မြန်မာ့ပညာရေး ဘာလို့အောက်တန်းကျနေတာလဲ(တတိယပိုင်း)

DaveJanuary 9, 20101min1041

၁၉၄၁ နှစ်ကုန်ပိုင်းရောက်တော့ ဒုတိယကမ ္ဘာစစ်ကြီး မြန်မာနိုင်ငံကို ကူးစက်လာတာနဲ့တစ်ပြိုင်တည်းမှာပဲ ပညာရေးရေစီးကြောင်းလည်း ရပ်တန့်သွားခဲ့ရတယ်။ဂျပန်ခေတ်မှာ မြန်မာ့ပညာရေးဟာ ၁၉၄၂ နှစ်ကုန်ပို်င်း လောက်ရောက်မှ စပြီးပုံမှန်ဖြစ်တယ်။ဂျပန်တွေက မြန်မာနိုင်ငံမှာ ကျောင်းအမျိုးအစားတွေ သုံးမျိုးကွဲပြားနေ တာကို လက်မခံဘူး။မြန်မာလိုသင်တဲ့ အခြေခံကျောင်းတွေပဲ တစ်ပြေးညီရှိရမယ်လို့ မူဝါဒချမှတ်ပစ်လိုက် တယ်။ကောင်းတော့ကောင်းပါတယ်။အချိန်ယူပြီး ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမယ့် ဂျပန်တွေအချိန်မရခဲ့ဘူး။ အင်္ဂလိပ်-မြန်မာ မဟာမိတ်တပ်ဖွဲ့နဲ့ ဂျပန်စစ်ဖြစ်ပြီး ၁၉၄၅မှာ ပြန်ပြေးခဲ့ရတယ်။အင်္ဂလိပ်က စစ်နိုင်တော့ အခြေခံပညာရေးကို ပြန်ကိုင်တယ်။

ကိုင်ပေမယ့် ဂျပန်ခေတ်ဆိုတဲ့ ၃နှစ်အတွင်းမှာ ပညာငတ်နေတဲ့လူတွေနဲ့ စာသင်ကျောင်းတွေမှာ အချိုးမညီ မမျှဖြစ်ရာကနေ ပရိုက်ဗိတ်ကျောင်းလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းတွေ အလျှိုအလျှိုပေါ်ထွက်လာခဲ့တယ်။မြန်မာ့ လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းသောင်းကျန်းမှုကို ရှင်းရင်းရှင်းရင်းနဲ့ ပြည်တွင်းအေးချမ်းတည်ငြိမ်ရေးက ပိုရှုပ်လာခဲ့တယ်။အစိုးရက ပညာရေးကို အားထည့်ပြီးလုပ်မပေးနိုင်တဲ့အတူ မထူးပါဘူးဆိုတဲ့သဘောနဲ့ ၁၉၅၁မှာ “ကိုယ်ပိုင်ကျောင်းများမှတ်ပုံတင်ဥပဒေ´´ ပြဌာန်းပေးခဲ့တယ်။ကျောင်းသား၂ဝရှိရင် ကိုယ်ပိုင် ကျောင်းဖြစ်စေဆိုပြီးတော့ မှတ်ပုံတင်စေခဲ့ရာကစပြီး ပညာရေးသပွတ်အူကြီး ရှုပ်သည်ထက်ရှုပ်လာခဲ့ပါ တော့တယ်။

အဲဒီကိုယ်ပို်င်ကျောင်းတွေ(ပရိုက်ဗိတ်ကျောင်းတွေ)မှာ ၃မျိုးကွဲပြားခဲ့ပါတယ်။သာသနာပြုလုပ်ငန်းအခြေပြု ကျောင်း၊အမျိုးသားယဉ်ကျေးမှုအခြေပြုကျောင်းနဲ့အလွတ်ပညာသင်ကျောင်းတို့ ဖြစ်ပါတယ်။ ပထမ အမျိုးအစားမှာ စိန့်ပေါလ်၊စိန့်ဖရန်စစ်၊စိန့်ဖီလိုမီနာ၊စိန့်အန်ထော်နီအစရှိတဲ့ကျောင်းတွေပါဝင်ကြပါတယ်။ ဒုတိယအမျိုးအစားမှာတော့ တမီလ်၊တေလဂူနဲ့တရုတ်ကျောင်းတွေ တွေ့ရတယ်။တတိယအမျိုးအစားကတော့ တက္ကသိုလ်ဝင်တန်း၊အစိုးရစစ်သတ္တမတန်းစာမေးပွဲတွေအတွက် ဖြတ်လမ်းနည်းနဲ့သင်ပေးတဲ့ကျောင်းတွေ ပါပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ ကိုယ်ပို်င်ကျောင်းပေါင်း ၇၀ဝကျော်အထိ ပေါ်ထွက်ခဲ့ပါတယ်။

တော်လှန်ရေးအစိုးရလက်ထက်ရောက်လာတော့ ၁၉၆၅မှာတစ်ကြိမ်၊၁၉၆၆မှာ တစ်ကြိမ် ကိုယ်ပိုင်ကျောင်း တွေကို ပြည်သူပိုင်သိမ်းပြီး အစိုးရကျောင်းတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။အဲဒီကစပြီး တစ်နိုင်လုံးရဲ့ ပညာရေးကို တန်းညှိခဲ့ရာကနေ ပြည်တွင်းရေးတည်ငြိမ်သလောက် ပညာရေးကဏ္ဍလည်း တည်ငြိမ်သွားပါတော့တယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ သွားကြပြီဆိုတော့ လက်တွေ့မှာ ဆိုရှယ်လစ်စီးပွားရေးဟာ ရေတိုရေရှည်စီမံကိန်းဆိုတဲ့ စကားလုံးတွေအောက်မှာပဲ နစ်မြုပ်သွားပြီး တိုင်းပြည်စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာခဲ့တယ်။ပြည်သူလူထုကြီးလည်း အငတ်ငတ်အပြတ်ပြတ်နဲ့ ဘယ်မှာမှန်းမသိရတဲ့ ဆိုရှယ်လစ်ပန်းတိုင်ကြီးဆီကို ချီတက်ခဲ့ရတာ သမိုင်းက သက်သေခံနေပါတယ်။

စီးပွားရေးမကောင်းတော့ နိုင်ငံတော်ဘဏ္ဍာကနည်းပါးလာတဲ့အတွက် ပညာရေးအသုံးစရိတ်ကို ခြိုးခြံခဲ့ရာက ကိုယ်ပိုင်ကျောင်းတွေ ပြည်သူပိုင်သိမ်းပြီး နှစ်၂ဝလောက်ကြာတဲ့အခါ ကျူရှင်ဆိုတာတွေ တစ်နိုင်ငံလုံးမှာ ပေါ်လာခဲ့ရပါတယ်။မရှေးမနှောင်းမှာပဲ အစိုးရခန့် ကျောင်းဆရာ၊ဆရာမတွေဟာ ရတဲ့လခနဲ့မစားလောက်လို့ ကိုယ့်ကျောင်းက ကလေးတွေကို အခကြေးငွေယူပြီး ကျူရှင်ပေးလာပါတော့တယ်။

ကျူရှင်အရှုပ်တော်ပုံ

ပထမတော့ ၁ဝတန်းလို့ခေါ်တဲ့ အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲအတွက် ကျူရှင်တွေကသူ့ထက်ငါ အပြိုင်ပဲ ကလေးတွေ အမှတ်များများနဲ့ စာမေးပွဲအောင်ဖို့ နည်းပေါင်းစုံသုံးပြီး သင်ပေးကြတယ်။ ကျောင်းမှာသင်တာထက် ပိုပြီးထိရောက်အောင် လုပ်ပြကြတယ်။အဲဒီလိုနဲ့ ၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်း ၁၉၉ဝပြည့်လွန်နှစ်တွေမှာ ပြင်ပကျူရှင်နဲ့ အစိုးရခန့် ဆရာဆရာမတွေအကြား အားပြိုင်မှုက အထွတ် အထိပ်ကိုရောက်လာခဲ့တာ တွေ့ရပါတယ်။သက်ဆိုင်ရာက ကျူရှင်ပေးတဲ့အစိုးရခန့် ဆရာ၊ဆရာမတွေကို အရေးယူမယ်အပြစ်ပေးမယ်ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ပေမယ့် ကျူရှင်တွေကို ဒီအတိုင်းပဲ လွှတ်ထားပေး ခဲ့တာကြောင့် ဆရာ၊ဆရာမတွေဖက်က မမျှတဘူးလို့ စောဒကတက်ပြီး မကျေမနပ် ဖြစ်ကြတယ်။အရွဲ့ တိုက်ကြတယ်။

ဒီနောက်ပို်င်းမှာတော့ မူလတန်းကနေ၉တန်းအထိ ကလေးတွေကို မအောင်မရှိငါ့တပည့်စနစ်နဲ့ အတန်းတင် ပေးဖို့ညွှန်ကြားခဲ့တဲ့အတွက် ကလေးတွေဟာ ဘာပညာအခြေခံမှ မပါတော့ဘဲ အခုတက္ကသိုလ်ဝင်တန်းလို့ ခေါ်တဲ့အဆင့်ကို ရောက်လာကြရတယ်။ဒီအတန်းရောက်တော့မှ ပြင်ပကျူရှင်တွေက ကလေးတွေကို အတင်းနင်းကန်မောင်းပြီး ဂုဏ်ထူးများများနဲ့ စာမေးပွဲအောင်ရေးအတွက် လုပ်စားကြပါတယ်။

အခုလည်း ကျူရှင်တို့၊ဘော်ဒါဆောင်တို့ကနေ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ကျောင်းတွေပေါ်လာတော့မယ် လို့လည်း ပြောနေကြတယ်။တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့်ကလေးတစ်ယောက်ကို တစ်နှစ်စာ သိန်း ၆ဝလောက်အထိ ယူပြီးလက်ခံဖို့ ပြင်ဆင်နေကြပါတယ်။ဘယ်ဘော်ဒါဆောင်မှာ ဘယ်ကလေးကတော့ အတင်းအကြပ်စာကျက်ခိုင်းလို့ ရူးသွားတယ်။ဘယ်ကလေးကတော့ ထွက်ပြေးတယ်။ဘယ်ကလေးကတော့ သေတောင်သေသွားတယ် အစရှိတဲ့ သတင်းတွေဟာ မန ္တလေးနဲ့ပြင်ဦးလွင်မှာ ကောလာဟမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်တွေပါ။ဒါပေမယ့် တစ်နှစ်တစ်နှစ်မှာ သိန်းထောင်ချီပြီးဝင်ငွေရနေတဲ့ဘော်ဒါဆောင်ကြီးတွေက ရဲတွေ၊ပညာရေးမှူးတွေ၊အာဏာပိုင်အဖွဲ့အစည်းတွေကို လာဘ်ထိုးပြီး သတင်းအမှောင်ချပစ်ခဲ့ကြတယ်။ ဒါတွေဟာ မဖြစ်သင့်ပါဘူး။ကိုယ်ပိုင်ကျောင်းတွေဖွင့်ခွင့်ပေးတော့မယ်ဆိုတာကလည်း လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။

အထူးသဖြင့် မန ္တလေးနဲ့ပြင်ဦးလွင်နှစ်မြို့ မှာရှိတဲ့ဘော်ဒါဆောင်ကြီးတွေက လက်ခံထားတဲ့ကလေးတွေကို သူတို့နဲ့ချိတ်ဆက်ထားတဲ့ အထက်တန်းကျောင်းမှာ တစ်ဆင့်အပ်နှံပြီး ကားကြီးကားငယ်အသွယ်သွယ်နဲ့ နေ့စဉ် ပြောင်ပြာင်တင်းတင်း ကြို၊ပို့လုပ်နေကြတာ ကြာပါပြီ။သက်ဆိုင်တဲ့ အထက်တန်းကျောင်းတွေက ကျောင်းအုပ်ဆရာ၊ဆရာမတွေကို လာဘ်ထိုးကြတယ်။ပညာရေးမှူးတွေကို လာဘ်ထိုးတယ်။အဲဒီနည်းနဲ့ ပြင်ပကျူရှင်တွေဟာ အစိုးရကျောင်းတွေကိုတောင် နယ်ကျွံဝင်ရောက်ပြီး ဩဇာလွှမ်းဖို့ကြိုးစားကြတဲ့အထိ ဆိုးလာတဲ့ လုပ်ရပ်တွေဟာ တော်တော်လွန်လွန်းပါတယ်။

ခပ်ညံ့ညံ့အစိုးရစီမံအုပ်ချုပ်ပြီး ခပ်ညံ့ညံ့ပညာရေးကို ဖန်တီးနေတာဟာ တိုင်းပြည်နဲ့လူမျိုးကိုနစ်နာစေပါ တယ်။ဒါကြောင့် ကျွန်တော်တို့မညံ့ကြောင်းပြဖို့အတွက် ဒီပညာရေးဇာတ်ရှုပ်ကြီးကို ဘယ်လိုလုပ်ကြမလဲ။

One comment

  • babyshan

    September 11, 2010 at 7:34 am

    အောက်တန်းကျမှာပေါ့ ကျောင်းကဆရာ ဆရာမတွေက ကျောင်းမှာကောင်းကောင်းမသင်ကျဘူး ကျုရှင်ကျုှရှင်ဆိုပြီး ထပ်ခေါ်ကြတယ်။ တကယ်တော့ကျုရှင်ဆိုတာမရှိသင့်ပါဘူး ကျောင်းကစာကို ကျောင်းမှာတင်အပြီးသင်သင့်ပါတယ်။ မြန်မာပြည်ပညာရေး တိုးတက်လာအောင်တော့ အများကြီး ကြိုးစားရအုံးမယ်ထင်တယ်………

Leave a Reply