ကတိလေးသာ တည်ခဲ့သော်….
ဒီနေ့တော့ အေးအေးဆေးဆေးပါပဲ။ အရင်နေ့တွေလို အလုပ်သိပ်မရှုပ်လို့ အေးရာအေးကြောင်း။ တလင်းကလည်း သိမ်းပြီမို့ တလင်းစောင့်အတွက် ညနေစာ ထမင်းပို့စရာမလို။ ညနေမီးသံချောင်း ခေါက်သံကြားတော့ မီးမွှေး ရေနွေးအိုး အရင်တည်။ အညာက မီးဖိုဆိုတာက သစ်သား လေးချောင်းထောက်စင်ပေါ်မှာ မြေကြီးအပြည့်ထည့် ညီအောင်ခင်းပြီး အုတ်နီခဲ နှစ်လုံးဆင့်စီတင်။ စုစုပေါင်း ရှစ်လုံးဆိုတော့ တခါတည်း အိုးသုံးအိုး အပြိုင်တည်လို့ရတယ်။ အရှေ့ဘက်ဆုံးမှာက အမဲနှပ်အိုး။ သူ့ဘေးက ရေနွေးအိုး။ တခါတည်း အနောက်ဘက်ဆုံးဖိုကို မီးကူးပြီးထား။ ပြီး ဆန်ဆေး။ တခါတည်း ထမင်းအိုးပါတည်ရော။ ပြောင်းဖူးအူတိုင်မီးကလည်း ဂရုစိုက်ရင် စိုက်သလောက် တောက်အားကောင်းတော့ တအောင့်ပဲ။ ရှိရှိသမျှ ဓါတ်ဗူး၊ ရေနွေးအိုးတွေ ခတ်ပြီးတော့ ထမင်းအိုးက ပွက်ပြီ။ သူ့ ဌဲ့ပြီးတော့ မီးတောက်တွေဖယ် မီးကျီခဲကို ဆွဲဖြန့်ပြီး ထမင်းအိုးနှပ်။ အူတိုင်မီးက ထင်းမီးလို ကြာကြာမခံပဲ ခဏနဲ့ ပြာကျတော့ တူးမှာပူစရာမလိုဘူး။ ဆန်ဆေးတောင်းထဲက ချဉ်ပေါင်ရောရာကို ရေဆေး အချဉ်အိုးပြင်ပါတယ်။ တလက်စတည်း ငါးပိရည်လေးပါ ကျိုပေါ့။ အဓိကဟင်းဖြစ်တဲ့ အမဲနှပ်က အမေ့လက်ရာ။ မနက်ကတည်းက အသားသည်ဆီက စိတ်ကြိုက်ရွေးဝယ်တဲ့ အသား။ (အမေနဲ့ ဈေးသည်ဈေးဝယ်ထဲက အမေ ဝယ်နေကြ စိတ်ကြိုက်ဈေးသည်) တခါတည်း အမေ့ စိတ်ကြိုက်ပြင်။ အရှေ့ဘက်ဆုံး မီးဖိုမှာတင်။ ထင်းနှစ်ချောင်းကို အရှေ့တချောင်း အနောက်တချောင်း ခေါင်းခြင်းဆိုင်ထိုး။ ပြီး တနေကုန် မီးအေးအေးနဲ့ နှပ်ပါတော့တယ်။ တည်တဲ့ အိုးကိုလည်း ကြည့်ဦး မြေအိုး။ အမဲနှပ်ဖို့ အတွက် စိတ်ကြိုက် အထူးဝယ်ထားတဲ့အိုး။ ဒီဟင်းမကောင်း ဘယ်ဟင်းကောင်းမတုန်း။ တခါတလေ အဖေ ရန်ကုန်လာလို့ အမဲသားလေး နှပ်ကျွေးပါတယ် “ညည်းတို့ အမေ ချက်တာကို မှီကို မမှီဘူး”တဲ့ ချီးကြူးခံရတာ။ သိတဲ့အတိုင်း ရန်ကုန်မှာက အမေ့လို တနေကုန်တည်ဖို့ မလွယ်။ ပရက်ရှာကွတ်ကာနဲ့ ချက်ကျွေးတော့ “နူးတော့နူးပါရဲ့ ငါ့သမီးရဲ့ အရသာ ပေါ့တယ်ကွ” လို့ ဆိုပြန်ပါရော။ အမေ့ အမဲနှပ်အိုးက မနက် ၁ဝနာရီလောက်ကတည်းက တည်ထားတာ ညနေ ၆နာရီ ထမင်းစားမှ မီးဖိုက ချမှာ။ ဒါကြောင့် အမဲနှပ်အိုးထဲ ရေထပ်ထည့် မီးထပ်ထိုးပြီးတော့ မီးဖိုထဲက အလုပ် ပြီးပြီ။
မီးဖိုထဲက အလုပ်ပြီးတော့ အပြင်ထွက် ဝက်စာ စဉ်းဖို့ ပြင်ရပြန်ရော။ ဒါပေမဲ့ အချိန်ရှိသေးလို့ အေးဆေး။ အရင်နေ့တွေကဆို ဟင်းက မကျက်နိုင် ဒင်းတို့က မီးဖို အဝမှာ တကျီကျီမို့ အပြေးအလွှား စဉ်းပြီး ကျွေးရတာ။ ကျွေးပြီးမှကို ငြိမ်တာ။ မကျွေးမချင်း အပြင်ထွက်မရဘူး။ နောက်ကတကောက်ကောက်လိုက်ပြီး နှုတ်သီးနဲ့ထိုးလို့ သူတို့ ရှောင်ရတာ တလုပ်။ အခုတော့ ဝက်တွေလည်း စပါးကျီအောက်မှာ တုံးလုံး အချိန်မှ မကျသေးတာကိုး။
အိမ်အောက်တန်းလျှားမှာ အမေနဲ့ အမေ့လက်စွဲ လေးမတင်အေးရယ် ထိုင်လို့။ ကျွန်မလည်း တန်းလျှားဘေးက ကုတင်ပေါ်တက် ပလက်စတစ်အိတ်ခင်း စဉ်းနှီးတုံးတင် တောင်းထဲက လယ်ကန်စွန်းရွက် တဆုပ်ယူပြီး ဓါးမတစ်ချောင်းနဲ့ ဝက်စာစဉ်းပေါ့။ အမေနဲ့ လေးမတင်အေးက မနက်က နေ့စားအလုပ်သမား စာရင်းတွေ မှတ်နေလေရဲ့။ အဲ့လိုပဲ တခါတလေ အလုပ်သမားတွေနောက် အမေ မလိုက်ဖြစ်ရင် ညနေဆို လေးမတင်အေးက စာရွက်တရွက်နဲ့ နေ့စားအလုပ်သမား နာမည်တွေ မှတ်ပြီး လာပေးနေကြ။ လက်ရှိ လိုက်နေတဲ့ အလုပ်သမားနဲ့ မလောက်လို့ ထပ်ခေါ်ရမယ်ဆိုလည်းပြော။ အလုပ်က နည်းနည်းပဲ ကျန်တော့လို့ လက်ရှိလူ လျှော့မယ်ဆိုလည်း တိုင်ပင်။ အလုပ်ရှိတဲ့ နေ့တိုင်း မြင်နေကြမို့ မထူးဆန်းလို့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေလိုက်တယ်။
“လေးလေး” လမ်းမက ခေါ်သံကြောင့် ၃ယောက်လုံး လမ်းမဘက် လှည့်ကြည့်လိုက်မိတယ်။
“ဟဲ့ အေးမာ ဘာတုန်း” “အမေက မေးခိုင်းလို့ လူလိုတယ်ဆို ကျွန်မတို့ သားအမိ လိုက်လို့ရမလားတဲ့” ခြံဝကနေ မဝံ့မရဲ လှမ်းမေးပါတယ်။
“အေးဟေ သမီးေ၇ လူက အကိုက်ပဲ မလိုဘူး သမီးရဲ့ နောက်လိုမှ ခေါ်မယ်လေ နော့”
“ဟုတ်ကဲ့” အမေ့စကားလည်း ဆုံးရော မျှော်လင့်ချက်မဲ့တဲ့ မျက်နှာလေးနဲ့ ပြန်သွားတာကို ကျွန်မက မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ ကောင်မလေး ခပ်လှမ်းလှမ်း ရောက်မှ လေးမတင်အေးက ခပ်တိုးတိုး ဆိုရှာပါတယ်။
“တော်ပဲ အခုနက သရက်ပင်အကွက်အတွက် နှစ်ယောက်လောက် လိုတယ်ဆို ခေါ်လိုက်ပြီးရော”
“ညည်း မသိပါဘူးအေ” အမေက ခေါင်းကိုရမ်းရင်း ခပ်လေးလေး ပြောပါတယ်။
အမေလိုနေတဲ့ အလုပ်သမားက နှစ်ယောက် အခုလာစပ်တာလည်း နှစ်ယောက်မို့ အံကိုက်။ ဒါကို အမေ ဘာကြောင့် မခေါ်ရတာလည်း။ အေးမာတို့ သားအမိ အရင်က အိမ်မှာ လုပ်နေကြပဲဟာ။ ကျွန်မ တော်တော် စိတ်ဝင်စားသွားပါတယ်။ ဒါနဲ့ ဝက်စာ စဉ်းနေတာကိုရပ်ပြီး မေးမယ် ဟန်ပြင်တော့ ကျွန်မထက်ဦးသူက လေးမတင်အေး။ သူလည်း သိချင်စိတ်ကို တားမရဘူး ထင်ပါ့။
“ဘာလို့တုန်းတော့ ပြောပါဦး” လေးမတင်အေး အမေးကို မဖြေသေးပဲ ကျွန်မဘက် လှည့်ကြည့်ပါတယ်။ ကျွန်မပုံကလည်း သိချင်နေတဲ့ပုံမို့ အမေလည်း မနေသာတော့ဘူး။ လက်ထဲက ဘော့ပင်၊ စာအုပ် အကုန်ချပြီး စကားပြောဖို့ ကိုယ်ဟန်ပြင်ပါတယ်။
“ဒီလိုအေရယ် အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ သူမရှိငါမဖြစ်၊ ငါမရှိ သူအဆင်မပြေအေ အပြန်အလှန် မှီခိုနေရတာ။ ဟုတ်တယ်မလား။ အလုပ်ရှင်ကလည်း ကိုယ်ချင်းစာ တရားနဲ့ သိတတ်ပြီး ဖြည့်ဆည်းပေးသလို အလုပ်သမားကလည်း အလုပ်ရှင်ကို သစ္စာရှိရတယ်အေ့။ ညည်း သိတဲ့အတိုင်း တို့ အလုပ်က လိုတဲ့အချိန် လိုသလို အချိန်က ဆွဲရတာ မဟုတ်တော့ ကတိမတည်တဲ့ အလုပ်သမားနဲ့ ရေရှည်မကိုက်ဘူး။”
“အင်း ဟုတ်တာပေါ့” ကျွန်မလည်း အမေပြောတာကို ခပ်တိုးတိုး ရေရွတ်ရင်း လက်ခံမိတယ်။ ဒါပေမဲ့ ကျွန်မ သိချင်နေတဲ့ ကိစ္စတော့ မရှင်းသေးဘူး။
“ညည်းတို့ကို ငါက အလုပ်ရှိတိုင်း ဘယ်တော့မှ ချန်မထားသလို အလုပ်မရှိလည်း လိုအပ်တာ အကုန်ထုတ်ပေးတာ ဘာလို့လဲ သိလား”
နားမလည်သလို လေးမတင်အေးခမျှာ ခေါင်းခါပါတယ်။ “ညည်းတို့က ကတိတည်လို့အေ့ ကတိတည်လို့ ရှင်းပလား” အမေ့ပုံက ရင်ထဲမှာ မြုံထားတာကို အဆုံးထိ ဖွင့်ချမဲ့ပုံ ပေါ်နေပါတယ်။
“ညည်းတို့က ရာသီချိန် တချိန်လုံး အလုပ်ပေါလို့ အလုပ်သမား ရှားချိန်လည်း ငါ့ အကွက်ကို ကတိတည်တည် လိုက်ပေးတယ်။ ဒါကြောင့် အလုပ်မရှိချိန် ညည်းတို့ ကျပ်တည်းတိုင်း ငါ အမြဲကြည့်တယ် ပေးတယ်။ အပြန်အလှန်ပေါ့အေ။ ညည်းတို့ အဆင်မပြေတိုင်း ငါ ငြင်းဖူးလား ငါ အဆင်ပြေအောင် လုပ်ပေးတာကြည့်ပဲ။ ဒါလည်း ငါ အခက်အခဲ ဖြစ်ချိန်မှာ ညည်းတို့ ကတိတည်လို့ စေတနာထားလို့ သူ့စေတနာ ကိုယ့်စေတနာပေါ့။ ဒါပေမဲ့ ငါ ဘယ်တော့မှ မတရား မလုပ်တာ ညည်း အသိပါ။ ငါ ပေးထားလို့ ကျွေးထားလို့ ငါ လိုတဲ့ အချိန်မှာ ချက်ချင်းလာလို့ ငါ တခါမှ မတရား မလုပ်ဖူးဘူး။ ပိုက်ဆံ ကြိုပေးကတည်းက ပြောထားပြီးသား ငါ လူလိုရင် တရက် ကြိုပြောမယ်လို့။ ဒါမှ လုပ်လက်စအိမ်ကို မနက်ဖြန် မလိုက်နိုင်တော့ဘူး ကြိုပြောရင် တဖက် အလုပ်ရှင်လည်း တခြားလူ ရှာလို့ရတယ်။ ညည်းတို့လည်း မျက်နှာ မပျက်ရဘူး။ အဲ့လို မျှမျှတတပါအေ့”
“ဟုတ်တယ်လေ ကျုပ်တို့ သိတာပဲဟာကို” လေးမတင်အေးက သူသိတာ ဝင်ထောက်ပါတယ်။ အမှန်ပြောရရင် ကျွန်မကတော့ မသိပါဘူး။ အလုပ်လုပ်ချိန်တိုင်း မြို့မှာ ကျောင်းတက်နေရတာမို့ အခုလို ခရေစေ့တွင်းကျ မသိရိုး အမှန်ပါ။ အခုတောင် တက္ကသိုလ် မတက်ခင် စပ်ကြား ရွာရောက်နေလို့ ဒါတွေ သိရတာ။
“ပိုက်ဆံ ကြိုပေးတယ် ဆိုတာကလည်း အလုပ်သမား လိုချိန်မှာ အလွယ်တကူလိုချင်လို့ ပေးထားတာပေါ့အေ့ မဟုတ်ဘူးလား” ကျွန်မလည်း ယောင်ပြီး ခေါင်ငြိမ့် မိလိုက်ပါတယ်။
“ ခုနက အေးမာတို့ သားအမိ ငါ့ဆီမှာ အလုပ်လုပ်တာ တနှစ် မပြည့်သေးဘူး ဇာတိပေါ်ပြီ။ အလုပ်မရှိချိန် စားစရာ မရှိတော့လာတယ်။ မျက်နှာငယ်ငယ်နဲ့။ ပိုက်ဆံ ကြိုယူတယ် အလုပ်ရှိရင် ခေါ်ခိုင်းပါတဲ့။ ငါလည်း ပေးပါတယ် မရှိတိုင်း တောင်းတိုင်း ပေးတယ်။ အစကတော့ ဟုတ်တုတ်တုတ်ပဲ။ အဲ အလုပ်လည်းပေါ လိုက်စရာလည်း များရော အချိုးက ပြောင်းပြီ။ ပဲကောက်ဖို့ လူလိုလို့ ဂျစ်တူးကို သွားပြောခိုင်းတယ် ကိုလှမောင် အကွက်လိုက်နေလို့ မလိုက်နိုင်ဘူးတဲ့ ပြန်ပြောလိုက်တယ်။ ငါ့ အကွက်က နောက်နေ့ ချက်ချင်းလိုက်ဖို့ မဟုတ်ဘူး။ လိုက်လက်စ အကွက်ကို မနက်ဖြန်တရက်လိုက်လိုက်၊ သဘက်ခါ ငါ့ အကွက်လိုက်လို့ သွားပြောခိုင်းတာ ဒါကို ပြောလိုက်တာ။ မရှိတုန်းက ဘယ်ကမှ ရှာမရလို့ ငါ့ဆီ ရောက်လာတာ။ ငွေရွှင်ချိန်ကြတော့ လေသံက တသက်လုံး စားမကုန်တော့မဲ့ပုံ။ ဒီလို အချိုးမျိုး တခါမဟုတ်ဘူး နှစ်ခါသုံးခါလုပ်တာ။ သူ ငါ့အကြောင်း မသိတာမဟုတ်။ ကတိမတည်တာလောက် မုန်းတာ မရှိဘူး။ ကွယ်ရာလည်း ပြောသေးတာအေ့ “မင်းနားတစ်ထောင် မင်းမြှောင် တစ်သောင်းပါအေ” သူ ပြောသမျှ ငါ ပြန်ကြားတာ ကြည့်ပဲ။ ဘာတဲ့ ပိုက်ဆံပေးတယ် ဆိုတာကလည်း “သမီးပေးလို့ သမက်ရတယ် ” ဆိုပဲ။ သမီးပေးတိုင်း သမက်ကောင်း ရလို့လား။ ဒါဆို ရှာကြည့်ဦးပေါ့။”
“ ကိုလှမောင် အကွက်လိုက်တာ ဆိုတော့ ကြာပြီပဲတော့။ ပြီးခဲ့တဲ့ လဆန်းက သူတို့ သားအမိ ကျုပ်တို့နဲ့ အရှေ့ကမ်းကွက် ပဲရိတ်လိုက်သေးတာကိုး” သူမှတ်မိတာကို တွေးတွေးဆဆ ဝင်ပြောတော့ အမေက “ အဲ့တုန်းက ရစရာ အကြွေးကျန်သေးလို့ ချော့ခေါ်နေရသေးတာအေ့။ ခုတော့ ကြွေးကျေပြီ ဆက်ဆံစရာ မလိုတော့ဘူး”
“အော် အဲ့လိုလား သိပါဘူးတော်” အမေ့စကားဆုံးမှ ဒါကြောင့် လူလိုလျှက်နဲ့ မခေါ်တာကိုးလို့ ဇာတ်ရည်လည်ပါတယ်။
“ငါ့ ဆီမှာအေ မိသားစု စဉ်ဆက် လုပ်လာတဲ့ လူတွေ အများကြီးပါအေ။ ဒီနှစ် အလုပ်မရှိလို့ အကြွေး ဘယ်လောက်များများ လိုရင် ငါ ထပ်ထုတ်ပေးတာပဲ။ ဒီနှစ်မကျေ နောက်နှစ်ခါဆပ်။ ဒီလိုပဲ လည်ပတ်နေတာ။ သိတတ်လို့၊ ကတိတည်လို့၊ သစ္စာရှိလို့ အကြွေးလျှော်ပေးတာတွေ နည်းမှတ်လို့။ ညည်းတို့ အသိပဲ။ ငါ့ လယ်ယာက သီးနှံထွက်ချိန်ဆို ငါ့ အလုပ်သမားတွေ ဘယ်သူဝယ်စားရလို့တုန်း အလကားပေးတာကြည့်ပဲ။ ပိုက်ဆံရှိတောင် ဆန်ဝယ်စားလို့ မရတဲ့ မိုးတွင်းမှာ ငတ်ကြမှာ စိုးလို့ ဝမ်းစာတောင် အလုပ်သမားအတွက်ပါ လှောင်တာ အားလုံးအသိ။ ဒီလို အစစအရာရာ အလုပ်သမားတွေ အတွက် ထည့်စဉ်းစားပြီး လုပ်ပေးထားတာကို ကတိတည်တာလေးတခုပဲ ပြန်ပေးရင် ကျေနပ်ပါတယ်အေ။ ကတိတလုံးသာ မြဲကြရင် ဘယ်လောက် ဆင်းရဲဆင်းရဲ ပြောင်ပြောင်ရောင်ရောင် ဆင်းရဲတာပါ။ ထမင်းလည်း မငတ်ပါဘူး။ ကတိမတည်ရင်တော့ ကောင်းစားလည်း ခဏပဲ။ မသိခင်တော့ သုံးမှာပေါ့။ သိတော့လည်း ခွါမှာ မလွဲပါဘူး။ ဟဲ့ သမီး တူးနံ တူးနံ”
စကားပြောရင်းက ဟင်းအိုး တူးနံရလို့ အမေ ထအော်မှ အမဲနှပ်အိုးကို သတိရတယ်။ အပြေးအလွှား မီးဖိုထဲဝင်။ ဟင်းအိုးကို အောက်ချ။ ဇွန်းနဲ့ အသာမွှေကြည့်မှ အောက်ခြေ နည်းနည်း ကပ်သွားတာ သိလို့ သက်ပြင်း အသာချမိတယ်။ တနေကုန် စိတ်ရှည်ရှည်နဲ့ တည်ထားရတဲ့ အိုးမို့ တူးသွားရင် နှမျှောဆုံးမှာ မဟုတ်ဘူး။ အလုပ်သမားတွေ အတွက်ပါ စပါးလှောင်ထားတယ်တဲ့ အမေ့စကား ပြန်တွေးမိပြီး စပါးကျီဘက် လှည့်ကြည့်လိုက်တော့ စားချိန်ရောက်လို့ အစာတောင်းဖို့ မီးဖိုဖက် တရွေ့ရွေ့ လာနေတဲ့ ဝက်တွေ မြင်မှ အပြေးအလွှား တက်သုတ်ရိုက် ပြင်ရပါတော့တယ်။ နောက်ဆုံးတော့လည်း အရင်နေ့တွေလိုပဲ ပြာတိပြာယာ လောလောနဲ့ အချိန်လုပြီး လုပ်နေရပါတော့တယ်။
18 comments
ပေါက်ဖော်
November 19, 2011 at 10:20 pm
အန်တီမှီ
ပျောက်နေသလိုပဲ..
ဖတ်ရတာ စာဥနဲ ့ရွာကိုလွမ်းလာသလိုပဲ..
😆
ကိုပေါက်(မန္တလေး)
November 19, 2011 at 11:00 pm
ဟုတ်တယ် မမှီရေ။
တစ်ချို့က ကတိမတည်တော့ အလုပ်ပေးဘို့ခက်တယ်နော်။
hmee
November 20, 2011 at 2:37 pm
ကိုပေါက်ဖော်ရေ တလောက နေမကောင်းလို့ ကွန်ပြူတာကို မကြည့်နိုင်ဘူး။ မနေနိုင်လို့ ရွာထဲဝင်ပြီး စာဖတ်တော့ တပုဒ်နှစ်ပုဒ်လောက် ဖတ်ရသေးတယ် မူးပြီး အန်မဆုံးဘူး။ ဒါနဲ့ လန့်ပြီး ရွာထဲမလာရဲဘူး။ အခု နဲနဲသက်သာတာနဲ့ ရောက်တာပဲ။ အိမ်ကလူကြီးကတောင်ပြောနေတယ် မင်း မန္တလေးဂေဇက်ကို မဝင်ရ မနေနိုင်တာ စိတ္တဇရောဂါ တမျိုးပဲတဲ့ ထောပနာပေးနေတယ်။ 🙂
လေးပေါက်ရေ အခုနောက်ပိုင်းတော့ ကတိမတည်တဲ့လူကိုတောင် အလုပ်ရှင်က ခယပြီး ခိုင်းနေရတဲ့ ခေတ်ဖြစ်နေပြီ။ ရွာတွေမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေ မရှိသလောက် ရှားနေလို့ ရှိတဲ့လူလေးကိုပဲ ချော့ခိုင်းနေရတယ်။ အလုပ်သမားခေတ် ဖြစ်နေပြီ။ 🙁
unclegyi1974
November 20, 2011 at 12:07 am
မမှီရေအဲလိုလူတွေအများကြီးလို့သာပြောလိုက်ချင်ပါတယ်
အီးတီ
November 20, 2011 at 7:04 am
အန်တီမှီရဲ ့အမေ အလုပ်သမားတွေအပေါ် ထားတဲ့မေတ္တာ၊ စေတနာကို လေးစားအားကျပါတယ်ဗျာ။ လူတိုင်း အဲဒီလိုစိတ်လေး မွေးနိုင်ရင်ကောင်းမှာနော်။ ခုခေတ်ကြီးမှာ အန်တီမှီရဲ ့အမေလို လူမျိုးရှားသွားပြီ ထင်တယ်။
aye.kk
November 20, 2011 at 8:13 am
ဖတ်လိုု ့ကောင်းပါတယ်
မင်းမှာသစ္စာ လူမှာဂတိတဲ့..
အလုပ်လုပ်ကိုင်ရာမှာ
ဂတိဆိုတာအရေးကြီးဆုံးပါဘဲ..
ဂတိမတည်ရင်တော့ အကျိုးမရှိတာမို ့
ဘာမှအလုပ်ဖြစ်မှာမဟုတ်ပါဘူး..
အလုပ်ပေါ်မှာထားရှိတဲ့
အသိအမြင်စိတ်ဓတ်လေးကို
မလေးစားဘဲမနေနိုင်ပါဘူးလို ့ပြောလိုက်ပါရစေ..။
ကြောင်ကြီး
November 20, 2011 at 9:02 am
ဝဝလင်လင် သေပေးဖို့ အိပ်လိုက်စားလိုက် လုပ်နေရတဲ့ ဝက်များကို သွားမြင်နေမိတယ်။ သဂျီးက မတူတဲ့ အတွေးနဲ့တွေးဆိုလို့ပါ။ ဆဲချင်ရင် သဂျီးကိုဆဲ။။။။ 😮
windtalker
November 20, 2011 at 12:20 pm
ဒီကတိ မတည်တဲ့ အကြောင်းကတော့
နောင် အနှစ် ၃ဝ လောက်အထိ
ဟောပြောနေရဦးမယ်လို ့ထင်မိပါတယ် အန်တီမှီ ရေ
parlayar46
November 20, 2011 at 12:52 pm
ကျုပ်တို့ မြန်မာ့ လူမှု့အသိုင်းအဝိုင်းမှာတော့ ရှေးယခင်ကတည်းက အလုပ်ရှင်ကလဲ ငဲ့ညှာ ထောက်ထား သနားသည်းခံကြတာများသလို – အလုပ်သမားတွေကလဲ သစ္စာရှိကတိတည်ပြီး အလုပ်ရှင်ရဲ့အကျိုးစီးပွားကို ထောက်ထားကြတာများပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဖြစ်ထက် လုပ်ဖေါ်ကိုင်ဘက် စီးပွားဘက်တွေလိုပဲ သဘောထားလေ့ရှိကြတယ်။ အဲဒါ 1990 လောက်အထိပါပဲ။
နောက်ပိုင်းမတော့ အလုပ်ရှင်တွေကလဲ နှိမ်နှိမ်ချချ စီးစီးပိုးပိုး ၊ အလုပ်သမားတွေကလဲ သာရာကူး တနပ်စားပုံစံတွေနဲ့..။
ကြည့်ရတာ အလုပ်ရှင်တွေကလဲ သူနဲ့တန်တဲ့အလုပ်သမားတွေရကြပြီး၊ အလုပ်သမားတွေကလဲ သူနဲ့တန်တဲ့ အလုပ်ရှင်တွေ အသီးသီးရကုန်ကြတာဖြစ်မယ်။
ဒီအထဲမှာ လူနည်းစုဖြစ်တဲ့ အလုပ်ရှင်ကောင်းတွေ အလုပ်သမားကောင်းတွေက ကြားညပ်နစ်နာကြတာပေါ့။
တနေ့ကြုံရင်တော့ အလုပ်ရှင်ကောင်းနဲ့တွေ့လို့ အလုပ်ကြိုးစားရုံမက အလုပ်အကျိုးစီးပွားအတွက် မိမိဘဝကို အနစ်နာခံခဲ့တဲ့ (ကျုပ်လက်အောက်က) ဝန်ထမ်းတယောက်အကြောင်း ရေးပါဦးမယ်။
ရှိတော့ရှိတယ် ရှားတယ်ပေါ့…….
MaMa
November 20, 2011 at 1:24 pm
ဦးပါလေရာကြီး အကြွေးတွေ များနေပြီနော်။ မန့်တာတွေလည်း အကြွေး မှတ်ထားတယ်။ ခုလည်း အကြွေးမှတ်ထားတယ်နော်။ 😀
hmee
November 20, 2011 at 2:57 pm
ဟုတ်တယ် လေးပါလေရာရေ။ အလုပ်ရှင်ကောင်းလွန်းရင်လည်း အလုပ်သမားက မလေးစားဘူး ရပါတယ်ကွာဆိုပြီး ပေါ့ပေါ့ဆဆ။ အလုပ်ရှင်မကောင်းတဲ့ အလုပ်သမားကြတော့လည်း တစ်ဒုက္ခ။ အခုခေတ်တော့ အလုပ်သမားခေတ် ဖြစ်နေပြီ လေးပါလေရာရေ။ တောမှာလည်း မလေးရှားသွား အလုပ်လုပ်သူ၊ နီးစပ်ရာ တိုင်းပြည်ပြင်ပမှာ အလုပ်သွားလုပ်သူ တနေ့တခြားများလာလို့ အလုပ်သမား ရှားပါးမှု တော်တော်ခံနေရတယ်။ ကိုယ်တယောက်တည်း အားနဲ့ကလည်း မဖြစ်လို့ အလုပ်သမားကို မမှီခိုလို့ကမရ။ လယ်ယာအလုပ်ဆိုတာကလည်း တရက်ဆို တရက်ဆိုသလောက် နစ်နာမှုက များတာဆိုတော့ ရှိတဲ့လူ( လက်ကြောမတင်း၊ ကတိမတည်) လေးကိုပဲ ခခယယခိုင်းနေရတယ်။ ငါအလုပ်ရှင်ပဲ ဆိုပြီး မာန်တက်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။ အလုပ်သမားကို ပြန်ကြောက်ရတဲ့ခေတ် ဖြစ်နေပြီ။ 🙁
nozomi
November 21, 2011 at 11:18 am
မတွေ့တာကြာနေလို့ စိတ်ပူနေတာ ဒီလိုလေး တွေ့ရလို့ နေမကောင်းဘူးဆိုပေမဲ့ အခြေအနေသိပ်မဆိုးသေးဘူူးလို့ ယူဆရတာပဲ တော်သေးရဲ့
ကျွန်တော်တောင် ဟိုရက်က PM ပို့ထားသေးတယ်
အမှန်အတိုင်းပြောရရင် ဟိုကအကြောင်း ရေးတဲ့ ပို့်စ် တွေက ကောင်းပေမဲ့ မမှီ ရဲ့ ရပ်ကြောင်း ရွာကြောင်း ရေးတဲ့ပို့စ်တွေက ပို အသက်ပါပြီး ပိုကောင်းသလိုပဲ အိမ်ကွင်းနဲ့ အဝေးကွင်း ကွာသလိုပေါ့
ဟိုဟာလဲ ရေး ဒီဟာလဲ ရေး လုပ်ပါဦး
Moe Z
November 21, 2011 at 2:54 pm
ကိုယ်တိုင်တောရွာလေးကို ရောက်သွားသလိုပဲမမမှီရယ်
ပြောင်းဖူးအူတိုင်မီးဆိုတာ ဘာကိုပြောတာလဲဟင်
ဗဟုသုတနည်းတာ နည်းနည်းရှက်မိသလိုပဲ 🙂
hmee
November 21, 2011 at 5:29 pm
ကိုနိုဇိုမီရေ စိတ်ပူပေးလို့ ကျေးဇူးပါ။ နေမကောင်းတာက ကောင်းသော နေမကောင်းခြင်းပါ။ 🙂 နေမကောင်းတဲ့ကြားက ဟိုက်ဖာမြို့နဲ့ ခရူးဆိတ်စစ်ပွဲတုန်းက ခံတပ်မြို့ အတ်ကိုမြို့ အကြောင်းတင်သေးတယ်။ ပျောက်သွားလို့ စိတ်ကိုညစ်သွားတာ။ ကြိုးစားပြန်ရေးပြီး နောက်ရက်မှ တင်ပေးပါဦးမယ်။
မိုးဇက်ရေ ပြောင်းဖူးအူတိုင်မီးဆိုတာက ပြောင်းဖူးရဲ့ အထဲအူတိုင်ကို ထင်းမီးအစားထိုး သုံးတာပါ။ ရန်ကုန်မှာ ပြုတ်ရောင်းလေ့ရှိတဲ့ ပြောင်းဖူးကို အစိမ်းစားပြောင်း ခေါ်တယ်။ မမှီတို့ အညာမှာ အစိုက်များတာက အစေ့ထုတ်ပြောင်းပါ။ မိုးတွင်းဆို စိုက်ပြီ။ အဖူးတွေ ခြောက်သလောက် ဖြစ်ပြီဆို ခုတ်သိမ်းပါတယ်။ ပြီးတော့ တင်းကုပ် အကြီးကြီးတွေပေါ်မှာ ဝါးလုံးတန်းတွေ ထိုးပြီး အခြောက်ခံပါတယ်။ လေးငါးလလောက် ကြာမှ တခြား လယ်ယာအလုပ်လည်းပါးတဲ့ အချိန်ကြမှ ပြောင်းဖူးတွေကို အခွံနဲ့ အဖူး ကွာအောင် လှီးပါတယ်။ ပြောင်းလှီးတယ်လို့ ခေါ်တယ်။ ပြောင်းဖူးအခွံကို မိန်းမ တယောက်က အပြားလိုက်လေးတွေ ဖိပြီး တခုနဲ့ တခုထပ်ကပ်တာကို ဖက်ပိုင်တယ်တဲ့။ အဲ့ဒီ့ ပြောင်းဖူးဖက်ကို ဆေးလိပ် ဖင်စီခံ အဖြစ် သုံးကြတယ်။ အခွံကျွတ်သွားတဲ့ အဖူးတွေကိုတော့ ကောင်မလေး နှစ်ယောက်တတွဲက အစေ့ခြွေပါတယ်။ ခြွေပုံက စဉ်းနှီးတုံးပေါ် ပြောင်းဖူးကို ထောင်လျှက်တင်ပြီး ဓါးနဲ့ ထုချပါတယ်(ဓါးက နှစ်ဖက်စလုံး အတုံး ပြောင်းဖူး ထုဖို့ အတွက် သီးသန့် လုပ်ထားတာ) အဲ့ဒါကိုတော့ ပြောင်းဖူး ထုတယ်ခေါ်ပါတယ်။ အခုနောက်ပိုင်းတော့ ခြွေတဲ့စက်တွေ ပေါ်နေပါပြီ။ အစေ့ချွတ်လိုက်လို့ ကျန်နေတဲ့ ပြောင်းဖူးရဲ့ အူတိုင်ကိုမှ မီးစိုက်ဖို့ သုံးတာပါ။ နွားစာလိုပဲ တနှစ်စာ အတွက် ခြံသီးသန့်ထားပြီး သိမ်းပါတယ်။ တနှစ်လုံး သုံးဖို့ အတွက်မို့ အူတိုင်ခြံကတော့ ကြီးတာပေါ့။ ယာများရင်များသလို တနှစ်ကို ပြောင်းဖူး အဖူးပေါင်း ရသိန်းကနေ ၈သိန်းအထိ ထွက်တာမို့ ဘယ်လောက်များမလဲ စဉ်းစားကြည့်လို့ရမှာပါ။ ကိုယ့်အိမ်အတွက် တနှစ်စာ လောက်ပြီဆို ကျန်တာကို ရောင်းစားလို့ ရပါသေးတယ်။ အူတိုင် တလှည်းကို ငွေဘယ်လောက် ဆိုပြီးလေ။ ပြောင်းဖူးဟာ အပင်ကစပြီး မီးစိုက်လို့ ပြာဖြစ်တဲ့ အထိ တခုမှ မလွှတ်ပြစ်ရအောင် အသုံးဝင်ပါတယ်။ ပြောင်းဖူးအူတိုင်ပဲ သီးသန့်သုံးတဲ့ မီးဖိုမှာ ပြာကျနေတဲ့ အူတိုင်ပြာဟာ သဲဆပ်ပြာလိုပဲ အိုးတိုက်၊ အဝတ်လျှော် သုံးလို့ရပါသေးတယ်။ ပြောင်းဖူးရဲ့ အသုံးဝင်ပုံကို ဗဟုသုတရအောင် ပြောပြပေးတာပါ။
etone
November 21, 2011 at 3:58 pm
မမှီရေ … ရွာအကြောင်းလေးတွေ ဖတ်ရလို့ ဗဟုသုတရပါတယ် … ။ များများလည်း ရေးနိုင်ပါစေနော် ။
ရှေးလူကြီးတွေက အရမ်းကို အကွက်စေ့ကြတယ် ။ စဉ်းစားတွေးခေါ်ပုံနဲ့ ကြိုတင် ကြံစည်ဆောင်ရွက်ပုံတွေကတော့ လက်ဖျားခါတယ် မမှီရေ .. ပြောစရာဆိုလို ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်တာလောက်ပဲ … ခေတ်လူငယ်တွေနဲ့ ကီးမကိုက်တာ … ။ ကျန်တာအားလုံးအကွက်ကျကျ ထောင့်စေ့အောင်လုပ်နိုင်ကြတယ် … ။
hmee
November 21, 2011 at 5:45 pm
တုံရေ မမှီတို့ အဖေနဲ့ အမေကတော့ တောသူ တောသားသာ ဖြစ်တာ ခေတ်မှီတယ်သိလား။ အဖေ့ကို သူ့သူငယ်ချင်းက ပြောတယ်တဲ့ မင်းကွာ မင်း သမီးတွေ ဘောင်းဘီဝတ်တာ မပြောဘူးလားကွ မိန်းခလေး မသင့်တော်ပါဘူးကွာတဲ့။ အဖေက ပြန်ပြောလိုက်တယ်တဲ့ ဟ ကောင်ရ ငါ့သမီးတွေ ခေတ်နဲ့ အညီဝတ်တာ မ ကလက်ပြီးရော။ မင်း သေချာ စဉ်းစားကြည့်ကွ ဘောင်းဘီနဲ့ဆို တော်ရုံ မုဒိန်းမှု မမြောက်ဘူး။ မင်း ထမီကသာ စိတ်မချရတာကွတဲ့လေ။ အမေက ပြန်ပြောပြလို့ ရီလိုက်ရတာ။ 🙂
နွယ်ပင်
November 21, 2011 at 4:28 pm
မမှီရေးထားတာလေးကို ဖတ်ရင်းကိုယ်တိုင် ရွာလေးထဲ
ရောက်သွားသလိုပါပဲ . ရေးထားတာ ဗဟုသုတလဲရပါတယ် …
Shwe Ei
November 21, 2011 at 4:58 pm
မမှီပို့စ်လေးတွေ ဖတ်ပီးရင် အမေနဲ့ရွာကိုတကယ်လွမ်းတယ်။ အခုက အမေက အနားမှာရှိတော့ ရွာက သာအေးကိုဘဲ လွမ်းရတော့မလိုဖစ်နေဘီ။ 😉