တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်(အပိုင်းတစ်)

“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းတစ်)
(တိမ်းနွယ်……………….)
အခုလိုဆောင်းဝင်စတစ်ရက်မှာကျမတို့သူငယ်ချင်းတစ်တွေ မင်းကွန်းဘက်ကိုသွားကြဘို့
အကြောင်းဖန်လာပါတယ်။
အဝေးမှာရှိနေတဲ့မိတ်ဆွေတစ်ယောက်က မင်းကွန်းမှာသီလရင်ဝတ်နေတဲ့ သူ့မိတ်ဆွေဆီကို
အလှုငွေနဲ့ ပစ္စည်းတချို့ကိုသွားပို့ခိုင်းတာပါ။
မင်းကွန်းဆိုတဲ့အရပ်မှာလူကြုံဘို့ဆိုတာကမဖြစ်နိုင်တာရယ် ကိုယ်တိုင်ကလဲမရောက်တာကြာလို့
သွားချင်နေတာရယ်ဆိုတော့ အလုပ်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်နေ့တစ်နေ့မှာ ကျမရယ် မိုးစနလို့ခေါ်တဲ့
မိနှင်းရယ် ၊နာမယ်ရင်း အိအိတုန်ဆိုတဲ့ နာမည်ပျောက်သွားလောက်အောင် စွာလွန်းတဲ့
ဂွဲဂွဲ ရယ်သုံးယောက်သား မင်းကွန်းသွားဘို့ အစီအစဉ်တွေဆွဲခဲ့ကြပါတယ်။
ဆိုင်ကယ်နှစ်စီးနဲ့သွားကြမယ်။
ဆိုင်ကယ်ကိုမရမ်းခြံဆိပ်က အသိအိမ်ကိုထားခဲ့မယ်။
ပြီးရင်အများသွားတဲ့မော်တော်လေးနဲ့လိုက်ကြမယ်။
ဟိုရောက်ရင် အရင်ဆုံးမင်းကွန်းဆရာတော်ကြီးရဲ့ကျောင်းကိုလှည်းငှားပြီးသွားမယ်။
ပစ္စည်းပါးလိုက်တဲ့ သီလရှင်ချောင်ကိုသွားမယ်။
အဲဒီကပြန်လာမှ ပုထိုုးတော်ကြီး၊မင်းကွင်းခေါင်းလောင်း၊မြသိန်းတန်စေတီကိုသွားမယ်။
အစီအစဉ်တွေကတော့ ဟုတ်လို့ပါဘဲ။
ဒါနဲ့မနက် ရှစ်နာရီလောက်မှာ ရေဆိပ်ရောက်လို့ သာယာလှတဲ့ မြစ်တွင်းက မြင်ကွင်းကိုခံစားရင်း
မင်းကွန်းဘက်ရောက်တော့ ဆွဲထားတဲ့အစီအစဉ်အတိုင်းသွားကြပါတယ်။
ဥပုဒ်ရက်ဖြစ်တာကြောင့် မင်းကွန်းဘက်မှ လူကတော့ အသင့်အတင့်စည်ပါတယ်။
ဒါနဲ့ဘဲ မင်းကွန်းခေါင်းလောင်းနံဘေးက အကြော်ဆိုင်မှာအကြော်တွေစားပြီး မြသိန်းတန်ဘုရားဘက်ကို
သွားကြပါတယ်။
ဘုရားလဲရောက်ရော ကျန်တဲ့နှစ်ယောက်က ဗွေဖောက်ပါတော့တယ်။
ညောင်းပြီ အောက်ကဘဲ ဈေးဆိုင်တွေကိုကြည့် ရင်းနဲ့စောင့်မယ်လို့ ဆိုကြပါတယ်။
ကျမကလဲ ဒီမြသိန်းတန် ဘုရား ရောက်ရင်အပေါ်ရောက်အောင်တက်ရမှကျေနပ်ပါတယ်။
ဘုရားရောက်လို့ အပေါ်တက်မယ်လဲလုပ်ရော အမွှေးတိုင်တို့ ဖယောင်းတိုင်တို့ရောင်းတဲ့ကလေးတွေက
ဝိုင်းလာပါတယ်။
ကျမကလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးဘုရားဖူးချင်တာနဲ့ အောက်မှာကျန်ခဲ့တဲ့နှစ်ကောင့်
ဒီကလေးတွေကိုလက်လွဲပေးလိုက်ပါတယ်။
ကလေးတွေနဲ့သူတို့ ဘုရားသမိုင်းကြောင်း တွေပြောကြငြင်းကြလုပ်နေချိန်မှာကျမဘုရားပေါ်ကိုတက်ခဲ့ပါတယ်။
သီတာခုနှစ်တန်ပုံစံဖော်လို့ ရေလှိုင်းသဏ္ဍန် အုဌ်တံတိုင်းတွေက ထူးခြားစွာလှပ။
ငေးရင်းတွေးရင်းအပေါ်ကို တစ်ထစ်ခြင်းတက်လာလိုက်ပါတယ်။
အပေါ်ရောက်တော့ ဘုရားထဲဝင်ဖူး။
ဘုရားပါတ်ပါတ်လည်ကိုလှည့်ပါတ်ကြည့်လို့ဝမှအောက်ကိုပြန်ဆင်းလာပါတယ်။
ဘုရားပေါ်က ပြန်ဆင်းအလာ
ဒုတိယအဆင့်အရောက် အောက်ကိုခြေလှမ်းလှမ်းချိန် ကျမ ညာဘက်ဖနောင့်မှာစူးကနဲဖြစ်အသွား
ကျမလဲဟန်ချက်ပျက်ပြီး ရှေ့ကိုစိုက်ကျသွားပါတယ်။
ကျမစိတ်ထဲမှာအောက်ကိုတော့ ဒလိမ့်ကောက်ကွေးကျပြီဆိုတဲ့အသိနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး
မျက်စေ့စုံမှိတ်လိုက်မိပါတယ်။
ဒါပေမယ့် နူးညံ့ပြီး အင်အားအပြည့်ပါတဲ့လက်တစ်ဖက်က ကျမလက်မောင်းကို ဆွဲယူလိုက်တာ
ကြောင့် အောက်မရောက်ဘဲ လူတစ်ဦးရဲ့ ရင်ခွင်ထဲကို ရောက်သွားပါတယ်။
ရင်ထဲမှာ နွေးကနဲဖြစ်သွားပေမယ့် အောက်လိမ့်ကျတာထက်စာရင်အများကြီးတော်တယ်လို့ဆိုနိုင်ပါတယ်။
သူက ကျမဟန်ချက်ညီသွားတဲ့အခါ ဆွဲထားတဲ့လက်ကို လွှတ်ပေးလိုက်ချိန်မှာတော့ လှေခါးထစ်ပေါ်ဖင်ထို်င်ချလိုက်မိပါတယ်။
“မမ ခြေထောက်မှာသွေးတွေ” လို့ ပြောတဲ့အသံလေးကြားမှငုံ့ကြည့်မိပါတယ်။
သူကကျမကိုကျော်ဆင်းပြီး အောက်ကလှေခါးထစ်မှာအကျအနုထိုင် သူ့လွယ်အိတ်ထဲက
တစ်သျှူးထုတ်လေးကို ထုတ် လို့ ကျမခြေထောက်မှာပေနေတဲ့သွေးတွေကိုအရင်သုတ်ပေးပါတယ်။
နောက်အတော်လေးသန့်သွားပြီဆိုမှ သူ့အိတ်ထဲကနေ ဇာဂနာလေးကိုထုတ်ပြီး ကျမခြေထောက်မှာစူးနေတဲ့
အရိုးစလေးကို ဆွဲထုတ်ပေးပါတယ်။
ကျမက နာတော့ တွန့်သွားပြီး စုပ်သပ်လိုက်တဲ့အခါ
“ခဏလေး ငြိမ်ငြိမ်လေးနေပေးနော် တော်ကြာ ဆူးစလေးကျန်နေမှာစိုးလို့ “လို့
ပြောရင်းစူးနေတဲ့ဆူးကိုစိတ်ရှည်လက်ရှည်နဲ့ ဆွဲထုတ်နေပါတယ်။
“ခွေးရိုးလား ဘာရိုးလားမသိဘူး တော်သေးတယ် အရိုးကဖွာမနေလို့”
နောက်သူကဆက်ပြီး စိမ့်ထွက်လာတဲ့သွေးကိုတိတ်အောင်တစ်သျှူးလေးနဲ့ဖိပေးနေပါတယ်။
ဒါပေမယ့် သွေးကတော်တော်နဲ့မတိတ်သလို လှေကားပေါ်မှာတောင်သွေးတွေစွန်းနေပါတယ်။
အဲဒီတော့ မှသူ့လက်က ကျမခြေသလုံးကို ကိုင်ထားတယ်ဆိုတာသိတော့ကျမရှက်သလိုလိုဖြစ်သွားပြီး
“ရလောက်ပြီနော် ကျေးဇူးဘဲ”လို့ပြောပြီး မတ်တပ်ရပ်မယ်အလုပ်မှာ မဟန်နိုင်ဘဲပြန်ခွေကျသွားပါတယ်။
“အမရေ အရိုးစဝင်သွားတာက အတော်ကြီးတယ်၊အောက်ကိုကျနော်တွဲပို့ပေးမယ်နော်”လို့ပြောရင်း
ကျမဘေးမှာအသာလေးလာရပ်ပေးတော့ သူ့ပခုံးကိုအားပြုပြီးဆင်းရပါတော့တယ်။
လုပ်ငန်းခွင်ထဲမှာ ယောကျာ်လေးတွေနဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ပေမယ့် အခုလို တစ်စိမ်းသူနဲ့
ပူးပူးကပ်ကပ်မနေဘူးတော့ စိတ်ထဲမှာ ရှက်တာလိုလို ခံစားရပါတယ်။
ဒါပေမယ့် အေးဆေးတည်ငြိမ်ပြီး ကူညီတယ်ဆိုတာထက် အပိုအလိုမရှိတဲ့သူ့ရဲ့ဆက်ဆံပုံကြောင့်
ရှက်စိတ်တွေ ခဏလေးနဲ့ပျောက်သွားပါတယ်။
သူကိုမှီပြီးဖြေးဖြေးဆင်းလာပေမယ့် မိုးစနနဲ့ ဂွဲဂွဲ တို့ကအောက်မှာမတွေ့တော့စိတ်နည်းနည်းညစ်သွားပါတယ်။
နောက် ဘုရားခြေရင်း သစ်ပင်ရိပ်နားမှာ ကျမကိုထိုင်ခိုင်းပြီး
“အမ ဒီနားက ခဏစောင့်နေနော်”ဆိုပြီးဆိုင်တန်းတွေဘက်ထွက်လာပါတယ်။
အဲဒီအချိန်မှ ဟိုနှစ်ယောက် ဘုရားဘက်ကိုလမ်းလျှောက်ပြန်လာကြပါတယ်။
သူတို့ရောက်လာတော့ ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြနေတုန်း သူပြန်လာပါတယ်။
သူ့လက်ထဲမှာ ရေခဲထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်တလုံးနဲ့။
ကျမနားရောက်မှ “ သွေးတိတ်အောင်ရေခဲ ကပ်လိုက်ရအောင်နော်“ဆိုပြီးကျမခြေထောက်ကို လှမ်းကိုင်မယ်လုပ်မှ ကျမလဲ သတိဝင်လာပြီး
“ရတယ် အမဘာသာလုပ်မယ်လေ အမကို ပေးလိုက်”ဆိုပြီး ရေခဲထုပ်ကိုလှမ်းယူပြီး ဆူးစူးထားတဲ့နေရာမှအုပ်လိုက်ပါတယ်။
ဆယ်မိနစ်လောက်နေတော့ ရေခဲလဲအရည်ပျော် သွေးလဲတိတ်သွားပါတယ်။
ဒါပေမယ့်အဝေးကြီးလမ်းလျှောက်လို့ မရတော့ ဘူးဆိုတာသေချာသွားတော့
ဘယ်လိုပြန်ရမှန်းမသိနို်င်အောင်ဖြစ်သွားပါတယ်။
အဲဒီအခက်အခဲကိုသူ ရိပ်မိပုံရပါတယ်။
“အမတို့ ဘာနဲ့လာတာလဲ”
“မော်တော်နဲ့ လာတာ အမတို့ ဆိုင်ကယ်တွေက ဟိုဘက်ကမ်းမှာ “
“ကျနော်တို့ကတော့ ဆိုင်ကယ်နဲ့လာတာသူငယ်ချင်းနှစ်ယောက် ပါသေးတယ်“
“အမကို မြစ်ဆိပ်ရောက်အောင် ဆိုင်ကယ်နဲ့ ပို့ပေးမယ်လေ “လို့သူကပြောပါတယ်။
ခက်တာက ဟိုဘက်ကမ်းရောက်ရင်တောင်မှ ကျမတို့ပြန်ဘို့ခက်ပါတယ်။
ကျမနဲ့မိုးစနကသာဆိုင်ကယ်မောင်းတတ်တာ မိဂွဲက ထိုင်လိုက်ရုံဘဲလိုက်တတ်တာလေ။
အဲတော့ ဆိုင်ကယ်နှစ်စီး စီးတတ်သူတစ် မစီးတတ်သူတစ် စီးတတ်ပေမယ့် မစီးနိုင်သူတစ်ဖြစ်တော့
ကျမဘယ်လိုလုပ်ပြန်လို့ရမှာလဲနော်။
နောက်တော့ ကျမတို့ထဲမှအသွက်ဆုံးမိဂွဲက ကျမတို့ရဲ့အခက်အခဲကိုပြောပြလိုက်ပါတယ်။
“ရတယ်ဒါဆိုကျနော်အမတို့နဲ့လိုက်ခဲ့မယ်၊ပြီးမှ အမတို့အိမ်အထိလိုက်ပို့ပေးမယ်လေ။
မန်းလေးရောက်မှ ကျနော်က အဆင်ပြေသလိုပြန်မယ်”
အဲဒါနဲ့သူက သူ့သူငယ်ချင်းတွေကိုလိုက်ရှာ။
ဆိုင်ကယ်တစ်စီးယူပြီး ကျမကို ဆို်င်ကယ်နဲ့ မြစ်ဆိပ်ရောက်အောင်လိုက်ပို့။
သူ့သူငယ်ချင်းသုံးယောက်နဲ့ ကျမသူငယ်ချင်းနှစ်ယောက်က လမ်းလျှောက်လာ။
နောက်မှမြစ်ဆိပ်မှာဆုံကြပါတယ်။
သူက ကျမတို့နဲ့လိုက်လာမယ် ကျမတို့ကိုအိ်မ်ပြန်ပို့ပေးမယ်။
သူ့သူငယ်ချင်းတွေက ဆိုင်ကယ်နဲ့ သူတို့ဘာသာသူတို့ပြန်ကြမယ်။
မန်းလေးရောက်မှပြန်ဆုံမယ်ဆိုတဲ့ အစီအစဉ်ကို သူဘဲ ရေးဆွဲလို့ မော်တော်ပေါ်တက်ခဲ့ကြပါတယ်။
မြစ်တွင်းမှာမော်တော်လေးက တအိအိနဲ့ပြေးနေဆဲ။
ကျမကတော့ အနာက နာတာကြောင့်ငြိမ်သက်။
သွက်လွန်းတဲ့ မိဂွဲက ကောင်လေးကို အင်တာဗျုးတွေလုပ်နေပါတယ်။
သူတို့နှစ်ယောက်ပြောနေရင်း သူနာမယ်က “မင်းဇော်ဟန်”ဒါပေမယ့်
“မင်းမင်း”လို့ဘဲခေါ်ကြတယ်။
မန်းလေး တောင်မြို့ နန်းတော်ရာကွက်သစ် မှာနေတယ်။
ကုမ္ပဏီတစ်ခုမှာ အရောင်းသမားတွေကိုအုပ်ချုပ်တဲ့သူ။
အလုပ်ကို လိုင်းကားနဲ့သါွးရတယ်။
သူအလုပ်လုပ်တဲ့ နေရာနဲ့ကျမတို့ ဆိုင်ဖွင့်ထားတဲ့နေရာကသိပ်မဝေးဘူး။
အမေမရှိတော့ဘူး။
သူ့အဒေါ်အပျိုကြီး တွေနဲ့အတူနေတယ်။
တစ်ဦးထဲသောသား ။
မေးလို်က်တာအလုပ်လျှောက်လွှာထဲကအတိုင်း ပြည့်စုံလွန်းပါတယ်။
ထပ်မေးစရာမလိုလောက်အောင်ကိုမမေးဘဲသိလိုက်ပါတယ်။
ဒါနဲ့ဘဲမန်းလေးဘက်ကမ်းပြန်ရောက်တော့ မိုးစနနဲ့သူနဲ့က အပ်ထားတဲ့ဆိုင်ကယ်သွားယူ။
ကျမက သူ့နောက်ကထိုင်လိုက်။
မိုးစနနဲ့ မိဂွဲကတစ်စီး ပြန်ခဲ့ကြပါတယ်။
ကျမတို့ ကန်ပါတ်လမ်းအတိုင်းတောင်ဘက်ကို လာခဲ့ပါတယ်။
35လမ်းရောက်တော့ စိန်ပန်းထဲနေတဲ့ မိဂွဲကိုပြန်ပို့မယ်ဆိုပြီး မိုးစနတို့က အရှေ့ဘက်တက်သွားကြပါတယ်။
အဲတော့ သူနဲ့ကျမက အတူတူပြန်လာရတာပေါ့။
သူငယ်ချင်းယောကျာ်လေးတွေနဲ့အတူတွဲသွားတွဲလာလုပ်ခဲ့ပေမယ့် အခုမှသိတဲ့လူတစ်ယောက်နဲ့
ဆိုင်ကယ်အတူတွဲစီးနေတာကို သူများတွေများမြင်သွားရင် ခက်မယ်ဆိုတဲ့အတွေးစိတ်ထဲရောက်လာတော့
ရှက်သလိုလို ခံစားမိပါတယ်။
ဒါနဲ့ဘဲသူက ဧရာထွန်းတိုက်ခန်းနားရောက်တော့
“ မမရေ ဒီနားကဘဲဆင်းလိုက်မယ်နော်“လို့ပြောတဲ့သူ့အသံကြားမှ
အတွေးတွေရပ်ပြီး “အင်း “လိုက် လိုက်ရပါတယ်။
သူဒီလို ပြောနိုင်တာကလဲ
သူနဲ့ မိဂွဲပြောနေရင်း ကျမ ကန်တော်ကြီးက ကန်ပါတ်လမ်းမှာနေတယ်ဆိုတာ သူသိနေလို့ပါဘဲ။
အဲဒါနဲ့အိမ်ပြန်ရောက်တော့ ထော့နဲ့နဲ့ နဲ့ သူမမြင်ဘူးတဲ့လူတစ်ယောက်ရဲ့ပုခုံးကိုကိုင်ပြီးလိုက်လာတာ
မြင်တော့ အရမ်းအံ့ဩတဲ့မျက်လုံးနဲ့ ကြည့်နေလိုက်တာများ တကယ်ကိုရီစရာကြီးပါ။
အဲဒါနဲ့အိမ်ထဲက ခုံမှာထိုင်ပြီးမှ ဒေါ်လေးကို အကြောင်းစုံပြောပြရင်း ကျမတို့သောက်ဘို့အအေးလုပ်ခိုင်းရပါတယ်။
ဒေါ်လေးက တစ်ခါ သူ့ကိုတစ်ခါအင်တာဗျုးပြန်ပါတယ်။
သူကလဲဒေါ်လေးမေးသမျှ ကို ရည်ရည်မွန်မွန်နဲ့တိတိကျကျပြန်ဖြေပါတယ်။
ဒေါ်လေးကလဲ သူနဲ့စကားပြောနေရင်း သူ့ပြောပုုံဆိုပုံကို ကျေနပ်သဘောကျနေသလိုပါဘဲ။

ခဏနေတော့ သူကပြန်တော့မယ် ဆိုပြီး ကျမဆီက ဖုန်းငှားလို့ သူ့သူငယ်ချင်းတွေဆီဆက်ပါတယ်။
သူ့ကိုလာခေါ်ဘို့လှမ်းခေါ်တာပါ။
သူဖြစ်ချင်တော့ ဆက်လိုက်တိုင်း ဧရိယာပြင်ပ နဲ့ဘဲတွေ့နေပါတယ်။
အဲဒါနဲ့သူကလမ်းလျောက်ပြီးဘဲပြန်မယ်လုပ်ပါတယ်။
အဲဒီအခါမှာဒေါ်လေးက ကျမကို
“မိနွယ်ရယ် ညည်းလဲအခုရက်ဆိုင်ကယ်စီးနိုင်မှာမဟုတ်ဘူး။
လမ်းလဲကြုံတယ် ဆိုင်ချင်းလဲနီးနေတယ် အဲတော့ “မင်းမင်း”က ကူညီတဲ့အနေနဲ့
မင်းအမကိုအခုရက်အကြိုအပို့လုပ်ပေးနော် ၊သူခြေထောက်ကောင်းတဲ့အထိပေါ့”
အဲဒါနဲ့သူလဲ ကျမဆိုင်ကယ်ကိုယူပြီးပြန်သွားပါတယ်။
ဘယ်သူမှသိပ်အယုံအကြည်မရှိတဲ့ဒေါ်လေးကအခုမှတွေ့တဲ့သူ့ကို
ကိုယုံယုံကြည်ကြည်နဲ့ဆိုင်ကယ်ပေးလိုက်တာကတော့သိပ်ကိုထူးဆန်းလွန်းပါတယ်။
အဲဒီနေ့ကစလို့ မနက်ဆိုရင်သူက ကျမကိုဝင်ခေါ်ပါတယ်။
အပြန်မှာဝင်ပို့။
တစ်ခါတစ်လေတော့လဲအိမ်သုံးဘို့ လိုတဲ့ပစ္စည်းတွေကို ဘုရားကြီးနားကဆိုင်တွေမှာအတူဝင်ဝယ်။
ဒေါ်လေးက သူ့ကို ညစာထမင်းစားပြီးမှအပြန်ခိုင်းပါတယ်။
သူကတော့ အားနာလို့ထင်ပါတယ်ဇွတ်ငြင်းပါတယ်။
ဒါပေမယ့် ဒေါ်လေးက သုံးယောက်စာချက်ထားပြီးသား ဆိုတော့သူ့မှာမငြင်းနိုင်ပါဘူး။
သူကလဲ တကယ့်ကိုသိတတ်တဲ့သူ။
ထမင်းစားမယ်ဆိုတာနဲ့ မီးဖိုထဲမှာ ဒေါ်လေးနဲ့အတူထမင်းပွဲပြင်၊
စားသောက်ပြီးရင်လဲ ထမင်းပုဂံတွေကို အတူသိမ်းဆည်းပေး။
အလုပ်လုပ်နေရင်းဒေါ်လေးနဲ့စကားတွေပြောလိုက်ရယ်လိုက်မောလိုက်။
ခြေထောက်ကောင်းကောင်းမထောက်နိုင်တဲ့ကျမက လူပိုသက်သက်။
ပြီးတော့ တီဗွီအတူထို်င်ကြည့်ရင်းစကားတွေပြော သူပြန်တော့ ညကိုးနာရီနီးပါး။
တစ်ခါတစ်လေကျမက လက်ဖက်ရည်သောက်ချင်ရင် ကန်တော်ကြီးအကွေ့က
ကဖေးချိုချိုမှာလက်ဖက်ရည်သွားသောက်။
အလုပ်ပိတ်တဲ့ဥပုဒ်နေ့ဆိုပြန်ရင်လဲ နေ့လည်ကျရင် ကျမသွားချင်တဲ့ဆီကိုလိုက်ပို့ဘို့အိမ်ကိုရောက်လာ။
သူနဲ့အတူတူသွား ။

နှစ်ပါတ်လောက်ဒီလိုအတူနေပြီးတော့ ကျမခြေထောက်လဲကောင်းသွားပါပြီ။
ကျမလဲသူ့ကိုဆိုင်ကယ်နောက်မှာထိုင်ခိုင်းပြီး အစမ်းစီးကြည့်တော့အိုကေပါဘဲ။
ကျမခြေထောက်ကောင်းသွားတော့ သူနောက်နေ့လိုက်မပို့တော့ဘူးလို့အပြော
ဒေါ်လေးက သူ့ကို အခုလိုဘဲလိုက်ပို့ပေးဘို့ ပြောပါတော့တယ်။
အစကတည်းက ကျမတစ်ယောက်ထဲ သွားပြန်နေရတာကို စိတ်မချတာကိုအကြောင်းပြတာပါဘဲ။
“မင်းမင်း”ကိုလဲ တူလိုသားလိုချစ်တဲ့အကြောင်း၊
ကျမကိုလဲ အမ တစ်ယောက်လိုသဘောထားစေလိုကြောင်း၊
မိန်းမသားနှစ်ယောက်ထဲရှိတဲ့အိမ်မှာ “ မင်းမင်း“ရှိနေတော့ အရင်ကထက်စာရင်လုံခြုံတဲ့အကြောင်း
တွေနဲ့ထောက်ပြတော့ သူ့မှာ မငြင်းနိုင်တော့ပါဘူး။
အပွင့်လင်းဆုံးပြောရရင် အကိုမရှိ မောင်မရှိနဲ့ နေလာရတဲ့ကျမ ဘဝမှာ “မင်းမင်း “က
တွယ်တာစရာလူတစ်ယောက်အဖြစ်နေရာယူလာပါတယ်။
အဲတော့ ဒေါ်လေးရဲ့သဘောတူညိချက်အရ အရင်လိုဘဲ အတူသွားအတူပြန်ဖြစ်သွားပါတယ်။
ပိတ်ရက်ဆိုတစ်ခါတစ်လေ ရုပ်ရှင်အတူသွားကြည့် သူငယ်ချင်းတွေဆီသွားတဲ့အခါသွားပေါ့။
အရင်က ဘယ်ယောက်ျားလေးနဲ့မှာ အခုလိုပါတ်ပါတ်သက်သက်မရှိတဲ့ကျမကို “မင်းမင်း”နဲ့
တတွဲတွဲနေတာကို မြင်ရတဲ့မိတ်ဆွေတွေရော မိုးစနတို့ မိဂွဲတို့လို သူငယ်ချင်းတွေရော
လုပ်ဘော်ကိုင်ဘက်တွေရဲ့စိတ်ထဲမှာကျမနဲ့မင်းမင်းက“ဘာလဲ”ဆိုတဲ့မေးခွန်း
ရဲ့အဖြေကို သိချင်စိတ်က ငယ်ထိပ်ရောက်နေသလိုပါဘဲ။
ဒါပေမယ့်နှစ်ယောက်လုံးကတော့ အခုထိအရင်အတိုင်းပါဘဲ။
တစ်ရက်တော့ ဒေါ်လေးက
“မိနွယ်ရေ မင်းမင်းကို ဟန်းဖုန်းတစ်လုံးလောက်ဝယ်ပေးလိုက်ရအောင် “လို့ဆိုလာပါတယ်။
သူ့အကြောင်းပြချက်ကတော့ ညရေးညတာဖြစ်ဖြစ် ကိစ္စရှိရင်ဖြစ်ဖြစ် ဆက်သွယ်ရလွယ်ကူအောင်ပေါ့။
ဒါနဲ့ဘဲမင်းမင်းရဲ့ မွေးနေ့မှာ “စီဒီအမ်အေ”တစ်လုံးဝယ်ပြီးပေးတော့ ကိုယ်တော်ချောက မယူချင်ဘူးတဲ့၊
ဒေါ်လေးက ပေးတာဆိိုတော့မှ သူ ယူပါတယ်။
သူဖုန်းရှိတော့ ဆက်သွယ်ရတာ ပိုလို့အဆင်ပြောတာတော့ အမှန်ပါဘဲ။
ဒီတော့လဲ ညည ဆို ဖုန်းခေါ်ပြီးပြောဖြစ်ပါတယ်။
နေ့စဉ်အတူသွားအတူလာတော့ လဲ သံယောဇဉ်နှောင်ဖွဲ့မိတာလဲအမှန်။
ညတိုင်းညတိုင်း ကိုယ့်ငယ်ဘဝဖြတ်သန်းမူ့တွေ၊
သူများကိုမပြောပြချင်တဲ့အကြောင်းတွေ၊မပြောခဲ့တဲ့အကြောင်းတွေ၊
ကိုယ့်ရဲ့တစ်နေ့တာအမောတွေ လူချင်းတွေ့ချိန်မပြောဖြစ်တာတွေအစုံပေါ့။
နောက်တော့ လဲပြောရင်းပြောရင်းသံယောဇဉ်ဖွဲ့စကားလေးတွေလဲပြောဖြစ်တာအမှန်။
ဒီတော့လဲ တစ်ရက်နဲ့တစ်ရက် တစ်စထက်တစ်စ မမြင်နိုင်သောကြိုးလေးနဲ့ချည်နှောင်မိသလို့။
ညည မိုးချုပ်အထိစကားပြောနေကြတာကို သိသွား ဒေါ်လေးကတောင် “နင်တို့နှစ်ယောက်ပြောလို့ကို မဝနိုင်ဘူးလား”လို့ မေးယူရတဲ့အထိပါဘဲ။
ပြောရင်းနဲ့သိလာတဲ့ သူ့အကြောင်းတွေကြောင့် သူ့ကိုပိုသနားမိသလိုပါဘဲ။
ကိုယ့်အကြောင်းတွေကို သူသိသွားချိန်သူ့ရင်ထဲဘယ်လိုရှိမလဲဆိုတာကိုတော့ သိချင်လှပါတယ်။
သူ့ကို ကိုယ်က ချစ်များနေပြီလား လို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိတော့ လဲရေရေရာရာပြတ်ပြတ်သားသား မဟုတ်ပြန်။
သူကလဲ ကိုယ့်ကို ဘာမှရေရေရာရာမပြော။
မျက်ဝန်းခြင်းဆုံလို့ ကြည့်မိရင်တော့ သူက ကိုယ့်ဆီက တစ်ခုခုတောင်းခံနေသလို။
သူကလဲ ကိုယ့်ကိုချစ်နေသလိုလို။
ကိုယ်စိတ် ကကိုယ်လိုရာဆွဲလို့တွေးမိသလားတော့ မသိပါဘူး။
စိတ်ထဲမှာအတားအဆီးလိုဖြစ်နေမိတဲ့တစ်ခုကတော့ကျမက သူ့ထက်အသက်လေးနှစ်တိတိ
ကြီးနေတာပါဘဲ။
နောက်ပြီး အတူနေလို့သံယောဇဉ်ကတစ်ဆင့် ချစ်မိသလိုလိုဖြစ်နေပေမယ့်
ကလေးကိုမုန့်ပေးကြိုက်တယ်လို့အပြောခံရမှာလဲစိုးမိတာတော့အမှန်။
ဒီလိုနဲ့သူနဲ့ အခုလို ဆက်စပ်ပါတ်သက်မိတာ တစ်နှစ်ကျော်လို့ နှစ်နှစ်နီးပါးတောင်ရှိလာပါတယ်။
အလုပ်ပိတ်တဲ့ ဥပုဒ်နေ့တစ်နေ့ရဲ ညနေခင်းတစ်ခုမှာတော့ သူက ထူးထူး ဆန်းဆန်း
“မမနွယ်ကိုပြောစရာရှိတယ် လမ်းလျှောက်ရင်းပြောကြရအောင်”
ဒါနဲ့ဘဲအိမ်ကနေလမ်းလျှောက်ထွက်လာကြတာ ပြည်ကြီးမွန်ဖောင်တော်နားအရောက်ထိ
ဘာမှမပြောသေးဘူး။
အဲဒီကနေ မမြလေးဘုရားလမ်းအကွေ့လေးအလွန် စွယ်တော်ပွင့်လေးတွေဝေနေတဲ့
အပင်အောက်ကိုရောက်တော့ သူကရပ်လိုက်ပါတယ်။
ပြီးတော့ အသင့်ယူလာတဲ့သတင်းစာလေးကို မြက်ခင်းပေါ်ထပ်ခင်းလိုက်ပါတယ်။
မြေပြင်နဲ့ မြက်ခင်းပေါ်မှာတော့ စွယ်တော်ပွင့်ခရမ်းရောင်အကြွေလေးတွေက ဖွေးဖွေးလှူပ်။
နောက်တော့ သူက ကျမလက်မောင်းကို ကိုင်လို့ ကျမမျက်နှာကို သူ့ဖက်ကို ဆွဲလှည့်ပြီး
ကျမမျက်နှာကို ကြည့်ရင်း “မမနွယ်….…. …. …. …. …. …. …. “
လို့ဆိုလိုက်တဲ့စကားကြောင့်ကျမမှာအသက်ရှူတွေရပ်သွားသလို …. ….….….…. …. ….

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး
(19-11-2011)

18 comments

  • TTNU

    November 19, 2011 at 10:58 pm

    ကိုပေါက်ရေ
    ဘယ်နှစ်ပိုင်းရေးမှာလဲ။
    သူတို့ ယုံလွယ်တာကို Highlight ပြချင်တာလား။
    ဒါမှမဟုတ် ဟိုမောင် ညာနေတာပြချင်တာလား စောင့်ဖတ်ပါမယ်။
    So far so interesting!

  • koyinmaung

    November 19, 2011 at 11:07 pm

    ဆရာပေါက်ရေ…. မမနွယ်အသက်ရှူတွေရပ်သွားသလို ….
    ကျနော်ပါအသက်ရှူရပ်သွားပါတယ်
    မြန်မြန်ဆက်ရေးတော်မူပါဗျို့………

  • အီးတီ

    November 20, 2011 at 7:14 am

    ဆရာပေါက်ကတော့ လုပ်ပြီ…ကောင်းခန်းရောက်မှ။ မင်းမင်းကပဲ အပြောအဆိုညက်တာလား၊ မနွယ်ကပဲ တိမ်းလွယ်တာလားတော့ အသိ။ ဒါနဲ ့မနွယ် ဆိုတာ မနွယ်ပင်လားဟင်…တော်ကြာ မနွယ်ပင်က သူငယ်ငယ်ကအကြောင်းနဲ ့ တူပါတယ်ဆိုပြီး ပြန်ပြီးရင်ခုန်နေဦးမယ် 😀

  • Yin Nyine Nway

    November 20, 2011 at 8:47 am

    မိုက်တယ် နော်
    ဖတ်ကောင်းတယ် ကိုပေါက်
    မမနွယ် အသက်ရှူရပ်သလို ဖတ်တဲ့လူလဲ အသက်ရှူရပ်တော့မယ်
    ဘာဆက်ဖြစ်မှာလဲ သိချင်နေပြီ မြန်မြန်တင်နော်

  • ကြောင်ကြီး

    November 20, 2011 at 9:33 am

    ဘာဆက်ဖြစ်သလဲကို ကျနော်ကပဲ ဖြည့်ပေးပါ့မယ်။
    “မမနွယ်…. ကျနော့်နာမည်ရင်းက ကိုအောင်ပုပါ။ မိုက်ခဲဂျော်လကီအုပေါင်လို့လည်း သိကြတယ်။ ကျနော်၆သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲဒါ မမနွယ်ကို မခွဲခင် အသိပေးတာ။” ကျမကလည်း သူ ချောက်မြို့ကိုသွားဖို့ ပြောတယ်မှတ်လို့ “ဘာဖြစ်သလဲကွယ်၊ ၆သွားတာများ ရေးကြီးခွင်ကျယ်လုပ်လို့။ ပိုက်ဆံအသုံးလိုရင်လည်းပြော၊ မမနွယ် စုထားတာရှိတယ်။” အဲသလို ပြောလိုက်တော့ သူ့မျက်နှာလေး ဝင်းသွားပြီး မယုံကြည်နိုင်တဲ့ မျက်နှာထားနဲ့ “ဝမ်းသာလိုက်တာဗျာ၊ မမကို အားနာနေလို့ ဘယ်လိုဖွင့်ပြောရမှန်း မသိဖြစ်နေတာ။ မမကျေးဇူး တသက်မမေ့ပါဘူး။ ၆သွားရင် ဂွင်တွေအများကြီး ဖန်လို့ရမှာ။ မမဆီက ယူထားတဲ့ ပိုက်ဆံကို တိုးရင်းပေါင်းနဲ့ မပျက်မကွက် ပြန်ဆပ်ပါ့မယ်။” သူအဲသလို ပြောပေမဲ့ ဘာရယ်မသိ ခါတိုင်းလို သူ့ဆီကနေ အပျော်တွေ ကူးစက်သလို မခံစားမိပါဘူး။ ရင်ထဲမှာ စိုးရွံ့နေသလို တခုခုဖြစ်တော့မှာ သိနေသလိုပါပဲ။ နောက်တနေ့မှာတော့ အဒေါ့်ကိုမပြောဘဲ ကျမသူ့ကို သိန်းဆယ်ဂဏန်း ဘဏ်ထဲကနေ ထုတ်ပေးလိုက်တယ်။ တပတ်လောက်ကြာရင် ပြန်ဆုံမယ်လို့လည်း သူ ကတိပေးသွားတယ်။ ပြန်တွေ့တဲ့အခါ ကျမနဲ့အတူ စိတ်သစ်၊လူသစ်၊ ဘဝသစ်ကို ဖြတ်သန်းမယ်လို့လည်း ကတိပေးသွားတယ်။ …. ပထမပိုင်း အဆက် ဤတွင်ပြီး၏။ ဒုတိယပိုင်း မျှော်……….. 😆

    • ပေါက်ဖော်

      November 20, 2011 at 10:03 am

      တော်တော်နောက်တယ်..ဝဟဟဟ
      ဝဟဟဟဟဟ
      😆

    • ကိုရင်စည်သူ

      November 23, 2011 at 3:22 pm

      ဟေ့လူကြီး ဦးကြောင်…
      တော်တော်နောက်တဲ့လူ..
      ရီရတာ အူတွေတောင်နာတရ်.. 😆 😆
      တော်တော် ဟဒယဉာဏ်ရှိတဲ့လူပဲ…
      ကွန့်မန့်ကြိုက်လို့ အပေါင်းပေးသွားတယ်ဗျို့

  • ပေါက်ဖော်

    November 20, 2011 at 10:06 am

    ကောင်းခန်းရောက်မှ ဖျက်ချပလိုက်တယ် အန်ကလယ် ပေါက်ရာ
    ဂယ်ပဲ……
    😀

  • small cat

    November 20, 2011 at 10:06 am

    စီဒီအမ်အေ ဖုန်းက ငါးသိန်းတန်လား ဆယ့်ငါးသိန်းတန်လား
    ဆယ့်ငါးသိန်းတန်ဆိုရင် သတိထား။ပြောပြီး သုံးလ ကြာမှ ဘေတွေစွတ်ထွက်လာလိမ့်မယ်။
    အဲဒီတော့မှ ကျနော်တို့ ကျမတို့ သိပ်မပြောပါဘူး၊ ဘေတွေ အရမ်းတက်တယ်မလုပ်နဲ့
    သွားပြောလိုု့လဲ မရဘူးဆက်သွယ်ရေးက အပိုင်ရို်က်တာ
    လူကလုပ်တာမဟုတ်ဘူး။ကွန်ပျူတာကလုပ်တာတဲ့………

  • windtalker

    November 20, 2011 at 12:48 pm

    နောက်တော့ သူက ကျမလက်မောင်းကို ကိုင်လို့ ကျမမျက်နှာကို သူ့ဖက်ကို ဆွဲလှည့်ပြီး
    ကျမမျက်နှာကို ကြည့်ရင်း “မမနွယ်….…. …. …. …. …. …. …. “
    လို့ဆိုလိုက်တဲ့စကားကြောင့်ကျမမှာအသက်ရှူတွေရပ်သွားသလို …. ….….….…. ….
    ထို ့နောက်
    မြန်မာကားများထဲတွင်မူ လိပ်ပြာလေးနှစ်ကောင်ပူးကပ်သွားကြသည် ။
    ဟောလီးဝု မူဗီများထဲတွင်မူ ပျွတ်စ် ပလပ်စ်
    ……………….
    သူရဲ ့အနှစ်နှစ်ကာလရှည်ကြာ
    စုဆောင်း မြိုသိပ်ထားခဲ့တဲ့
    အနမ်းတွေ ကို မမနွယ် တစ်ယောက် ကျေနပ်မိသွားသည် ။
    (မမနွယ် နှင့် မင်းမင်း တို ့မသိခဲ့ကြသည့် အချက်မှာ ၊ သူတို ့ထိုင်နေသည့် စွယ်တော်ပင်၂ပင် အနောက် ဘက်မှာ ရှိနေသော လူကြီး )
    ဒန်တန်တန်

    • windtalker

      November 20, 2011 at 1:19 pm

      အောင်မြတ်မင်း
      သေပါဘီ ဗျ
      နောက်ကို ချောင်းရင် ဗီဒီယိုပါ ရိုက်ပေးပါမယ် ခင်ဂျ
      ဟီဟိ

  • hmee

    November 20, 2011 at 2:26 pm

    သူ့အလုပ်က ကျွန်မတို့ဆိုင်နဲ့ နီးတယ်လို့ ဆိုထားတော့ အကြောင်းသိလို့များ တမင်ဂွင်ဖန်လေးသလား စဉ်းစားမိတာပါ။ ခေါင်းစဉ်ကလည်း တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ် ဆိုတော့ကာ နောက်ဆုံးမှာ ရိုးရိုးသားသား ခင်တာကို အထင်မှားကာတိမ်းမိလို့ ယိမ်းဖယ်ကာ စိမ်းလွယ်သွားလေသလား လေးပေါက်ရေ။

  • etone

    November 22, 2011 at 1:15 pm

    လေးပေါက်ရေ … ခြေထောက်ကကျတဲ့ သွေးကို သုတ်ပေးတဲ့ကောင်လေး … သွေးကနေ ကူးတတ်တဲ့ ရောဂါပိုးအကြောင်း မသိသေးလို့ဖြစ်မယ်ထင်တယ်နော် … နောက်တပိုင်းမှာ သေမှာလားဟင် … လေးလုံးရောဂါကူးပြီးတော့လေ … ။ 😀

  • အေမီ

    November 23, 2011 at 2:39 pm

    ဝတ္ထုကလည်း စိတ်ဝင်စားစရာကောင်း……………
    ဒေါ်လေးသဘောကောင်းတာကတော့ နည်းနည်းလွန်တယ်…..ဖုန်းဝယ်ပေးတာကြီးက အိုဗာ ဖြစ်လွန်းတယ်
    ကွန်မန့်ရေးသူတွေကလည်း အလွန်ကောင်း……..ဖတ်ရင်းနဲ့ ရယ်နေလို့ ဘေးကလူတွေကတောင် လှည့်ကြည့်ကုန်ကြပြီ…ဟား….ဟား…
    အပိုင်းနှစ်ဆက်ဖတ်လိုုက်ဦးမယ်…………. 🙂 🙂 🙂

Leave a Reply