သားဦးစနေ
ကျမက စနေသမီးရှင့်။ မောင်နှမ လေးယောက်ထဲမှာ အကြီးဆုံး။ သားဦးစနေလို့ပြောရင်လဲရတယ်။ ကျမမွေးစတုန်းက ဖေကြီးနဲ့ မေကြီးက ကျမကို ဖွားဖွားကြီးဆီမှာ တမတ်နဲ့ ရောင်းတယ်တဲ့။ ပီးတော့ ဖေကြီးက ကျမပေါ်ကနေ ဓါးထမ်းပီးကျော်ရသေးတယ်ဆိုဘဲ။ သူတို့ပြောတာတော့ သားဦးစနေ မီးလိုမွှေတတ်လို့တဲ့လေ။ ကျမကလဲ စနေသမီးပီပီ စိတ်တော့ဆတ်တယ်ရှင့်။ ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ အိမ်ကမောင်သုံးယောက်အပြင် အဖေရော အမေရောပါမချန် နှုတ်သီးကောင်းလျာပါးနဲ့ ရန်တွေ့တော့တာဘဲ။ အဲ၊ ဒီလိုပြောလို့ ကျမတယောက်ထဲလူဆိုးမဖြစ်နေတယ်လို့တော့ မထင်လိုက်နဲ့အုံး။ အငယ်ကောင်သုးံယောက်က ကျမထက်လက်စောင်းထက်သေးတယ်။ ထားပါလေ။ ယောက်ကျားလေးကတော့ ထုံးစံအတိုင်းပေါ့။
ကျမတို့မောင်နှမလေးယောက်မှာ အကြီးသုံးယောက်က ၁ဝတန်းမအောင်ကျဘူးရှင့်။ အဖေက တပ်ထဲကအရာရှိ၊ ဝင်ငွေအလွန်ကောင်းနေတဲ့အချိန်။ အမေက အသုံးအဖြုန်းကြီးတာကို ဂုဏ်တခုလို့ယူဆတဲ့အချိန်။ လူလတ်တန်းစားဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ကျမတို့မိသားစုခေတ်ကောင်းတဲ့အချိန်ပေါ့ရှင်။ အမေကတော့ ၁ဝတန်းမအောင်လဲ ပူစရာမလိုဘူးတဲ့။ ဖြေချင်စိတ်ရှိရင်လဲ ဖြေ၊ မဖြေချင်တော့ရင်လဲနေဆိုတော့ ၃နှစ်ဆက်တိုက် ၁ဝတန်းဖြေပီး ဝမ်းကွဲညီအမတွေအားလုံး အောင်သွားတဲ့အချိန်ထိကိုယ်က ဒုံရင်းဘဲဖြစ်နေတာနဲ့ဆက်မဖြေတော့ဘူး။
ကျမအောက်က မောင်လဲထိုနည်းလည်းကောင်းဘဲ။ ၂နှစ်ဆက်တိုက်၁ဝတန်းလဲကျပြီးရော သင်္ဘောလိုက်ချင်တယ်ဖြစ်ပါလေရော။ ဒီတော့အမေကလဲ ငါ့သားကြီးအလုပ် လုပ်တော့မယ်ဆိုပီး ဝမ်းသာအားရနဲ့ အဖေ့အသိတွေကနေတဆင့် ၁ဝတန်းအောင်လက်မှတ်တခုရအောင်လိုက်လုပ်၊ ပြီးတာနဲ့ သင်္ဘောတက်ဖို့စီစဉ်တော့တာပေါ့။ အားလုံးလဲအဆင်သင့်ဖြစ်ရော ဘသားချောက မိန်းမခိုးပြေးပါလေရော။ အမေလဲ စိတ်ဆင်းရဲပီး ပိုးလိုးပက်လက်လန်တာပေါ့ရှင်။ ရင်းထားသမျှပိုက်ဆံတွေ ရေစုန်မျှောတာကိုး။ ဒါပေသိ တောင်းဆိုးပလုံးဆိုးသာပစ်ရိုးထုံးစံရှိတော့ လင်မယားနှစ်ယောက်လုံးအိမ်ပေါ်ခေါ်တင်ထားရတာပေါ့။
ဒါတွေဖြစ်ပီးသိပ်မကြာပါဘူး အဖေက နယ်ပြောင်းရင်း တောပေါ်ဒေသက အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျတာလိုလို တိုက်ပွဲကျတာလိုလို သတင်းကြားပီး အဆက်အသွယ်ပြတ်သွားပါလေရော။ ဒီတော့ကျမတို့သားအမိတတွေ ရှိတာလေးထုခွဲရောင်းချစားသောက်ရင်းနေကြရတာပေါ့။ တခုကံကောင်းတာက မောင်အကြီးရဲ့ မိန်းမက သူ့နယ်မှာ မြို့မျက်နှာဖုံး သူဌေးသမီးဆိုတော့ ယောက်ကျားကိုခေါ်ပီး အိမ်ပြန်တာပေါ့ရှင်။ ကိုယ်ဝန်အရင့်အမာလဲရှိနေပြီကိုး။ သူတို့လင်မယားတခါတရံထောက်ပံ့ရင် အသက်ရှုတော့ချောင်တာပေါ့။ ဒါပေမဲ့ သမီးအကြီးဆုံးဖြစ်တဲ့ကျမအလုပ်ထွက်လုပ်ဖို့အချိန်တန်ပြီလေ။ ကိုယ့်နယ်မှာဘဲ စားသောက်ဆိုင်တခုမှာစာရင်းကိုင်ရာထူးရတယ်။ ၁ဝတန်းမအောင်တော့လည်း ဒီလောက်နဲ့ကျေနပ်ရတာဘဲ။ တလသုံးသောင်းကလဲ အိမ်စားရိတ်ကာမိတယ်လေ။
နောက်တော့ ဒုတိယမြောက်မောင်လေးက အမျိုးထဲက ဆည်မြောင်းအရာရှိမောင်ဝမ်းကွဲနဲ့ ဆိုဒ်ထဲမှာေနေ့စားအလုပ်လိုက်လုပ်တယ်။ သူလဲ၁ဝတန်းမအောင်တော့ ဒီလောက်ပဲပေါ့။ အိမ်ကိုတော့ တတ်နိုင်သလောက်ထောက်ပံ့ရှာပါတယ်။ ဒီနေရာမှာ အငယ်ဆုံးကလေးရဲ့ ကျောင်းစားရိတ်ကထောင်းလာတော့ အမေ့ကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့၊ ညီအမဝမ်းကွဲတွေစုပီး ရန်ကုန်ထွက်လာခဲ့ကြတယ်။ အထည်ချုပ်စက်ရုံတခု မှာအောက်ခြေအဆင့်ကစ ဝင်ကြရတာပေါ့။ သူတို့ကတော့ အလုပ် လုပ်ရင်းအဝေးသင်ဘွဲ့ ဆက်ယူကြပေမဲ့ ကျမအတွက်ကမလိုတော့ဘူးလေ။ ရသမျှလခ တပြားမကျန်အမေ့ကိုပြန်အပ်၊ စားတာသောက်တာတော့ အချိန်ပိုကြေးရတဲ့ပိုက်ဆံနဲ့ပေါ့။ မနက်စာဆိုကော်ဖီတခွက်နဲ့ပြီး။ နေ့လည်စာဆို ကြက်ဥအစိမ်းတလုံးဖောက်ပီး ထမင်းနဲ့နယ်စားလိုက်တာဘဲ။ ညစာကတော့ ခေါက်ဆွဲပြုတ်ပေါ့။
စက်ရုံမှာလဲ ကျန်တဲ့ညီအမတွေသာရာထူးတက်သွားတယ် ကျမကတော့ ဒုံရင်းဘဲ။ ဒါနဲ့ စက်ချုပ်ဆိုင်တခုမှာ စားစရိတ်ငြိမ်းတလ ၃သောင်းနဲ့ဝင်လုပ်နေတုန်း အစာအိမ်လိုလို သားအိမ်ကင်ဆာလိုလို သံသယရှိတာနဲ့ အိမ်ပြန်လာခဲ့တယ်။ ရန်ကုန်ပြန်သွားပီး ပင်ပင်ပန်းပန်းအလုပ်မလုပ်နိုင်တော့တဲ့အချိန်ကျမှ မောင်အလတ်ကလေးက အလုပ်မရှိဘဲပြန်ရောက်လာတဲ့အချိန်ကိုက်နေရော။ ကဲ ကျမဘဲ အလုပ်ပြန်ဝင်ရတာပေါ့။ အရင်စားသောက်ဆိုင်မှာဘဲ စာရင်းကိုင်ရာထူးနဲ့။ အငယ်ဆုံးကလေး ၁ဝတန်းအောင်သွားတာအဆိုးထဲကအကောင်းလို့ စဉ်းစားနေတုန်း နည်းပညာတက္ကသိုလ် ပထမနှစ်မှာ မောင်အကြီးဆုံးထောက်ပံ့မှုရပ်ဆိုင်းသွားခဲ့ပြန်တယ်။ ဒီတော့အဝေးသင်ယူပီး အလုပ်ထွက်လုပ်ဖို့တိုက်တွန်းပေမဲ့ ကျမလောက်ဇွဲမရှိ ဝီရိယမရှိတဲ့မောင်တွေကို ဆွေမျိုးတွေအလုပ်ကူလုပ်ခိုင်းရင်း သူတို့ထောက်ပံ့တာနဲ့ နေခိုင်းရတော့တာဘဲ။ ဒီကြားထဲ မောင်အကြီးဆုံးက နယ်စပ်ဘက်က အဖေ့ဆီကအဆက်အသွယ်ရလို့ မိသားစုကိုစွန့်ပီး ထွက်သွားလိုက်တာနှစ်နဲ့ချီပီးသတင်းမကြားတော့ဘူး။
မုန်တိုင်းတွေပီးလို့ လေပြေများမလားမျှော်လင့်နေတုန်း အိမ်ကအမေ ရုတ်တရက်မူးလဲလို့ ဆေးရုံတင်ရာကနေ စီတီစကင် ရိုက်ကြည့်တော့ ဦးနှောက်ထဲမှာအကျိတ်တွေ့သတဲ့။ ခွဲရမလား မခွဲဘဲထားရမလား ဝေခွဲရခက်နေတုန်း မောင်အကြီးဆုံးက ငွေကြေးအထောက်အပံ့တတ်နိုင်သလောက်ထုတ်ပေးတော့ ဝမ်းသာဝမ်းနည်းဖြစ်ရသေးတယ်။ (သူတို့သားအဖ သတင်းကြားရသလောက်ကတော့ မိန်းမထပ်ရနေကြဘီတဲ့။) ဒါနဲ့ မန်းလေး (မန္တလေး)က ဗြဟ္မစိုရ်အသင်းနဲ့ နယ်ခံဆရာဝန်ကြီးတွေချိတ်ပေးလို့ အကျိတ်ခွဲဖို့ မန်းလေးဆေးရုံကို ခရီးထွက်ခဲ့ရတယ်။ မောင်အလတ်လေးနဲ့ ကျမနဲ့ ဆွေမျိုးတွေအကူအညီယူပီးနေရတာပေါ့ရှင်။ ဗြဟ္မစိုရ်အသင်းက ခွဲစိတ်ခ တဝက်ကျခံပေးတယ်ရှင့်။ ၁နာရီကြာတဲ့ ခွဲစိတ်မှုအပြီးမှာ ကျမအမေ သတိရလာပီး လူကောင်းပကတိလိုစကားပြောနိုင်လို့ ဝမ်းသာမယ်ကြံကာရှိသေး ဦးနှောက်အကျိတ်ထဲက အရည်ကိုစုပ်ထုတ်ပီး စစ်ဆေးကြည့်လိုက်တော့ ကင်ဆာဆဲလ်တွေ့သတဲ့။ ခွဲစိတ်ပီး ၃ရက်မြောက်နေ့ကျ အမေစကားမပြောနိုင်တော့ဘဲ သတိလစ်သွားလိုက်တာ ကိုမာဝင်သွားတယ်ဆိုတဲ့အဖြေသာထွက်လာတော့တာပါဘဲ။
ကျမဘဝအတွက်တော့ ရွှေတောင်ကြီးပြိုသထက် ဝမ်းနည်းရပါတယ်။ အိမ်ပြန်ရောက်လာတော့ လူရောစိတ်ရောပင်ပန်းနေပေမဲ့ အမေ့နားကမခွါဘဲ ဒိုင်ခံပြုစုပေးနိုင်တာကျမဘဲရှိတာကိုး။ အလုပ်ကလဲထွက်လိုက်ရဘီလေ။ မောင်လေးတွေလုပ်စာနဲ့ မောင်အကြီးဆုံးအထောက်အပံ့နဲ့ ကြိုးစားပီးရပ်တည်ရတော့မှာပေါ့။ စိတ်ထဲမှာတော့ မပြောကောင်းမဆိုကောင်း အမေများသေသွားရင် ကျမပါလိုက်သေဖို့ပဲတွေး တွေးနေမိတယ်။
Shwe Ei
31st Oct 2011
21 comments
Shwe Ei
November 1, 2011 at 3:09 pm
ဒီပို့စ်ကို ၃ခါပြန်တင်ရတဲ့အတွက် ဖတ်ပြီးသူရော မဖတ်ရသေးသူများရော ဆောရီးပါ။ ကျန်တဲ့ပို့စ်၂ခုကိုလဲ ဖျက်ပေးဖို့ သဂျီးကို Request လုပ်ပါတယ်။ မနေ့ကမနက် (၃၁.၁၀.၂၀၁၁) ပို့စ်တင်လိုက်ပီး ညဘက်မှာ ကိုမာဝင်တဲ့ အဒေါ်ဆုံးသွားကြောင်းသတင်းရတဲ့အတွက် အမေကိုချစ်သော ကျေးဇူးသိတတ်လွန်းသော ကျမ အမဝမ်းကွဲအတွက် အမှတ်တရပို့စ်ဖြစ်သွားပါကြောင်း။
blackchaw
November 1, 2011 at 4:12 pm
စိတ်မကောင်းပါဘူး ရွှေအိရေ။
Shwe Ei
November 1, 2011 at 4:24 pm
ရပါတယ် ဦးချောရေ။ ဘယ်လိုဘဲဖြစ်ဖြစ် ပို့စ်တင်လို့ရသွားအောင်နှုတ်၏စောင်မခြင်းနဲ့ ကူညီပေးတဲ့ဦးချောကိုကျေးဇူးပါ။
နီလေး
November 1, 2011 at 4:49 pm
အင်း သနားဖို့ကောင်းတယ်နော် ဘွဲ့ရတွေတောင် အလုပ်ရှားတဲ့ခေတ်ကြီးမှာ ပညာမရှိတော့လည်း ဝမ်းစာရှာရတာ ဘယ်လွယ်ပါ့မလဲ ကံတရားကိုပဲယိုးမယ်ဖွဲ့ရတော့မယ်ထင်တယ် ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုတဲ့စကားပေါ်လာတာပဲဖြစ်မယ်
ဆူး
November 1, 2011 at 4:54 pm
မနေ့က ဖတ်လိုက်ရတယ်။ ကွန်မန်းပိတ်နေလို့ ပိုစ်ကောင်းလေး ကွန်မန်း မရရင် လွယ်လွယ်ပျောက်သွားမှာ စိုးလို့ ကွန်မန်း ပေးချင်ပေမဲ့ အခုတော့ ထပ်ပေးလိုက်တယ်။
အဲဒိ အမျိုးသမီး အခု အသက်ဘယ်အရွယ် လောက် ရှိပြီလဲ။
Shwe Ei
November 2, 2011 at 9:23 am
အဲဒီ အမအသက်က ၃၃လောက်ရှိပါပြီ ဆူးမမရေ။
windtalker
November 2, 2011 at 12:15 pm
အဟမ်း
၃၃ ဆိုတော့ က
ပြုံးပြုံး ပျော်ရအောင်
မစ်စတာပေ မြှားနတ်မောင်အေဂျင်စီ နှင့်
အမြန်ဆုံးဆက်သွယ်ပါ
nature
November 1, 2011 at 4:56 pm
ှ့ShweEi ရေ-
လူ့ဘဝဆိုတာအင်မတန်မှ ရခဲပါတယ်။ သာမန်လူတွေကတော့ သေရင် ဒုက္ခအာလုံး ချုပ်ငြိမ်းပြီလို့ဆိုတဲ့ မှားယွင်းတဲ့ အယူနဲ့ သေကြောင်းကြံကြတာများပါတယ်။ တရားသဘောက လောကဓံဆိုတဲ့ ဆင်းရဲဒုက္ခကို လက်မြှောက်အရှုံးပေးခြင်း ဆိုတဲ့ ဒေါသနဲ့ သေရင် ယခုခံစားနေရတဲ့ ဒုက္ခထက် အဆ ထောင်သောင်းမက ဆင်းရဲတဲ့ ငရဲကို ရောက်စေနိုင်ပါတယ်။ လူ့ဘဝဆိုတာ တကယ့်ကို ကိုယ်လိုရာကို အသိနဲ့ အကျင့်တွဲပြီး ပညာဉာဏ်ရှိရင် ရှိသလို သွားနိုင်တဲ့ အဖိုးတန်တဲ့ လမ်းဆုံလမ်းခွကို ရောက်နေတာပါ။ ဒိထက်ကောင်းတဲ့နေရာရှားပါတယ်။ မနုဿာဓမ္မဆိုတဲ့ လူပီသအောင် လူတိုင်းကျင့်သုံးရမဲ့ လူ့ကျင့်ဝတ်တွေကို ယုံယုံကြည်ကြည်နဲ့ မပျက်မကွက် လိုက်နာကျင့်သုံးမယ်ဆိုရင် တချိန်မှာ မမျှော်လင့်တဲ့ ကောင်းကျိုးချမ်းသာတွေ မုချရပါလိမ့်မယ်။ တတ်နိုင်ရင် ၈ပါးသီလစောင့်ပါ၊ ၈ပါးသီလစောင့်တယ်ဆိုတာလည်း ညစာမစားရုံနဲ့မပြီးပါဘူး။ ဗုဒနုာဿတိ ၊ မေတာ္တ ဘာဝနာပွားပါ။
သားသမီး၁ယောက် မွေးတယ်ဆိုရင် ဒီကလေးရဲ့ကံဟာ ဒီမိသားစုမှာ စုပေါင်းခံစားရတတ်ပါတယ်။ ဒါကြောင့် တချို့မိသားစုမှာ ခလေးမွေးပြီးစီးပွားတက်တယ်။ တချို့မိသားစုမှာ ခလေးမွေးပြီးစီးပွားကျ တယ်။ သားဦးစနေတွေ ဘာတွေနဲ့မဆိုင်ပါဘူး။ အောက်ပါတရားဆိုက်ကိုနားထောင်ကြည့်ပါ။ စာအုပ်တွေကိုတော့ ဓမ္မဗျူဟာမှာလည်း ဝယ်လို့ရပါတယ်။
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm
nature
November 1, 2011 at 4:57 pm
ှ့ShweEi ရေ-
လူ့ဘဝဆိုတာအင်မတန်မှ ရခဲပါတယ်။ သာမန်လူတွေကတော့ သေရင် ဒုက္ခအာလုံး ချုပ်ငြိမ်းပြီလို့ဆိုတဲ့ မှားယွင်းတဲ့ အယူနဲ့ သေကြောင်းကြံကြတာများပါတယ်။ တရားသဘောက လောကဓံဆိုတဲ့ ဆင်းရဲဒုက္ခကို လက်မြှောက်အရှုံးပေးခြင်း ဆိုတဲ့ ဒေါသနဲ့ သေရင် ယခုခံစားနေရတဲ့ ဒုက္ခထက် အဆ ထောင်သောင်းမက ဆင်းရဲတဲ့ ငရဲကို ရောက်စေနိုင်ပါတယ်။ လူ့ဘဝဆိုတာ တကယ့်ကို ကိုယ်လိုရာကို အသိနဲ့ အကျင့်တွဲပြီး ပညာဉာဏ်ရှိရင် ရှိသလို သွားနိုင်တဲ့ အဖိုးတန်တဲ့ လမ်းဆုံလမ်းခွကို ရောက်နေတာပါ။ ဒိထက်ကောင်းတဲ့နေရာရှားပါတယ်။ မနုဿာဓမ္မဆိုတဲ့ လူပီသအောင် လူတိုင်းကျင့်သုံးရမဲ့ လူ့ကျင့်ဝတ်တွေကို ယုံယုံကြည်ကြည်နဲ့ မပျက်မကွက် လိုက်နာကျင့်သုံးမယ်ဆိုရင် တချိန်မှာ မမျှော်လင့်တဲ့ ကောင်းကျိုးချမ်းသာတွေ မုချရပါလိမ့်မယ်။ တတ်နိုင်ရင် ၈ပါးသီလစောင့်ပါ၊ ၈ပါးသီလစောင့်တယ်ဆိုတာလည်း ညစာမစားရုံနဲ့မပြီးပါဘူး။ ဗုဒနုဿတိ ၊ မေတာ္တ ဘာဝနာပွားပါ။
သားသမီး၁ယောက် မွေးတယ်ဆိုရင် ဒီကလေးရဲ့ကံဟာ ဒီမိသားစုမှာ စုပေါင်းခံစားရတတ်ပါတယ်။ ဒါကြောင့် တချို့မိသားစုမှာ ခလေးမွေးပြီးစီးပွားတက်တယ်။ တချို့မိသားစုမှာ ခလေးမွေးပြီးစီးပွားကျ တယ်။ သားဦးစနေတွေ ဘာတွေနဲ့မဆိုင်ပါဘူး။ အောက်ပါတရားဆိုက်ကိုနားထောင်ကြည့်ပါ။ စာအုပ်တွေကိုတော့ ဓမ္မဗျူဟာမှာလည်း ဝယ်လို့ရပါတယ်။
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm
amatmin
November 1, 2011 at 5:07 pm
ဖတ်ပြီး စိတ်မကောင်းပါဘူး..
အမေ..မိဘ အပေါ်သိတတ်တဲ့.အဲဒီအမ ကျေးဇူးတရားရဲ့တုန့်ပြန်မှုကို မလွဲမသွေ ပြန်ရမှာပါ..
မောင်တွေ သူ့အပေါ်နားလည်နိုင်ကြပါစေဗျာ…
ba gyi
November 1, 2011 at 6:09 pm
အားမငယ်ပါနဲ့ကွယ်၊ ဘကြီးလည်း စနေပါပဲ၊ စနေရယ်၊အင်္ဂါ ရယ်လို့မဟုတ်ပါဘူးလောကကြီးမှာ-
တစ်ချို့ကပေးဆပ်ဘို့ လူဖြစ်လာကြတယ်၊
တစ်ချို့ကရယူဘို့လူဖြစ်လာကြတယ်၊
တစ်ချို့ကပေးဆပ်ပြီး ရယူဘို့ လူဖြစ်လာကြတယ်။
သဘာဝဟာ- သဘာဝပါ—- လို့ခံယူရင်းကိုယ့် သဘာဝအပေါ်ကျေနပ်လိုက်စပ်းပါ။
ဖြစ်နေတာရယ်၊ဖြစ်ချင်တာရယ်၊ဖြစ်သင့်တာရယ်ဆိုတာ တစ်ထပ်ထည်းကျဘို့မလွယ်ကူပါ၊တို့ဘုရားတောင်
လေးသချေင်္ နဲ့ ကမ္ဘာတစ်သိန်း သည်းခံ၊ ကျင့်ကြံ အားထုတ်ခဲ့ရတာပဲ။ သတ်သေတယ်ဆိုတာ အဖန်ငါးရာ
ငါးကဗ္ဘာ ငရဲခံရတတ်သတဲ့၊ အားတင်းပါ၊နေ့စဉ်မေတ္တာဘာဝနာပွားပေးပါ– စိတ်ကြည်ကြည်လင်လင်နဲ့လုပ်
ကြည့်ပါ— ခံနိုင်ရည်ရှိလာပါလိပ်မည်။
kocho
November 1, 2011 at 6:41 pm
ဖတ်ပြီးစိတ်မကောင်းဖြစ်ရပေမဲ့ ဘဝဆိုတာကို အရှုံးမပေးစတန်း ရင်ဆိုင်မှုဟာ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားဟု ခံယူထားပါကြောင်း္စ
windtalker
November 1, 2011 at 6:57 pm
အန်ဂျီအိုလေး ရေ
စိတ်ဓါတ်တွေ ကျ လို ့ဘဝကို လက်လျော့မယ်များ
လုံးဝ မစဉ်းစားလိုက်ပါနဲ ့လို ့
မင်းသမီး လုပ်ချင်တယ် ဆိုတဲ့
အန်ဂျီအိုလေး ရဲ ့
ဆန္ဒကို သိပြီးသွားခဲ့တဲ့နောက်မှာ
တားမြစ်ချင်စိတ်တွေ တဖွားဖွား
Oo Oo
November 1, 2011 at 9:05 pm
စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုပါပဲ
သားဦးစနေဆိုတာကတော့အစွဲအလမ်းတစ်ခုလို့ထင်ပါတယ်
koyinmaung
November 1, 2011 at 10:34 pm
စိတ်မကောင်းစရာပါဘဲ
ရွှေအိလေးရေ…
Shwe Ei
November 2, 2011 at 9:32 am
စာနာ နားလည်ပေးကြသူများအားလုံးကို ကာယကံရှင်ကိုယ်စား ကျေးဇူးပါ။ ဒီလထဲ အိမ်ပြန်ဖြစ်မှာမို့ ကွန်မန့်တွေထဲက အကြံကောင်းများကို စိတ်ဓါတ်ကျနေရှာတဲ့ အမဆီ တဆင့်ပြန်ဖောက်သည်ချရင်း အားပေးလိုက်ပါ့မယ်လို့။ ကျမလဲ တတ်နိုင်သလောက်အကူအညီပေးဖို့ ဆုံးဖြတ်ထားပြီးကြောင်းပါဗျာ။
စုံ စုံ
November 2, 2011 at 10:17 am
သားဦးစနေမီးလိုမွှေဆိုတာ ရှေးအယူတခုပါ
အခုခေတ်ကျတော့ပြောင်းသွားပြီ သားဦးအင်္ဂါကိုမိဘတွေအရမ်းကြောက်ကြတယ်တဲ့
ဘာကြောင့်လဲတော့မသိဘူး
အမှန်ကတော့မဆိုင်ပါဘူး လူတယောက်ဟာသူ့ကံနဲ့သူလာတာပါ
စနေမဟုတ်ဘဲမိသားစုကိုစိတ်သောကမျိုးစုံပေးနေတဲ့သူတွေလဲရှိတာဘဲလေ
ရွှေအိအမဘယ်လောက်ခံစားနေရမလဲဆိုတာကိုယ်ချင်းစာပေးလို့ရပါတယ်
ဒါပေမယ့်တဖက်ကလှည့်တွေးရင်လဲ ကိုမာဝင်နေတဲ့သူအကြာကြီးဒီလိုမျောနေမှာထက်ငြိမ်းချမ်းစွာ
ခန္ဓာငြိမ်းသွားတာ သူ့အတွက်ပိုကောင်းတယ်လို့မှတ်လို့ရနိုင်ပါတယ်
(ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူးနော်)
ကျန်ခဲ့တဲ့သူတွေကသာ သွားလေသူအတွက်အလှူအတန်းပြုပြီးအမျှပေးနိုင်ရင်သူ့အတွက်
အကောင်းဆုံးလုပ်ပေးသလိုဖြစ်မှာပါ
AKKO
November 2, 2011 at 11:31 am
ဘေးလူအနေနဲ့ကတော့ ဘာဖြစ်သင့်သလဲ အကောင်းဆုံးတွေးနိုင်ကြပေမယ့် ကိုယ်တိုင်ကာယကံရှင်နေရာမှာဆိုလျှင် သေနေတဲ့ အလောင်းတောင် ဖက်တွယ်နေချင်တတ်ကြတယ် ။ စကားမပြောနိုင်သည့်တိုင်အောင် မျက်နှာမြင်ချင်နေကြတဲ့ အိမ်သားတွေရဲ့ တပ်မက်မှုကို ကိုယ်ချင်းစာပါတယ် ။ သေသွားပြီး လွမ်းလွန်းလို့ အိမ်မက်ထဲတောင် ပြန်တွေ့ရလျှင်ကောင်းမယ်ဆိုတဲ့ စိတ်မျိုး အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးတာကြောင့်ပါ ။
etone
November 2, 2011 at 10:32 am
သား ဦးစနေ မီးလိုမွှေ တယ်ဆိုပြီး ရှေးလူတွေ မကြိုက်ကြဘူး ။ သားဦးဆို သောကြာကိုမှ လိုချင်ကြတယ် … ။
ဒါကလည်း ရှေးအရိုးစွဲ အယူဆတစ်ခုပါပဲ … ။ ကျွန်မကတော့ … သားသမီးတွေ ဖြစ်ထွန်းမှုဆိုတာ … သူတို့ရဲ့ နဂိုဗီဇနဲ့ … မိဘရဲ့ ထောက်ပံ့တွန်းအားပေးမှုတို့ ရလာဒ်လို့မြင်တယ် … ။
ရှေးခေတ်တုန်းက ပိုက်ဆံရှိလျှင် ပညာမသင်လည်း ရတယ်လို့ ထင်နေခဲ့ကြတဲ့လူအတော်များတယ် … သူတို့ ယုံကြည်တဲ့ ပိုက်ဆံက မျက်လှည့်ပြသလို ပျောက်ပျက်တတ်တယ်ဆိုတာ … ကြိုမတွေးခဲ့ကြဘူး … ။
ဒီဇာတ်လမ်းလေးကို ဖတ်ရတော့ စိတ်မကောင်းဘူး … ။ တာဝန်မဲ့စွာ မိသားစုကိုထားသွားခဲ့တဲ့ အဖေဖြစ်သူကို မုန်းမိတယ် … ။ သားသမီးကို မှားယွင်းစွာအလိုလိုက်ပေးခဲ့တဲ့ မိခင်ရဲ့နောင်တကိုလည်း ကိုယ်ချင်းစာမိသလို … သမီးဖြစ်သူရဲ့ အရွယ်နဲ့မျှတဲ့ သောကတွေကိုလည်း စာနာသနားမိတယ် …. ။
မရွှေအိရေ .. အစ်မဖြစ်သူကိုပြောလိုက်ပါ .. ။ ကံကြမ္မာဆိုတာ ဘယ်တော့မှ တသမတ်တည်း မနေပါဘူးလို့ … စိတ်ကောင်းထား အနစ်နာခံရတဲ့အတွက် ချောင်ချောင်လည်လည် တနေ့နေ့ ပြန်ဖြစ်လာမှာပါဆိုတာ ယုံကြည်ပါလို့လေ … ။ 🙂
Shwe Ei
November 2, 2011 at 10:50 am
စုံစုံနဲ့ကျမနဲ့ အမြင်ချင်းတူတယ်။ ပြီးတော့ etone ပြောသလို ကျမအမကို အဆင်ပြေတဲ့ဘဝ တခု ပြန်ရစေချင်တယ်။
kai
November 2, 2011 at 12:07 pm
တပါတ်မှာ ရရက်.. ရာဟုပါတွက်ရင်မှ.. မွေးတဲ့လူသားတွေခမြာ.. ၈ခုရွေးချယ်ဖို့ရှိတာ..။
အဲဒီမှာ.. လူသား၂ဦး ပေါင်းဖက်တဲ့ အိမ်ထောင်ကနေ.. အရင်ဆုံးမွေးတဲ့ လူသားကို.. (၈ပုံ၁ပုံနှုန်းနဲ့..) လူလူချင်း.. မတရားခွဲခြားတာပဲလို့ ယူဆပါတယ်..။
အခု ကမ္ဘာ့လူဦးရေ သန်း၇၀၀ဝ ပြည့်ပြီ..။
အဲဒီလူတွေထဲ.. သဦးဖြစ်နေသူတွေ ၃ပုံ၁ပုံနဲ့တွက်..။
သန်း ၂၀၀ဝ အသာလေးရှိတယ်..။
အဲဒီထဲက.. အနည်းဆုံး ၈ပုံ၁ပုံက.. သားဦးစနေတွေဖြစ်မှာပေါ့..။
ဆိုတော့..
ဒီကမ္ဘာကြီးမှာ.. (ပျမ်းမျှထားရင်)လူပေါင်း..သန်း၂၅ဝ က စနေသား..သားဦးတွေ..။
အောင်မလေးဗျာ..
တော်တော်ရုးသွမ်းတဲ့.. တော်တော်ဆိုးတဲ့ ရှေးစွန်းစွဲအယူပါ…။ 🙁
မေ့လိုက်..မေ့လိုက်…။ 😆