အသေလေးများနှင့်အတူ သေခြင်းဆီသို့..
သေခြင်းနှင့်ပတ်သက်လို့ ငယ်စဉ်ကတည်းက ခုချိန်ထိ အမျိုးမျိုး ခံစားချက်တွေက ပြောင်းလဲလာလိုက်တာ ခုလက်ရှိ စာရေးနေတဲ့ အချိန်မှာ ရှိ နေတဲ့ သေခြင်းအပေါ် အမြင်လေးကို သုံးသပ်မိနေပြန်ပါပြီ။
ကျနော့အနေနဲ့ လူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်ဟာ အပါယ်လွတ် ရေး ကြိုးပမ်းဖို့ပဲဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ အသေမဦးခင် ဉာဏ် ဦးအောင် ကြိုးစားရပါ တော့သည်။ အဲလို ကြိုးစားရင်းကမှ ကိုယ့်ခန္ဓာတွင်းက ရုပ်၊ နာမ်တရားတွေရဲ့ တရစပ် သေပျောက်နေပုံကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ အဲဒီ အချိန်မှာပဲ ကြောက်စိတ်တွေ ဝင်လာခဲ့ဖူးပါတယ်။ ဘာကို ကြောက်တာလဲဆိုတော့ ဖြစ်သမျှတွေအားလုံးဟာ ပျက်ခြင်းနဲ့သာ အဆုံးသတ်နေပါလားဆိုတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလေးတွေကို ကြည့်ရင်း နဲ့ပဲ သိနေတာ တွေပါ ပျက်လိုက် နေပြန်တာကြောင့် ဖြစ်ပါတယ်။ ဘာများ တည်မြဲတာရှိလို့လဲ ။ မြင်သမျှတွေ ပျက်နေမှတော့။ ပျက်တာကို သိနေတဲ့ သိခြင်းသဘောတွေကပါ တစ်ခါနောက်က လိုက်ပြီး ပျက်နေပြန်တော့ မလွန်လွန်ဘူးလား။ နည်းနည်းလေးလောက်တော့ အပျက်လေးတွေ ရပ်ပေး ပါဦးလားလို့ တားဆီးကြည့်လို့ကလည်း မရပြန်တာကြောင့် စိတ်တွေကလည်း ပျက်ပြီးရင်း ပျက်လိုက် နေပြန်တာလေ။ အော်….အရင်ကတော့ သေခြင်းဆို တာကို ပညတ်ခန္ဓာကိုယ်ကြီး အသက်မဲ့သွားတာကိုပဲ သိခဲ့တာလေ။ ခုတော့ ဘယ်ဟုတ်မလဲ။ ခန္ဓာတွင်းက ပရမတ်သဘော တွေက မရပ်မနားကို မွေးပြီး ရင်းသေရင်းဆိုတော့ ဟူး……..သေခြင်းတရားတွေက တရစပ်ကို စက္ကန့်မလပ် မင်းမူနေမှတော့ ဒီအသေမှ မကြောက် ဘာများ ကြောက်ရဦးမှာလဲနော်။
မရပ်မနား သေပြီးရင်း သေပြနေသော ကျနော့ ခန္ဓာတွင်းက ပရမတ် သဘောတွေကို မြင်ရပါများတော့ စက်ဆုပ်ရွံ့ရှာရပြီပေါ့။ ဒီလောက် အသေ တွေ ဆက်နေမှတော့ ဒါကြီးကို မြင်နေရတဲ့ စိတ်အစဉ်က ဘယ်လောက်ထိ များခံနိုင်မှာမို့လဲနော်။ အော်ဂလီတွေဆန်လို့ အသေတွေ ရပ်ဖို့ ကြိုးစားပြန် တယ်။ မရတော့ မနိုင်ရင် ထွက်ပြေးမယ်ပေါ့။ အသေလွတ်ရာကို ရှာနေတာ လေ။ အမယ် ရမယ်ထင်လို့လား။ ဘယ်ရလိမ့်မလဲနော်။ ပိုပြီးတောင် သေပြ နေပြန်တာကြောင့် နောက်ဆုံးတော့ သူ့သဘော သူဆောင် နေပေတော့ ဆိုပြီး နှလုံးသွင်းလေး ပြောင်းပေးလိုက်တော့မှသာ အသေလွတ် သွားတော့တယ်။
အင်း ခုတော့လည်း ဒီသဘောတရားတွေကို လက်မခံချင်လည်း လက်ခံနေရပါပြီ။ နှလုံးသွင်းလိုက်တိုင်းပဲ အမြဲမပြတ်သေနေတဲ့ သေခြင်း တရားတွေကို မကြည့်ပဲလဲ သိနေရပြီမို့ သေခြင်းများစွာနှင့် တူယဉ်တွဲလို့ အသေ နှလုံးသွင်းနဲ့ပဲ ရှင်သန်နေရပါပြီ။ ထမင်းစားရင်းလည်း ကိုယ်တွင်းက ပြနေတဲ့ ဗြောင်းဆန်နေသော အသေများစွာနှင့်အတူ လက်တွဲလို့ ဟင်းတွေခပ် နေရပြန်ပါပြီ။
ခုတော့သိသွားပါပြီ။ ဒီခန္ဓာကြီးဟာ တကယ်တော့ မွေးလိုက်၊ သေလိုက် ဆိုတဲ့ မွေးသေတွေကို တရစပ် မွေးထုတ်ပေးနေတဲ့ စက်ရုံကြီး တစ်ခုဆိုတာကိုလေ။ခုချိန်သေမှာ ကြောက်သေးလားဆိုရင်တော့ ကြောက်ချိန် မရအောင်ကို သေပြနေတာမို့ ကျနော့ အဖော် အသေများစွာဖြင့် မကြောက်၊ မကြောက်လို့သာ ပြောရင်း သေပြနေရပါတော့မယ်။
ခန္ဓာထဲက စက္ကန့်မလပ် ကိုယ်မကြည့်လည်းသေ၊ ကိုယ်ကြည့်လည်း သေနေမှာကို တွေးရင်း ဒီအသေများစွာ မွေးထုတ်ပေးနေသော ခန္ဓာစက်ရုံကြီး ဘယ်အချိန် ပြိုလဲ ပျက်စီးသွားမယ်ဆိုတာကို စောင့်ကြည့်နေရပါပြီ။ အင်း …တစ်နေ့တစ်နေ့ မရေမတွက်နိုင်အောင် မွေးထုတ်ပေးနေသော သေခြင်းများ ပိုင်ရှင် ကျနော့ ခန္ဓာကြီးကတော့ သံသရာအကြွေးများ ကျေအောင်ဆပ်ရင်း သေခြင်းဆီသို့ အသေလေးများနှင့် ချီတက်လို့နေပါပြီ ဆိုတာလေးကို ခံစားမိသမျှ တင်ပြလိုက်ရပါတော့သည်။
8 comments
TTNU
November 11, 2011 at 2:08 am
Whowho ရေ
ည အိပ်ရာဝင် ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ “ငါ တစ်ည သေလိုက်ဦးမယ်” လို့ ဆက်တိုက်
နေ့စဉ်တွေးကျင့်လေး ကျင့်ရာကနေ တီချာတော့ သေရမှာကို ရင်ဆိုင်ရဲ ပြီထင်ပါရဲ ့။
တစ်ခုတော့ ရှိတာပေါ့လေ… မသေ မရှင် ရောဂါဆိုးဝင်၊ ကျန်ရစ်သူတွေကိုဒုက္ခပေးပြီး၊
ဆန့်ငင်ဆန့်ငင် ဖြစ်နေမှာကို စိတ်ပူမိပါတယ်။
whowho
November 14, 2011 at 9:03 am
တီချားရေ
ဂတိမြဲမှသာ အသေဖြောင့်တော့မှာမို့ ဂတိမြဲဖို့သာ ကြိုးစားလိုက်ကြပါစို့။
windtalker
November 14, 2011 at 10:34 am
လူတိုင်းဟာ တစ်နေ ့အကုန်သေကြရမှာ အမှန်ပဲ ဆိုပေမယ့်
ကျုပ်ကတော့ ငယ်သေးလို ့၊ လုပ်စရာတွေလည်း အများကြီး ကျန်သေးသမို ့
သေဖို ့မစဉ်းစားနိုင်သေးဘူး ။ အသေလှ ဖို ့လဲ မစဉ်းစားနိုင်သေးဘူးဗျို ့။
ကျုပ် ကိုယ် ကျုပ် ပြန်သုံးသပ်ချက်အရတော့
အခုချိန် ကျုပ်သေသေ ၊ မနက်ဖန် သေသေ
ငရဲမလားနိုင်လောက်တဲ့ ကုသိုလ်များ ပြုခဲ့ပြီးဘီ လို ့တော့ ကျုပ်ကိုကျုပ် ယုံကြည်တယ်ဗျို ့
ဒါကြောင့်မို ့လက်ရှိ ရှင်သန်နေတဲ့ လူ ့ဘဝကြီးမှာ အများအကျိုးသယ်ပိုးဖို ့အစီအစဉ်ရှိသလို
ကိုယ့်အကျိုးကို အရင်ခိုင်မာအောင် ၊ ပျော်ပျော်ပါးပါးနဲ ့တည်ဆောက်နေတယ် ဗျို ့။
ဘာပဲဖြစ်ဖြစ် ၊ လောကကြီးမှာ နေရအားဝ လို ့သေချင်သေလို ့ရပြီ ဆိုတဲ့ အရွယ်ကို ရောက်ရင်တော့
ဝူဝှူး ရဲ ့စာတွေကို သတိရပါမယ်
ကြောင်ကြီး
November 14, 2011 at 12:09 pm
သေချာလို့လား ကိုလေပွား။ ဟုတ်၊ မဟုတ် စမ်းလို့ရတဲ နည်းရှိတယ်။ လုပ်မလား…….
အခုနေ ငါသေရင်လို့ တွေးကြည့်လိုက်။ အဲဒီအချိန် ဘာစိတ်ဖြစ်နေသလဲ။ အခုစာဖတ်နေစဉ်မှာကို သေပြီသဘောထားလိုက်။ ခင်ဗျားပြုခဲ့တဲ့ ဧရာမကုသိုလ်များကို သတိရစိတ် ဝင်နေသလားလို့။ အခုမဝင်ဘူးထားဗျာ။ တနေ့ကို ကြိုတင်မကြံစည်ထားပဲ ဖြတ်ကနဲပေါ်တိုင်း သတိထားကြည့်လိုက်။ ငါဘာစိတ်နဲ့ သေသွားလဲလို့၊ ဒါက ရုတ်တရက် သေတာ။ နောက်တမျိုးက အကောင်းအဆိုး ခံစားမှုတခုခုရှိနေစဉ်မှာ အဲသလိုမျိုး တွေးကြည့်လိုက်အုံး။ ဘီယာသောက်စဉ်ဗျာ၊ ပေါင်ဖြူဖွေးဖွေး တရုတ်မလေး စကပ်တိုဝတ်ပြီး ဆိုင်ကယ်ခွလိုက်စဉ်ဗျာ၊ အနှိပ်ခန်းမှာ ဇိမ်ယစ်စဉ်ဗျာ၊ ပုရစ်ကျော်စားစဉ်ဗျာ၊ ယားလို့ကုတ်စဉ်ဗျာ၊ နာလို့အော်စဉ်ဗျာ၊ ဒေါသထွက်လို့ ဆဲစဉ်ဗျာ၊ အေးလို့အနွေးထည်ဝတ်စဉ်ဗျာ ဗျာပေါင်းများစွာ ဝေဒနာရှိခိုက်မှာ ဖြတ်ခနဲတွေးကြည့်လိုက် ငါဘယ်လိုသေခဲ့သလဲလို့၊ ကုသိုလ်စိတ်လား အကုသိုလ်စိတ်နဲ့လား။ သိလိုက်တဲ့ တခဏလေးကို ပြောတာနော်၊ တစက္ကန့်မကြာဘူး။ တနေ့တမျိုး ငါးကြိမ် စုစုပေါင်း ဆယ်ကြိမ်၊ တပတ်လောက်ဆက်တိုက်လုပ်ကြည့်။ ရလာတဲ့အဖြေသည် အနီးစပ်ဆုံး ခင်ဗျားသေရင် ဖြစ်နိုင်မဲ့လားရာပဲ။
စောဒကတက်နိုင်တယ်၊ သူများတွေပြောတဲ့ သေရင်ယမမင်းက ကုသိုလ်အကုသိုလ် ပြုခဲ့မပြုခဲ့၊ သူ့ကို အမျှဝေခဲ့မဝေခဲ့ မေးလို့ ဖြေနိုင်ရင် လွတ်တယ်ပြောတယ်။ ခင်ဗျားကို သရဲခြောက်တဲ့အခိုက်လေးမှာ ခင်ဗျားဘုရားဂုဏ်တော်ကို မှန်အောင်ကြည်ညိုစိတ်ထား ရွတ်နိုင်သလား၊ သံဗုဒ္ဓေဂါထာကို မလွဲအောင် ရွတ်နိုင်သလား။ ငရဲပြည်လည်း အဲဒီအတိုင်းပဲ၊ ငြိမ်ငြိမ်သက်သက် ရောက်မယ်လို့မထင်နဲ့။ ကြောက်လန့်တကြား အနိဌာအာရုံများနဲ့ ရောက်သွားမှာ။ စိတ်ငြိမ်ငြိမ်နဲ့ ဖြေနိုင်မယ်မထင်နဲ့။ ဘီယာ၊ အရက်သောက်သူတွေ ပိုဆိုးမယ်။ 😆
ကိုရင်စည်သူ
November 14, 2011 at 12:31 pm
အရက်၊ ဘီယာသံကို ကြားရင်ဖြင့်
ဘယ်သူတွေ တားလို့မှမနေနိုင်ပေါင်..
ဘီယာကြိုက်တဲ့မောင်… 🙂 🙂 🙂
အရိယာ မဖြစ်သေးသမျှ အပါယ်လေးဘုံက
မလွှတ်သေးပေါင်ဗျာ..
ကိုရင်လည်း ခုထိ အပါယ်လေးဘုံထဲက
တစ်ခုရွေးနေတုန်းပဲ… ခြေချော်လက်ချော်
နတ်ပြည်တက်ရင်တော့…
ပေါက်၊ ပေ၊ ကြောင်တို့ကို ပစ်မထားခဲ့ပါဘူး.. ဟဲဟဲ… 😀 😀 😀
ပေါက်ဖော်
November 14, 2011 at 12:19 pm
ဒီနေရာမှာ အေးဆေးသေနိုင်ဖို ့.
တမာဓိ လိုတေးတယ်.
ဒါကြောင် ပုတီးစိပ်ပါ ပုတီးစိတ်ပါ လို ့ လျှောက်တိုက်တွန်းနေရတာ..
စေတနာနဲ ့ ပြောပြောနေရတာ..တမာဓိရှိအောင်လို ့..
သမာဓိမရှိရင် ..ဗျာပါဒတွေများပြီး..အာရုံတွေက မိုးယုဖြစ်လိုက်..ဝိုင်းစုဖြစ်လိုက်နဲ ့..စိတ်ဆွဲပြီး
ဒင်းတို ့..ခေါင်းပေါ်ကသန်းသွားဖြစ်ရင်တော်သေးရဲ့..
မတော်..ခေါင်းအောင်က သန်းထီးဖြစ်ရင်..သန်းဘဝနဲ ့…….ရှူဆေးဆောင်နေရမယ်..မှတ်..
😆
whowho
November 14, 2011 at 5:29 pm
အင်း…အသောကမင်းကြီးရဲ့ သူ့ညီတော် တိဿကို ပညာနဲ့အသိပေးသလို လက်တွေ့ပြမှသိမယ်နဲ့ တူပါရဲ့။ http://dimplemit.multiply.com/journal/item/116
အဲဒီပို့စ်မှာဖတ်ကြည့်ပေ့ါ။
aye.kk
November 14, 2011 at 11:17 pm
မွေးပြီးရင်သေရမှာပါ သေချင်မည့်သူ ရှိမယ်လို ့မထင်ထားပါဘူး..
အသေမဦးခင် ညဏ်ဦးဘို ့ကလိုပါတယ်လို ့တော့ပြောချင်ပါတယ်..
လူတိုင်းကအသက်ရှည်ဖို ့လိုလားကြမှာပါ..
သိတာလေးတော့ လက်ဆင့်ကမ်းချင်ပါတယ် အဲဒါကတော့ ကျုံယှနက္ခကျမ်း စာမျက်နှာ(၁၈၃)ပါ
အသက်ရှည်ရာသောကုသိုလ်ခြောက်ပါးကို မသိသေးသူများ အတွက်ပြောပြချင်ပါတယ်
(၁) ပရိသာဝဒါန(ရေစစ်အလှူ)
(၂) ဂီလာနဝထ္ထုဒါန(သူနာတို့သုံးဆောင်ရန်ဆေးအလှူ)
(၃) အာဝါသဒါန(ကျောင်းစရပ်အလှူ)
(၄)ဇိဏ္ဏပဋိသင်္ခါရဏ(ဟောင်းနွမ်းသောကျောင်း ဘုရား စသည်တို ့ကိုပြင်ဆင်ရသောကုသိုလ်ကောင်းမှု)
(၅)ပဉ္စသီလဆောက်တည်သောကောင်မှု
(၆)ရံခါဥပုသ်ဆောက်တည်ရသောကောင်းမှု
တို ့ဖြစ်ပါတယ် အသက်ရှည်စေလိုက ပြုလုပ်ကြဖို ့တိုက်တွန်းအပ်ပါတယ်..