ပညာရှာမှာလား ငွေရှာမှာလား?

စဆရ ႀကီးOctober 30, 20111min44916

(ဒိPost ကို ဒေါ်အီးတုန်း Post မှ စိတ်ကူးရလို့ ရေးလိုက်ပါကြောင်း..)

ဒေါ်အီးတုန်းရေ… ကျွန်တော်လဲ ဝန်ထမ်း သုံးရာလောက်ရှိတဲ့ စက်ရုံမှာ အုပ်ချုပ်ရေးအပိုင်းလုပ်ခဲ့ဖူးတဲ့အတွက် ပြောပြချင်တာလေးတွေလဲ ရှိသပေါ့နော်.. မတူညီတဲ့ အမြင်တစ်ခုကနေပေါ့.. ဆိုတော့ကာ ပြောရမယ်ဆိုလျင်တော့ အတော်လေးကို ရှည်လျား၊ ထွေပြားပေတော့မယ်..

လိုရင်းကို တိုတိုလေးဆိုရမယ်ဆိုရင်တော့ ရွေးချယ်ခွင့်မရှိတဲ့ဘဝမို့ ရလာတဲ့ဘဝကိုသာ သူတို့လျှောက်လှမ်းနေရတာပါ.. ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်တဲ့.. အတွေးတိမ်တဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုမေ့ပြီး ရေရှည်ကောင်းစားမှုမရှိတဲ့ ရေတို လုပ်ငန်းခွင်က အလုပ်သမားတွေဘဝကို အလွယ်ပဲ ကူးပြောင်းရောက်ကြတယ် မြင်မိတယ်.. နိုင်ငံတစ်နိုင်ငံမှာ လုပ်သားအင်အား များပြားနေတာ သိပ်မကောင်းလှဘူးလို့ဆိုမယ်.. လုပ်သားအင်အားဆိုရာမှာ ကာယလုပ်သားနဲ့ ဉာဏလုပ်သား၊ ဘယ်ဟာကများ နိုင်ငံကို ဦးဆောင်နိုင်လိမ့်မယ်ထင်သတုန်း? အီးတုန်းအလိုအရဆို ငါတော့ ပညာတတ်ကြီး မဖြစ်နိုင်ပါဘူးလေ၊ မိဘတွေကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနိုင်အောင် ပညာတစ်ပိုင်းတစ်စနဲ့ရပ်၊ လုပ်ငန်းခွင်ဝင်လုပ်ကြမယ်ဆို မျက်မြင်မှာတော့ ဝင်ငွေရနေနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးပွားနိုင်ပါ့မလား?

သေချာစဉ်းစားနော်၊ ဒီကိစ္စက အမျိုးသားရေးတစ်ခုလုံးနဲ့ဆိုင်တယ်.. သူများနိုင်ငံတွေမှာ (အထူးသဖြင့် တိုးတက်နေတဲ့ နိုင်ငံတွေမှာ) နိုင်ငံခြားသားဆိုတာ အခိုင်းအစေဘဝ၊ နိုင်ငံသားတွေက အုပ်ချုပ်သူအပိုင်း ရထားကြတယ်။ ဒါဘာကြောင့်လဲ? သူတို့ရဲ့ လဝက ပေါ်လစီတွေကြောင့်လား? ဒါလဲ နည်းနည်းပါမယ်။ ဒါပေမယ့် သေသေချာချာ လေ့လာလိုက်ရင် သူတို့နိုင်ငံသားတွေကို ပညာရေးမှာ မြင့်တက်အောင် လုပ်ပေးထားခြင်းကြောင့်ဆိုတာ မြေကြီးလက်ခပ် မလွဲဘူး။ ဆိုတော့ကာ ကျွန်တော်တို့ မြန်မာပြည်မှာ (ကျွန်တော်အပါအဝင်) မဖြစ်စလောက် ပညာရေးလေးကိုပဲ သင်ကြားတတ်မြောက်ကြတယ်။ ဒီနေရာမှာ ဆယ်တန်းအောင်၊ သာမန်ဘွဲ့ရတစ်ယောက်ကို ပညာတတ်လို့ မဆိုနိုင်ဘူးဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာလဲ ဘယ်နေရာမှ မသုံးဘူး၊ နိုင်ငံခြားမှာလဲ ကိုယ့်ဘွဲ့လက်မှတ်တင်ပြတောင် အလယ်တန်းအောင်ဆိုတဲ့ အဆင့်ပဲပေးတယ်။ ဆိုတော့… ဒီနေ့ဟာ ပညာခေတ်ကြီးလို့ ဆိုကြတယ်.. ကမ္ဘာစစ်များကာလတုန်းကတော့ ကာယလုပ်သားတွေသာ အတော်လေးတွင်ကျယ် အလုပ်ဖြစ်ခဲ့တယ်.. ပညာများများတတ်ဖို့မလိုဘူး.. ဒီနေ့ခေတ်ကတော့ ပိုးဟပ်ဖြူလေးများသာ အလုပ်ပိုတွင်ကျယ်တယ်လို့ မြင်တယ်.. ပညာရှာဖို့ နည်းလမ်းကောင်းတွေလဲ တစ်ပုံကြီးပဲ၊ ရွေးချယ်စရာ Carrier Life တွေလဲ တစ်ပုံကြီး၊ ဒီထဲမှာမှ အသက်မွေးဝမ်းကြောင်း ပညာရပ် တတ်မြောက်တဲ့သူတွေသာ ပြည့်စုံစွာ ရပ်တည်နိုင်တာ မြင်မိတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို တစ်ကယ် ကျောထောက်နောက်ခံပြုတာ “လူလတ်တန်းစား” အလွှာကပဲဖြစ်တယ်.. မြန်မာနိုင်ငံမှာ အဲဒီအလွှာပျောက်ဆုံးနေတာ မြင်မိတယ်.. တစ်ခါကလေ့လာဖူးသမျှအရဆိုရင် အဲဒီအလွှာဟာ ပညာတတ်လူတန်းစား အများဆုံးပါဝင်တယ်လို့ဆိုတယ်.. ဒီတော့ မြန်မာနိုင်ငံဟာ ဘာလို့ ဆင်းရဲမွဲတေနေရတာလဲ? အစိုးရနဲ့လဲဆိုင်တယ်၊ ပြည်သူတွေနဲ့လဲ ဆိုင်တယ်။ လိုချင်တပ်မက်မှုတွေကို လောဘလို့ သတ်မှတ်ပြီး မကောင်းမှုတစ်ခုလို့မြင်၊ ရုပ်ဝတ္ထုပိုင်း ပြည့်စုံနေတဲ့သူတွေကို တစ်ကယ့် ငြိမ်းအေးချမ်းသာမှုဖြစ်တဲ့ စိတ်ရဲ့ ငြိမ်းအေးချမ်းသာမှုမရှိဘူးလို့ ဆိုဆုံးမနေတဲ့လူတွေရဲ့ တစ်ဖက်သက်အမြင်တွေ ကျယ်ပြန့်နေတာကတစ်ကြောင်း၊ ရောင့်ရဲတင်းတိမ်တယ်ဆိုပြီး ဘဝကို လွယ်လွယ်အရှုံးပေးနေတဲ့လူတွေကြောင့် တစ်ကြောင်း မြန်မာပြည်ဆင်းရဲနေရတယ်မြင်တယ်။ တစ်ကယ့်ပညာတတ်တွေလဲ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့၏ ဆိုသလို သူတို့ရဲ့ ကြိုးစားမှုတွေကို “လောဘ” ဆိုတဲ့ နာမည်ဆိုးကြီးတပ်ပြီး အပြစ်တင်မနေတဲ့ လူမှုပါတ်ဝန်းကျင်ရှိရာ အရပ်တွေမှာနေထိုင်ကြရင်း ကိုယ်၏ချမ်းသာခြင်းနှင့်အတူ စိတ်၏ချမ်းသာခြင်းပါ ခံစားနေရတယ်ဆိုတာ နိုင်ငံပြင်ပမှာ ကြိုးစားမှုနဲ့အတူ ချမ်းသာလာကြတဲ့သူတွေမေးကြည့်၊ မှန်ကန်ကြောင်း ဝန်ခံကြလိမ့်မယ်။

လိုရင်းကို ဆက်ပါမည်။

ငယ်ရွယ်စဉ်မှာ ပညာရှာချိန်သည်ကား သိပ်မကြာလှပါ။ လွန်လှ အနှစ် ၂ဝ ခန့်သာ ဖြစ်တော့သည်။ အများအားဖြင့် ဆယ်တန်းထိသည်ကား လူတိုင်း မဖြစ်မနေ သင်ယူကြခြင်းဖြစ်သည်။ ဆယ်တန်းအောင်ပြီး နောင်မကြာလှသော ၅ နှစ်တာကာလအတွင်းတွင် မည်မျှ ဘဝတွေ ခြားနားသွားကြပါသနည်း?

ဥပမာ ပြပါမည်၊ ကိုယ်တွေ့အရပင်ပြောပါမည်။

ဆယ်တန်းအောင်ပြီးသောအခါ ကျွန်တော်သည်ကား GTI သို့ အလိုအလျောက်ဝင်ခွင့်ရပါသော်ငြား မိဘများမှ ခန့်မှန်းတွက်ချက်ပြသည့် နှစ်နှစ်စာ ကျောင်းတက်ရမည့် ကုန်ကျစရိတ်အား နှမျောခြင်းအလျဉ်းဖြစ်မိသည့်အတွက် အိမ်၏ဝင်ငွေအားတစ်ဖက်တစ်လမ်းမှ ရှာဖွေဖြည့်တင်းပေးနိုင်ရေးအတွက် အဝေးကူးစာမေးပွဲမှတစ်ဆင့် ဘွက်လက်မှတ်တစ်ခုယူ၊ လုပ်ငန်းပေါင်းစုံလုပ်ပြီး ကျောင်းတော်မှ စာပြိုင်ဘက်အား ပြန်လည်ဆုံတွေ့ရသည့်အခါ လှမ်းခေါ်ရန်ပင် ကိုယ့်ကိုယ်ကို မဝန့်မရဲဖြစ်မိတော့သည်။ နှစ်နှစ်တာ ပညာဆက်လက်မလေ့လာခဲ့ရသည့်အတွက် သာမန်သူလိုကိုယ်လို အလုပ်ကြမ်းသမားဘဝဖြင့် စင်္ကာပူရောက်သွားသောအခါ ကျွန်တော်တို့၏ လစာသည်ကား လူရယ်စရာပင်ဖြစ်သော်လည်း လုပ်ရသည့်အလုပ်မှာကား ငိုချင်စရာကောင်းလှပေ၏။ GTI ဆင်းဟုဆိုသည့် ကျောင်းတွင် ဖဲရိုက်၊ အရက်သောက်၊ စာမေးပွဲကို ဆရာများထံမှ မေးခွန်းပေါက်ဖြင့် အောင်မြင်ခဲ့သော၊ English စကားကို လူရည်လည်အောင်ပင်မပြောတတ်သော အင်ဂျင်နီယာဟုဆိုသူများသည်ကား လုပ်ငန်းခွင်တွင် လူရယ်စရာကောင်းအောင် ယောင်ဝါးဝါး ဖြစ်နေကြသော်ငြား လစာနှင့် အလုပ်မှာမူကား ပျော်စရာပင်ဖြစ်တော့သည်။

ယခုလောက်ဆိုလျင် အတန်ငယ်သဘောပေါက်မည်ဟုထင်ပါသည်။ ယခုအချိန်တွင်မတော့မူကား ကျွန်တော်သည် အများသူငါ သမုတ်သည့် “အတ္တကြီးသည်” ဟူသောစကားလုံးကို ကျေကျေနပ်နပ်လက်ခံရင်း ပညာတတ်ကြီးတစ်ယောက်ဖြစ်ရန်သာ ကြိုးစားနေတော့သည်။ သစ်တစ်ပင်ကောင်းလျင် ငှက်တစ်သောင်း နားနိုင်သည်မဟုတ်ပါလား? “သူချည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာချည်း” ဟုဆိုသော်လည်း သစ်ပင်တစ်ပင်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့ကြသူများသာ ချိုမြိန်သောအသီးကို စားခွင့်ရကြပြီး အရိပ်ကိုပါ ကောင်းစွာ မှီခိုနိုင်ကြသည်ကို မည်သူငြင်းအံ့သနည်း?

မြန်မာပြည်မှ မိဘများ၊ မိဘဖြစ်လာမည့်သူများ ဒီစာကို ဖတ်ရှုနိုင်ပါစေကြောင်းနှင့် ရေတိုကို ကြည့်ကြမည့်အစား ရေရှည်ကိုကြည့်ပြီး သားသမီးများ ပညာတတ်ကြီးများဖြစ်လာစေရေး ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးစေလိုကြောင်း ရည်သန်လျက်..

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

16 comments

  • “ဘီလူးကြီး”ogre

    October 30, 2011 at 8:54 am

    ရှူံးနိမ့်မှုများနဲ့.. လူ
    (ခေတ္တလူ့ပြည်)
    ဗုဒ္ဓေါရေ ..ကိုရှူံးက အရင် ဘယ်မှာနေတာလဲဗျ… 🙂

  • Foreign Resident

    October 30, 2011 at 10:21 am

    ” လိုချင်တပ်မက်မှုတွေကို လောဘလို့ သတ်မှတ်ပြီး မကောင်းမှုတစ်ခုလို့မြင်၊
    ရုပ်ဝတ္ထုပိုင်း ပြည့်စုံနေတဲ့သူတွေကို တစ်ကယ့် ငြိမ်းအေးချမ်းသာမှုဖြစ်တဲ့ စိတ်ရဲ့
    ငြိမ်းအေးချမ်းသာမှုမရှိဘူးလို့ ဆိုဆုံးမနေတဲ့ ”

    အင်းးးးးးး
    ဘယ်တတ်နိုင်မလဲလေ ။
    ပြည်သူလူထု ဟာ
    သူတို့နှင့် ထိုက်တန်တဲ့ အစိုးရ ကို ရရှိကြတယ် ဆိုသလိုပဲ ။
    သူတို့နှင့် ထိုက်တန်တဲ့ အခြေအနေ ချမ်းသာသုခ ကိုပဲ ရရှိကြတယ်လို့ ။
    ဆိုရတော့မှာပဲ ။

  • Moe Z

    October 30, 2011 at 11:38 am

    ဒီခေတ်မှာ ပညာရော ငွေရောတပြိုင်ထဲရှာလို့ရပါတယ် (မိုးစက်ကိုယ်တွေ့)
    ဆယ်တန်းထိပဲ မိဘအကူအညီနဲ့ကျောင်းတက်ခဲ့တာပါ။
    ဆယ်တန်းအောင်တာနဲ့ student guide လုပ်ပါတယ်။ နေရာတကာ ကျူရှင်ပေး guide ငှားနေတဲ့ဒီခေတ်မှာ ကိုယ်တိုင်ကလည်း အရည်အချင်းရှိမယ်ဆိုရင် ငွေရှာရတာလွယ်ပါတယ်..
    ဥပမာ – ဒဂုံ(၁)မှာတက်နေတဲ့ သူငယ်တန်းကျောင်းသားတစ်ယောက်ကို အိမ်လိုက်သင်ရင် တစ်လ ၄၀၀၀ဝ ရတယ်.. Int’l ကျောင်းကကလေးတွေဆိုရင် ဒီထက်ပိုတယ်
    အနည်းဆုံး ၃ယောက်လောက်ပဲသင်ဦးတော့ ကိုယ့်ကျောင်းလခကို မိဘဆီကတောင်းစရာမလိုဘူး
    အခုအင်္ဂလိပ်စာနဲ့ကျောင်းပြီးသွားပြီး ဒီပလိုမာ ၃ခုရထားပြီ ကိုယ့်ဝင်ငွေနဲ့ကိုယ်ပါ
    ပညာကတော့ဆက်သင်မယ်ဆိုရင် အဆုံးမရှိတော့ ကိုယ့်ဟာကိုယ် ဦးတည်ချက်တစ်ခုထားပြီး ဇွဲကောင်းကောင်းနဲ့ကြိုးစားရင် ၁၀၉၊ ၁၁ဝ ဘဝကိုမရောက်နိုင်ပါဘူး
    (မြန်မာပြည်အနေအထားနဲ့ သားသမီးနေရာကပဲပြောတာပါ)

    • ကြောင်ကြီး

      October 30, 2011 at 11:53 am

      ဒါဆိုလည်း ဦးကြောင်ကို အင်္ဂလိပ်စာ သင်ပေးပါအုံး မိုးစက်လေးရယ်။ နင့်ကိုငါချစ်တယ်ကို အင်္ဂလိပ်လို့ ဘယ်လိုပြောသတုန်း။ ဦးကြောင် သင်ကြားခ ၁၅၀ဝတိတိ အပိုအလိုမရှိ ပေးပါ့မယ်။ 😳

      မောင်ရှုံးရေ။။။ ဦကြောင်မှာ သမီးလေးရှိတယ်၊ ဒါပေမဲ့ အဖေတော့ မဟုတ်ဘူး။ စကားထာဖွက်ကြည့်တာပါ လူ့ပြည်မှာ ခဏလာနေတဲ့ လူသားလေးရယ်။။။ 😀

      • Koyin Sithu

        October 30, 2011 at 12:48 pm

        ဦးကြောင်ကြီးက သမီးလေးရှိတယ်ဆိုတော့
        မွေးစားသမီးလေးလား.. ခစ်ခစ်.. 😀 (စကားထာဖော်ကြည့်တာ..)
        သမီးလေးနောင်ရေး စိတ်အေးချင်ရင်..
        ရွာက ကိုရင်တွေက ရေရှည်အကျိုးအတွက်
        သင်ပေးမှာပါဂျ..
        ကိုကိုရှူံးရေ… တားတားဘဝကိုများ ရေးထားသလားလို့တောင်
        ထင်ယောင်ထင်မှားဖြစ်ရတယ်..
        ဒါကြောင့် ကျောင်းတက်တုန်းကဆရာက ပြောဖူးတယ်..
        လက်တစ်ထွာမကြည့်နဲ့…. ဟိုအဝေးကြီးကိုကြည့်တဲ့…
        ခုတော့ အဝေးကြီးကြည့်လဲ မှုန်ဝါးဝါးနဲ့…

      • Moe Z

        October 31, 2011 at 8:13 am

        အင်္ဂလိပ်စာတစ်မျိုးထဲပဲလား ဦးကြောင်ရဲ့ မိုးစက်က တရုတ်လိုလည်း နည်းနည်းပါးပါးပြောတတ်တယ်၊ ဂျပန်စာလည်း မဖြစ်စလောက်တတ်တယ်၊ ပြင်သစ်စာလည်းမတောက်တခေါက်နားလည်တယ်..
        ၄ ဘာသာလုံးသင်ပေးမယ် ပေး ၆၀၀ဝ 😛

        • ကြောင်ကြီး

          October 31, 2011 at 11:32 am

          အဲလို တယောက်ထဲ ကြောင်ပိုင်မစီးချင်နဲ့လေ။။။ သူများတွေကိုလည်း အလှည့်ပေးအုံးမှပေါ့။ 😮
          မောင်ရှုံးပို့စ်အသုံးပြုပြီး မိုးစက်နဲ့ဦးကြောင် နားလည်မှုဖလှယ်နေမိတာ ခွင့်လွှတ်ပါကွယ်။ မောင်ရှုံးပြောသလို လူလတ်တန်းစား အင်အားပိုတောင့်အောင် တဖက်တလမ်းမှ ကြိုးစားနေတာပါ။ 😳

  • pooch

    October 30, 2011 at 11:39 am

    အဲ့ဒီပျောက်နေတဲ့ လူလတ်တန်းစား အလွှာကို ပြန်ရဖို့ အုပ်ချုပ်သူက သူ့ အလျောက် ပြည်သူကလည်း ပြည်သူ့ အလျောက် ကြိုးစားရမှာ… အမှန်ပါပဲ လူလတ်တန်းစားအလွှာထဲမှာ ပညာတတ်တွေရှိနေတယ် ဆိုတာ ……

    လောလောဆယ်တော့ တိုင်းပြည်ရဲ့ အနာက ပြည်တည်နေတယ်..

    အခုတိုင်းပြည်ရဲ့ အနာကို ပြတဲ့ လူလည်း ရှိသလို ကုတဲ့နည်းကိုလည်း ပြတဲ့လူရှိတယ်လို့ မမ က ပြောတယ်…အဲ့ဒါထောက်ခံတယ်..

    ကိုယ့်ရောဂါ ပျောက်ဖို့ နိုင်ငံတော် ကဆေးပေးလိမ့်မယ်… ပြည်သူတွေက ပျောက်ချင်ရင် ဆေးညွှန်းကို သေချာဖတ်ပြီး မှန်မှန်ကန်ကန်သောက်ရမယ်

    တခုပဲ ရှိတယ် ဆေးမှားပေးမခံ ရဖို့နဲ့ ဆေးကို တိတိကျကျနဲ့မှန်မှန် ကန်ကန် သောက်တတ်ဖို့ တော့လိုတယ်

    “အင်းးးးးးး
    ဘယ်တတ်နိုင်မလဲလေ ။”

    တတ်နိုင်ပါတယ် အဘဖောရယ် အခုက စလို့ ကိုယ်နိုင်တာကို ကိုယ်လုပ်သွားရင်ပေါ့….

    ဒီခေတ်မှာ အစပျိုးပြီး တက်ညီ လက်ညီလှော်ခဲ့ရင် နောက်မျိုးဆက်တွေကျရင် …..ကိုယ်ချခဲ့တဲ့ အခြေခံ အုတ်မြစ်တွေပေါ်မှာ ခိုင်ခံ့တဲ့ အိမ်တလုံးလောက်တော့ ဆောက်နိုင်ပါလိမ့်မယ်…..
    အနည်းဆုံး သူများအိမ်လောက် မလှပ မပြည့်စုံရင်တောင် ခိုင်ခံ့တဲ့အိမ်တလုံးလောက်တော့ ဆောက်နိုင်ပါလိမ့်မယ်……

    ကျမကတော့ Invictus ကဗျာကိုရွတ်ပြီး နံရံလေးဖက်ပိတ်ထားတဲ့ ထောင်ထဲမှာ ၂ရ နှစ်နေပြီး စိတ်ဓာတ်ကို အောက် ကျမခံပဲ လိုချင်တာကို ရအောင်ယူခဲ့တဲ့ နယ်လ်ဆင်မင်ဒရဲလား ကို အားကျတယ်….( အမေစုလည်း ထို့ အတူပဲ)

    တကျွန်းကနေ သေမင်းလက်က လွတ်အောင် ပြေးခဲ့တဲ့ ပါပီလွန်ရဲ့ ဇွဲကို လေးစားတယ်…. …..

    ဘာရယ်မှန်းမသိ ဘယ်အချိန်ထဲက ဝင်နေတဲ့ ယုံကြည်ချက်မှန်းလည်း မသိဘူး…..ကျမ ကိုယ်ထဲမှာ ဘယ်သူတွေ ဘယ်လိုပဲပဲ ပြောပြော ကိန်းအောင်းနေတဲ့ ယုံကြည်မှုတခုလည်း ရှိတယ်…

    .လူနေခြုံကြား ၊ စိတ်နေ ဘုံဖျားပဲ …. အဲ့ဒီ ယုံကြည်မှု တနေ့ အသက်ဝင်လာလိမ့်မယ်လို့ လည်း ယုံနေတယ်..

    • Foreign Resident

      October 30, 2011 at 1:32 pm

      သမီး Pooch ရေ
      အဘလည်း သိပ်မကြာခင် မြန်မာပြည် ပြန်လာတော့မှာပါ ။

      အဘ မဟေသီက အဘကို အနားယူဖို့ ထိုင်စားဖို့ တိုက်တွန်းပေမယ့်
      အဘ အသက် အများကြီး ငယ်နေပါသေးတယ် ။

      အခု နားလိုက်ရင် အဘကို သင်္ဘော ကပ္ပတိန် ဖြစ်တဲ့အထိ
      ပြုစု ပျိုးထောင်ခဲ့တဲ့ အမိနိုင်ငံကို မငဲ့ကွက်ရာ ရောက်တော့မှာပေါ့ ။

      တိုင်းသူပြည်သားတွေ
      ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ အလုပ်လုပ်နေတာဟာလည်း
      တိုင်းပြည်ဝန်ကို တနည်းတဖုံ ထမ်းနေခြင်း
      တိုင်းပြည်ကို တနည်းတဖုံ ကျေးဇူးဆပ်နေခြင်းလို့
      အဘ ယူဆပါတယ် ။

      အနည်းဆုံး အဘရဲ့ ဝင်ငွေခွန်လေး နိုင်ငံကိုလှုရာကျမပေါ့ ။

      အခု နိုင်ငံတော် အစိုးရရဲ့ လုပ်ရပ်ကလည်း
      လမ်းမှန်ကို တဖြေးဖြေးသွားနေတယ်လို့
      အဘ ယူဆပါတယ် ။

      အဲလိုဆိုရင် အဘတို့ဖက်ကလည်း
      တာဝန်ကျေရတော့မပေါ့လေ ။

  • manawphyulay

    October 30, 2011 at 12:28 pm

    အင်း ရှုံးနိမ့်မှုတွေ များပြီး အောင်မြင်မှုတွေ ယူနေတဲ့ ကိုရှုံးနိုင်ကြီးရေ ခုခေတ္တလူပြည့်မှာ ဘာတွေများလုပ်နေပါလိမ့်နော်….

  • Mr.Know-All

    October 30, 2011 at 1:25 pm

    “ကျောင်းတွင် ဖဲရိုက်၊ အရက်သောက်၊ စာမေးပွဲကို ဆရာများထံမှ မေးခွန်းပေါက်ဖြင့် အောင်မြင်ခဲ့သော၊ English စကားကို လူရည်လည်အောင်ပင်မပြောတတ်သော အင်ဂျင်နီယာဟုဆိုသူများ”………
    အလွန်နှမျောစရာကောင်းပါသည်
    Mr.Know-All လည်းကျောင်းသားတစ်ယောက်ပါ မိဘတွေကလည်းပညာရေးကိုအားပေးပါတယ် အချမ်းသာကြီးတော့မဟုတ်ပေမယ့် လူတန်းစေ့နေနို်င်ထဲကပါပဲ ဒါပေမယ့် ကျွန်တော်ပေါင်းတဲ့သူငယ်ချင်းတွေက ချို့တဲ့တော့ (လယ်သာမားတွေပါ) ကျောင်းသားမိဘတွေရဲ့ အပူကိုခံစားမိပါတယ် သူတို့ခမျာ ကိုယ့်သားသမီးကို ကိုယ့်လိုအောက်မကျစေချင်လို့သာကျောင်းထားရတယ် တတ်နိုင်ရှာတာမဟုတ် ဒီကြားထဲ ကျောင်းတော်သူ ကျောင်းတော်သားကြီးတွေရဲ့ ဘာမှန်းမသိ ဘိုလိုမှုတ်ပြီးတောင်းတဲ့ ပိုက်ပိုက်တွေကိုလည်း ကိုယ့်သားသမီးမျက်နှာမငယ်အောင် ရှိတာလေးတွေပေါင်နှံရောင်း ချပေးရ ကျောင်းလည်းပြီး လုံးပါးလည်းပါး ဘာမတတ်မလာရင်တော်သေး အရက်သောက်တတ်လာ လိမ်တတ်လာ ရန်ဖြစ်တတ်လာ နောက်ဆုံးရန်ဖြစ်သေလို့ သားအသုဘ လာချရတာရှိသေး
    မိန်းကလေးတွေဆိုပိုဆိုး သားတွေကမ သေအေးသေးတယ် မိန်းကလေးတွေကဲရင် သာဆိုးသေးဗျ
    တကယ်ပညာရေးလိုလားသူတွေအတွက် စရိတ်က ခုခေတ်လက်ခံထားသလောက် မကြီးပါဘူး ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို တစ်လ (50000) လောက်အောင်သုံးတယ် မြန်မာငွေပါဗျာ
    ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်သာမိဘဆိုရင် ကျွန်တော့်ကလေးကျောင်းထားဖို့တော်တော်စဉ်းစားရမယ် အရဲစွန့်ပြီးတော့ကိုထားရမှာ
    ဒီတော့ဗျာ ကျောင်းတက်ခွင့်ရနေတဲ့ ကျောင်းတော်သူ ကျောင်းတော်သားတွေကလည်း ကိုယ့်ရဲ့ ပညာရရှိရေးကိုသာကြိုးစားစေချင်ပါတယ် ကိုယ်တိုင်းပြည်ကိုဆက်တည်ထောင်ရမှာ ကိုယ်တွေလေ ကျွန်တော်တော့ အဲဒီလိုခံယူထားတယ် နောက်ပြီး ကျွန်တော် အင်္ဂလိပ်စာကျောင်းသား ဒါကြောင့် ကျောင်းပြီးရင် သာမန်လူတွေထက် အင်္ဂလိပ်စာပိုပြောနိုင် ရေးနိုင် နားထောင်နိုင်စွမ်းရမယ် အင်္ဂလိပ်စာကျောင်းသားစစ်စစ်တစ်ယောက်လည်းဖြစ်ရမယ်လို့ခံယူထားတယ် ရောင်းရင်းသူငယ်ချင်းအပေါင်းတို့ကိုလည်း အဲဒီလိုဖြစ်စေချင်ပါတယ် ဒါဆို အောင်မြင်တဲ့ ကျောင်းသားကောင်းဖြစ်ပြီရုံတင် မဟုတ်ဘဲ မိဘကိုပါစိတ်ချမ်းသာစေမှာပေါ့ဗျာ
    စေတနာနဲ့
    Mr.Know-All

  • weiwei

    October 30, 2011 at 2:16 pm

    ဒီပို့စ်ဖတ်ပြီး တွေးစရာတွေ အများကြီးပေါ်လာတယ် … ဒါပေမယ့် ရှုံးလူရဲ့ကိုယ်တွေ့ကို အခြေခံပြီးရေးထားတာဆိုတော့ တခြားဖြစ်နိုင်ချေတွေလဲ အများကြီးရှိနေအုန်းမှာပါ … မည်သို့ပေဆိုစေပေါ့ … ပညာတကယ်တတ်တတ် မတတ်တတ် ဘွဲ့လက်မှတ်တွေကတော့ လူရိုသေ ရှင်ရိုသေတော့ ဖြစ်နိုင်ပါတယ် ..

  • ဆူး

    October 30, 2011 at 3:06 pm

    ဘာမှကို မပြောတတ်တော့ပါဘူး
    ကိုယ်တိုင်လည်း တက္ကသိုလ် စာမေးပွဲတွေမှာတော့ တနေ့ ၅၀ဝ နဲ့ ဖြေခဲ့ရလို့ စိတ်ပျက်ခဲ့ရဖူးတယ်။
    အခုတော့မရတော့ဘူး ပြောကြတာပဲ..
    အခုထိလည်း အရည်အချင်းက မယ်မယ်ရရမရှိဘူး ရွာထဲမှာသာ စကားတတ်လို့ လျှောက်ပြောတာပဲ ရှိတယ်။ ထူးချွန်တဲ့ ပညာမရှိသေးပါကြောင်း။

  • etone

    October 31, 2011 at 10:09 am

    (((လိုရင်းကို တိုတိုလေးဆိုရမယ်ဆိုရင်တော့ ရွေးချယ်ခွင့်မရှိတဲ့ဘဝမို့ ရလာတဲ့ဘဝကိုသာ သူတို့လျှောက်လှမ်းနေရတာပါ.. ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်တဲ့.. အတွေးတိမ်တဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုမေ့ပြီး ရေရှည်ကောင်းစားမှုမရှိတဲ့ ရေတို လုပ်ငန်းခွင်က အလုပ်သမားတွေဘဝကို အလွယ်ပဲ ကူးပြောင်းရောက်ကြတယ် မြင်မိတယ်..))) ဆိုတာလေး ဖတ်မိပြီး နည်းနည်း ဆွေးနွေးဦးမယ် … ။

    မိဘရှိတဲ့ သားသမီးတိုင်း ရွေးချယ်ပိုင်ခွင့်ဆိုတာ …. မိဘကသာ အုပ်ထိန်းသူ ၊ထောက်ပံ့သူအနေနဲ့ အဆုံးဖြတ်ပေးတာများပါတယ် …. ။ မိဘရဲ့ ချမ်းသာမှု ၊ ဆင်းရဲမှူပေါ်မူတည်ပြီး ကိုယ့်အတွက်ရွေးချယ်ပေးတဲ့ အခွင့်လမ်းကွာခြားတယ် … ဒါကတော့ ကိုယ့်ကံနဲ့ကိုယ်ပါ …. ။

    ရွေးချယ်ခွင့်ဆိုတာမျိုး မိမိကိုယ်ပိုင် ရှိမရှိဆိုတာက မိမိအသက်ရှင်စားသောက်ရပ်တည်ဖို့အတွက် … မိမိကိုယ်ပိုင် အစွမ်းစနဲ့ ရှာနိုင်စွမ်း နဲ့ တိုက်ရိုက် အချိုးကျတယ်လို့ ကျွန်မက နားလည်ထားတယ် … ။ ဘာမှ မလုပ်နိုင်တဲ့လူတစ်ယောက်အတွက်တော့ … ရွှေးချယ်ပိုင်ခွင့်ဆိုတာ ရှားပါးလွန်းပါတယ် ကိုရှုံးရေ … ။ မိဘရဲ့ အထောက်ပံ့ကို ယူနေတုန်းမှာ မိမိစိတ်ဆန္ဒထက် မိဘရဲ့ ညွှန်ကြားမှုအောက်မှာသာ လှုပ်ရှားနေကြတာ … မိဘအထောက်ပံ့ကို ယူခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့ … ကျွန်မကိုယ်တွေ့ပါပဲ … ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်လေ … မိမိရဲ့ အဆုံးဖြတ် ရွေးချယ်ပိုင်ခွင့် လွတ်လပ်လာလေပါပဲ ။

    သူများအလုပ်လုပ်ရတာကတော့ … ရေတိုဖြေရှင်းမှုလို့ ဆိုချင်ဆိုပေါ့ … ဒါပေမယ့်… အဲ့ဒီလိုမှ မဖြေရှင်းလျှင် သူတို့ ဘဝရပ်တည်မှုအတွက် တောင်းစားရတော့မှာလား ။ ခိုးစားရတော့မှာလား … ။စာသင်ရဖို့ထက် ပါးစပ်ကိစ္စအရေးကြီးလာတဲ့ … သူတို့ကံ ….. လောကကြီးက ဖန်တီးပေးထားတာလေ … ။

    ရေတိုအလုပ်(သူများအလုပ် ခွင်မှာ အလုပ်သမားအဖြစ်) လုပ်ရတာဟာ ရေရှည်ကောင်းစားမှုမရှိဘူးလို့ ရေးထားတာတွေ့ရပါတယ် … ဒါကို ကျွန်မကန့်ကွက်ပါတယ် … ။ သူများအလုပ် ကိုလုပ်ရင်း ကိုယ်ပိုင် အစွမ်းစရှိတဲ့ … ဉာဏ်ရည်မြင့် သူတွေကတော့ … မိမိတတ်နိုင်သမျှလေးနဲ့ … ကုတ်ခြစ်လုပ်နိုင်တာလေးတွေ ရွေးချယ်လုပ်တတ်ကြတယ် … ။ စက်ရုံထဲက အလုပ်သမားပေမယ့် …အပြင်မှာ တိုးတိုးတိတ်တိတ် … ဆိုင်လေး တည်ထားနိုင်ကြတာ … workshop လိုအလုပ်ရုံမျိုး အိမ်သားတွေကို ထောင်ပေးပြီး … အလုပ်သမားတွေငှား ထုတ်ကုန်အသေးစားလေးတွေလုပ်နိုင်နေတာ … မျက်စိရှေ့တင် အံ့ဩ ဝမ်းသာစရာတွေ့ရပါတယ် … ။ တဖက်ကကြည့်လျှင် … ဒီလူက ဒီစက်ရုံက သာမန်ဝန်ထမ်းပါပဲ … တခြားဘက်ကကြည့်လျှင် သူ့မိသားစုလုပ်ငန်းမှာ သူက လုပ်ငန်းရှင် ဖြစ်ပြန်တယ် … ။

    စက်ရုံထဲက ဆူပါဗိုက်ဇာတွေ …. သူတို့မှာ ကိုယ်ပိုင် အပြင်အလုပ်လေးတွေ တီးတိုးလုပ်နေကြတာ … တကယ်ချီးကျူးဖို့ကောင်းတယ် … ။ ကိုယ်တိုင်မှ မလုပ်လျှင် သူများကို စိတ်မချဘူးဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ ကျွန်မကတော့ … တစ်နေရာထဲကနေ … အဝေးက အလုပ်ကို ချုပ်ကိုင်နိုင်ဖို့ စိတ်မချလို့ ၊အရည်ချင်းမပြည့်သေးလို့ …. ဒုံရင်းက ဒုံရင်းဘဝမှာ ငုတ်တုတ်ထိုင်နေရတုန်းပဲ … ။

    ( ကျွန်မပို့စ်တစ်ခုမှာ ရေးခဲ့ဖူးတယ်…. ကျွန်မနာမည်နဲ့ ကိုယ်စားချင်တဲ့ အစားစာနဲ့ မမှားပါနဲ့ ဆိုတာလေ … ဟီးဟီး … ဘာရယ်မဟုတ်ဘူး စကားစပ် မိလို့ပြောလိုက်တာ … 😛 )

  • blackchaw

    November 1, 2011 at 3:55 pm

    ကိုရှုံးရေ။
    စကားမစပ်ဗျာ။
    ခင်ဗျားလိုဂိုက ဘုန်းကြီးပုံတော် ကို ကျေးဇူးပြုပြီး
    ပြောင်းလိုက်ပါလား။ ခင်ဗျားကိုယ်တိုင်မဟုတ်ဘူးဆိုတာ သိနေတဲ့ဟာနော။
    အဲဒီဘုန်းကြီးပုံ မြင်တိုင်း ကွန်းမန့်ဝင်ပေးရတာ လက်မရဲလို့ပါဗျာ။
    ခင်ဗျား ဆိုလိုတာကို ကျွန်တော် အတိအကျ သဘောပေါက်ပါတယ်။
    ကျွန်တော့် ဂဇက် တံခါးစောင့်ကြီး မှာ Etone ပို့စ် နဲ့ ပတ်သက်တာလေး ရေးထားသေးတယ်။
    သွားဝင်ဖတ်ကြည့်ပြီး အဲဒီအကြောင်းအရာနဲ့ ပတ်သက်တာလေးကို
    ကွန်းမန့်လေးချီးမြှင့်တော်မူပါဘုရား အဲလေ ဗျာ။

    • etone

      November 1, 2011 at 4:00 pm

      စိတ်ဝင်တစား စောင့်ဖတ် မှတ်သားပေးထားတဲ့ ဦးချောကလက်ကြီကို etone ကလည်း thank you ပါလို့နော် 🙄

Leave a Reply