။

ကျွန်တော့မွေးနေ့မတိုင်ခင်က ဗေဒင်ဆရာတစ်ယောက်ကိုဗေဒင်သွားမေးဖူးတယ်။

သူကပြောတယ်ရာဟုဂြိုလ်စီးနေတဲ့အကြောင်း၊မွေးနေ့ကျော်မှလွတ်မယ့်အကြောင်း၊

မွေးနေ့ကျော်ပြီးတစ်လအတွင်းစက်ပစ္စည်းတွေ၊ရွှေငွေတွေဝင်မယ့်အကြောင်း၊ဒါပေမယ့်

ရာဟုဂြိုလ်ကမဖျက်ဆီးအောင်ဖယောင်းတိုင်နဲ့ကန်တော့ပွဲထိုးပြီးပူဇော်ရမယ့်အကြောင်းပြောတော့

ကျွန်တော်လဲအဆင်ပြေချင်တာနဲ့…ချဗျာဆိုပြီးထုတ်ပေးလိုက်တဲ့ငွေခုနှစ်ထောင်။မွေးနေ့ကျော်သွား

တော့တစ်လခွဲလောက်အထိလဲဒုံရင်းကဒုံရင်းပဲ။တော်ပြီဆိုပြီးအေးဆေးပဲနေလိုက်တယ်။သုံးလလောက်

ကြာတော့ဗေဒင်ဆရာတစ်ယောက်နဲ့ကြုံပြန်တယ်။လာငြိပြန်တယ်ရာဟု။ကျွန်တော်လဲပြောလိုက်တယ်

ဆရာလို့ဟိုအရင်တစ်ယောက်ကပြောတာမွေးနေ့ကျော်ရင်လွတ်ပြီလို့ပြောတယ်။အခုမလွတ်ပြန်ဖူးလား

ဆိုတော့သူကပြန်ပြောတယ်…..။ခင်ဗျားမေးခဲ့တဲ့ဗေဒင်ဆရာကသူ့တွက်နည်းအတိုင်းဟောပေမယ့်

ကျွန်တော့တွက်နည်းက ရှေးခတ်ကတည်းကထွန်းကားခဲ့တဲ့အကြောင်း။အဲဒီနည်းနဲ့တွက်တဲ့

အကြောင်း။ပြောမနေဘူး…လုပ်လိုက်လေဆိုပြီးလစ်သွားတာပဲ..ငါးထောင်။ကဲဒီတစ်ခါတော့

သုံးခါမြောက်…။ဆေးဖယောင်းတိုင်နဲ့ကန်တော့ပွဲဖိုးအနေနဲ့တော့ သဒ္ဒါနိုင်မလားတဲ့..။

ပြောလိုက်တော့တယ်…။ရှိစေတော့အစ်ကိုရေ..ကျွန်တော်မေးတဲ့အခါတိုင်းရာဟုနဲ့ငြိနေတာ

နှစ်ပေါက်နေပြီ…။ခုလောက်ဆိုသားအဖတောင်တော်လို့ရလောက်ပြီ…….။ရာဟုဂြိုလ်မင်း

ကြီးလဲကျွန်တော့ကိုကောင်းကောင်းမှတ်မိနေပြီထင်ပါတယ်။ကဲအစ်ကိုရေ…..ခုလိုဟောပြပေးတာကို

ကျေးဇူးအများကြီးတင်ပါတယ်…ရုံးချိန်နီးနေပြီမို့ကျွန်တော့ကိုခွင့်ပြုပါအုန်းဆိုပြီးလှည့်အထွက်

ကျွန်တော့အိပ်ထဲကခြင်္သေ့တစ်ကောင်တောပြောင်းသွားတယ်။အော်….ငြိလို့ကိုမပြီးသေးတဲ့ရာဟု..။

ရှိစေတော့………..။ကဲစာဖတ်သူတို့ရော…..ရာဟုကလွတ်ကြပြီလား။

(မေတ္တာရပ်ခံချက်။          ။မိမိရဲ့အကြောင်းအရာတစ်ခုကိုသာရေးခြင်းဖြစ်ပါတယ်။ပညာရပ်ပိုင်း

နှင့်ပုဂ္ဂိုလ်ရေးတို့အား မရည်ရွယ်ခဲ့ပါ။။။။)