စွယ်တော်လမ်း
“စွယ်တော်လမ်း”
ကျနော်ငယ်ငယ်တုံးကနေခဲ့တဲ့အိမ်ကလေးရဲ့အဝင်ပေါက်မှာ စွယ်တော်ပင်လေးနှစ်ပင်ရှိပါတယ်။
ဆောင်းဝင်စပြုပြီးဆိုရင်ဒီအပင်က အပွင့်လေးတွေဝေလာပါတယ်။
စစခြင်းမရမ်းရောင်နောက်တော့ ရက်ရင့်လေ အပွင့်လေးတွေက အရောင်ဖျော့လေပါဘဲ။
စွယ်တော်ကအနံ့တော့ မမွှေးပါဘူး။
နောက်တော့ ဒီအိမ်လေးမှာမနေတော့ စွယ်တော်နဲ့ဝေးသွားပါတယ်။
ကျနော်တို့ လူပျိုပေါက်မရောက်ခင်မှာ
ဆရာတက္ကသိုလ်ဘုန်းနို်င်ကြောင့်
ဒီစွယ်တော်က လူငယ်တွေကြားမှာ အချစ်ရဲ့သင်္ကေတလေးဖြစ်လို့လာပြန်ပါတယ်။
“နှစ်လွှာပေါင်းမှ တစ်ရွက်” လို့ ဆရာက ညွှန်းလိုက်တော့ ချစ်သူတွေအတွက်
လှပသော သင်္ကေတလေးဖြစ်သွားပါတယ်။
နောက်ကျနော်တို့ခေတ်က စက်မူ့တက္ကသိုလ်တက်မယ်ဆိုရင် ရန်ကုန်ကိုသွားရပါတယ်။
အဲဒီခေတ်အခေါ်တော့ အာအိုင်တီ ပေါ့။
အဲဒီကျောင်းထဲမှာလဲ စွယ်တော်ပင်တွေရှိပါသတဲ့။
ချစ်သူ့လမ်းလေးဆိုတဲ့နေရာမှာလဲ ဒီအပင်လေးတွေရှိတယ်လို့ အဲဒီကျောင်းတက်နေတဲ့သူငယ်ချင်းတွေက
ပြောကြပါတယ်။
နောက်တော့လဲ ကျနော်နဲ့ဒီစွယ်တော် ဝေးသွားပြန်တော့ မေ့မေ့ပျောက်ပျောက်။
ပြီးခဲ့တဲ ဇူလိုင်လက ရန်ကုန်ရောက်တော့ စွယ်တော်ဘုရားဘက်ကိုမနက်မနက်လမ်းလျှောက်သွားတော့ ဒီစွယ်တော်ပင်တွေကို တွေ့ရပြန်ရော။
ဖြစ်ချင်တော့ အပင်တစ်ပင်မှာ တစ်ပွင့်ထဲပေါက်နေတဲ့စွယ်တော်အဖြူလေးကိုမြင်ရတော့
ထူးထူးဆန်းဆန်း။
မန်းလေးမှာ ကျနော်စွယ်တော်ဖြူကို မမြင်ဘူး ခဲ့တာကြောင့်ပါ။
အေးချမ်းသာယာလှတဲ့ စွယ်တော်ဘုရားကိုသွားတဲ့လမ်းတစ်လျှောက်မှာ စွယ်တော်ပင်တွေကတန်းစီလို့နေပြန်ပါတယ်။
နောက်ကျနော်တည်းတဲ့ ကမ္ဘာလေးမီးရထားကုန်းကျော်နားမှညနေခင်းလမ်းလျှောက်ထွက်တဲ့
အခါမှာလဲ လမ်းဘေးမှာစွယ်တော်ဖြူပင်တွေတွေ့ရပြန်ပါသေးတယ်။
နောက်ကျနော်တည်းတဲ့ ကမ္ဘာလေးမီးရထားကုန်းကျော်နားမှညနေခင်းလမ်းလျှောက်ထွက်တဲ့
အခါမှာလဲ လမ်းဘေးမှာစွယ်တော်ဖြူပင်တွေတွေ့ရပြန်ပါသေးတယ်။
ပြီးခဲ့တဲ့လက လွိုင်ကော်ကိုအသွား ဘီလူးချောင်းကို ကျော်လို့ ရှမ်းပြည်နယ်ကနေ ကယားပြည်နယ်
ဘက်အဝင်လဲရောက်ရော စွယ်တော်ပင်တွေ တစ်သီတစ်တန်းတွေ့ရပြန်ပါတယ်။
ကိုယ်ကဘဲသတိထားကြည့်မိလို့လားတော့ မသိပါဘူး။
လမ်းတစ်လျောက်လုံးမှာ စွယ်တော်ပင်တွေကိုပိုတွေ့နေရသလိုပါဘဲ။
ကျနော်မနက်လမ်းလျှောက်ထွက်တတ်တဲ့ မန်းလေးကန်တော်ကြီးတက်သိမ်းအင်းမှာလဲ
စွယ်တော်ပင်တွေရှိပါတယ်။
ဒါပေမယ့်အမှတ်တမဲ့ဘဲနေမိပါတယ်။
တပွင့်ခြင်းရှိတဲ့စွယ်တော်က တမျိူးလှနေသလို အတွဲလိုက်ဆိုတော့လည်း လှတာပါဘဲ။
ကန်ရေပြင်ရှိတဲ့ဘက်ခြမ်းမှာ ကရိဝိက်ကိုလွန်တာနဲ့ လမ်းကလေးက စကွေ့သွားပါတယ်။
ကန်ဘောင်ပေါ်မှာ သစ်ပင်လေးတွေက စီတန်းလို့နေပါတယ်။
ကန်စပ်ကအပင်တွေမှာ တော့ စိန်ပန်းပင်တွေနဲ့တွဲစိုက်ထားတာတွေ့ရပါတယ်။
စိန်ပန်းကနီနီ စွယ်တော်ကပန်းခရမ်း အရွက်ကစိမ်းစိမ်းမတူညီတဲ့အရောင်စပ်တွေနဲ့တွဲဖက်ထားတဲ့ဆန့်ကျင်ဘက် ပန်းချီကားလိုပါဘဲ။
တ
ကရဝိက်ကနေလွန်တာနဲ့ စမတ်ဂါးဒင်းရောက်ပြန်တော့ လမ်းက နောက်ထပ်တစ်ဆစ်ထပ်ချိုးပါတယ်။
လမ်းကွေ့အချို့လေးမှာစွယ်တော်ပင်တွေတန်းစီနေတာအခုမှသတိထားပါတယ်။
အပင်ပေါ်မှာတော့ အပွင့်မရမ်းရောင်လေးတွေက လှတပတ။
နံနက်ခင်းမှာ ပွင့်ဖူးနေတဲ့ပန်းလေးတွေကို မြင်ရတာ စိမ်ချမ်းသာစရာကောင်းလှပါတယ်။
အရင်ကသတိမထားမိဘဲ ဖြတ်လာခဲံတဲ့လမ်းလေးကအခုမှ အပွင့်တွေနဲ့ဝေနေတဲ့
စွယ်တော်ပန်းလေးဖြစ်နေတာ တွေ့ရပါတယ်။
စွယ်တော်နဲ့စိန်ပန်း တွဲနေတာကလဲ အမြင်ဆန်းဆန်း။
ရေပြင်အကွေ့နဲ့စွယ်တော်ပင်လေးတွေ။
ကိုပေါက်လက်ဆောင် ပုံစာတွဲ
(11-11-11)
12 comments
“ဘီလူးကြီး”ogre
November 12, 2011 at 6:53 pm
ကြည့်တတ်တဲလူများကျတော့မြင်တတ်လိုက်တာ
ဒီလောက်နေ့တိုင်းနီးပါး စွယ်တော်ဘုရားဘေးက ကားဖြတ်မောင်းနေတာ
သတိမထားမိဘူး…..
အကိုပေါက် ပြမှပဲသတိထားမိတော့တယ်ဗျာ…ရိုက်ချက်လေးတွေလှပါပေ့..။။။
windtalker
November 12, 2011 at 6:55 pm
ငယ်တုန်းက စွယ်တော်ရွက်ကလေးတွေ ခူးပြီး စာအုပ်တွေကြားမှ ညှပ်ခဲ့ဖူးတာ
ပြန်သတိရလာတယ် ၊ လေးပေါက် ရေ
ပေါက်ဖော်
November 12, 2011 at 7:34 pm
စွယ်တော်ပင်နဲ ့ လမ်းအကွေ ့တွေ..တော်တော်လှသဗျာ
koyinmaung
November 12, 2011 at 8:03 pm
ဆရာပေါက်ရေ အင်မတန်ကောင်းတဲ့လက်ရာတွေပါဘဲ….
နှစ်လွှာပေါင်းမှတရွက်ဖြစ်တဲ့စွယ်တော်ရွက်
နှစ်ခုပေါင်းမှတချောင်းဖြစ်တဲ့အီကြာကွေး…
ဆရာဦးအောင်သင်းပြောလေ့ရှိတဲ့စကားလေးပါ…..
naywoonni
November 12, 2011 at 9:13 pm
မှတ်မိသေးတယ်…။ ငယ်ငယ်တုန်းက စာအုပ်ကြားထဲညှပ်ထားရင်လိပ်ပြာဖြစ်တယ်ဆိုလို့ တွေ့သမျှ စွယ်တော်ရွက်တွေခူး စာအုပ်ကြားထဲ ညှပ် စာအုပ်တွေဆို ဖောင်းကားလို့….။
ကိုပေါက်(မန္တလေး)
November 12, 2011 at 9:59 pm
ကိုနေ
စွယ်တော်ဇာတ်လမ်းဆိုပြီးဆက်ရေးလေးဗျာ။
ရန်ကုန်အာအိုင်တီမှာတက်ခဲ့တဲ့ရွာသူတွေကတော့ စွယ်တော်ဇာတ်လမ်းတွေရှိမယ်ထင်တယ်နော်။
TTNU
November 12, 2011 at 10:14 pm
ကိုပေါက်ရေ
စွယ်တော်ရွက်လေးတွေလေ ကျမတို့ ငယ်ငယ်
ဆရာတက္ကသိုလ်ဘုန်းနိုင်စာပေများနဲ့ မွေပျော်ခဲ့စဉ်ကာလများက
တစ်ခန်းတစ်ကဏ္ဍ က ပါဝင်ခဲ့ကြတာတော့။
ကိုပေါက်(မန္တလေး)
November 12, 2011 at 10:40 pm
ဟုတ်ပါဗျာ။
ကျနော်တို့အမတွေဆို စွယ်တော်ရွက်ကလေးမှာ စာရေးပြီးစာအုပ်ထဲမှာညှပ်ထားကြတာ။
စာပေကနေ လူတွေကို လွှမ်းမိုးနိုင်တယ်ဆိုတဲ့ သာဓကပါဘဲ။
ဒါပေမယ့် ရေးတဲ့လူရဲ့စေတနာကတော့ မှန်ဘို့လိုမယ်ထင်ပါတယ်။
MaMa
November 13, 2011 at 8:31 am
ကိုပေါက်တင်တဲ့ စွယ်တော်လေးတွေကြည့်ပြီး စွယ်တော်ရိပ်ကို သတိရမိတယ်။
ကျောင်းတုန်းကတော့ သက်တမ်းရင့်နေတဲ့ စွယ်တော်ပင်ကြီးတွေမှာ မုတ်ဆိတ်မွှေးတွေ ပသိုင်းမွှေးတွေပေါက်နေတာ လှတယ်လို့ကို မထင်မိဘူး။ ဒီပိုစ့်ကို ဖတ်ပြီးမှ တော်တော်ညံ့တဲ့ ငါပါလားလို့လည်း စဉ်းစားမိတယ်။ စွယ်တော်ပန်းရော၊ စွယ်တော်ရွက်ရော မခူးဖူးဘူး။ စာအုပ်ကြားထဲလည်း မညှပ်ဖူးဘူး။ စွယ်တော်ပင်အောက်မှာလည်း အမှိုက်တွေကရှုပ်၊ နေရာထိုင်ခင်းကလည်း မကောင်းတော့ နာမည်လေးသာ အမှတ်တရ ပြောကြတာ စွယ်တော်နဲ့ လက်ပွန်းတတီးမရှိခဲ့ဘူး။
အားဖြည့်ဖို့ ဝေဝေ ကို အကူအညီခေါ်ဦးမှ.. 😆
ကိုပေါက်(မန္တလေး)
November 13, 2011 at 12:04 pm
ဒါဆိုရင်တော့ သေချာပြီ
စွယ်တော်ရိပ်မထိုင်ဘူး ဘူးဆိုရင်
Diamond Key
November 14, 2011 at 9:57 am
ဆရာတက္ကသိုလ်ဘုန်းနို်င်ကြောင့် စွယ်တော်က လူငယ်တွေကြားမှာ အချစ်ရဲ့သင်္ကေတလေးဖြစ်လို့လာခဲ့ သလို ဆရာပေါက်ရဲ့ စွယ်တော်အညွန်း စွယ်တော်လမ်းလေးကြောင့် ရွာထဲက ကိုကိုမမများ စွယ်တော်လွမ်းလာတာ တွေ့ရပြီ ဖြစ်ကြောင်းပါ ခင်ဗျာ။
blackchaw
November 14, 2011 at 12:11 pm
စွယ်တော်လမ်း တဲ့
နာမည်လေးက လန်းတယ် (ကြိုက်တယ်ဗျာ။ နာမည်ကိုလည်း)
ရိုက်ချက်လေးတွေကလည်း ဆန်းတယ်။