လိမ်းဆေးနဲ့ သောက်ဆေးမှားခဲ့ပုံလေး – ဆေးညွှန်း(၁)
ဒီနေ့တော့ လိမ်းဆေးနဲ့ သောက်ဆေး မှားသုံးမိတာလေး ပြောပြဦးမယ်။
အဖြစ်က ဒီလို။ ကျနော် fifth year လောက်တုန်းကပေါ့။ ကျနော်မှာ တော်တော်လေး ချူချာခဲ့တာ။ ကျန်းမာရေးက တရှောင်ရှောင် ဖြစ်ခဲ့တာပါ။ ဒီတော့ သူငယ်ချင်း တစ်ယောက်က အကြံပေးတယ်။ ကျန်းမာရေး မကောင်းရင် ဗောဇ္ဈင်္ဂသုတ်ကို တနေ့(၁၁)ခေါက်ရွတ်ရင် ကောင်းလာလိမ့်မယ်တဲ့။ ဒါနဲ့ ကျနော်လည်း လိုက်လုပ်ခဲ့တာပေါ့။ ယုံကြည်မှု့ကြောင့်လား မသိဘူး။ တော်တော်လေး သက်သာခဲ့ပါတယ်။
တကယ်တော့ ဒီသုတ်ရဲ့အဓိပ္ပါယ်ကို မသိဘဲ ရွတ်ခဲ့တာလေ။ နောက်မှပဲ ကိုယ့်အမှားကိုယ် မြင်တော့ တယ်။
ဒီသုတ်က ဘာကိုဟောထားသလဲဆိုရင် လက်တွေ့ကျင့်သုံးနည်းကို ညွှန်းထားတာပါ။ ဒါပေမယ့် ဆေးနည်း အညွှန်းကို နားမလည်ခဲ့ပဲ ကျင့်သုံးရမယ့် တရားကို ရွတ်ဖတ်ပူဇော်နေခဲ့တယ်လေ။ ဒါကြောင့် ကျနော်က သောက်ဆေးကို လိမ်းဆေးထင်ပြီး လိမ်းမိနေသလို ဖြစ်နေပြီ လို့ပြောတာပေါ့။ ရွတ်တော့ရောဆိုတော့ အကျိုးတော့ ရှိပါရဲ့။ ကုသိုလ်ရရုံ တနည်း ရောဂါသက်သာလာရုံပဲရှိတာပေါ့။ တကယ် ဆေးညွှန်းက ခိုင်းတဲ့အတိုင်း လိုက်နာပြီး သောက်ရင်တော့ ရောဂါအပြီးပျောက်လို့ ကျန်းမာလာမှာပေါ့။ ဒါကြောင့် ကိုယ့်တုန်းက မသိလို့ လွဲသုံးခဲ့တဲ့ ဆေးညွှန်းလေးကို အားလုံးကို သိစေချင်လို့ ကိုယ့်လိုမှားပြီး သုံးမိမှာစိုးလို့ ရေးလိုက်ပါရစေ။
ဒီဗောဇ္ဈင်္ဂသုတ်မှာ ဗောဇ္ဈင်(၇)ပါးကို အကြောင်းနဲ့ အကျိုးခွဲပြီး ဟောပြထားတာပါ။
အကြောင်း(၄)ပါးကြောင့် အကျိုး(၃)ပါး ရနိုင်တယ် ဆိုတာ ရှင်းပြထားတာပါ။
အဲဒီ အကြောင်း(၄)ပါးက
(၁) သတိ သမ္ဗောဇ္ဈင်
(၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင်
(၃) ဝီရိယ သမ္ဗောဇ္ဈင်
(၄) သမာဓိ သမ္ဗောဇ္ဈင် တို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်း(၄)ပါး ပြုလုပ်ခဲ့ရင် အကျိုး(၃)ပါးဖြစ်တဲ့ –
(၁) ပီတိ သမ္ဗောဇ္ဈင်
(၂) ပဿဒ္ဓိ သမ္ဗောဇ္ဈင်
(၃)ဥပေက္ခာသမ္ဗောဇ္ဈင်တို့ရရှိမှာဖြစ်ပါတယ်။
ဒါဆို ပေါင်းလိုက်ရင် စုစုပေါင်းဗောဇ္ဈင်(၇)ပါးပြည့်ပြီနော်။
ကဲ.. အကြောင်း(၄)ပါးက စပြီး ကိုယ်နားလည်ထားသလို ဉာဏ်မှီသလောက် အသေးစိတ်ရှင်းပြပါ့မယ်။
(၁) သတိ သမ္ဗောဇ္ဈင်
ဒီသတိ သမ္ဗောဇ္ဈင်ကတော့ သတိထားရမှာဖြစ်တဲ့ ရုပ်၊ ဝေဒနာ၊ စိတ်နဲ့ ဓမ္မတွေအပေါ်မှာ အထူးသတိ ထားကြည့်တတ်ဖို့ပဲ ဖြစ်ပါတယ်။
ရုပ် – ပူရင် ပူတယ်လို့ သိနေရမယ်။
အေးရင် အေးတယ်လို့ သိနေရမယ်။
နောက် မာတဲ့သဘော၊ ပျော့တဲ့သဘော၊ ကိုက်တာ၊ ခဲတာ၊ နာတာ၊ ကျင်တာတွေကို သတိလေးနဲ့ သိပေး နေခြင်းသည် ရုပ်ကို ရှု့တယ်လို့ မှတ်ရပါမယ်။ နောက်တစ်ခု-
ဝေဒနာ – ဒီမှာ မခံမရပ်အောင် ဆင်းရဲလာရင် ဒုက္ခဝေဒနာ
နေလို့ထိုင်လို့ ကောင်းနေတာ ခံစားရရင် သုခဝေဒနာ
ကောင်းတာ၊ ဆိုးတာ မထင်ရှားရင်တော့ ဥပေက္ခာဝေဒနာဆိုပြီး (၃)မျိုး ရှိတယ်။ ဒီထဲက တစ်ခုခု ဖြစ်ရင်ဖြစ်တာကို သတိနဲ့သိပေး နေရင် ဝေဒနာ ရှု့တယ်လို့ခေါ်တယ်။
နောက်တစ်ခုက
စိတ် – စိတ်ညစ်နေသလို၊ စိတ်ကြီးလေးသလိုလို၊ ဘာရယ်မဟုတ်ပဲ ပျော်နေတာလိုလို၊ ဒါတွေဖြစ်ရင် ဖြစ်တဲ့အတိုင်း သိနေခြင်းသည် စိတ်ကို ရှု့နေတာပေါ့။ နောက် စိတ်မှာ လောဘစိတ်တွေဖြစ်နေရင် ငါတော့ လောဘစိတ်ဖြစ်နေပြီ။ ဒေါသဖြစ်ရင် ဒေါသဖြစ်နေတယ်…..စသဖြင့် တွေးရင် တွေးနေတယ်ကစလို့ သတိနဲ့ သိသိ ပေးနေရမယ်လို့ ဆိုလိုတာပါ။ နောက်ဆုံးတစ်ခု
ဓမ္မ – ဓမ္မကတော့ ရုပ်ရယ်၊ ဝေဒနာရယ်၊ စိတ်ရယ်လို့ ထူးပြီး မခွဲခြားပဲ၊ ပေါ်လာသမျှသဘောတရားလေးတွေကို သတိလေးနဲ့ စောင့်ကြည့်ပြီး သိပေးနေခြင်းကို ပြောပါတယ်။ ဒါဆို သတိ သမ္ဗောဇ္ဈင်(၄)မျိုးစုံသွားပြီနော်။
ဒီတော့ ဆေးညွှန်းအရ ပထမဆုံး သတိကို လက်ကိုင်ထားလို့ ဒီသဘောလေးတွေကို သိပေး မှတ်ပေးနေပါလို့ ညွှန်းထားပါတယ်။
နောက်ထပ် အကြောင်းတစ်ခုက
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ဒါကတော့ ဓမ္မလို့ခေါ်တဲ့ ကိုယ်ရှု့နေတဲ့ တရားပေါ်မှာ ဝိစယ က စီစစ်သုံးသပ်နေခြင်းပါပဲ။ ခန္ဓာရဲ့ရုပ်ပိုင်းတွေက ဖောက်ပြန်ပြလို့ ဖြစ်တယ်၊ ပျက်တယ်၊ အစားထိုးတယ် ဒါတွေကို တစ်ချက်ချင်း မြင်အောင် သုံးသပ်လို့နေတာကို ပြောပါတယ်။ တစ်နေရာက နာတယ်ဆိုရင် အရင်ဆုံး နာတာကို မြင်အောင်ကြည့်၊ နောက်ပျောက်သွားမယ်၊ အဲဒီနေရာမှာ နောက်တစ်ခု အစားထိုးလာမယ်။ ဒါကို မြင်ရင် အနိစ္စအမြဲမရှိ ဖောက်ပြန်ပျက်စီး နေတဲ့သဘောကို ကွက်ကွက် ကွင်းကွင်းကို မြင်တွေ့လို့ ပွားများနိုင်လာမယ်။
ဒီတော့ ဒုတိယအနေနဲ့ ပထမတုန်းက သတိလက်ကိုင်ထားပြီး သိပေး မှတ်ပေးနေတဲ့ ရုပ်၊ ဝေဒနာ ၊ စိတ် နဲ့ ဓမ္မတွေက ပြလာမယ့် သဘောလက္ခဏာတွေကို မြင်အောင်ကြည့်လို့ သုံးသပ်ပေးနေပါလို့ ဆေးညွှန်းထားပါတယ်။
နောက် အကြောင်း တစ်ခုထပ်တိုး သွားပြီ။
(၃) ဝီရိယ သမ္ဗောဇ္ဈင်ပေါ့။ သူက သတိထက် ပိုခိုင်တယ်။ တစ်ခုခုကို လုပ်ရင် “ သတိထား၊ ဝီရိယစိုက်ပါ ” လို့ ပြောလေ့ရှိတယ်လေ။ သတိချည်းဆိုရင် သိပ်မခိုင်ဘူး၊ ဝီရိယလေးပါ ပေါင်းထည့်လိုက်မှ ကိုယ်ရှု့ နေတဲ့ ရှု့ကွက် လေးကို မလွတ်အောင်ထိန်းလို့ ထိန်းလို့ ရှု့နိုင်သွားမှာပါ။
တတိယဆေးညွှန်းအနေနဲ့ကတော့ သုံးသပ်နေတဲ့အပေါ် အထူး ဝီရိယစိုက်လို့ ကြိုးစားရှု့မှတ်ပေးနေပါလို့ လမ်းညွှန်ထားပါ တယ်။
ကဲ နောက်ဆုံး တစ်ခုကတော့
(၄)သမာဓိသမ္ဗောဇ္ဈင်ပဲ ဖြစ်တယ်။ ဒါကတော့ ရှေ့က သတိ ထားပြီး ဝီရိယစိုက် ရှု့မှတ်နေတော့ သမာဓိအားတွေပို ပိုပြီး ပြည့်လာတာပေါ့။ စိတ်ကလေး ငြိမ်လာမယ်၊ တည်လာမယ်၊ တည်တော့ ကြည်လင်လာမယ်။ ဒါ သမာဓိအား တွေပဲပေါ့။
ရှေ့တုန်းက သတိ၊ ဝီရိယနဲ့ သုံးသပ်နေတဲ့စိတ်မှာ တဖြည်းဖြည်းချင်းနဲ့ သမာဓိတွေ ရလာလိမ့်မယ်လို့ ညွှန်းထားတာပါ။ အဲလို သမာဓိရလာတဲ့အခါ စိတ်ဟာ တောင်ရောက်၊ မြောက်ရောက်မရောက်တော့ပဲ ကိုယ်ရှု့နေတဲ့ သဘောလေးအပေါ် မှာပဲ ငြိမ်ပြီး မလွတ်အောင် မှတ်လာနိုင်ပါလိမ့်မယ်တဲ့။
ကဲ..ဒါဆိုအကြောင်း(၄)ပါးစုံသွားပြီနော်။
ဒီ အကြောင်း (၄)ပါးသည် ရွတ်ဖတ်ရုံနဲ့ မရနိုင်ပါဘူးနော်။ ကိုယ်တိုင်ကျင့်ရမယ့်အကြောင်း (၄)ပါးသာ ဖြစ်ပါတယ်။
ဒါကြောင့် ဆေးညွှန်းကို သေချာဖတ်လို့ လိုက်နာနိုင်မှ ပျောက်သင့်တဲ့ ရောဂါတွေ တစ်စတစ်စ ပျောက်ကင်းလာခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေ ခံစားလာရမှာပါနော်။ အနာနဲ့ ဆေး ၊ လိမ်းဆေးနဲ့သောက်ဆေး မှန်အောင် သုံးနိုင်မှ ထိရောက်စွာ သက်သာ ပျောက်ကင်းပြီး ရောဂါကို အမြစ်ပြတ်အောင် ကုနိုင်ပါလိမ့်မယ်လို့ သတင်းကောင်းလေးပါးရင်း ဒီနေ့တော့ အို၊ နာ၊ သေ လွတ်ရာသို့ အရောက်ပို့ပေးမယ့် အကြောင်း (၄)ပါးဆိုတဲ့ ဆေးညွှန်းလေး ပေးလိုက်ရပါတော့သည်။
ကျန်ရှိနေသေးသော အကျိုးတရား သုံးပါးကို ဆက်လက်ဖော်ပြပေးသွားမှာမို့ ဆေးညွှန်းဖတ်လို့ စကျင့်ကြပါစို့ လား။
မှတ်ချက်။ ။ ကျနော်နားလည်သဘောပေါက်ထားတာလေးကို အကြမ်းမျဉ်းနားလည်အောင် ပြန်လည်တင်ပြ ဝေမျှလိုက်ပါသည်။
8 comments
ဆူး
October 29, 2011 at 6:03 pm
ဆူး ကတော့ ကြိုးတန်းပေါ် မတ်တပ်ရပ်ရသလိုပါပဲ.. ကြာလေ သမာဓီ မရှိလေပဲ.. သတိရှိတယ် ဝိရိယ မရှိတော့ သတိလေးရှိလိုက် ဆက်တိုက် မတည်လိုက် ပျောက်သွားလိုက် ဒီလိုနဲ့ သမာဓိ ဆိုတာ လုံးဝ နည်းပါး အနုတ် လက္ခဏာ ဆောင်နေတာပေါ့။
ကြိုးတန်းပေါ် ရပ်နေတာ ငြိမ်ငြိမ်လေး ရပ်ရင် ပြုတ်မကျပေမဲ့ ဟိုနား ဒီနား စိတ်က ခိုးလိုးခုလု ဟိုရောက် ဒီရောက်နဲ့ ငြိမ်ပြီး ရပ်မယ် ကြံလိုက် ပြုတ်ကျလိုက်နဲ့ ရပ်ဖို့ ကြိုးစားပေမဲ့ မရပ်နိုင်သေးပါဘူး။ ကြာလေ ချာလေ ဖြစ်နေပြီ။ သမာဓိ အားတွေ ကျစေတဲ့ အထဲမှာ ရွာထဲမှာ အာရုံနစ်နေတာလည်း ပါတယ်။ ယခင်နဲ့ ယခု လားလားမှ မဆီရေးချ မဆိုင်ပါ လို့ပြောလို့ ရပါတယ်။
windtalker
October 29, 2011 at 6:49 pm
ကြိုးတန်းပေါ်က ပြုတ်ကျ လဲ ပူစရာ မရှိပါဘူး ။
အောက်ကဖမ်းပေးမယ့် လူ ရှိနေပြီဘဲဟာ ။
သံသရာ ကြိုးတန်းအတွက်သာ တဖြေးဖြေး ကျင့်ကြံ သတိပြု အားထုတ်သွားရမှာပါဘဲ
whowho
October 30, 2011 at 10:43 am
ဟုတ်ပါ့ဆူးရေ။ ရွာထဲမှာ အာရုံနစ်နေတာလည်းပါတယ်ဆိုတာ မှန်ပါ့။
အဲဒီအတွက် ပေးရတဲ့ အချိန်တွေက မနည်းပါပဲနော်။
တစ်နေ့တစ်နေ့ စာရေးတာရယ်။ တင်တာရယ်။ ဖတ်တာရယ်။ စာပြန်တာရယ် ဆိုတဲ့ အချိန်တွေကို တစ်ခါတစ်ခါ ဖြုတ်ချချင်လာတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အလွတ်ရုန်းဖို့ များ ကြိုးစားလိုက်ပါလားလို့။ အဲလိုတွေကြောင့် တစ်ချက်တစ်ချက် လုပ်လက်စလေးတွေ ထိုးထိုး ရပ်သွားရတာပါပဲ။ စိတ်ကို ဘယ်လို ပြန်ဆုံးမရသလဲဆိုရင်လေ…အော် ဒီစာတွေရေးတော့ ရေးနေတုန်းလည်း တရားသဘောလေး နှလုံးသွင်းဖြစ်နေတာပဲ။ တင်တော့လည်း သူများကို ဓမ္မအလှူတွေ ကိုယ်သိသလောက်တော့ ပေးလှူနေရတာပဲလေ။ အဲဒီအတွက် တစ်စုံတစ်ယောက်မှာ အကျိုးတစ်စုံတစ်ရာ ရသွားခဲ့မယ်ဆိုရင် ပရအလုပ်တွေ အထမြောက်လို့ တစ်နိုင် သာသနာပြုရာရောက်နေပြီပဲလေ လို့ တွေးရင်း စိတ်ကို ပြန်ခိုင်းနေရပြန်တယ်။ ဒါတောင် စာလေး တစ်ပတ်လောက် တင်ပြီးရင် သူများအားပေးတာ မပေးတာထက်ကို ကိုယ့်စိတ်က ငြီးငွေ့လာတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် လွတ်အောင် မရုန်းနိုင်သေးခင်ကာလထိတော့ ဒရွတ်ဆွဲလို့သာ ချော့တလှည့် ခြောက်တစ်ခါနဲ့ ဒီစိတ်ကလေးကို အတ္တ၊ ပရ ညီမျှအောင် လုပ်ဖို့ အားပေးနေရဦးမှာပါလေ။
thit min
October 31, 2011 at 9:04 am
မေတ္တာသုက်ဆိုတာ ရွတ်ဘို့မဟုတ်ဘူး ကျင့်ဘို့လို့ယူဆထားတဲ့ ကျနော်နဲ့ကွက်တိဘဲဗျို့။
လုံးဝသဘောတူပါကြောင်း။
ကြောင်ကြီး
October 31, 2011 at 11:59 am
ဆေးဆရာများ ပြောလေ့ရှိတဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ လေးပါးနဲ့ဆိုရင် ဟူးဟူးပြောတာ စိတ်နဲ့ဆိုင်မယ် ထင်တယ်နော်။ ခက်တော့ခက်တယ်ဗျ၊ လူဆိုတာ ကိုယ်တိုင်လုပ်ဖို့ထက် သူများကို အားကိုးချင်တာ။ တခါ စာထဲမှာ ဖတ်ဖူးတယ်။ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရကို အာခံပြီး မြန်မာလူငယ်များက လမ်းလျောက်အဖွဲ့တွေဖွဲ့ကြတယ်။ အဲဒီမှာ မဟာဂန္ဓာရုံဆရာတော်ကြီးလား၊ မင်းကွန်းတောရ ဆရာတော်ကြီးလား မသိဘူး၊ လူငယ်ခေါင်းဆောင်တွေကို ခေါ်ပြီး သတိကပ်ပြီး စင်္ကြန်လျောက်ခြင်း အကျိုးနဲ့ ဘုရားဟော စပ်ဆက်ပြောဆို စည်းရုံးတယ်။ ဖြစ်မလာပါဘူး…….။
ဘာပဲဖြစ်ဖြစ် ကမ္မဌာန်းတရား အားထုတ်ခြင်းဖြင့် စိတ်ပိုင်းရုပ်ပိုင်း ကြံ့ခိုင်မှုကောင်းကြောင်း အထောက်အထားနဲ့ ပြောပြလို့ မှတ်သားသွားပါသည်။ စိတ်သာရှင်စော ဘုရားဟောရှိလို့ မိမိစိတ်က တရားထိုင်တာ ကျန်းမာရေး အထောက်အကူ ပြုတယ်လို့ စွဲထားရင်လည်း သက်ရောက်မှု ပိုရှိနိုင်မယ် ထင်ပါသည်။ 🙂
whowho
October 31, 2011 at 5:35 pm
အင်း ကိုကြောင်ကြီးရေ
ခက်တာက တရားထိုင်ဖို့ ဒီသုတ်က ပြောထားတာပါလားလို့တောင် မသိခဲ့တဲ့အဖြစ်မို့ အဓိပ္ပါယ်မသိပဲ ရမ်းလုပ်ခဲ့ရတဲ့ အကန်းဘဝကို သိစေချင်လို့ ကိုယ့်လိုမဖြစ်ရလေအောင် ဒီပိုစ့်ကို တင်လိုက်ရတာပါ။ အားထုတ်ဖို့ပြောနေတဲ့သုတ်ကို နုတ်နဲ့ ရွတ်နေတာမို့ လိမ်းဆေးကို သောက်ဆေးထင်ပြီး မှားသုံးခဲ့တဲ့ကိုယ်တွေ့လေးကို ပြန်ပြီး သင်ခန်းစာယူစေချင်လို့ မျှလိုက်ရပါတယ်။
ကြောင်ကြီး
November 1, 2011 at 12:05 pm
တခုတော့ရှိတယ်။ ပရိတ်၊ သုတ် ရွတ်ဖတ်သရဇ္ဇယ်တယ်ဆိုတာ နတ်ဒေဝါတွေ စောင့်ရှောက်မှု ခံချင်လို့ လုပ်တာအဓိက ဆိုရင်တော့ ရွတ်တာလည်း မမှားဖူးဆိုရမှာပေါ့။ ကြာလာတော့ ကိုယ်တိုင်လည်း လုပ်ရင် အကျိုးခံစားရမယ်ဆိုတာ မသိကြတော့ဘူး။ လုပ်ပြန်တော့လည်း အိယောင်ဝါးမရဘူးလေ။ ဘာပဲပြောပြော ရွတ်တာက သက်သက်သာသာနဲ့ ရမယ်လို့ ယုံတာကိုး။ ရိုးရိုးသားသား ကြိုးကြိုးစားစား စီးပွားရှာတာနဲ့ အိမ်မက်ဂဏန်းလိုက်ထိုးသလို ဖြစ်မှာပေါ့။
whowho
November 2, 2011 at 6:40 pm
လူတိုင်းဟာ အားကိုးရှာနေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် ရွတ်တာဖတ်တာကို မှားတယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ဘုရားဂုဏ်တော်တစ်ခုခုကို နုတ်ကနေ ရွတ်ပြီး အားတိုင်းပွား နေတာ မျိုး၊ တနည်း ဘုရားစာတစ်ခုခုကို အားတိုင်း နုတ်တိုက်ရွတ်ဖတ်နေတာမျိုးပေါ့နော်။ အဲလိုလုပ် တော့ ဝစီဒုစရိုက်တွေ ကင်းနေတာပေါ့နော်။ ကောင်းပါတယ်။ ဒါပေမယ့် ကျနော်ပြောချင်တာက အဓိပ္ပါယ်ကိုတော့ သိရမယ်။ ဘာမှကို မသိပဲ ရမ်းရွတ်နေတာထက် သိပြီး မကျင့်နိုင်သေးလို့ မကျင့်သေးပဲ ရွတ်ပွားရမယ့်သုတ်ကို ရွတ်ပွားနေမယ်ဆိုရင် ပိုမကောင်းပေဘူးလား။