ကုလားအစ် နှင့် မြန်မာအစ်
ဘာသာရေးဆောင်းပါးများကို ကျွန်တော် ဖတ်ခဲပါသည်။ ဘုန်းကြီးဝတ်ချိန်လောက်သာ ဆရာတော်အချို့၏ ဘာသာရေး စာအုပ်တချို့ ဖတ်ဘူးပါသည်။ ရွာထဲရောက်တော့ ကံငါးပါးအကြောင်း ရေးသည့် ကိုငြိမ်းအေး ၏ ပို့စ်တွေကို သူကြီးက sticky လုပ်ပေးထားပါသဖြင့် ဖတ်ကြည့်ဘူးပါသည်။ ဝင်တော့ မဆွေးနွေးဖြစ်ပါ။ လွန်ခဲ့သည့် တစ်ပတ်လောက်က မေတ္တာရှင်(ရွှေပြည်သာ) ၏ သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်ကို ဖတ်စရာစာအုပ်မရှိ၍ (အမှန်အတိုင်းပြောတာပါ) ဖတ်ဖြစ်ပါသည်။ သို့သော် ဇာတ်လမ်းလေးတွေနှင့် စိတ်ဝင်စားအောင် ရေးထားပါသဖြင့် လက်က မချနိုင်ပဲ ဆက်ဖတ် ဖြစ်ပါသည်။ စာမျက်နှာ ၄၅ အရောက်တွင် ပါဏာတိပါတာကံနှင့်ပတ်သက်၍ ကုလားအစ်နှင့် မြန်မာအစ်ဆိုသည့် ခေါင်းစဉ်ပါ စာအချို့ကို ရွာသူရွာသားများ ဖတ်သင့်သည် ထင်ပါသဖြင့် အရင်းအတိုင်း တင်ပြခွင့်ပြုပါ။ ကျွန်တော့်အာဘော် လုံးဝမဟုတ်ပါကြောင်း နှင့် ဆွေးနွေးစရာ ရှိပါက ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးနိုင်ကြပါကြောင်း ကြိုတင် ပွင့်လင်းခွင့်ပြုပါခင်ဗျား။
ကုလားအစ်နှင့် မြန်မာအစ်
မုံရွာစန်းမောင်ရေးသားသော “ကြောက်စရာသံသရာ ခရီးသွားများ” စာအုပ်တွင် မုံရွာမြို့မှ နာမည်ကြီးစေတီတစ်ဆူ၏ ဘုရားပွဲတော်ကြီးတွင်ရဟန်းရှင်လူများ ဆယ်ရက်အတွင်း စားသောက်သုံးဆောင်ခဲ့သော အသားများ၏ ပမာဏကို တွက်ပြထား၏။
ဘုရားပွဲတော်ဆယ်ရက်အတွင်း နေ့စဉ် သံဃာနှစ်ရာ ဆွမ်းကပ်ပြီး လူပေါင်း တစ်ထောင်ခန့်ကို ထမင်းကျွေးသည်။ ထိုသို့ ကျွေးနိုင်ရန် နွားခြောက်ကောင်၊ ဝက် (၆၅) ကောင်၊ ကြက်ထောင့်ငါးရာ ကို စေတီအနီးအနားမှာပင် သတ်ဖြတ်ခဲ့ကြ သည်။ ထို့ကြောင့် ကုလားတစ်ယောက်က မြန်မာတစ်ယောက်ကို ယခုလို ပြောခဲ့ခြင်း ဖြစ်၏။
“တို့ … ကုလားအစ်က နွားတစ်မျိုးပဲ သတ်တာ၊ မင်းတို့ မြန်မာအစ်က တိရ စ္ဆာန်မျိုးစုံ သတ်တာ၊ မင်းတို့က ပိုရက်စက်တယ်” ဟူ၏။
ထိုသို့ သတ်ဖြတ်လှူဒါန်းသည့်အတွက် ကုသိုလ်မရဘူးလားဟု မေးခဲ့ပါက ရသည်ဟုဖြေရမည်ပင်။ သို့သော် သတ်ခိုင်းသူ၊ သတ်သူ အားလုံးမှာ အကုသိုလ်လည်း ရကြပေသည်။ ထိုသူများသေလျှင် ကုသိုလ်၊ အကုသိုလ် နှစ်မျိုးရော ခံစားရသော ဝေမာနိက ပြိတ္တာဘုံသို့ ရောက်ဖို့များ၏။ ကုသိုလ်အတွက် နေ့ဘက်တွင် နတ်စည်းစိမ်ကို ခံစားရ၏။ အကုသိုလ်အတွက် ညဘက်တွင် ငရဲဆင်းရဲကို ခံကြရပေမည်။
ကုသိုလ်ကြီးသက်သက် ရလိုလျှင် ဆိုင်ပေါ်တွင် အသင့်တွေ့ရသော ပံသကူသားကို ဝယ်၍ချက်ကျွေးရမည်။ ပံသကူသားက လိုသလောက်မရလျှင် ရသလောက်ကိုသာဝယ်၍ အသီးအရွက်နှင့် ရောချက်၍ကျွေးရမည်။ ထိုသို့ အသား ထဲ၌ အသီးအရွက် ရောချက်ကျွေးရသည့်အတွက် ကုသိုလ်ကား လျော့မသွားသည့်အပြင် ပို၍ပင် ရ၏။
ကုသိုလ်ပိုရအောင်ဟုဆိုကာ သတ်ဖြတ်ကျွေးမွေးကြမည်ဆိုလျှင် အကုန်အကျ ပိုများသော်လည်း ကုသိုလ်အရ ကား နည်းသွားမည်သာဖြစ်၏။ ကိုယ်တိုင်မသတ်သော်လည်း သားသတ်သမားများကို ကြို၍ သွားမှာသည့်အတွက် အကုသိုလ် အနည်းငယ်ကား ဖြစ်သည်သာ။ ဤဒါနမျိုးသည် သတ္တဝါများကို သွား၍ ထိခိုက်သည့်အတွက် သပ္ပုရိသဒါန မဖြစ်တော့ပေ။
သပ္ပုရိသဒါနဟူသည် – သူတော်ကောင်းတို့ ပြုသောဒါန ဟု ဆိုလိုပေသည်။ ပံသကူသားကို ရသလောက် ဝယ်ချက်လျှင် (သို့မဟုတ်) အသီးအရွက် ကို ဦးစားပေးချက်ကျွေးလျှင် မိမိအလှူအတွက် သူတစ်ပါးကို မထိခိုက်တော့ ပေ။ သူတစ်ပါးကို မထိခိုက်အောင် ဒါနပြုခဲ့လျှင် ဖြစ်ရာဘဝတွင် ထိုအလှူရှင်၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါး ဖျက်ဆီး၍ မရတော့ပေ။
ပါဏာတိပါတ်၊ သက်သတ်အမှု
ကိုယ်လိုပြုနှင့်၊ ပြုဟုသူက
တိုက်တွန်းကြ၍၊ ပြုရသောသူ
လိုတူသော့အား၊ ဖြစ်နိုင်ငြားလျက်
မတားမြစ်သူ၊ သုံးယောက်လူတွင်
သတ်သူနိရယ၊ ငရဲကျ၏
သူကခေါ်ရာ၊ ပါသူမှာမူ
တိရစာ္ဆန၊ ဖြစ်ထမမှား
လိုတူအားဖြင့်၊ မတားမြစ်သူ
ထိုသူမှာတုံ၊ ပြိတ္တာဘုံဟု
အာရုံဖွင့်လှစ်၊ ထူးအပြစ်ကို၊
စင်စစ်မှန်စွာ၊ ကျမ်း၌လာ၏။
(မာဃဒေဝ – ၁၉၈)
(၁) ကိုယ်တိုင်သတ်သူ ငရဲကျသည်။
(၂) သတ်သူခေါ်ရာ အဖေါ်လိုက်သူ တိရစာ္ဆန်ဘုံ ရောက်မည်။
(၃) သတ်ခြင်းကို အလိုတူသောအားဖြင့် မတားမြစ်သူ ပြိတ္တာဘုံရောက်မည်ဟု ဆိုလိုသည်။
(မှတ်ချက်) ။ ။ ဒံပေါက်ကျွေးခြင်းသည်လည်း ကြက်များ အသတ်ခံရမည်ကိုသိလျက် မတားမြစ်ရာရောက်သည်။ ထို့ကြောင့် ဒံပေါက် မလှူစေလိုပါ။
မေတ္တာရှင် (ရွှေပြည်သာ) ၏ သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ် (စာမျက်နှာ ၄၅ မှ ၄၈) မှ
ရွာသူရွာသားများ အထက်ပါစာစုကိုဖတ်၍ အသိဉာဏ်တစ်ခု ရရှိမည်ဆိုလျှင် ကျွန်တော် ပြန်ပြောရကျိုးနပ်ပါသည်ခင်ဗျား။
24 comments
inz@ghi
October 26, 2011 at 1:21 pm
share ပေးတာ ကျးဇူး ကိုဘလက်
နွားတွေသတ်တဲ့အကြောင်းpost တခု ရေးမလို့ လုပ်တုန်း….bro post ကိုတွေ့လိုက်တာ
ကျနော် သတ်မှာ တကယ့် နွားတော့ဟုတ်ဝူး …
😀
အားပေးသွားပါသည်
ခင်တဲ့
inz@ghi
kai
October 26, 2011 at 2:17 pm
အလှူမှာ.. စရိတ်သက်သာစေတဲ့နည်းပဲ..။
များများတွင်ကျယ်လာရင်.. အသား၊ငါးလူမစားတာမို့.. သတ္တဝါတွေအသေနည်းမှာပဲ..။
ဟုတ်တယ်..။
အလှူလုပ်ရင်.. အသားမချက်ကြနဲ့.. ဆိုင်မှာရောင်းတာလည်း.. ဝယ်ရင် သွယ်ဝိုက်ပတ်သက်နေတဲ့အတွက် (ဒန်ပေါက်ကြက်သားလို) အကုသိုလ်ဖြစ်မှာပဲ..။
မြန်မာတွေ.. အသားမစားကြနဲ့နော..။
ဖြစ်နိုင်ရင်.. မီးလွတ်စား၊ တရားအားထုတ်ရင်း.. ထိုင်နေကြ..။
အားလပ်ချိန်လေး..အလုပ်လုပ်.. ရတဲ့ငွေ…စေတီဘုရားကျောင်းကန် ဆောက်လှူကြ..။
မိသားစုစားဝတ်နေရေးလား..။ ရောင့်ရဲနေခိုင်းလေ..။
သတ္တဝါတခု..ကံတခုပဲ..။ သူ့ကံနဲ့သူ.. ဖြစ်သွားမှာပါ..။
လူငယ်တွေ..(ယုတ်စွအဆုံး.).ကလေးတွေပါ.. ကျောင်းတက်ရင် တရားထိုင်ခိုင်းနော… အဲဒီအလေ့အကျင့်လေး.. လုပ်ပေး..လုပ်ပေး..။
နောက်ဘဝမှာ.. အင်မတန်စည်ကားတိုးတက်တဲ့..နတ်ပြည်မှာ.. နေကြရမှာနော..
ပါရမီကောင်းရင်.. နိဗ္ဗာန်ဆိုတာကြီး ရောက်မှာ..ရောက်ဦးမှာ..။
လုပ်ကြ..လုပ်ကြ… စက္ကန့်မလပ်.. သတိနဲ့..လုပ်ကြ..။
ဟတ်..ဟတ်..ဟတ်… ချိုး…။
နာစေးသလိုလိုဖြစ်လာပြီ..။ အန်တိုင်ဘိုင်အိုးတစ်သောက်ဦးမှ…။ 😆
TTNU
October 26, 2011 at 10:24 pm
ဘာပြုလို့ အဲဒီလိုရေးတာလဲဟင်။
ဆရာခိုင့် စကားထဲမှာ Read between the lines!!!
ဆိုတဲ့ သဘောပါနေသလိုပဲ။
ဟော..နှာချေနေပြီ။ ကျန်းမာရေး ဂရုစိုက်နော်။အမေရိကားမှာ ချမ်းသာစွာ
နေထိုင်ပြီး Robot ကြီးလုပ်မနေနဲ့ဦး။ ပြုံးရော ပြုံးရဲ ့လား။
ဆွေမျိုးလို သဘောထားပြီးစိတ်ပူလို့မေးတာပါ။ မေးသာမေးရတာပါလေ။
ဆရာခိုင်တို့က တီချာတို့တွေကို
” How pathetic!” လို့ မြင်ချင်မြင်နေမှာပါ။
တို့တွေလည်း ဆရာခိုင်တို့လို Healthy and Wealthy Environment မှာ
နေချင်တာပေါ့။ ဖြစ်မလာတော့ လည်း၊ အခွင့်မသာတော့လည်း၊
နေသာသလို အဖြေရှာနေကြရတာ Decades များစွာကြာပြီပေါ့။ ( စိတ်ထဲ မတွေ့ရင်သည်းခံနော်)
kai
October 27, 2011 at 4:06 am
တီချယ်ရယ်…
ဗုဒ္ဓတရားတွေက အစွန်းမရောက်ပါဘူး..။
လောကီရေး.. လူတွေလက်တွေ့လုပ်နိုင်တာကလည်း.. လွတ်မထွက်သွားပါဘူး..။
တီချယ်ကောင်းကောင်းသိပါတယ်..။
ဟိုဖက်အစွန်းရောက်လွန်းလာတော့.. ဒီဖက်အစွန်း အမုန်းခံနင်းပေးလိုက်တာပါပဲ..။
–
ယူအက်စ်က ကလေးတွေ မူလတန်းကတည်းက.. Why! ဆိုတာကို မေးတတ်. .တွေးတတ်အောင်… ထပ်ခါသင်တယ်..။
ကလေးတိုင်း Why! တတ်တယ် တီချယ်ရဲ့..။ သမ္မတပြောလည်း..Why! ။ ပါစတာဟောလည်း ..Why! ။ ဂျီးဇက်စ်ခရိုက်ပြောတယ်ဆိုလည်း..Why! တတ်ကြတာပေါ့..။
အခုလည်း..
တီချယ့်တပည့်အရွယ်တွေဆီက… Why! Why! Why! တွေထွက်လာစေချင်လို့ပါ..။ 😉
aungnng87
October 26, 2011 at 2:24 pm
that’s right. I agree with blackchaw.
မောင်သန်းထွဋ် ဦး
October 26, 2011 at 2:27 pm
ကိုခိုင်ကတော့လေ. ပြောတတ်လိုက်တာဗျာ။ကိုခိုင့်စကားရဲ ့image ကိုသွားမြင်မိပါတယ်။သူတို ့တော့မသိပါဘူး။ကျေးဇူးတင်ပါတယ် ကိုခိုင်ရေ…
Antibiotic သောက်ရင် ရေလေးနဲ ့မျှောချနော်၊မတော်လို ့လည်မျိုမှာနင်နေပါဦးမယ်။
ပေါက်ဖော်
October 26, 2011 at 3:58 pm
ကိုယ်တိုင်တော့ မသတ်ဘူး..
သတ်ပေးရင်တော့.. ကြိတ်မှာပဲ..အသားမပါပဲ မချားတတ်ဘူး..
ခုတောင်..ပဲပြုတ်နဲ ့ပဲ ဆွဲခဲ့ရလို ့..အာသာပြေတာမဟုတ်ဘူး..
😆
ဆူး
October 26, 2011 at 4:29 pm
အခု နောက်ပိုင်း အလှူတွေ တော်တော် များများမှာ အသားသီးသန့် လှူတာမျိုး မဟုတ်တော့ပဲ ငါးခြောက်ကြော် နဲ့ သီးစုံပဲဟင်းတွေနဲ့ လှူကြတာ များတယ်။
hmee
October 27, 2011 at 1:20 pm
မမှီတို့ရွာမှာ အလှုတိုင်း ငါးခြောက်နဲ့ ခရမ်းချဉ်သီးချက်၊ ပဲဟင်း ကျွေးတယ်။ သတ်သတ်လွတ်မို့ ကောင်းမှကောင်း။
naywoonni
October 26, 2011 at 4:36 pm
ကိုခိုင်ရေ…။ ကျွန်တော့ ဆရာတစ်ယောက်ပြောတာလေးပြန်ဖောက်သည်ချပါရစေ..။ ဘယ်သူတွေ ဘယ်လိုပြောပြော ကိုယ်နဲ့လည်းဆိုနေတယ်လို့ထင်လို့ ပြောရတော့မှာပဲ…။ ကျွန်တော့ ဆရာကမှတ်သားဖွယ်ပြောခဲ့တာလေးမို့ပါ…… အဲဒါကတော့ …..
” လောကီနဲ့ လောကုတ် ရောထုတ်ခဲ့လို့ ဟိုတစ်ခါလည်း ကျွန်ဖြစ်စောခဲ့ရပြီ ” တဲ့…။ သူပြောချင်တာက ကုန်းဘောင်ခေတ်က ကနောင်မင်းသား ရေမြုှပ်ဗုံး အတားခံလိုက်ရတဲ့ ကိစ္စကိုပြောချင်တာပါ…..။
laaminnthar
October 26, 2011 at 5:43 pm
ဆိုင်ပေါ်က ကြက်က ပံသကူသားပါလို့ ဘယ်သူအာမခံမလဲ
ဒါမှမဟုတ် အိမ်ကကြက် ဘယ်နေ့ သေမလဲ ထိုင်စောင့်ရမှာလား
Mg Ni Tut
October 26, 2011 at 11:35 pm
ဒါက ဘုရားဟောခဲ့တာလေ။
windtalker
October 26, 2011 at 6:41 pm
ကိုဘလက်ရေ
“ ဪ..မပြောတတ်တော့ဘူး ”
အသားရှောင်စားဖို ့၊ အလှူလုပ်ရင် အသားဟင်းလျှော့ဖို ့ (ကိုယ်က သေးသေးလှူတာ) တော့ အိုင်ဒီယာ ရသွားပါတယ် ဗျို ့။ အသားမစားတာနဲ ့ပတ်သက်ပြီး ၊ အရင်ကတဲက အိုင်ဒီယာ ရှိခဲ့ဖူးတယ် ။ ကျုပ် မောင်ပေ ၏ သွားများမှာ ငယ်ငယ်ရွယ်ရွယ်နှင့် မကောင်းတော့ချေ ။ ဝက်သား ၊ ကြက်သား ၊ ဆိတ်သား ကဲ့သို ့စားလျှင် သွားကြားအလွန်ညှပ်၏ ။ ထို ့ကြောင့် ငါး၊ပုစွန်၊ဂဏန်းများနှင့် သာ အစားများခဲ့ရာမှ ၊ အသားမစားသူများ ၏ ကိုယ်နံ ့သည် ညှီနံ ့ကင်းသည် ဟူ တစ်ကြောင်း ၊ အသားမစားသူများသည် အသားရည် လှသည် ဟူ တစ်ဖုံ ကြားပြီးသကာလ ၊ များမကြာဆိုသလို ဟိန္ဒူသားသတ်လွတ် ဖြင့် နှစ်ပါးသွားနေပါကြောင်း ၊ ကွန်မင့်လိုက်ပါတယ် ဗျို ့။
koyinmaung
October 26, 2011 at 7:44 pm
ဈေ းထဲမှာကိုယ်တဦးထဲအတွက်ရည်ရွယ်တာမဟုတ်ဘဲ
ပံသကူသား သားငါးတွေရှိပါတယ်…
တရုတ်ပြည်ကတရုတ်တွေက ပုဇွန်ကိုအရှင်မှဝယ်စားကြတယ်
ကျနော်တို့ကအသေကိုရှာဝယ်စားကြတယ်
ခုဆိုဖေါက်သယ်တွေတောင်ဖြစ်လို့
သေတဲ့အကောင်လေးတွေဖယ်ထားပေးတယ်လေ
ဈေ းလဲသက်သာတယ်
အရှင်ကတစ်ကီလိုကို၂၃ယွမ် ဆို အသေက၁၅ယွမ်
ဘဲပေးရတယ် …..
ကြုံတုန်းမင်္ဂလာဆောင်စားပွဲတခုအကြောင်းပြောပြချင်ပါသေးတယ်
အကိုဝမ်းကွဲရဲ့သားမင်္ဂလာဆောင်စားပွဲမှာပေါ့
တရုတ်တွေရဲ့စားပွဲဆိုတာကလဲထမင်းပါတာမဟုတ်ဘူး
ဟင်းတွေချည်းဘဲတပွဲပြီးတပွဲလာလာချပေးတာကို
ဖြစ်ချင်တော့ အမျိုးတွေရဲ့မင်္ဂလာဆောင်ဖြစ်လို့
မနက်စောစောထဲကသွား ကူညီရပါတယ်
ဘာတွေတွေ့ရလဲဆိုတော့ လိပ်ခလေးတွေအများကြီးဘဲ
ပိုက်အိပ်နဲ့ထည်ထားတာ
၉နာရီခွဲလောက်လဲကျရောရေပွက်ပွက်ဆူနေတဲ့ဒယ်အိုးထဲကို
အရှင်တွေဒီအတိုင်းထည့်လိုက်တယ်ဗျာ…
ရွာသားတို့ရေ နေလည်စားပွဲလည်ရောက်ရော
လာချတဲ့ဟင်းပွဲတိုင်းသတိထားကြည့်ရပါတော့တယ်
လိပ်သားဟင်းလဲလာချရောကျနော်တို့မိသားစုက ကိုင်တောင်မကြည့်တော့ပါဘူး..
ဘယ်လိုလုပ် စားရဲ့ပါမလဲဗျာ..လမ်းသွားယင်လဲနှေးတုံနှေတုံနဲ့မြန်မြန်လဲမပြေးတတ်
သနားစရာအကောင်လေးတွေပါ..
ကိုယ်တိုင်သတ်စားလိုငရဲကျမယ်ဆိုယင်တော့ကျနော်ထင်တယ်
တရုတ်ပြည်ကတရုတ်တွေ ငရဲပြည်မှာတိုင်းပြည်တခုများထူထောင်ထားမလားမသိပါ…
ဆူး
October 27, 2011 at 2:10 pm
တရုတ်ပြည်က စားသောက်ဆိုင် တခုမှာ စားပြီးတော့ အထွက်မှာ တခြားဆိုင်တဆိုင်က အမျိုးသမီး တယောက်က ဇလုံနဲ့ ထည့်ထားတဲ့ ပုဇွန်အနီလေးတွေ ရဲတွတ်နေတာပဲ.. တခါမှ အဲဒီ အမျိုး မြင်တောင် မမြင်ဘူးဘူး။ အနီရောင် လက်မ တွေ ပိုင်ဆိုင်တဲ့ ပုဇွန်တွေကို အရှင်လတ်လတ် ခုံနေပေမဲ့ သူတို့ မခုန်နိုင်ကြဘူး ဇလုံ နုတ်ခမ်းမြင့်နေလို့.. ခုန်နေတဲ့ လက်မ အနီရောင် ပုဇွန်လေးတွေကို တကောင်ချင်းစီ ကောက်ယူပြီးတော့ ကတ်ကြေးတလက်နဲ့ ပုဇွန်လက်မတွေကို နောက်ဇလုံ တခုထဲ တည်တည်ငြိမ်ငြိမ် ညှပ်ထည့်နေတယ်။ သူတို့ စိတ်ထဲမှာ အကုသိုလ် ဆိုတာလည်း သူတို့ သိကြမှာ မဟုတ်ဘူး စားစရာလို့ပဲ သဘောထားပုံရတယ်။ သေချာတာကတော့ အဲဒီ ပုဇွန်တွေက တရုတ်သေလို့ ဝင်စားတဲ့ ပုဇွန်တွေ တူသော အကျိုးပေး ထင်ပါရဲ့။
naymin
October 27, 2011 at 12:01 am
ကံ ကံ၏အကျိုး ဖြစ်မည်
ကျုးလွန်သူ ပြုသူခံရမည်
အကုသိုလ် လုပ်လျှင် အကုသိုလ်ဖြစ်မည်
ကုသိုုလ်လုပ်လျှင် ကုသိုလ်ရမည်
လိုရင်း တိုရှင်း ဤလောက်ပဲ သိပါသည် ။
Mg Ni Tut
October 27, 2011 at 12:02 am
မြန်မာလူမျိုးတွေက မွတ်စလင်မဟုတ်လို့ အစ် ဆိုတာကြီးဘာမှန်းမသိပေမယ့် ဗုဒ္ဓဘာသာရဲ့ အလှူလုပ်တာမှာ ထည့်မနှိုင်းစေချင်ပါဘူး။
naymin
October 27, 2011 at 12:19 am
ကုလားအစ် ကွမ်းအစ် ဒါပဲ နားထောင်ကောင်းတယ် ဟုတ်တယ်ဗျ
ဲမြန်မာအစ် က နားထောင်ရတာ အဆင်မပြေလှဘူး ။
thit min
October 27, 2011 at 5:26 am
ကိုဘလက်ချောပြောတဲ့ သီလစောင့်ထိန်းမှု နဲ့ အကုသိုလ်မဖြစ်အောင်နေထိုင်မှုပုံစံရှူထောင့်အပြင်
ထိန်းရမဲ့ဆိုတဲ့အာရုံ ၆ ပါးထဲမှာ(ရသာရုံ)ဆိုပြီးပါပြန်လေတယ်မဟုတ်လား။သတ္တဝါတွေကိုမေတ္တာထားပါ။
ကိုယ်ချင်းစာပါ။သူ့အသက်ကိုချစ်ပါ။ပြောရရင်ဗျာ ဆုံးမထားတဲ့ စကားတွေ၊လိုက်နာရမဲ့ ဘာသာရေးစည်းကမ်းသတ်မှတ်ချက်တွေ အများကြီးပါဘဲ။
ကျနော်တို့ဘာသာဝင်တွေရဲ့အားနည်းချက်က အဲဒါပါဘဲ သိပ်သိတာပေါ့၊လိုက်လုပ်သလားဆိုတော့မလုပ်ဘူး၊မလုပ်နိုင်ကြဘူး။
ကျနော်ကိုယ်တိုင်ပါဘဲ၊ကိုယ်ကိုကိုယ်ဘာသာရေးသိတဲ့လူလို့(ထင်ပေမဲ့) ဒုစရိုက်အပါး၄ဝ ကိုစာရင်းရေးပြီးတပတ် ရ ရက် မှတ်
တမ်းလုပ်ကြည့်ဘူးတယ်။ဟဲဟဲ “ကျ” တယ် ဆရာရေ။
ဆရာချစ်ဦးညိုပြောသလိုငါးပါးသီလကို ခါးဝတ်ပုဆိုးလို ခနခနပြင်ဝတ်ပါတယ်ဆိုတာမျိုး။
လူတိုင်းကဘာသာရေးအသိရှိကြတယ်။ လေးလေးနက်နက်စွဲစွဲမြဲမြဲလိုက်နာမှုမရှိကြဘူးဆိုတာတွေ့ရတယ်။
ပြောရရင်ဗျာ။ လောဘ၊ဒေါသ၊မောဟ ဟာအပယ်ကျရာအကြောင်းတွေလို့ဟောလေ့ရှိတဲ့ဘုန်းဘုန်းတပါး၊ဆွမ်းခံပြန်
နောက်ကျလို့ဆိုပြီး ကျောင်းသားလေးကို ကြိမ်နဲ့ဆော်တာ ဒေါသပါ၊မပါတော့မသိဘူး ၂ရက်လောက်မထနိုင်တာတွေ့
ဘူးတယ်။
ဘာသာရေး ကို သူများကို ပြောချင်တဲ့အခါ(ဆရာလုပ်ချင်တဲ့အခါမျိုးလဲပါတယ်)သုံးတယ်။
ကိုယ်ကိုတိုင်လေးနက်စွာအသက်အသေခံလိုက်မယ်ဆိုတဲ့ပရမတ္တသစ္စာနဲ့လိုက်နာနေထိုင်တဲ့သူဆိုတာမရှိသလောက်ရှား
တော့ အဲဒီလိုကောင်းတဲ့အယူအဆတွေဟာ “လေထဲကစကားလုံးတွေ”၊”စာအုပ်ထဲကစာသားတွေ”အဖြစ်ထက်မပိုရှာ
ဘူး။
လုပ်ရအုန်းမယ်၊လုပ်မှဖြစ်မယ်နဲ့ နေတွေဝင်လိုက်၊ မိုးတွေလင်းလိုက် နဲ့ပါဘဲလား။
(ဤစကားများသည် ဘာသာရေးကိုလွန်စွာလေးနက်စွာလိုက်နာကျင့်ကြံအားထုတ်နေသောသူတော်စင်၊သူတော်ကောင်း
များကို မသက်ဆိုင်ပါခင်ဗျာ၊ အဓိကအားဖြင့် အကုသိုလ်ကင်းအောင်မနေနိုင်သေးသော ကျနော့ကိုကျနော်ဥပမာအရာ
ထားပြောဆိုထားခြင်းသာဖြစ်သည်။)
ကြောင်ကြီး
October 27, 2011 at 8:41 am
အဲဒါပဲလေ.. မြန်မာတွေ ဆင်းရဲတာ မတိုးတက်တာ ဘာသာတရားကြောင့်လား၊ ဘာသာတရား အဆုံးအမကို တကယ်မလိုက်နာလို့လားဆိုတာ တွေ့နိုင်တာပဲ။ ပါဏာတိပါတကံကို နေ့တိုင်းရွတ်နေပြီးတော့ သတ်လိုက်တဲ့ သူများအသက်တွေ၊ ပံ့သကူသားဆိုပြီး ကိုယ့်ကိုယ်ကိုလိမ်နေလိုက်ကြတာ။ ပြောချင်တာ သက်သတ်လွတ် မလွတ်ထက် အပြောတမျိုး အလုပ်တမျိုး ဖြစ်နေပုံကြောင့် တလွဲအကျိုး ခံစားနေရတာကိုပါ။ လူတွေရဲ့ စိတ်ဓာတ်ပျက်ဆီးနေတာကို ဘာသာတရားကို လွှဲမချနဲ့ဗျို့… အင်းပြောရရင် ကြောင်မင်းလွန်ရာကြမယ်၊ သူ့ကံနဲ့သူလာတာ…. 😎
ရွှေဘိုသား
October 27, 2011 at 11:01 am
ရေးသင့်တယ် အစ်ကိုရေ အဲဒီစာအုပ်ဖတ်ဖူးတယ် ဖတ်ပြီး သတ်သတ်လွတ်စားချင်စိတ်ကို ပေါက်သွားတာပဲ အစပိုင်းတော့ ရသေးတယ် နောက်ပိုင်းကျတော့လည်း တက်မက်မှုတွေက မရပ်တန့်နိုင်သေးပါဘူးဗျာ စားနိုင်ရင်တော့ အကောင်းဆုံးပဲ
kyeemite
October 27, 2011 at 1:37 pm
ဘယ်အရာမဆိုတဖက်စွန်းရောက်ရင်မကောင်းပါဘူး..
ဘုရားရှင်ကလည်း…သက်သတ်လွတ်စားပါလို့မတိုက်တွန်ခဲ့ပါဘူး..
ကျွန်တော်သတိထားကြည့်ရသလောက်တော့….
လူတွေဟာ(အများစုပြောပါတယ်)..ကောင်းတာကြီးဘဲလဲရွေးမလုပ်ဘူး…
မကောင်းတာကြီးဘဲလဲရွေးမလုပ်ဘူး…မိမိမလုပ်မဖြစ်တာကိုသာလုပ်ကြပါတယ်..
ဥပမာ..တံငါသယ်..ငါးဖမ်းရမှာဘဲ..ငရဲတွေ ငအုံတွေကြည့်မနေနိုင်ဘူး..
ကျွန်တော်ဆိုလိုတာက…သတ်တဝါလေးတွေသနားလို့(ဝါ)ငရဲကြီးမှာကြောက်လို့..
ဆိုပြီးတခါမှမသတ်တဲ့…လူက သူ့ရင်သွေးကို မျက်စေ့ရှေ့မှာ အန်တရာယ်ပြုနေဘီဆိုပါတော့..ဘာလုပ်မလဲ..ဘာသတ်တဝါကိုမဆို သတ်ရမှာဘဲ..
True Answer
October 27, 2011 at 3:19 pm
သတ်ကို သတ်ရမယ် လို့ သဘောထားရှိရင် သတ်နေရမှာပါပဲ။
မိမိ အသက်ကို ရန်ရှာရင် အကြီးဆုံးသော စိုးရွံ့ထိန်လန့် ကြောက်လန့်မှု ဖြစ်ရသဖြင့် သူတပါး ကိုယ်ချင်းစာတရားဖြင့် အသက်တွေကို သတ်ဖြတ်မှုကို အတတ်နိုင်ဆုံး ရှောင်နိုင်သမျှ ရှောင်မယ်ဆိုတဲ့ သဘောထားရှိရှင်လည်း ရှောင်နိုင်တဲ့ အဒေါသ မေတ္တာစိတ် ဗြဟ္မာစိုရ်တရား မိမိနှလုံး အိမ်မှာ စတင် ကိန်းလာမှာပါပဲ။
တူသော အကျိုးပေးကို ပေးတတ်ခြင်းသည်ပင်လျှင် သဘာဝတရားကြီး၏ သဘာဝဖြစ်ပါလေသည်။
သူတပါးအသက်ကို မိမိအသက်လိုပဲ ချစ်တတ်ပါစေ။ (http://www.meat.org/)
blackchaw
October 27, 2011 at 4:16 pm
အပေါ်မှာရေးထားတဲ့အတိုင်းပါပဲ။
ဒါက မေတ္တာရှင် (ရွှေပြည်သာ) ဆိုတဲ့
ဆရာတော် တစ်ပါး ရေးတဲ့ သင်လူတစ်ယောက်ဖြစ်ပြီလား
စာအုပ်အထူကြီး (တော်တော်ထူပါတယ်) ထဲက
စာလေးတစ်ပိုင်းတစ်စပါ။
ကျွန်တော်က ဒံပေါက်သိတ်ကြိုက်ပါတယ်။
မြန်မာထမင်းစားရင်လည်း ဝက်သား ကို အဝကြိတ်တဲ့ ကောင်ပါ။
အဲဒါကြောင့် ကိုယ့်ဟာကိုယ် မလုံမလဲဖြစ်ပြီး
ရွာထဲက လူကြီးမင်းများနဲ့ အဖေါ်လှမ်းညှိတဲ့ သဘောပါ။
မြန်မာအစ်နဲ့ ကုလားအစ် ဆိုတဲ့ ခေါင်းစဉ်ကတော့ ဆရာတော် ရဲ့ စာအုပ်ထဲက
ခေါင်းစဉ်ကို ကျွန်တော်လို ဘာမဟုတ်ညာမဟုတ် ကောင်က မပြင်ရဲတာကြောင့်
မူရင်းအတိုင်း သုံးလိုက်တာပါ။