ဆွေးနွေးမေးမြန်း အဖြေရှာခန်း

who whoNovember 8, 20111min48

ဒီနေ့လည်း သိချင်တာလေးတွေ ရှိသေးတာကြောင့် ဆက်လို့ ဆွေးနွေး ဖြစ်ကြပါတယ်။
“ကျနော် မနေ့က မေးခွင့်မရလိုက်တဲ့ သိချင်တာလေးတွေ ရှိသေးလို့ ဒီနေ့လည်း ပြောပြပေးပါဦး။”
“ရပါတယ်။ ကိုယ်သိသလောက်တော့ ပြောပြပါ့မယ်။”
“မနေ့က ပြောတဲ့ အပါယ်က လွတ်ဖို့ ရုန်းတဲ့ကိစ္စလေ။ အဲဒီမှာ ကျနော် သိချင် တာက အဲလို တစ်မဂ် တစ်ဖိုလ်မှ ရအောင်အားမထုတ်နိုင်သေးသူသည် သေ လို့ နတ်ပြည်တို့ ဘာတို့ စတဲ့ အထက်ဘုံတွေကို ရောက်ရင်တော့ အပါယ်က လွတ်မသွားပေဘူးလား။”
“ဘယ်ကလာ …တစ်မဂ် တစ်ဖိုလ်မှ ရအောင် ရောက်အောင် အားထုတ်မထား ပဲ သေခဲ့လို့ နတ်ပြည်ကို ရောက်လည်းပဲ သူဟာ အဲဒီနတ်သက်ကုန်ရင် အပါယ်ကို ရောက်သွားနိုင်သေးတယ်လေ။ ဒါကြောင့် စိတ်မချရဘူးလို့ ပြောတာပေါ့။ ဒီလိုလေ နတ်ပြည်၊ ဗြဟ္မာပြည်ဆိုတဲ့ အထက်ဘုံဘဝတွေကို ရောက်ပင် ရောက်ငြားသော်လည်း တစ်မဂ် တစ်ဖိုလ် မရသေးရင် ပုထုဇဉ် အနွယ်မှာပဲ ရှိသေးဦးမှာမို့ ပုထုဇဉ် မှန်သမျှကတော့ အပါယ်ကို အချိန်မရွေး ရောက်နိုင်သေးတာကြောင့် ဘယ်ဘုံဘဝပဲ ရောက်ရောက် စိတ်မချရသေးပါ ဘူး။ အကယ်လို့ လူ့ပြည်မှာ တစ်မဂ်တစ်ဖိုလ်တော့ ရအောင် အားထုတ်ထား တယ်ဆိုရင် သူဟာ ဘယ်လို အကြောင်းမျိုးနဲ့ပဲ သေသေ ဘယ်တော့မှ အပါယ်ကို မကျနိုင်တော့ဘူးလေ။ နောက်ပြီး နောက်ထပ်လည်း (၇)ဘဝပဲ ကျန်တော့တာမို့ အဲဒီ (၇)ဘဝ အတွင်းမှာလည်း တစ်ဆင့်ပြီး တစ်ဆင့် မဂ် ဖိုလ်နိဗ္ဗာန်တွေ အသီးသီးကို ရရှိလို့ နောက်ဆုံး အရဟတ္တ မဂ်ဉာဏ်ထိအောင် ပေါက်မြောက်လို့ ခန္ဓာဇာတ်သိမ်းရာ နိဗ္ဗာန်ကို ရောက်ကြရပါမယ်။ ”
ကျနော် သူရှင်းပြတာလေးကို နားစိုက်ထောင်ရင်း အတွေးထဲမှာ မေးခွန်းတစ်ခု ဝင်လာပြန်သည်။ဒါနဲ့ပဲ တန်းမေးမိတယ်။
“နို့ နေပါဦး။ ကျနော် ပြောပါဦးမယ်။ ကျနော်တို့ကို အပါယ်ကနေ လွတ်အောင် ကျတော့ ဒီ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကပဲ လွတ်စေနိုင်တာလားဗျာ။ တခြား ကောင်းမှု ကုသိုလ်တွေကရော လွတ်အောင် မလုပ်နိုင်ဘူးလား။ ကျနော်တို့ကဗျာ ဘာပဲဖြစ်ဖြစ် မွေးနေ့တို့ ၊ ရက်ကြီး အခါကြီးတို့ကစ အမြဲပဲ ကောင်းမှု ကုသိုလ်တွေကို အကြိမ်ကြိမ် လုပ်ခဲ့ကြတာပဲမလား။ အဲဒီကုသိုလ်တွေကရော ဒီအပါယ်ကလွတ်အောင်ကျ မကယ်နိုင်ဘူးလား။ ဘာလို အကြောင်း ကြောင့် လဲ ဆိုတာပါ ရှင်းပြပေးပါဦး။”
“အင်း…ခင်ဗျား မေးတဲ့ မေးခွန်းလေးကတော့ မေးသင့်တဲ့ မေးခွန်းလို့ပဲ ပြောရမယ်ဗျာ…ဒီလိုလေ ကျနော်တို့တွေ လုပ်နေကျ ကုသိုလ်တွေဆိုတာ အကျိုးကို မျှော်ကိုးပြီးမှ လုပ်တဲ့ကုသိုလ်တွေက များတယ်လေ။ ဥပမာ – ဓိဋ္ဌါန် တာကစ ဒီဓိဋ္ဌါန် အောင်မြင်ပါက ဘာဖြစ်ရပါလို၏။ ညာဖြစ်ရပါ လို၏။ ဆိုတာတွေလေ။ အဲဒါတွေက တကယ်ကျတော့ တဏှာရောပြီး လှူတဲ့အလှူတွေလို့ ပြောရမယ်။ နောက်ပြီး ဒီကုသိုလ်ကြောင့် ဆိုပြီး လုပ်တဲ့ ကုသိုလ်ကြောင့် ရမယ့် အကျိုးဆိုတာ ကလည်း ငါ့ဖို့ချည်းပဲမို့ ငါဆိုတဲ့ ဒိဋ္ဌိက တန်းလန်းနဲ့ လှူနေပြန်တာနော်။ အင်း ဒီနေရာမှာ အပါယ်ကို အဓိက ရောက်စေနိုင်သော အရာတွေကို သိထားရပါမယ်။ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကသာ အပါယ်ကို တန်းပို့ပေးနေတာမို့ ခင်ဗျားတို့ ကျနော်တို့ ဘယ်လောက်ပဲ ကောင်းမှုတွေ လုပ်နေပါစေ။ ဒိဋ္ဌိမပြုတ်သေးသမျှကတော့ သစ္စာမသိပဲ လှူတဲ့အလှူမို့ ဒီအလှူသည် အကျိုး ပေးရင် အထက်ဘုံဘဝတွေတော့ ရောက်နိုင်ပေမယ့် အဲဒီကနေ လွန်တဲ့ဘဝမှာကျ အပါယ်သို့ လားရနိုင်သေးတာမို့ အင်း…ဘယ်လိုမှကို သံသရာအတွက်က စိတ်မအေးရသေးဘူးလေ။ အကယ်လို့ အပါယ်ဘုံကိုသာ ရောက်သွားပြီ ဆိုရင်လည်း တော်တော်နဲ့ကို တက်လာစရာ မမြင်တော့ဘူးနော်။”
“အင်းနော်….ဒါဆို တော်တော်ကြောက်ဖို့ကောင်းတာပေါ့နော်။”
“ဟူး…” နှစ်ယောက်လုံး သက်ပြင်းရှည်ကြီးကို ချလိုက်ကြရင်း အော် မျက်ကန်း တစ္ဆေမကြောက်ပဲ နေခဲ့ရတဲ့ အတိတ်က အချိန်တွေကိုတောင် နှမြောမိ ပါတယ်။
“ကျေးဇူးပါပဲ။ ခုမှပဲ စိတ်ထဲမှာ ရှင်းသွားပြီး လုပ်ရမယ့် အလုပ်ကို သိသွားပါပြီ။ ကျနော် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သွားပါတော့မယ်။ မသိတာရှိရင် လည်း ပြောပြပေးပါဦးနော်။”
“အိုကေ…ကျနော် တတ်နိုင်သလောက် ပြောပြပေးပါ့မယ်။ အကယ်လို့ မရှင်းနိုင်လည်း ဆရာတော့်ဆီမေးကြတာပေါ့။”
ကျနော်တို့ ရဲ့ ဒီနေ့အဖို့ ဆွေးနွေးခန်းလေး ပြီးသွားပါပြီ။ ကျနော့ အတွက် ကတော့ တွေးစရာတွေနဲ့ အဖြေထုတ်စရာတွေ ရှိနေပါသေးတယ်။
တွေးမိသမျှ…..
ကျနော့မှာက အရင်ကတည်းက လူ့ဘဝနှင့် ပတ်သက်လို့ မေးခွန်း တွေက ရှိနေတာမို့ ခုတော့ ကိုယ်သိသလောက်နဲ့ပဲ ကိုယ့်မေးခွန်းကိုယ် အဖြေ ပြန်ထုတ်ကြည့်မိပါတယ်။
၁။ လူ့ဘဝမှာ ဘာလာလုပ်တာလဲ။ လူ့ဘဝရဲ့ အထူးလုပ်ဆောင်နိုင်ဖို့ အခွင့်အရေးက ဘာလဲ။အဓိက အလုပ်ကြီးက ဘာလဲ။ ဆိုတဲ့ အမြဲ သိချင် နေတဲ့ မေးခွန်းလေးကို ခုတော့ ဖြေကြည့်နေပါပြီ။
၃၁ ဘုံအတွင်း ကျင်လည်နေကြရသော သံသရာခရီးသည်တွေ အတွက် မသွားချင်ဆုံးသောလမ်းသည် အပါယ်ဘုံပဲဆိုတာ ထင်ရှားနေပါ တယ်။ ဒါကြောင့်ပဲ ဒီအပါယ်လေးဘုံက အပြီးတိုင် လွတ်နိုင်မယ့် လမ်းကို ရွေးချယ်ပြီး လျှောက်ဖို့လိုပါတယ်။ အဲလို ရွေးချယ်ဖို့ကျပြန်တော့လည်း သူ့မှာ က လိုအပ်သော အရည်အချင်းတွေနဲ့ ပြည့်စုံရပါမယ်။ ဘယ်လို အရည်အချင်း တွေပါလဲဆိုရင်တော့ အပါယ်က လွတ်စေမယ့် နည်းလမ်းကို ညွှန်ပြပေးမယ့် ဘုရားသာသနာနဲ့ ဆုံရပါမယ်။ ဆုံပြန်တော့လည်း သင်ကြားပြသ လမ်းညွှန် ပေးမယ့် ဆရာကောင်း၊သမားကောင်း နဲ့ တွေ့ရပါဦးမယ်။ အဲလို တွေ့ပြန်တော့ လည်း ကိုယ်တိုင် ကျင့်ကြံအားထုတ်ဖို့ အခြေအနေတွေပေးမှ ဖြစ်ပါမယ်။ အဲလို အခြေအနေတွေကိုကျပြန်တော့ လူ့ဘဝမှာပဲ ရယူနိုင်ခွင့် အများဆုံး ရှိ နေပါတယ်။ နတ်ပြည်၊ ဗြဟ္မာ့ ပြည်တို့ထက် လူ့ပြည်မှာက ကုသိုလ်ကောင်းမှု လုပ်ဖို့ ၊ ခုလို အပါယ်ကနေ ဆွဲထုတ်ပေးမယ့် အခြေအနေကောင်းတွေ အများဆုံး စုဆုံရာ နေရာလို့တောင် ပြောရင်ရမယ်ထင်ပါတယ်။
ဒီနေရာမှာ ကျနော်ဉာဏ်မီသလောက် တွေးကြည့်လိုက်တော့ အပါယ်လွတ်ဖို့ မဂ်ဉာဏ်ရမှ ဖြစ်မယ်။ မဂ်ဉာဏ်ရဖို့ကျပြန်တော့ သံဝေဂ ဉာဏ်ပါမှ ဖြစ်မယ်။ သံဝေဂ ဉာဏ် ရဖို့ကျတော့လည်း အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို သိသာစွာ မြင်စေတဲ့ ဘုံဘဝမှာ ရောက်နေမှသာ ဖြစ်မယ်။ အင်း အဲဒါကြောင့် လူ့ဘဝမှာသာ ဒီအခြေအနေတွေက အရနိုင်ဆုံးလို့ ကျနော် မြင်တယ်။ ဒီအချက်တွေကြောင့်ပဲ လူ့ဘဝ ရခိုက်မှာ ဘုရားသာသနာနဲ့လည်း ဆုံခိုက်မှာ၊ ဆရာကောင်း သမားကောင်းတွေနဲ့လည်း တွေ့ခိုက်မှာ ၊ အားထုတ် ဖို့ အခြေအနေတွေ အကြောင်းတွေလည်း ညီညွတ်ခိုက်မှာ ဆိုတာတွေကိုက တကယ့်ကို ရခဲလှတဲ့ အနေအထားတွေပါလားလို့ သိလာပါတယ်။ အင်း…ဒါဆို ငါ အမြဲသိချင်နေတဲ့ လူ့ဘဝရဲ့ တကယ့် အနှစ်သည် ဒါပဲပေါ့။ ခုလို ရခဲလှစွာသော အခြေအနေတွေအားလုံး ငါတို့တွေ ရနေကြပါလျက် အဓိက အလုပ်ဖြစ်တဲ့ အပါယ်လွတ်စေဖို့ ဆိုတဲ့ အလုပ်ကြီးကိုမှ မလုပ်ဖြစ်ပဲ သေသွားခဲ့မယ်ဆိုရင် ဘယ်တော့များမှ ဒီလို အခွင့်အရေးတွေ ဒီလို အခြေ အနေ တွေက ပြန်ရပါတော့မလဲဆိုတာ မသိနိုင်တော့တာမို့ အော်….အတော့် ကို ကံကောင်းလိုက်တဲ့ ရခဲလှတဲ့ လူ့ဘဝ ပါလားလို့ သိမြင်လာ ရပါပြီ။
တခြားသော ဘုံဘဝတွေထက်ကို လူ့ဘဝရဲ့ တန်ဖိုးက ပိုကြီးနေပါ လားလို့ သဘောပေါက်လာပါတယ်။ အင်း မြတ်စွာဘုရားသော်မှ လူ့ဘဝ မှာသာ ဘုရားအဖြစ် ရောက်အောင် ရအောင် ကြိုးစား သွားခဲ့တာပဲမလား။ အင်း တကယ့်ကို သံသရာကနေ လွတ်မြောက်စေမယ့် အခြေအနေတွေနဲ့ ပြည့်စုံနေတဲ့ ဒီရခဲလှသော ဘဝကိုတော့ ရတုန်းရခိုက်မှာကိုပဲ အရေးကြီးဆုံး ဖြစ်တဲ့ အပါယ်လွတ်မယ့် အလုပ်ကြီးကို အားရပါးရကို လုပ်ပါတော့မယ်။ ဒါမှလည်း လူဖြစ်ရကျိုးနပ်ပေမယ်မလား။ အင်း အဖြေတော့ ထွက်သွားပါပြီ။ လူ့ဘဝမှာ အဓိက လုပ်ရမယ့် အလုပ်က ဘာပါလိမ့်ဆိုတဲ့ မေးခွန်းအတွက် ကတော့ အဖြေမှန်ရသွားပြီမို့ အများကြီးကို ကျေနပ်သွားပါပြီ။ နောက်ထပ် ကျန်သေးတဲ့ မေးခွန်းအတွက် အဖြေထုတ်ဖို့ကတော့ နောက်နေ့မှပဲ ဆက်ကြ တာပေါ့။ အထက်သွားချင်သလား၊ အောက်ပဲသွားမှာလား၊ လွတ်မြောက်ရာ လမ်းကိုပဲ လျှောက်ကြမှာလားဆိုတဲ့ တကယ့်ကို ကိုယ်သွားလိုရာ သွားနိုင်ဖို့ လူ့ဘဝ လမ်းဆုံကနေ ကြိုးစားကြပါစို့လား။