ပန်းတွေဟာ အရောင်စုံပေမယ့် ရန်မဖြစ်ကြဘူး

Moe TharMay 21, 20101min760

“ပန်းတွေဟာ အရောင်စုံပေမယ့် ရန်မဖြစ်ကြဘူး´´ စာကြောင်းလေးက တိုတိုလေးပါ။ စဉ်းစားစရာတွေကတော့ အနောက်မှာ အများကြီးပဲ၊ လူတွေကကော. . . .
ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်စုတွေ အများကြီးပဲ၊ မြန်မာပြည်မှာတောင် တစ်ရာကျော်ရှိတယ်၊ သူတို့တွေမှာ အသားအရောင်ကွဲပြားတယ်၊ ဘာသာစကားမတူဘူး၊ ကိုးကွယ်ရာတစ်မျိုးစီ၊ အလေ့အကျင့်၊ ထုံးတမ်းစဉ်လာ စသဖြင့်ပေါ့ မတူတာတွေ အများကြီးပဲ၊ သူတို့တွေမှာ အချင်းချင်းကူညီမှု၊ စာနာထောက်ထားမှု၊ သည်းခံမှု၊ လေးစားမှု၊ ညှာတာမှုတွေ အရမ်းကိုနည်းတယ်၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရယ်လို့ မပေါ်ခင်ကတဲက လူသားတွေဖြစ်မယ့် အသိဉာဏ်နိမ့်ပါးသေးတဲ့အဆင့် ကတဲကကို အချင်းချင်းသတ်ဖြတ်မှု တွေကရှိနေပြီလေ၊ အသိဉာဏ်မြင့်မားလာလေလေ လူသတ်လက်နက်တွေက အဆင့်မြင့်လာလေပဲ။ ဟိုး…ကျောက်လက်နက်ခေတ်ကနေ အခုနြူကလီးယားခေတ်အထိ ရောက်လာပြီ၊ လူ့သမိုင်းတစ်လျှောက် သမိုင်းတင်ထားတဲ့ စစ်ပွဲကြီးက (၂)ခုရှိတယ်။ သမိုင်းမတင်နိုင်တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဘယ်လောက်များလိုက်မလဲ၊ အခုမျက်မှောက်ခေတ်အထိ လူတွေအေးအေးချမ်းချမ်းနဲ့ နေခဲ့ရတဲ့ခေတ်တွေမှာ နှစ်(၁၀၀)ကြာတဲ့ကာလအတိုင်းအတာလောက်ကို အေးအေးချမ်းချမ်းနေရတဲ့နှစ်တွေ ရှိပါ့မလား၊ သူတစ်လူ ငါတစ်မင်းနဲ့ လုပ်ချင်တိုင်းလုပ်လာကြတာ အခုချိန်ထိပဲ၊ လူတွေရဲ့ အတွင်းစိတ်မှာ မာန်မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ အငြိုးအတေးတွေနဲ့ ပြည့်နေကြတယ်။ အပေါ်ယံမှာသာ သဘောကောင်း၊ စိတ်ထား နူးညံ့သလိုရှိနေပေမယ့် တကယ့်အတွင်းစိတ်မှာ ငါဆိုတဲ့ အတ္တကြီးက ရှိနေကြတယ်။ အဲဒီအတ္တကြောင့်ပဲ လောကကြီးကလှသင့်ရဲ့သားနဲ့ မလှနိုင်ခဲ့ဘူး၊ နောင်လဲ လှလာမှာမဟုတ်ဘူး၊ ဆရာတော်ကြီးတစ်ပါးရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်၊ လူတွေဟာ ကမ္ဘာကြီးရဲ့ အဆင်တန်ဆာလေး တစ်ခုပါပဲတဲ့၊ မြေစောင့်အဆင့်လောက်ပဲရှိတာပါတဲ့၊ ဒီစကားမှန်လား မှားလားဆိုတာ ကိုယ့်ဉာဏ်နဲ့ကိုယ်ပဲ စဉ်းစားကြည့်ကြပေါ့နော်၊ ကျွန်တော်ကတော့ မှန်တယ်လို့ယူဆတယ်၊ အဲဒါလောက်ကိုတောင် လူတွေက ကိုယ့်ကိုကိုယ် အထင်ကြီးပြီး၊ မထားသင့်တဲ့ မာနတွေထား၊ အတ္တတွေကြီးပြီး၊ ငါမှငါဆိုတဲ့ အတွေးတွေ ဖုံးလွှမ်းနေတယ်၊ တရားဆိုတာကို နားထောင်ဖို့နဲ့ ဖတ်ဖို့လောက်ပဲ သဘောထားတယ်၊ လိုက်နာကျင့်သုံးဖို့ကိုကြတော့ အကြောင်းပြချက်အမျိုးမျိုးပြပြီး၊ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေကြတယ်၊ ကိုယ်ကိုယ်တိုင်ကကော ဘယ်လိုမျိုးရှိလဲဆိုတာ ဆင်ခြင်ကြည့်ကြပေါ့၊ လူတွေမှာ အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ သံသယတွေမရှိရင် ကမ္ဘာကြီးက နေလို့ကောင်းမှာသေချာတယ်၊ အခုတော့. . . . . .
ပန်းလေးတွေလဲ ပွင့်ပြီးရင် ကြွေရတာပဲ၊ လူတွေလဲ အချိန်တန်ရင် သေကြတာပဲ၊ ပန်းတွေလဲ အရောင်စုံတယ်၊ လူတွေမှာလဲ မျိုးနွယ်စုတွေအများကြီးရှိတယ်၊ ပန်းတွေက ရန်မဖြစ်ကြဘူး၊ လူတွေကသာ . . . . . . . . ?
ကိုယ်ကိုယ်တိုင်လဲ လူတစ်ယောက်ပဲလေ၊ လူတွေမှာရှိတာတွေ အကုန်ရှိတာပေါ့၊ ဒါပေမယ့် အချိန်ကာလနဲ့ ဒေသပေါ်မူတည်ပြီး၊ ကိုယ့်ရဲ့ မာန်မာနတွေ၊ အတ္တတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ သံသယတွေကို သတိနဲ့ထိန်းထားရတာပေါ့၊ တစ်ခါတစ်လေ အဲဒါတွေ တွေးမိရင် လောကကြီးမှာ မနေချင်တော့ဘူး၊ ကြောက်လာတယ်၊ လွတ်မြောက်ချင် လာတယ်၊
တစ်ခါတစ်လေတော့လဲ. . . . . . . . .
(ကိုယ်လဲ လူတစ်ယောက်ပဲလေ…)