“ပရော်ကျစ်နိဒါန်း”
“ ပရော်ကျစ် နိဒါန်း”
မနေ့က ရန်ကုန်မှနေတဲ့ ကျနော့်ညီမတစ်ယောက်ဆီနေဖုန်းလာပါတယ်။
ပုရစ်ပေါ်ပြီလား? ပေါ်ပြီဆိုရင် ပုရစ်ကြော်ပြီးပို့ပေးစမ်းပါလို့ပြောလာပါတယ်။
ဟိုနေ့ကတော့ ဈေးထဲမှာတွေ့တယ်လို့ဖြေရင်းနင်နဲ့မှ မတဲ့တာလို့ပြောတော့
အကိုကလဲ ဒီအချိန်ရောက်ရင် စတိလောက်တော့စားချင်တယ်လေလို့ပြန်ဖြေပါတယ်။
ပြီးတော့ မှ စားပြီးရင်ဆေးသောက်မယ်လေလို့ ရီသံစွက်ပြီးပြောပါတယ်။
အဲဒါနဲ့ ရရင်ဝယ်ပြီး မြတ်မန္တလာထွန်းနဲ့ပို့လိုက်မယ်လို့ဖြေတော့
ပို့မယ်ဆိုဖုန်းဆက်ပေးလို့ပြောပြီးဖုန်းချသွားပါတယ်။
အဲဒါနဲ့ဘဲနောက်နေ့မနက်ရောက်တော့ မဒမ်ပေါက်နဲ့ ဘုရားကြီးဈေးကိုသွားတော့
ပုရစ်သည်တွေ တွေ့ပါတယ်။
မေးကြည့်တော့ အမခြောက်ထောင် ဂျွန်ငါးထောင်ဆိုတာနဲ့ပြန်လှည့်လာခဲ့ပါတယ်။
အဲလောက်တော့ ဝယ်စားဘို့မတန်ဘူးထင်လို့ပါ။
ဒါပေမယ့်သူများတွေမေးကြည့်တော့၄၅၀ဝထက်တော့ရော့သံမကြားသေးဘူးလို့ပြောကြပါတယ်။
(11-11-11)နေ့မနက်မှာတော့ ရေကြည်ညောင်ပင်(၂၅လမ်းနဲ့၈၅)လမ်းဒေါင့် ပုရစ်တန်းကိုသွားတော့
စောသေးလို့ထင်ပါရဲ့ပုရစ်သည်လေးတွေက တစ်ယောက်စနှစ်ယောက်စဘဲ ဘန်းလေးတွေခင်းရောင်းနေတာကိုဘဲမြင်ရပါတယ်။
ခါတိုင်းဆိုဒီနားလေးမှာ လမ်းဟိုဘက်ဒီဘက် အသည်ချင်းကို ဆက်နေတာပါ။
ဓမ္မာရုံပေါက်မှာထိုင်နေတဲ့ မိန်းမဝဝကြီးရှေ့မှာလူလေးငါးယောက်ထိုင်ရွေးနေပါတယ်။
၄၅၀ဝ မလျှော့ဘူး သာတမ်းမပေးဘူးလို့ ခပ်တင်းတင်းလေးဆိုပါတယ်။
အဲဒါနဲ့ လမ်းအနောက်ဘက်မှာခင်းထားတဲ့ဆိုင်ကိုသွားမေးတော့ ၃၀၀ဝပါတဲ့။
အကောင်တစ်ရာကိုသုံးထောင်ဆိုတော့ တစ်ကောင်သုံးဆယ်ဆို မဆိုးဘူးလို့တွက်မိတာနဲ့
ထိုင်ပြီးရွေးပါတော့တယ်။
ပထမ အသယ်က အကောင်ပိုကြီးပြီး အကောင်က မာလဲမာ လတ်လဲလတ်။
ဒီနေ့မနက်မှရောက်တဲ့အကောင်တွေဖြစ်ဘို့များပါတယ်။
ကျနော်ရွေးနေတဲ့အကောင်တွေကတော့ ခပ်ပျော့ပျော့ မနေ့က ကျန်တဲ့အကောင်ဖြစ်ဘို့များပါတယ်။
တကယ်ထိုင်ရွေးတော့ အကောင်၁၇ဝဘဲရတော့ ရန်ကုန်ပို့ဘို့မလောက်ပါဘူး။
အဲဒီအချိန်မှာ မိန်းမဝဝကြီးရယ်တောင်းတွေရယ်က ဆိုက်ကားနှစ်စီးနဲ့ရောက်လာပါတယ်။
ကျနော်ဝယ်နေတဲ့ ဆိုင်ဘေးက မိန်းမက ဆရာကြီး ကျမဆီကအကောင်တွေ နိုင်ရင်အကုန်ယူလိုက်ပါလားလို့
ပြောလာတာနဲ့ လှမ်းကြည့်တော့ဘမ်းထဲမှာအကောင် ၂၀ဝကျော်ကျော်လောက်ရှိမယ်ထင်ရပါတယ်။
သူက ဆရာကြီးဝယ်ထားတဲ့ဈေးတဲ့ လျှော့ပေးပါမယ် အသစ်ပေါ်တာရောင်းချင်လို့ပါ။
အဟောင်းတွေပြတ်မှအသစ်တင်နိုင်မှာလေလို့ ကျနော့်ကိုလှမ်းပြောပါတယ်။
အဲဒါနဲ့ကျနော်က အခုဟိုဘက်ကဝယ်ထားတာ သုံးထောင် ကြိုက်တာရွေးယူုလို့ရတယ်လို့ဖြေလိုက်တော့ နှစ်ထောင့်ငါးရာနဲ့ယူပါလို့ပြောပြီး အကောင်တွေရေပါတော့တယ်။
သူအကောင်တွေက ဆုပ်ဆုပ်ရေနေတဲ့အထဲမှာ အင်္ဂါမစုံတဲ့အကောင်တွေလဲပါတာကိုတွေ့နေရပါတယ်။
အကောင်၂၀ဝပြည့်သွားတဲ့အခါ ဘမ်းထဲမှာအကောင် အစိတ်လောက်ကျန်နေပါသေးတယ်။
အဲဒါနဲ့ အကောင်တွေကို တစ်ကောင်ခြင်းသေချာပြန်စစ်။
ပျော့နေတဲ့အကောင်တွေကိုဖယ်။
အင်္ဂါမစုံတဲ့အကောင်တွေကိုဖယ်ပြီး ကောင်းတဲ့အကောင်နဲ့လဲယူပါတယ်။
နောက်ဟိုဘက်ကပ်ရက်ရောင်းတဲ့သူကလဲ အားပေးပါအုံးဆိုတာနဲ့ အကောင်တစ်ရာထပ်ယူလိုက်ပါတယ်။
ကျနော်ပုရစ်ဝယ်ပြီးလို့ ထလဲထရော ရေကြည့်ညောင်ပင်ဓမ္မာရုံရှေ့မှာလူတွေအုံးနေပါတယ်။
ပုရစ်အသစ်ရောက်လို့ ရောင်းတဲ့သူတွေက သူ့ထက်ငါအလုအယက်ဝို်င်းအုံလုနေကြတာပါ။
လတ်ဆတ်တဲ့အကောင်ကတော့ ရေမထိသေးတော့ မာတောင့်တောင့်။
ကျနော်ဝယ်လာတဲ့တညသိပ်ကတော့ နည်းနည်းလေးပျော့ပါတယ်။
ပုရစ်အသစ်ရတဲ့အသည်တွေဆီကအသံတွေထွက်လာသလို စောစော ချောက်တီးချောက်ချက်ရှိနေတဲ့
ပုရစ်ဈေးတန်းလေးကလည်း အသက်ဝင်လို့လာပါတယ်။
“ပုရစ်အမလတ်လတ်ဆတ်ဆတ်တွေရမယ်နော် ကြိုက်တာရွေးယူ ငါးထောင်”
@@@@@ @@@@@ @@@@@ @@@@@ @@@@@ @@@@@ @@@@@ @@@@@
အိမ်ပြန်ရောက်တော့ မဒမ်ပေါက်က အိမ်နားက ကောင်မလေးနှစ်ယောက်အကူအညီနဲ့ ပုရစ်တွေကြော်ဘို့ပြင်
ပါတော့တယ်။
ပုရစ်ကြော်မယ်ဆိုရင် အရင်ဆုံးလုပ်ရတာက အတောင်ပန်တွေကိုညှပ်။
ဆူးတောင်တွေဖြတ် ခြေတွေလက်တွေတိ။
ဒါပထမအဆင့်။
ပြီးရင် ဘိုက်ထဲက အူနဲ့ချေးအိမ်ထုတ်ရပါတယ်။
တစ်ချို့ကတော့ သွားကြားထိုးတံအချွန်လေးနဲ့ ဗိုက်ကိုဖောက်လို့ထုတ်ပါတယ်။
တစ်ချိုကတော့ ပုရစ်ခေါင်းကိုမဖြုတ်ဘဲ ဂုတ်ကနေအသာလေးချိုးပြီး အူထုတ်ပါတယ်။
တစ်ချို့ကတော့ ခေါင်းကိုဖြုတ် လည်ပင်းကိုချိုးပြီး ထုတ်ပါတယ်။
ခေါင်းချိုးတဲ့လူကတော့ ပုရစ်ကိုယ်ထည်ကိုသတ်သတ်ကြော်။
ခေါင်းကိုသတ်သတ်ကြော်ပါတယ်။
ပုရစ်ခေါင်းကြော်လေးတွေကို ပန်းကန်ပြားထဲ ထည့်ထားရင်
နုတ်ခမ်းမွှေးလေး ထောင်ထောင်မျက်လုံးလေးက ပြူးကြောင်ကြောင်ပန်းကန်ထဲကနေ
မော့ကြည့်နေတတ်လို့ကြောက်တတ်သူများက မစားရဲပေမယ့် ကြိုက်တတ်သူများကတော့
လက်ကလေးနဲ့ဆုပ်တဲ့ပြီး တကျွတ်ကျွတ်ဝါးရတာ အရသာသိပ်ရှိပါသတဲ့။
ပုရစ်ကြော်တဲ့အခါ မပါမဖြစ်ပစ္စည်းကတော့ ဂျင်းနဲ့ကြက်သွန်ဖြူပါဘဲ။
အဲဒီနှစ်မျိုးမပါရင် ပုရစ်အနံ့က နံပါတယ်။
ဒီဂျင်းကြက်သွန်ဖြူနဲ့လေးထဲက ပုရစ်နံ့လေး နေရုန်းထွက်လာမှသာ
ပုရစ်ကြော်ဂုဏ်မြောက်ပါတယ် ပြည့်စုံပါတယ်။
နောက်ပုရစ်ကြော်မယ်ဆိုရင် ဒယ်အိုးထဲမှာဆီအပြည့် ဆီပေါပေါနဲ့ကြော်မှ ပုရစ်ကကြွတ်ရွပြီးအရသာ
ရှိပါတယ်။ဆီနည်းနည်းနဲ့ကြော်ရင် ပုရစ်အကောင်က ကျလာတဲ့အမူံအမွှားတွေက တူးကုန်ပြီး အနံဆိုးတွေထွက်တတ်ပါတယ်။
နောက် ပုရစ်မှာ နွေပုရစ်နဲ့ ဆောင်းပုရစ်ဆိုပြီးနှစ်မျိုးရှိပါတယ်။
နွေပုရစ်ကတော့ တန်ခူး-ကဆုန် ပူပြင်းလွန်းတဲ့ နွေအခါမြေကြီးထဲမှာ ပူလွန်းလို့ မနေနို်င်လို့ထွက်လာတဲ့ပုရစ်ပါ။
အဲဒီပုရစ်ကို မန်းလေးသားတွေက မစားပါဘူး။
အချိန်အခါမဟုတ်ဘဲထွက်တော့ အကောင်က ပိန်လှီလှီ အမတွေကလဲ ဥမပါ အဆင်မသင့်ရင် ဝမ်းလျှောတတ်ပါတယ်။
ဓါတ်ပုရစ်လို့လဲခေါ်ပါတယ်။
ပုရစ်မြင်ရင် မစားရ မနေနိုင်သူများနဲ့ ပုရစ်အကြောင်းကို မသိသူများကသာစားပါတယ်။
ဆောင်းပုရစ်ကတော့ အခုလိုတန်ဆောင်မုန်းလမှာထွက်တတ်ပါတယ်။
သူ့သဘာဝအတိုင်းထွက်တာရယ် အမတွေက ဥပါတာရယ်ကြောင့် အကောင်တွေကပြည့်ပြည့်တင်းတင်းနဲ့
ကြော်လိုက်ရင်လဲဖောင်းဖောင်းရွရွ တကယ်ကိုအရသာရှိလှပါတယ်။
ပုရစ်အထီးနဲ့အမဘယ်လိုခွဲသလဲလို့မေးရင် ပုရစ်အမဖင်မှာ တုတ်တံလေးနဲ့ဆင်တူတဲ့ အချောင်းမဲမဲလေးပါပါတယ်။
ပုရစ်အကောင်က ညိုညို။
အမဗိုက်ထဲမှာပါတဲ့ ပုရစ်ဥဝါဝါလေးတွေက ချိုချို ဆိမ့်ဆိမ့်။
ပြောနေရင်းတောင်မှ သွားရည်တွေက စိမ့်လာပါသေးတယ်။
ပုရစ်ကြော်တဲ့အခါမှ မီးအေးအေးနဲ့ကြော်မှကောင်းပါတယ်။
မီးများရင် ပုရစ်ကလိုတာထက်ပိုကြွတ်သွားရင်စားလို့မကောင်းသလို ဝါးနေရင်းက ပါးစပ်တွေလဲပေါက်လာတတ်ပါတယ်။
မီးအေးအေးနဲ့ကြော်မှ ပုရစ်မှာအစိုဓါတ်ကလေးရှိနေမှစားလို့ကောင်းပါတယ်.။
ငယ်ငယ်တုန်းတော့ အိမ်မှာပုရစ်ကြော်ပြီဆိုရင် အရင်ဆုံးဖြုတ်ထားတဲ့ခေါင်းလေးတွေကိုကြော်ပါတယ်။
နောက်မှ အကောင်ကြီးတွေကြော်ပါတယ်။
ပုရစ်ကြော်ပြီဆိုတာနဲ့ မီးဖိုနားမှာရစ်သီရစ်သီ။
ခေါင်းကြော်ပြီးပြီဆိုတာနဲ့ ပန်းကန်ထဲမှာထည့်ပေးတာကို တကျွတ်ကျွတ်ဝါး။
ထမင်းစားချိန်ရောက်ရင်တော့ ပုရစ်ကြော်ထားတဲ့ဆီနဲ့ထမင်းကိုနယ်။
ငံပြာရည်ချက်ကလေးဘေးမှာချ။
ထမင်းတစ်လုတ် ပုရစ်ကြော်တစ်ကောင်းနုန်းနဲ့အဝအပြဲတီးကြတာခေါင်းမဖော်စတမ်းပါဘဲ။
ဒါနဲ့ညနေငါးနာရီကြော်ကြော်လောက်မှာ ပုရစ်ကြော်တဲ့ ကိစ္စပြီးသွားပါတယ်။
ပုရစ်တွေကို ဆီစစ်အောင်သတင်းစာစက္ကူခံထားတဲ့ဘမ်းထဲမှာ ပုရစ်တွေကို ဖြန့်ထားလို်က်ပါတယ်။
ညနေခြောက်နာရီလောက်ရောက်တော့ ပုရစ်တွေကိုမုန့်ပုံးထဲ ထည့်ဘို့လုပ်ရပါတယ်။
ကြွတ်ကြွတ်အိပ်ကို မုန့်ပုံးထဲမှာအရင်ထည့်။
ပြိးတော့မှ အဲဒီအိတ်ထဲကို ပုရစ်ကြော်လေးတွေကို တစ်ကောင်နဲ့တစ်ကောင်မပိအောင်
ဖွဖွလေးထည့်။
ပုံးကိုလေလုံအောင်ပိတ်။
အပေါ်က ပလပ်စတစ်တစ်ထပ်အုပ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ချည်။
ပြီးမှ ကျွဲဆည်ကန်ကားကြီးကွင်းက မြတ်မန္တာထွန်းကားဂိတ်ကို ည(၇)နာရီကားမှီအောင်ပြေးရပါတော့တယ်။
ရန်ကုန်အောင်မင်္ဂလာကားဝင်းထဲကိုုပို့မယ်လို့ပြောတော့ ကားခတစ်ထောင်ကျပ်။
အဲဒါနဲ့ရန်ကုန်က ညီမဆီကို ပုရစ်ကြော်ပို့လိုက်တဲ့အကြောင်းသတင်းပေးတော့
ညီမရော တူမတွေပါ ဝမ်းသာအားရနဲ့ စကားတွေဝင်ပြောကြပါတယ်။
အကို ပုရစ်ဝယ်တာ ဘယ်လောက် လောက်ကုန်သွားလဲမေးတော့ တစ်သောင်းတော့ ကျော်တယ်လို့လဲ
ဖြေရော ညီမတော်က အကိုကျမတို့ ကျုံးဘေးမှာ ပုရစ်ကောက်ကြတာ သတိရသေးလားလို့မေးတော့
ကျနော်စိတ်တွေက ငယ်ငယ်တုန်းက အခုလို ဆောင်းညများမှာ ကျုံးဘေးမှာ မာကျူရီမီးတိုင်အောက်မှာ
လူကြီးလူငယ်မရွေးတစ်ပျော်တစ်ပါးကြီး ပုရစ်ကောက်ခဲ့ကြတာကို ပြန်သတိရမိပါတော့တယ်။
အဲဒီတုန်းကတော့ ……………………………………………..
(ဆက်လက်ဖော်ပြပမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(12-11-2011)
11 comments
ပေါက်ဖော်
November 13, 2011 at 9:25 am
အီး.ပရော်ကျစ် ကြော်နည်း အဆင့်ဆင့်ပါပဲ..
ကောင်းတယ်..ကောင်းတယ်…ပုရော်ကျစ်..ကောက်တာလေး ဆက်ရေးဦး….
ငယ်ဘဝလေးစဉ်းစားရင် ပျော်စရာကောင်းလို ့
😯
ရာဇဝင်လူဆိုး
November 13, 2011 at 9:52 am
ကောင်းပါလေ့ ကိုပေါက်ရေ…ဖတ်ရင်းနဲ့ စားချင်နေပြီ။ ငယ်ငယ်ကတော့ ပုရစ်တွေလိုက်ကောက်၊ ည ၁ နာရီထိုးလောက်ပြန်လာမှ ကြော်စား…။ မနက်ကျရင် တစ်ခါ ပုရစ်တွင်းတူး၊ ဒါမှမဟုတ် ရေလောင်ထည့်။ ပျော်ဖို့ကောင်းသလို အကုသိုလ်ကလဲ များသလားမမေးနဲ့..။
မှော်ဆရာ
November 13, 2011 at 10:13 am
ကျွန်တော်ကတော့ မြေလတ်သားဆိုတော့ ပရစ် သိပ်မကြိုက်ဘူးဗျ ..
ကျွန်တော်တို့ဆီမှာ ပုရစ်အကောင်ကြီးမပေါတာလဲ ပါတယ်ပေါ့လေ
အကောင်သေးသေးလေးတွေပဲ များတယ်ဗျ ….
ဒါကိုပဲ ဒီမှာ ကြိုက်တဲ့လူတွေကတော့ အကောင်းလုပ်စားရတယ်ဗျ …
parlayar46
November 13, 2011 at 10:28 am
အခုလဲ ရန်ကုန်မှာတော့ ပုရစ်တွေ ရနေပါပြီ။ လှည်းတန်းဈေးနဲ့ တရုတ်တန်းမှာ တောင်းကြီးတောင်းငယ်နဲ့ပါပဲ။ ကျွန်တော်ကလဲ ပုရစ်ကြော်မြင်ရင် သွားရေတမြားမြားနဲ့။ ဒါပေမယ့် မန္တလေးက ပုရစ်မဟုတ်(ဘူးထင်)လို့ ဝယ်မစားရဲဘူး။ ဒီအတိုင်း တံတွေးမြိုနေရတယ်။
ပုရစ်ကို အဆာသွပ်ကြော်နည်းလေးလဲ ကွန်မင့်လေးနဲ့ပြောပါဦး။
အဆာကို ဘယ်လိုလုပ်ရတယ်ဆိုတာမသိလို့ ကြော်ပြီးသားပဲ ဝယ်ပြီးပြန်နွေးစားဘူးတယ်။
Moe Z
November 13, 2011 at 10:50 am
ပုရစ်တော့မစားရဲဘူး တကယ်ပေါတဲ့နေရာမှာတော့
ငယ်ငယ်တုန်းက ရောက်ခဲ့ဘူးတယ်.
ကျိုက်ထီးရိုးတောင်ခြေနားက ရွာလေး..
ညအိပ်လို့တောင်မရဘူး အိပ်ခန်းထဲထိဝင်တာ ပလူပျံနေတာပဲ
ခြင်ထောင်ထဲမှာ ငုတ်တုတ်ထိုင်နေရတယ်
windtalker
November 13, 2011 at 10:59 am
မန်းတလေး ကျုံးဘေးမှာ ရာလေးဘီးလေးအတူစီးခဲ့ကြတာပေါ့
မောတော့လဲ မန်းသီတာ ဥယျာဉ်ထဲ ဝင်နားခဲ့ကြတာပေါ့နော်
လေးပေါက်
ကြောင်လတ်
November 13, 2011 at 11:29 am
ပရော်ကျစ်ဆိုတဲ့ စာတွေ့လို့ ဒဿန စာလား၊နည်းပညာအသစ်လားလို့ဝင်ဖတ်လိုက်တာ
ဆရာပေါက်ရဲ့ ပရစ်ကြောြ်ဖစ်နေပါလားဟရို့။ ပုရစ်ကြော်အရက်နဲ့မြည်းရင်ကောင်းသလားဗျ၊ဒီတိုင်းတော့စားဖူးတယ်၊အမြည်းမလုပ်ဖူးဘူး။
သူ့အရပ်နဲ့သူ့ဇာတ်၊ သူ့ဒေသာနဲ့ သူ့အစာ တွေ ကလည်းအများသား၊
ကျွန်တော်တို့ဘက်ကအစားအစာ(အကောင်)လေးအကြောင်းပို့စ် တစ်ခုတင်ပါဦးမယ်၊
ကိုရင်စည်သူ
November 13, 2011 at 11:47 am
ကိုကြောင်လတ်ရေ..
ပရစ်ကြော်ကို အရက်နဲ့ ဘီယာနဲ့ကော
တွဲကစ်လို့ အလွန်ကောင်းပါတယ်….
ရန်ကုန်မှာတော့ ပုရစ်ကျော်စားရခဲတယ်ဗျာ..
ရှိတော့ရှိတယ်… နည်းနည်းလေးပဲရတယ်…
မန်းလေးရောက်မှ ရှယ်ဗျင်းတော့မယ်
အားခဲ့ထားပါတယ်…
စားကောင်းတဲ့ ဘာအကောင်လေးတွေထပ်ရေးအုန်းမလဲဗျို့
ညန်ညန်ရေးပါ…
ကိုပေါက်(မန္တလေး)
November 13, 2011 at 12:10 pm
ရှယ်ဗျဉ်းချင်ရင်တော့
ပုရစ်ရှယ်ထွက်တဲ့ကာလမှာလာ။
ဒါမှ မဟုတ်လယ်ကြွက်ကင်နဲ့ဗျဉ်းချင်ရင်
စပါးပေါ်ချိန်လာ
ဖားကင်နဲ့တီးချင်ရင်
မိုးတွင်းကိုလာ။
နွေခါဆိုရင်တော့
စာကလေးကြော်ရမယ်
ကိုရင်စည်သူ
November 13, 2011 at 1:39 pm
ဟုတ်ပီ.. အူးအူးပေါက်ရေ…
၁၂ရာသီ အကောင်လေးတွေပေါတဲ့
မန်းဒလေးရောက်ရင်
သံချောင်းခေါက်ပါ့မယ်ဗျို့…
ကိုရင်တို့က ရောင်းရင်းကောင်းနဲ့
သောက်ရရင်
အမြည်းမပါလဲ ဖြစ်တယ်ဂျို့… 😀 😀 😀
TTNU
November 14, 2011 at 12:07 am
ကျမ ဖောင်ကြီးသင်တန်းဇေယျတက်နေတုန်းက (၁၉၇၃) အမေက အခုကိုပေါက်တို့ ညီမဆီပို့
သလိုပဲ စာတိုက်က ပို့ပေးဖူးတာသတိရလိုက်တာ။ ဖောင်ကြီးမှာငတ်ငတ် ပရစ်ကြော်ကမွှေးမွှေး
တစ်ဆောင်လုံးဝိုင်းစားကြတာ နောက်နေ့ပြောင်ရော။အားလုံးပျော်နေကြတာလေ။