သူရဿဝါနှင့် အိုင်တီသမား ဈေးရောင်းစားတော့ . . . .
ဆယ်နှစ်ကျော်ကြာ ကျင်းပခွင့် မပြုခဲ့သော ပုဇွန်တောင် ရေကျော် သီတင်းကျွတ် ပွဲဈေးတန်းကို ပြန်လည် ကျင်းပခွင့် ပြုလိုက်သည်။ ဒီနှစ် သီတင်းကျွတ်မှာ အိုင်တီသမားများ ဈေးရောင်း စားကြမည်။ M51A ခေါင်းဆောင်ကြီး ကိုတင်ထွန်းလွင်၊ စုဘူးဖန်ကလပ် ဥက္ကဌ ကိုစိုင်းနောင်နှင့် စာရေးဆရာကလေး ကိုသူရဿဝါတို့ ဆိုင်ခန်းနေရာ ယူ၍ ရေကျော် သီတင်းကျွတ် ပွဲတော်တွင် ဈေးရောင်းရန် ကြံစည် ကြသည်။ ဘာရောင်းကြမလဲ .. တိုင်ပင်ကြသည်။ ဘီယာ ရောင်းကြမည်။ ဟုတ်ပြီ … စပ်တူ ရှယ်ယာထည့် လိုက်ကြသည်။ တစ်ယောက် သုံးသိန်း အရင်းဆိုတော့ သုံးယောက်ဆို ကိုးသိန်းပေါ့။ စိုးရိမ်တတ်သော သူရဿဝါက မေးမိသည်။ “ကိုထွန်း … ပွဲဈေး လေးရက်ထဲနဲ့ ကိုးသိန်းဖိုး ကျော်အောင် ပြန်ရောင်းရ ပါ့မလား” … ဆိုတော့ ကိုတင်ထွန်းလွင်က ရယ်သည်။ ပြီးတော့မှ … “ဒီမယ် .. ဝါဝါ .. မှတ်ထား … ပထမရက် သိပ်ရောင်းရမှာ မဟုတ်ဘူး … နည်းနည်း စိတ်ညစ်ရမယ်၊ စိတ်မပူနဲ့ .. ဒုတိယရက် .. နည်းနည်းပျော်ရမယ်၊ တတိယရက် … ဒီထက် ပိုပျော်လာရမယ် .. နောက်ဆုံးရက် … ပျော်လွန်းလို့ ထပါကရမယ် .. ဟဲဟဲ” တဲ့။ သူရဿဝါ ထိုစကားလေးကို အလွန် သဘောကျ သွားသည်။
သူရဿဝါက ဈေးရောင်းမည့် ပွဲရက် လေးရက်မှာ နှစ်ရက်က နယ်မှာ အငြိမ့် သွားကရမယ် ဆိုတော့ တစ်ရက် တစ်သောင်းနှုန်းဖြင့် နှစ်ရက်စာ နှစ်သောင်း အဖြတ်ခံ ရမည်တဲ့။ ဪ … ရောင်းတောင် မရောင်းရသေး .. ရှုံးနှင့်နေသော ဘဝ။ သုံးယောက်ပေါင်း လိုက်တော့ ကံဇာတာက အမြင့်ကြီး ဖြစ်သွားသည်။ ဒီနေ့ သုံးသိန်းစီ စုလိုက်ပြီး နောက်နေ့ ရောက်တော့ ဘီယာ ရောင်းခွင့် ပါမစ်က လုံးဝမရတော့၊ အပိတ်ခံလိုက်ရသည်။ ဘီယာရောင်းဖို့ ပြင်ဆင် ထားရသည့် စရိတ်စကတွေ သဲထဲရေသွန်။ အကုန်လုံး ထူပူ ကုန်ကြသည်။ အင်းလေ … မထူးတော့ဘူး။ ဘီယာ မဟုတ်လည်း မရ ရတာတော့ ရောင်းရတော့မှာပဲ။ နောက်ဆုံး … ယိုးဒယားကင်၊ ဝက်သားတုတ်ထိုး စသည်ဖြင့် ရောင်းကြဖို့ သဘောတူ လိုက်ကြသည်။ သဘောတူပြီး နောက်တစ်နေ့ ဆိုင်ခန်းလေး ဆောက်ဖို့ ကိုထွန်းအိမ် ရောက်သွားသည်။ ဘယ်လောက်ထိ ကံဆိုးလည်း မမေးပါနှင့် … ဆိုင်ဆောက်ရန် ဝါးလုံးပင် ရှာဝယ်လို့ မရတော့။ ဒါဆိုလည်း ရတာကို အရင် လုပ်ကြမည်။ ညနေ ကိုစိုင်းနောင် ရောက်လာတော့ ဝက်သားပြုတ်ဖို့၊ ဓါးကိုင်ဖို့ အတွက် လုပ်ပေးနိုင်မည့် သူကို စမ်းချောင်း အနှံ့ လိုက်ရှာကြသည်။ ကံက ဘယ်လောက်ထိ ကောင်းနေလဲ ဆိုတော့ ခါတိုင်း ဘယ်အချိန်သွားသွား တွေ့နေကျ ဆိုင်က ကိုယ်လည်း လိုက်ရှာရော အစအနတောင် ရှာမရတော့ .. နေရာပြောင်း သွားသည်။ ဒီလိုနဲ့ နောက်နေ့ ခရီးသာ ထွက်လာခဲ့ရသည်။ စိတ်က မဖြောင့်။ ဆိုင်ဖွင့်ဖို့ ဘာမှအဆင်မပြေသေး။
စကားစပ်၍ ပြောရဦးမည်။ ကံများ ဆိုးမယ့်ဆိုးတော့ ကောင်းကွက် ရှာမရအောင်ကို ဆက်တိုက် ဆိုးသည်။ အသေးအဖွဲ လေးတွေရော .. အကြီးကြီး တွေရော။ စပြီး အဆင်မပြေ တာကတော့ ခုနက ပြောခဲ့သည့် အတိုင်း .. ရန်ကုန် ရေကျော် ပွဲဈေးမှာ ဈေးရောင်းမည့် ကိစ္စကနေ စတာဖြစ်၏။ အဲဒါက ရန်ကုန်မှာ မနေခဲ့ … နယ်ကို သွားသည်အထိ ကပ်ပါလာသည်။ နယ်ရောက်တော့ နေ့လည် နေ့ခင်း မန်ကျည်းပင် အရိပ်အေးအေးအောက် အိပ်နေတုန်း ဆိတ်က မျက်နှာပေါ်တက်၍ လျှာနှင့်လျက်သည်။ နယ်ကနေ ရန်ကုန် ပြန်လာတော့ သူရဿဝါတို့ ငှားလာသည့် ကားက မှောက်မလို ဖြစ်တာ သေဖို့ .. သီသီလေး။ နယ်ကနေ ရန်ကုန်ကို လှမ်းပြီး ဈေးရောင်းသည့် အခြေအနေ လှမ်း၍ ဖုန်းဆက် မေးတော့ အားရစရာ။ ပထမရက်က ဆိုင်ထွက်ဖို့ အခက်အခဲတွေ ရှိ၍ နှစ်သောင်းဖိုး ရောင်းရသတဲ့ .. ဒုတိယ ရက်ကျတော့ ရောင်းကောင်းမည် ကြံတော့မှ ညကိုးနာရီလောက် မိုးရွာလာ၍ ဆိုင်သိမ်းရသတဲ့။ အောက်ပြည် အောက်ရွာမှာ ပိုက်ဆံရှာရ အတော်ခက်မှန်း အခုမှ သိသည်။ ဒီကြားထဲ ပုဇွန်တောင် ဂီတအစည်းအရုံးက ရေကျော်ပွဲမှာ အငြိမ့်ကပေးဖို့ သူရဿဝါတို့ အဖွဲ့ကို ငှားထား ပြီးမှ ပွဲပါမစ် မကျဟုဆိုကာ ကရမည့်နေ့ကျမှ ပွဲဖျက်သည်။ စရံငွေလည်း ကြိုမယူ ထားမိတော့ ပွဲကဖို့ နယ်ကနေ အသည်းအသန် ပြန်လာ ရတာ အကုန်မော သွားကြ၏။ ကံက ဆိုးပြီဆို အဲသည်လို ဆက်တိုက် ဆိုးတာ။
ပွဲမက ရတော့ဘူး ဆိုတော့ အေးအေးဆေးဆေး ဈေးရောင်းလို့ ရပြီ။ သူရဿဝါရယ်၊ ကိုစိုင်းနောင်ရယ်၊ ကိုထွန်းရယ် .. ရှယ်ယာရှင် သုံးယောက် ဆုံ၍ ပွဲဈေးတတိယ ရက်မှာ စ၍ ရောင်းကြသည်။ တကယ် လုပ်ကြည့်တော့မှ ဈေးရောင်းရတာ မလွယ်မှန်း သိရသည်။ Mouse ကလေး ကိုင်ပြီးတော့ စားပွဲပေါ် ပွတ်နေရတာနှင့် ပန်းကန်ဆေးရတာ မတူကြောင်း၊ ကွန်ပျူတာ System ပုံးတွင် Memory Stick ထိုး၍ မတော်တဆ ဓါတ်လိုက်ခြင်းသည် ယိုးဒယားအကင် ကြော်သည့်အချိန် ဆီပေါက်တာလောက် မခံစားရကြောင်း လက်တွေ့ သိလာသည်။ အခါတိုင်း မျက်နှာ ရှစ်ခေါက်ချိုးနှင့် သူရဿဝါမှာ ယခုတော့ မျက်နှာပေါ် ပျားရည်များ မှောက်ကျသလို အချိန်ပြည့် ပြုံးထားရသည်။ စားပွဲသုတ် ပုဆိုးလေး ခါးကြားထိုး၍ စားပွဲဝိုင်း တကာသို့ သွားကာ “ဘာစားမလဲကို၊ ဘာစားမလဲ မ” စသည်ဖြင့် ခါးချိုး၍ မေးနေရသည့် ဆောင်းပါးရှင်လေး သူရဿဝါအား စာဖတ်ပရိသတ်များ မြင်စေချင် စမ်းပါဘိ။ တတိယရက် ကတော့ ဈေးရောင်း၍ ကောင်းသည်။ အခြေအနေ သိပ်မဆိုးဟု ပြော၍ရသည်။ လပြည့်နေ့ကိုး။ ဒါတောင် ညဖက် ဆိုင်သိမ်း၍ စာရင်းပိတ်တော့ တစ်ယောက်ကို တစ်သိန်းလောက် ရှုံးနေပြီ။ နောက်ဆုံးနေ့ကို အသေအလဲ ရောင်းကောင်းတယ် ဆိုရင်တောင် တစ်ယောက် ငါးသောင်း ခြောက်သောင်းတော့ အသာလေး ရှုံးမည်။ မနက်ဖြန် နောက်ဆုံးနေ့ သေချာ ရောင်းရမည်။
နောက်ဆုံးနေ့ ရောက်တော့ ရောင်းကောင်းပုံများ နေ့လည် သုံးနာရီမှ စရောင်းတာ ညခြောက်နာရီ ကျော်သည် အထိ တစ်သောင်း မကျော်သေး။ တစ်ယောက်ချင်း အခြေအနေ အကဲခတ်ကြည့်တော့ မြင်ရတာ မကောင်း။ ကိုစိုင်းနောင် ကြက်ကြီး လည်လိမ် ထားသလို စိတ်ဓါတ်ကျ၍ ထိုင်နေသည်။ M51A ခေါင်းဆောင်ကြီး ကိုတင်ထွန်းလွင် ကျတော့ “ရင်ထဲမှာ ပန်းတွေ ပွင့်နေတာ မဟုတ်ဘူးနော် .. ဒူးရင်းသီးတွေ သီးနေတာ” ဟု ဒေါသတကြီး ထိုင်အော် နေသည်။ သူရဿဝါ …. ဘုရားစာပါ ရွတ်၍ ဈေးရောင်း နေရသည်။ ညရှစ်နာရီ ကိုးနာရီကျော်တော့ ဈေးဝယ်သူများ မရှိတော့၍ သုံးယောက်သား စိတ်ညစ်ညစ်နှင့် စကားထိုင်ပြော နေကြရသည်။ ကိုထွန်းလည်း သူရဿဝါကို သနား၍ ပထမနှစ်ရက်စာ နှစ်သောင်းကို မဖြတ်မတောက်တော့။ အလွဲများပြော၍ ညစ်ထပ်ထပ်နှင့် ရယ်ကြရသည်။ ဒီနှစ် ပုဇွန်တောင် ရေကျော် သီတင်းကျွတ် ပွဲကတော့ အမှတ်တရ ဖြစ်ခဲ့ပြီ။ ညဖက် ဆိုင်သိမ်းခါနီး သူရဿဝါ ပြန်မည် လုပ်တော့ ကိုထွန်းက မေး၏။ သူက လုံးဝမလျှော့သေး ..။ “ငါကတော့ အထာသိသွားပြီ .. နောက်နှစ် ထပ်ရောင်းဦးမှာ .. ဝါဝါရော ရှယ်ယာ ပါဦး မှာလား” တဲ့။ တစ်မိနစ်တောင် မစဉ်းစားဘဲ သူရဿဝါ ပြန်ဖြေခဲ့၏။ “ပါမှာပေါ့ ကိုထွန်းရယ် … တစ်နှစ်မှ တစ်ခါ ဒီလို ကြီးကြီးကျယ်ကျယ် အလှူလုပ်ရတာပဲ .. လုပ်ဖြစ်အောင် လုပ်ဦးမှာ … အဟီး …” ဟူ၍။ တကယ့်ကို စားသောက်ကုန် ပါပဲ။ သူများတွေ စားဖို့ သောက်ကြဖို့ သူရဿဝါတို့ သုံးယောက် ရှိသမျှ ကုန်သွားကြတာကိုး။
ပုဇွန်တောင် ပွဲဈေးတုန်းက မောင်အေးကဖီးနှင့် မျက်နှာချင်းဆိုင်ရှိ ရွှေမြို့တော် ချစ်တီး စားတော်ဆက် ရှေ့တွင် သုံးခန်းတွဲ ယူ၍ ယိုးဒယားကင်၊ ကြာဇံကြော်၊ ဝက်သားတုတ်ထိုး ရောင်းနေကြသည့် သူများ၏ ဆိုင်တွင် ချစ်စွာသော စာဖတ် ပရိသတ် လာ၍ စားသောက် ခဲ့မိကြသည် ဆိုလျှင် သူရဿဝါတို့ သုံးယောက်ပင် ဖြစ်သည်ဟု နှလုံးသွင်း၍ ကျွန်ုပ်တို့ ပြုခဲ့ သမျှသော စားသောက်ကုန် ဒါနကောင်းမှု အစုစုအတွက် သာဓု သာဓု သုံးကြိမ် ခေါ်ကြပါကုန်။ သူရဿဝါ စိတ်နာနာနှင့် တွေးမိသည်။ အိုင်တီသမား ဈေးရောင်းစားတော့ .. အိုင်တီသမား ဈေးရောင်းစားတော့ ဘာဖြစ်သလဲ။ အော် … အလှူဒါန ပြုကြသူငါ ဖြစ်ခဲ့ပါသည် ခင်ဗျား။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 7 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်သည်)
သူရဿဝါ
နိုဝင်ဘာ ၁၆ ၊ ၂၀၁၁ ခုနှစ်
13 comments
blackchaw
November 16, 2011 at 3:37 pm
ကြိုဆိုပါတယ် ကိုရင် သူရဿဝါ ခင်ဗျား။
ရွာကိုပစ်ထားသော ရွာသားကြီးတစ်ယောက် ကို
ရွာထဲကအသစ်လေးများက ဝမ်းမြောက်စွာ ကြိုဆိုကြတာပါ။
နာမည်လေးတွေ့တာနဲ့ ကွန်းမန့်ဝင်ရေးလိုက်တာပါဗျာ။
Thu Ra Tha Wah
November 16, 2011 at 4:48 pm
မအားတာရော .. ရုံးမှာ နှစ်ပတ်လောက် အင်တာနက်မရတာရောကြောင့် မရောက်ဖြစ်တာပါဗျာ ..
Moe Z
November 16, 2011 at 3:46 pm
အဲဒီ ၃ယောက်ထဲက ဘယ်သူကစာရေးသူလဲဟင်
ဟို အသားမည်းမည်း သွားကျဲကျဲနဲ့တစ်ယောက်လား 😀
ကိုရင်စည်သူ
November 16, 2011 at 3:48 pm
ကိုသူရသဝါရေ… ရွာထဲကိုလည်း မကြာမကြာ လာလှည့်ပါဦး..
အိုင်တီသမားဈေးမရောင်းစားတာ အကောင်းဆုံးပါပဲ… (ရောင်းရင် ရှူံးဖို့များတယ်)
ကာတွန်းပုံကိုတော့ ရေလည်သဘောကျမိတယ်…
ရွာထဲမှာ ကိုသူရသဝါကို စောင့်နေတဲ့.. အသစ်ကလေးတွေ…
အပုန်းလေးတွေရှိတယ်နော့်… ဟီးဟီး.. 😀 😀
Thu Ra Tha Wah
November 16, 2011 at 4:51 pm
မအားတာရော .. ရုံးမှာ နှစ်ပတ်လောက် အင်တာနက်မရတာရောကြောင့် မရောက်ဖြစ်တာပါဗျာ .. ကျွန်တော့်ကို ဘယ်သူတွေများ စောင့်နေတာပါလိမ့် ..
ကိုရင်စည်သူ
November 16, 2011 at 5:08 pm
ဘယ်သူတွေစောင့်နေလဲသိချင်ရင်.. ကိုသူရသဝါ
ရွာထဲကို မှန်မှန်လာပေါ့…
သဲလွန်စပေးမယ်…
နာမည်မှာ ဖ ဦးထုတ်နဲ့ စတယ်… 😛 😛
MaMa
November 16, 2011 at 4:35 pm
ဈေးရောင်းတယ်ဆိုတာ မာကက်တင်းအရေးကြီးတယ်။ ကြော်ငြာဖို့ လိုတာပေါ့။ ပြောပြောကသာစောရင် ကိုယ့်ရွာသားအချင်းချင်းဆိုပြီး (အလှူပေးတယ်လို့ သဘောထားပြီး ) ရွာထဲကလူတွေ အလုံးအရင်းနဲ့လာပြီး အားပေးကြမှာပေ့ါ။ 😀
inz@ghi
November 16, 2011 at 5:04 pm
အဟမ်းမားကတ်တင်းပါလာပီဆိုတော့ …
ဂီဂီလေး ဝင်မန့်ရတော့မှာပေါ့ ..အန်တီမမနဲ့ ဦးဦးဝါဝါရယ် ….
ဒါနဲ့ ဘာမန့်ရမလဲဟင်…အဟီး..
မှော်ဆရာ
November 16, 2011 at 5:28 pm
အရင်ပိုစ်တွေထဲက ဂရုတစိုက်ဖတ်ဖြစ်ပါတယ်။
ဝါရင့် သဘာရင့် စာရေးသူတစ်ယောက်ဆိုတာ သိသာပါတယ်..
ဒါပေမယ့် ပုံမှန်မလာတာတော့ ဆိုးသဗျာ ….
ကိုပေါက်(မန္တလေး)
November 16, 2011 at 6:17 pm
ဝါဝါရေ မင်းက ဈေးသည်ကြီးကိုပေါက်ကိုမှ မတိုင်ပင်တာကွယ်။
မင်းတို့ရဲ့ချစ်သူချောချောလေးတွေကိုကောင်တာမှာထိုင်ခိုင်းလို်က်ရင်
ပုဂံတွေအိုးတွေပါမကျန်ရောင်းရလောက်တယ်။
နောက်တစ်ခါအဲလိုလုပ်.
အီးတီ
November 16, 2011 at 6:23 pm
ကိုယ် ကျွမ်းကျင်ရာ လိမ္မာရာဘဲ ကောင်းပါတယ်။ အလုပ်တစ်ခုကို မကျွမ်းကျင်ဘဲ လုပ်လို ့ကတော့ မလွယ်
ဘူး။ ဒါတောင်ဆိုင်ကိစ္စဘဲ ရှိသေးတယ်။ စီးပွားရေးလောကထဲဆိုရင်ပိုဆိုးမယ် ကိုယ့်ကို ပါးပါးလှီးမယ့်သူတွေ
အများကြီး။ တချို ့ကလည်း တစ်ခါတည်း ထူထူကြီးကို လှီးတာ။ အားမငယ်ပါနဲ ့ အတွေ ့အကြုံ တွေများလာ
တော့ အဆင်ပြေသွားမှာပါ ဦးသူရဿဝါ။
windtalker
November 16, 2011 at 8:26 pm
အကို ့အဖြစ် နဲ ့ကျုပ် သင်္ကြန်မဏ္ဍပ်ဈေးရောင်းခဲ့ပုံနဲ ့ခပ်ဆင်ဆင်ပဲမို ့
စာနာမိပါတယ် အကိုရေ ။
နောက်ဆုံးမတော့လဲ “ မလှူတတ် ဈေးရောင်း ” ဆိုတာ အရှုံးသမားဈေးသည်များအတွက် အကောင်းဆုံး ဖြေသိမ့်စရာ စကားဖြစ်ပါ၏
ကြောင်လတ်
November 17, 2011 at 7:11 am
သဓု..သာဓု..သာဓု…….
လာတော့မစားဖြစ်လိုက်ပါဘူး……
ဒါပေမဲ့ ပြုခဲ့သမျှကုသိုလ် အစုစုအတွက် ………