“ထမီချွတ်၏ မချွတ်၏”
“ထမီချွတ်၏ မချွတ်၏”
ပြီးခဲ့တဲ့ဥပုဒ်နေ့က ကျနော်တို့ ကြီးမိုက်ကြီးတွေ လက်ဖက်ရည်ဆိုင်မှာဆုံကြတော့
ဟိုရောက်ဒီရောက်ပေါက်တတ်ကရပြောကြတာပေါ့ဗျာ။
အဲဒီကနေသီချင်းအကြောင်းရောက်သွားပြန်ပါတယ်။
ရှေးက သီချင်းရေဆရာကြီးတွေရဲ့စာသားတွေက ဒီနေ့ထိခေတ်မှီတဲ့နေအကြောင်း
လေးနက်တဲ့စာသားတွေကိုသေသေချာချာခံစားပြီးရေးကြတဲ့အကြောင်းတွေပြောရင်းကနေ
ပြည်လှဖေဆိုထားတဲ့ “ဇွဲ”သီချင်းအကြောင်းရောက်သွားပါတယ်။
အဲဒီအထဲက မခံချင်စရာကောင်းတဲ့စာသားလေးပါ ပါတယ်။
“ဆော်ဒါလင်မနစ်ရည် ဖောက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ကုလားကဆိုပြန်သည်”
စာသားလေးပါဘဲ။
ကျနော်တို့မြန်မာတွေက ဘုန်းတန်ခိုးတို့ဘာတိုကို ပြောတတ်တာကိုးဗျ။
အဲတော့ မြန်မာမင်းတွေမှာ ဘုန်း ရှိတယ်လို့ပြောတော့ အဲဒါကို အင်္ဂလိပ်တွေက
နှိမ့်ချတဲ့အနေနဲ့ဘုန်း ဆိုတာ ဘိလပ်ရည်ပုလင်းဝထိပ်က
ဖန်သီးလေးကို ဖောက်ထုတ်လိုက်ရင် ဖုန်း ဆိုမြည်တာနဲ့အတူတူဘဲလို့ နှိမ်ပြီး ပြောလိုက်တာပါ။
အဲဒီ ဖုန်းကနဲမြည်တဲ့အသံအကြောင်းကိုပြောရင်းကနေယောက်ျားတို့ ဘုန်းအကြောင်းရောက်သွားပါတယ်။
ယောကျာ်းတို့ ဘုန်းလက်ရုံး လိုပပေါ့လေ။
အဲဒီမှာ ဘုန်းနိမ့်တဲ့အကြောင်းကိုရောက်သွားပြန်ရော။
အကျီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်။
ညာဘက်လက်ရုံးကို မိန်းမခေါင်းအုံးအိပ်လိုက်ရင်ဘုန်းနိမ့်တယ်။
မိန်းမထမီလို့ ဟာမျိုးအောက်ရောက်ရင် ဘုန်းနိမ့်တယ်လို့ တစ်ယောက်ကတင်ပြလာပါတယ်။
အဲဒီကြတော့ ဘယ်လိုဆိုရင်ဘုန်းနိမ့်တယ်ဆိုတာကိုတစ်ယောက်တစ်ပေါက်ပြောကြတော့တာပေါ့။
အဲဒီအချိန်မှာ တိုးတက်တဲ့အမြင်ရှိသူနဲ့ရုးိရာဓလေ့ထုံးစံတွေကို
လိုက်နာသူကြားမှာအပြန်အလှန်ငြင်းကြတော့တာပါဘဲ။
အဲလိုပြောနေတော့ မှန်တာမမှန်တာအပထား အနိုင်မခံအရှုံးမပေးစိတ်ဓါတ်နဲ့
တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင်အကိုးအကားတွေနဲ့ငြင်းလိုက်ကြတာ
ရေနွေးကြမ်းလဲကုန် အချိန်တွေလဲကုန် ပြောရင်းနဲ့ မာန်တွေပါလာတော့
စားပွဲခုံကို လက်သီးတွေထုထုပြီးပြောကြတော့
လက်ဖက်ရည်ပန်းကန်၊အကြမ်းပန်ကန်ရော ခုန်တွေရော ခုန်ကုန်ပါတယ်။
ကျနော်ကတော့ ရင်တွေခုန်တာပေါ။
ဘာမဟုတ်တာလေးနဲ့ ထိုးကြ ကြိတ်ကြဖြစ်ကုန်မှာစိုးလို့ပေါ့။
အဲဒီအချိန်မှာ ပေါက်တတ်ကရပြောတတ်တဲ့ “သန်းလွင်”က
“ ကဲ မငြင်းကြနဲ့တော့ သူကြားဘူးတာလေးပြောပြမယ်။
ပြီးတော့ မှဒီအကြောင်းကိုဆက်ငြင်းကြဗျာ” ဆိုပြီးပြောပါတယ်။
ဒီကောင်ပေါက်တတ်ကရ ပြောတတ်တာမှန်ပေမယ့် သူပြောလိုက်ရင် ထူးထူးဆန်းဆန်း
ဆိုတော့ အားလုံးက သူပြောမှာကို စိတ်ဝင်တစားနဲ့နားထောင်ချင်ကြပါတယ်။
စိတ်မရှည်တတ်တဲ့စိန်မောင်က “ပြောစရာရှိမြန်မြန်ပြောကွာ”ဆိုပြီး လော တော့မှ
သန်းလွင်က ဒီလိုပြောပြပါတယ်။
ကြာတော့ ကြာပြီဗျ။
အရင်ကျနော်တို့ငှားနေတဲ့ရပ်ကွက်လေးကဈေးနဲ့နှီးကျောင်းနဲ့လဲနီးတယ်။
နောက် မြို့ထဲနဲ့သိပ်မဝေးတာရယ် အိမ်လခကလဲသိပ်မများတော့ လခစား
ရုံးသမားကျောင်းသမားတွေငှားပြီးနေတာများပါတယ်။
လူလတ်တန်းစားတွေနေတဲ့ရပ်ကွက်လို့ပြောရင်လဲရသပေါ့။
အဲဒီအရပ်ထဲမှာ ခြံဝင်းကြီးတစ်ခုထဲမှာ အိမ်တန်းလျားဆောက်ပြီး ငှားတဲ့သူတွေလဲရှိပါတယ်။
အဲဒီခြံကြီးထဲက အိမ်လေးတွေကအိမ်လခဈေးသက်သာတော့ နေတဲ့လူတွေကနည်းနည်းတော့
စုံတယ်ပြောရင်လဲရပါတယ်။
ကျနော်တို့နှစ်ယောက်လက်ထပ်မယ်ဆိုတော့ အိမ်ခွဲနေမယ်ဆိုပြီး ဒီရပ်ကွက်ထဲမှာဘဲ လာငှားနေလိုက်တာပါ။
ကျနော်တို့အိမ်နဲ့ သုံးအိမ်လောက်မှာ ကျနော်တို့လိုဘဲအိမ်ငှားနေတဲ့
လူငယ်လင်မယားရှိသပေါ့။
လူငယ်ချင်းဆိုတော့လဲ မြင်ရင်နုတ်ဆက်ပြုံးပြ ဒီထက်တော့ ပိုမသိပါဘူး။
ကျနော်တို့က အိမ်ရှင်နဲ့ကျနော်တို့ ဟိုဘက်ခန်းဒီဘက်ခန်း။ တစ်ခြမ်းစီဆိုတော့နည်းနည်းလေးတော့ကျဉ်းပါတယ်။
သူတို့နေတဲ့အိမ်လေးကတော့ အိမ်ရှင်က အိမ်ရှေ့မှာ နှစ်ထပ်နံကပ်တိုက်နဲ့နေပြီး
အဲဒီအိ်မ်ရဲ့နောက်မှာတော့အိမ်ငှားထားဘို့အတွက်အိမ်လေးတစ်လုံးဆောက်ထားပါတယ်။
အိမ်ငှားထားတဲ့အိမ်လေးက ခြေတံရှည်အမြင့်လေးပါ။
အိမ်အရှေ့ဘက်မှာ ဝရန်တာလေးထုတ်ပေးထားပါတယ်။
သူတို့အိမ်လေးရဲ့ဘေးဘက်မှာ တော့ အိမ်ရှင်ရော သူတို့ပါ အတူသုံးတဲ့ရေလောင်းအိမ်သာဆောက်ထားပါတယ်။
အဲတော့ အိမ်သာသွားမယ်ဆိုရင် သူတို့အိမ်ရဲ့ ဝရန်တာအောက်ကနေတော့ ဖြတ်သွားရပါတယ်။
အောက်ထပ်မှာအိမ်ရှင်ရဲ့မီးဖိုခန်းနဲ့စတိုခန်းပေါ့။
သူတို့က အိမ်သီးသန့်လိုဖြစ်နေတော့ သူတို့အိမ်လေးကိုကျနော်တို့ကသဘောကျခဲ့ကြတာပေါ့။
သူတို့လင်မယားကလဲ မနက်အလုပ်သွား ညမှပြန်ဆိုတော့ ညအိပ်ချိန်လောက်ဘဲနေတဲ့သဘောပါဘဲ။
နှစ်ယောက်စလုံးကလဲ ဘာမှဆူဆူပူပူမရှိ။
ဒါပေမယ့် သူတို့က ဘာသာခြားဖြစ်နေတာရယ် ဘာသိဘာသာနေတတ်တာရယ်ကြောင့်
ပါတ်ဝန်းကျင်နဲ့သိပ်အဆက်အဆံတော့ မရှိကြဘူး။
ဒါပေမယ့်လဲ အိမ်ရှင်နဲ့တော့ မပြေလည်ဘူးဆိုတဲ့အသံမကြားခဲ့ရပါဘူး။
တစ်ရက်တော့ သူတို့အိမ်ဘက်က ဆူဆူညံညံကြားလို့ထွက်ကြည့်လိုက်တော့ သူတို့လင်မယားက အိမ်အပေါ်က။
အိမ်ရှင်မိသားစုတွေက အိမ်အောက်ကအော်ဟစ်ပြီး ရန်တွေဖြစ်နေကြတာပါ။
ရပ်ကွက်ထုံးစံအတိုင်း ရန်ဖြစ်တယ်ဆိုတော့ ဝိုင်းအုံကြည့်ကြတာပေါ့။
မသဲမကွဲကြားနေရတာတော့ “ကျမတို့ က မိုက်ရိုင်းတဲ့အထဲမပါဘူး၊လူများတယ်ဆိုပြီး လာအနိုင်မကျင့်နဲ့ ”လို့
ကောင်မလေးကအော်ပြောနေသံကြားနေရသလို။
“သက်သက်မဲ့အကျင့်ယုတ်ပြီး ငါတို့အိမ်ကယောက်ျားတွေ ဘုန်းနိမ့်အောင်လုပ်တာ”ဆိုပြီး အော်ဟစ်ပြောနေတာကိုတော့
ကြားရပါတယ်။
ကျနော်တို့လဲ ရပ်ကွက်ထဲကသတင်းစုံတဲ့သူကိုခေါ်မေးရတာပေါ့။
မနေ့တုံးက ကောင်မလေးက ရေလဲထမိန်ရယ် သူ့ထမိန်လျှော်ထားတာရယ်ကို ဝရန်တာမှာလှမ်းသွားပါသတဲ့။
အိမ်ရှင်ရဲ့သားမက်ကအိမ်သာသွားဘို့အသွားမှာ ဝရန်တာမှာလှန်းထားတဲ့ထမီကိုမြင်တော့
သူတော့ဘုန်းနိမ့်ပါပြီဆိုပြီးဒေါသူပုန်ထပါသတဲ့။
အဲဒီမှာ အဲဒီလူရဲ့မိန်းမက ကောင်မလေးလှန်းထားတဲ့ထမီတွေကိုတုတ်နဲ့ထိုးချပြီး အဲဒီနားက ဗွက်အိုင်ထဲကို ပစ်ချလိုက်ပါသတဲ့။
ကောင်မလေးအလုပ်က ပြန်လာတော့ သူ့ထမီအကောင်းတွေ ဗွက်ထဲရောက်ကုန်တော့ စိတ်တိုပြီးဆဲမိပါသတဲ့။
အဲဒီမှာ အိမ်ရှင်ရဲ့အိမ်ရှင်ရော သူ့ သမီးတွေ ချွေးမတွေကရောဝိုင်းပြီး ကောင်မလေးကိုဆဲကြပါသတဲ့။
အဓိကကတော့ ကောင်မလေးက ဝရန်တာမှာထမီလှန်းထားတဲ့အောက်က သူတို့အိမ်နေတဲ့ယောက်ျားလေးတွေ
ဖြတ်သွားရတော့ ဘုန်းနိမ့်တယ်။
ဒါတမင်သက်သက်ယုတ်မာတာဆိုပြီးစွတ်စွဲပါသတဲ့။
ကောင်မလေးကလ ဲ “အခုရက်မုးိဆက်တာရွာတော့ နေပွင့်တဲ့အချိန်လေးမှာ ခြောက်အောင်အိမ်အပြင်ထုတ်လှန်းတာ
တမင်လုပ်တာမဟုတ်ဘူး”ပေါ့။
ဒါပေမယ့် အိမ်ရှင်ဘက်က လူများတော့ တစ်ယောက်တစ်ပေါက်နဲ့ဆိုတော့မပြီးနိုင်မစီးနိုင်ပေါ့၊
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြောတာကြာလာတော့ အစက ဘေးကနေကြည့်နေတဲ့ပရိသတ်ကလဲ
ပါဝင်ဆွေးနွေးသူအဆင့်ကို တက်လှမ်းလို့လာကြပါသတဲ့။
ကောင်မလေးတွေကို သနားတဲ့လူတွေကတော့
” ဒီလောက်လေးနဲ့အကဲကိုင်တာ ကောင်မလေးက နှစ်ယောက်ထဲဆိုပြီး သက်သက်မဲ့ ဗိုလ်ကျတာပါ”
အိမ်ရှင်နဲ့ပုလဲနံပသင့်သူတွေကလည်း
“ဒီအိမ်က ယောက်ျားလေးတွေရှိတာသိရက်နဲ့လုပ်တာ ဘုန်းနိမ့်ကုန်တာပေါ့ တမင်မိုက်ရိုင်းတာပါအေ”
ဘက်မလိုက်တဲ့သူတွေကတော့
”ကောင်ကလေးတွေကလဲ လူမြင်ကွင်းမှာ မိန်းမထမီ မလှမ်းသင့်ဘူး၊
အိမ်ရှင်ကလဲမြင်ရင် တက်ဖယ်လိုက်ရင်ရနေတာကို ပျက်စီးအောင်ဗွက်ထဲပစ်ချတာတော့ မလုပ်သင့်ဘူး”
သိပ်မကြာခင်လေးတင်မှာ ဟိုဘက်ရပ်ကွက်မှနေတဲ့ ကောင်မလေးဘက်က လူတွေရောက်လာတော့
ရန်ပွဲအရှိန်က ပိုမြင့်လာပြီး တစ်ဖက်နဲ့တစ်ဖက်ငယ်ကျိုးငယ်နာတွေပါ ဖော်ပြီး အော်ဟစ်ဆဲတဲ့အဆင့်ရောက်လာပါတယ်။
ပွဲကြည့်ပရိသတ်ကလဲ အစကတော့ ဝေဖန်ချက်ထင်မြင်ချက်တွေပေးရုံသက်သက်။
ဘေးကနေ ဝိုင်းကြည့်နေရုံသက်သက်။
နောက်ကြာလာတော့ အိမ်ရှင်ဘက်နဲ့ အိမ်ငှားဘက် ဂိုဏ်းတွေကွဲပြီး ပွဲကြည့်ပရိသတ်အခြင်းခြင်း
တစ်ယောက်နဲ့တစ်ယောက်ရန်တွေဖြစ်ကုန်ပါရော။
ခဏနေတော့ ဟိုဘက်အမျိုးဒီဘက်အမျိုး သတင်းကြားနဲ့လိုက်လာပြီး ယောက်ျားတွေပါ ချမယ်ရိုက်မယ်ဆိုဖြစ်လာပါတယ်။
ပိုဆိုးသွားတာက တစ်ယောက်က ဖွလိုက်တော့ မဆီမဆိုင်တဲ့လူမျုးိရေးတွေပါ ပါလာပြီးရန်ပွဲကကြီးကျယ်သွားပါရော။
အဲတော့မှ ရပ်ကွက်အုပ်ချုုပ်သူတွေရောက်လာပြီးနှစ်ဖက်လုံးကို ရုံးခေါ်သွားရတဲ့အဆင့်ထိရောက်သွားပါသတဲ့။
ရုံးရောက်တော့လဲ နှစ်ဖက်က စကားများလို့မပြီး။
ပွဲကြည့်ပရိသတ်ကလဲ ရုံးအထိလိုက်လာပြီးအားပေး။
အဲဒီရုံးလေးနားမှာ ယာယီမုန့်ဈေးတန်းလေးတောင်ဖြစ်သွားပါသတဲ့။
ဒီပြဿနာရဲ့အစက အိမ်ရှင်က အိမ်ငှားတွေကို စာချုပ်မပြည့်ခင်ပြောင်းပေးစေချင်တာက စတာပါတဲ့။
အိမ်စာချုပ်က တစ်နှစ်ကျန်ပါသေးသတဲ့။
အိမ်ရှင်သားအငယ်မင်္ဂလာဆောင်မှာမို့ ဒီအိမ်ကိုပြန်လိုချင်တာပါတဲ့။
ဒါပေမယ့်လဲ အိမ်ငှားကောင်ကလေးတွေကလဲ နှစ်ပြည့်မှဖယ်ပေးနိုင်မယ်ဆိုပြီး အချေအတင်ဖြစ်ကြပါသတဲ့။
စပေါ်နှစ်ဆ ပြန်အမ်းမယ်အိမ်ပြန်လိုချင်တယ်ပြောလဲမရ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မသင့်မတင့်စဖြစ်ပါသတဲ့။
အဲဒီရက်မှာ မိုးတွေက ဆက်တိုက်ရွာ အဝတ်တွေက မခြောက်ဆိုတော့ နေလေးပွင့်တဲ့ရက်မှာ ယောကျာ်းဝတ်ရော
သူထမိန်တွေပါ ဝရန်တာမှာထုတ်လှမ်းလိုက်တာမှာပြဿနာတက်သွားတာပေါ့။
အဲဒီမှာ ရုံးက တာဝန်ရှိတဲ့လူတွေက နှစ်ဖက်စလုံးကို မေးတော့တာပေါ့။
ဒါပေမယ့် အလုအယက်ပြောကြ ဝိုင်းအုံပြောကြတော့ ဘယ်သူ့စကားနားထောင်ရမှန်းမသိ။
တစ်ဖက်နဲ့တစ်ဖက် အခြေအတင်ပြောကြ ပွဲကြည့်ပရိသတ်ကလဲဝိုင်းအော်နဲ့ဆိုတော့ အုတ်အုတ်ကြွက်ကြွက်။
ရုံးကလူတွေကလဲ သူတို့ဆုံးဖြတ်ရမှာအတော်လေးအကျပ်အတည်းဖြစ်နေပါသတဲ့။
အဲတော့ ဒီကိစ္စကိုဖြေရှင်းပေးဘို့ အရပ်ထဲက သမာဓိရှိပြီးအားလုံးလေးစားကြတဲ့” ဗမာပေါင်ချိန် ဦးလှဖေ” ကိုသွားခေါ်လာပါသတဲ့။
သူလဲရောက်လာရော အားလုံးနည်းနည်းတော့ငြိမ်သွားပါတယ်။
အဲတော့ တစ်ယောက်ခြင်းဖြေဆိုပြီး ကောင်မလေးကို အရင်စမေးပါတယ်။
“ကောင်မလေးက တမင်လုပ်တာမဟုတ်ပါဘူး။
မိုးတွေဆက်တိုက်ရွာလို့ နေပွင့်တဲ့ရက်မို့များများလှန်းမိတာပါ။
ထမီလှန်းတာကလဲ အခုမှမဟုတ်ဘူး အရင်ကတည်းကလှန်းတာပါ”လို့ဖြေတော့။
“ဒါကြောင့် မို့ အခုရက်သူတို့အိမ်ကယောက်ျားတွေဘာလုပ်လုပ်အဆင်မပြေတာ”ဆိုပြီးအိမ်ရှင်ဘက်က
ဗျောက်ဖောက်သံကြားတော့ ဗမာပေါင်ချိန်က ဟိတ်ဆိုအသံပေးလိုက်မှအားလုံးတိတ်သွားပါသတဲ့။
နောက်အိမ်ရှင်ဘက်ကိုမေးတော့ ပြောချင်တဲ့သူတွေများနေလို့ “တစ်ယောက်ထဲဘဲပြော”ဆိုပြီး
ခပ်မာမာနဲ့ဟောက်လိုက်မှ သူတို့အိမ်က အစွာဆုံးအလတ်မ ကနုပ်ခမ်းတလန်ပန်းတ်လန်နဲ့
ဖြစ်ကြောင်းရယ်ကုန်စင်ပြောပါတော့သတဲ့။
အဆုံးသတ်မှာတော့ ဘာသာခြားကြောင့်ဆိုတာကို ဖိတွယ်သွားပါလေရော။
သူတို့နှစ်ဖက်ပြောတာလဲနားထောင်ပြီးတော့ ဗမာပေါင်ချိန်လဲ စိတ်တော့အိုက်သွားပုံရပါတယ်။
အဲဒါနဲ့ အိတ်ထဲပါတဲ့ကွမ်းယာလေးကို ထုတ်ပြီး မြုံ့့ရင်းစဉ်းစားနေပါသတဲ့။
ပရိသတ်ကတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို အရမ်းကိုသိချင်တော့
အချင်းချင်းတွတ်ထိုး အသံတော့ မထွက်ရဲ အော်ခွဲလို်က်မှာတော့ကြောက်ပါတယ်။
ကွမ်းတစ်ယာလောက်လဲကုန်ရော သူ့မျက်နှာက ခပ်ပြုံးပြုံးလေးဖြစ်သွားပါတယ်။
ပြီးတော့မှ အရင်ဆုံးကောင်မလေးကို စပြီးဆုံးမပါတယ်။
နောင်လူမြင်ကွင်းမှာ မိန်းမအသုံးအဆောင်တွေကို မလှန်းသင့်ကြောင်း
လူမြင်တင့်တယ်အောင် နေထိုင်သင့်ကြောင်း ပြောတော့ကောင်မလေး နောင်ဆင်ခြင်ပါမယ့်လို့ပြောပါတယ်။
အိမ်ရှင်ဘက်ကိုလဲ နောင်ဒီလိုလှန်းထားတာမြင်ရင်သက်ဆိုင်ရာကိုတိုင်ပြီးဖယ်လိုက်ရင်ရတာကို
ပျက်စီးအောင် မလုပ်ရဘူးလို့ပြောတော့ ပွဲကြည့်ပရိသတ်က အသံတိုးတိုးလေးနဲ့ထောက်ခံကြပါတယ်။
အဲဒီမှာ အိမ်ရှင်ဘက်က အစွာမလေးက
သူ့ထမီဗွက်ပေတာ ပြန်လျှော်ရင်လည်းရတယ် အသစ်ပြန်ဝယ်ရင်လဲဖြစ်တယ်။
သူ့တို့အကိုတွေမောင်တွေ ခဲအိုတွေ ထမီအောက်ဝင်လို့ဘုန်းနိမ့်တာ ဘာနဲ့ပြန်အလျှော်ပေးမှာလဲလို့မေးတော့
ပရိသတ်ထဲက ဟုတ်ပေသားဘဲဆိုပြီးဖြစ်ကုန်ပါလေရော။
အဲဒီမှာ သူတို့ အိမ်အကြောင်းသိနေတဲ့ဗမာပေါင်ချိန်က မေးခွန်းတွေမေးပါတော့တယ်။
“နင်တို့အိမ်က နှစ်ထပ်အိမ်ဆိုတော့ဘယ်လိုနေကြသလဲ”
“ကျမတို့ ညီအမအပျို သုံးယောက်ရယ် အဖေနဲ့ အမေရယ်က အပေါ်ထပ်မှာနေကြတယ်။
အောက်ထပ်က မောင်လေးနဲ့အကိုက တစ်ခန်း အမတို့လင်မယားက တစ်ခန်းနေတယ်”
လို့ခပ်ဆောင့်ဆောင့်ဖြေပါတယ်။
မဆိုင်တာမေးတယ်ဆိုတဲ့အချိုးနဲ့ပေါ့။
အဲဒီမှာ ဗမာပေါင်ချိန်က
“ဒါဆိုရင် နင်တို့အိမ်ကယောက်ျားတွေဘုန်းနိမ့်တာ ကောင်မလေးထမီလှန်းတာနဲ့ မဆိုင်ဘူး”လို့
ပြောတော့ အိမ်ရှင်ဘက်ကလူတွေက “ဘက်မလိုက်ပါနဲ့”လို့ဝိုင်းပြောကြပါတယ်။
“ကဲဒါဆို နင်တို့က ထမီအောက်ကနေဖြတ်သွားလို့ထမီအောက်ရောက်လို့ ဘုန်းနိမ့်တာကိုလက်ခံတယ်ပေါ့”
လို့မေးတော့ “ဒါအမှန်တရားဘဲလေ”လို့ ဝိုင်းဖြေကြပါတယ်။
အဲဒီမှာ
“အေး အဲဒါဆိုရင် နင်တို့အိမ်ကလူတွေဘုန်းနိမ့်တာ နုင်တို့ကြောင့်ဘဲဖြစ်ရမယ်။
အိမ်ကျတော့ ပြန်စဥ်းစားလိုက်။
နင်တို့မိန်းမတွေက အပေါ်ထပ်မှာနေတယ်။
နင်တို့အိမ်ကယောက်ျားတွေက နင်တို့အောက်မှာနေတယ်။
အဲတော့ နင်တို့အိမ်က မိန်းမတွေ အိ်မ်ပေါ်တက်ရင် ထမီမပါဘဲ တက်ကြသလား၊”
လို့လဲမေးလိုက်ရော ဝေါကနဲရီသံကြီးထွက်လာပြီး ပြဿနာပြီးသွားပါတယ်။
အဲတော့မှ
“မင်းတို့ကွာ ဘာမဟုတ်တာလေးကို ပြဿနာကြီးဖြစ်အောင်လုပ်တယ်။
ဘေးလူတွေကလဲ ကိစ္စလေးတစ်ခုဖြစ်လာရင် သင့်မြတ်အောင်လုပ်ပေးမယ်မရှိဘူး။
ပိုဆိုးသထက်ဆိုးအောင်ဝိုင်းမြှောက်ပေး။
ကာယကံရှင်တွေကလဲ တက်ထောင်မောင်းနင်းနဲ့။
ရှေးရိုးစွဲအယူအဆတွေကို ခေတ်နဲ့ညီအောင်စဉ်းစားပြီးမှလက်ခံကြ။
အေးဒါပေမယ့် ရှေးအယူလက်မခံဘူးကွဆိုပြီး ဖင်ပိတ်ငြင်းဘိုလဲမလိုဘူး။
သင့်တင့်မျှတအောင်စဉ်းစားဘို့တော့လိုမယ်”လို့ပြောပြီးထွက်သွားတော့ မှလူစုကွဲသွားတာပေါ့။
ဒါလေးက ကျနော်ကြုံဘူးတာလေးပါ။
သန်းလွင်ပြောအပြီးမှာတော့ ထမီအောက်ဝင်ရင်ဘုန်းနိမ့်တယ် မနိမ့်ဘူးဆိုတဲ့ ပြဿနာလဲ
ကျနော်တို့လက်ဖက်ရည်ဝိုင်းမှာဆက်မဆွေးနွေးတော့ပါဘူး။
ကဲခင်ဗျားတို့ရော ဘယ်လိုထင်သလဲ ပြောကြည့်ပါအုံး………………………………..
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(26-11-2011)
“
29 comments
ကိုပေါက်(မန္တလေး)
November 27, 2011 at 4:20 pm
မဝေရေးတာ ဖတ်ပြီးတော့ ကြားဘူးတာလေးပြန်ရေးကြည့်မိတာလေးပါ။
blackchaw
November 27, 2011 at 4:24 pm
ကိုပေါက်ရေ။
ရန်ကုန်က ၈ ထပ်တိုက်တွေ မှာ ထဘီတွေလှမ်းကြပါတယ်ဗျာ။
အောက်ကလည်း ဘုန်းကြီးတွေရော ယောင်္ကျားတွေရော သွားနေလာနေကြတော့
အင်း ဘုန်းရှိသော ယောင်္ကျား ရှိမယ် မထင်..။ ရန်ကုန်မြို့မှာ ပြောပါတယ်။
kai
November 27, 2011 at 5:50 pm
ဒါမျိုးက.. တနိုင်ငံလုံးအတိုင်းအတာနဲ့.. နှစ်ရာချီပြီးဖြစ်နေ..ဖြစ်လာမှာတွေပါ..။
ပြဿနာဖြစ်စေတဲ့.. အရင်းအမြစ်ကို မရှင်းနိုင်သမျှ..ဖြစ်နေမှာပဲ..။
ဖြစ်တော့ ဘာဖြစ်သလည်း..ပြောချင်မှာပေါ့..။
ဖြစ်တော့.. ငွေအင်အား..လူအင်အားတွေဆုံးရှုံးတာပေါ့..။
ကြေအေးလိုက်တယ်ထားဦး.. ကုန်သွားတဲ့.. အချိန်. လုပ်အား..ငွေကြေး.. နိုင်ငံတော်အနေနဲ့ ဆုံးသွားတာပါ…။
တခြားနိုင်ငံတွေမှာ.. ဒါမျိုးငြင်းစရာ..ပြဿနာဖြစ်စရာမှ မရှိတာနော..။
ဆိုတော့…
မဟနလို.. အဖွဲ့မျိုးက.. “မိန်းမအောက်.. ထမီ(ထမိန်)အောက်ဝင်ခြင်းသည် လူသားဘုန်းကံနိမ့်ခြင်းမရှိ “လို့ တရားဝင်စာထုတ်ပေးသင့်တယ်…ထင်မိတယ်.။
လူဆိုသည်မှာ..(ရိုင်းရိုင်းရေးရရင်) မိန်းမပေါင်၂ချောင်းကြားက ထွက်လာသူချည်းပဲ မဟုတ်ပါလား..။ 😆
nozomi
November 28, 2011 at 1:47 pm
သူကြီးကလဲ အခုခေတ်ကလေးတွေ ပေါင်နှစ်ချောင်းကြားက မထွက်ကျတော့ဘူးဗျ
ဗေဒင်ဆရာပြေတဲ့ အတိုင်း ခွဲမွေးကျလွန်းလို့ ဗိုက်ထဲက ထွက်ကျတာ ဗျ 🙂
kyawkoko
November 28, 2011 at 2:38 pm
သူကြီး ကလဲ ဗျာ…. ထစ်ကနဲရှိ နိုင်ငံခြားနဲ. နိုင်းလိုက်.. နိုင်ငံတော်က အင်အားတွေဆုံး ရှုံးတယ်ပြောလိုက်နဲ. ..အမှန်က နတ်တွေ အယူသီးမှုတွေ ရိုသေကိုင်းရှိုင်းမှုတွေကဘဲ မြန်မာလူမျိူးဆိုပြီး ဖြစ်စေတာမဟုတ်လား..
ဒါတွေမရှိရင် မြန်မာလူမျိူးဆိုတာ……..!!!!!!!!!!!!!!!!!
ကိုယ့် စတိုင် နဲ. ကိုယ်ပေါ့ဗျာ…… ခုသူကြီးက ယောက်ခမ က သမက် ကို အပြစ် လိုက်ရှာနေ
တာကျနေတာဘဲ ….
ကိုပေါက်(မန္တလေး)
November 27, 2011 at 6:03 pm
ဒီတစ်ခါမှာတော့ ကိုခို်င်နဲ့ကိုပေါက် အမြင်တူပါကြောင်း။
အမြင်တင့်တယ်ခြင်း မတင့်တယ်ခြင်းကတော့ လူ့ယဉ်ကျေးမှု့နဲ့တိုက်ရိုက်ပါတ်သတ်တော့
အမြင်တင့်တယ်အောင်တော့ လုပ်သင့်တာပေါ့နော်။
windtalker
November 27, 2011 at 6:05 pm
လူပျိုကြီး ၊ အပျိုကြီးတွေ လောက်ဘဲ အဲဒီလို အစွဲကြီးတော့မယ် ထင်ပါတယ် ။
MaMa
November 27, 2011 at 6:22 pm
ဗမာပေါင်ချိန်ဦးလှဖေကို လူတိုင်းလက်ခံနိုင်လောက်တဲ့ အဆုံးအဖြတ်ကို ပေးနိုင်လို့ လေးစားတယ်။ ပြဿနာတခုဖြစ်လာရင် တည့်တည့်မတ်မတ်ဆုံးဖြတ်ပေးနိုင်ဖို့ စဉ်းစားတွေးခေါ်ဉာဏ်ရှိပြီး သမာသမတ်ရှိတဲ့ လူကြီးလူကောင်းက အရေးကြီးတယ်။
မဝေနဲ့ ကိုပေါက်ပြောသလို ရှေးရိုးစွဲ အသားကျနေတဲ့ ပုံစံခွက်ထဲက ရုန်းထွက်ဖို့ ကြိုးစားကြဖို့ လိုပါတယ်။
small cat
November 27, 2011 at 8:09 pm
သင်္ဘော နဲ့ခရီးသွားရင်ယောက်ျားတင် မက သံဃာတော်တွေပါ မိန်းမတွေအောက်ကဖြတ်လျှောက်ရပါတယ်၊
ဒီကိစ္စအတွက် သံဃာတွေ ခရီးသွားပြီးရင် အာပတ်ဖြေ ကြရပါသလား၊ စဉ်းစားစရာပါ၊ ဒီကိစ္စတွေ ပြောရတာ တော်တော်ခွကျပါတယ်၊ကျွန်တော်အခု နေ နေတာက ရှေးရိုးစွဲများတဲ့ တောမြို့လေးတစ်ခုဆိုတော့ တစ်ခါတစ်ခါ ပြောဖြစ်ကြရင် ကိုယ်က အလျှော့ပေးရတာများပါတယ်။ ရေများရေနိုင် မီးများမီးနိုင်ပေါ့
koyinmaung
November 27, 2011 at 8:11 pm
ကြုံလို့ပြောရအုံးမယ် ဆရာပေါက်
တရုတ်ပြည်မှာပြောပါတယ် ကျနော်တို့ရောက်ခါစက
တရုတ်တွေနဲ့တအိမ်ထဲအတူနေရတာပါ
အိမ်ရဲ့အတွင်းမှာဟိုဘက်ဒီဘက်ကြိုးနဲ့အဝတ်တန်းလုပ်ထားပါတယ်
ကိုယ်နေတဲ့အခန်းရှေ့လဲဖြတ်လို့ပေါ့…
ဆရာပေါက်ရေ လှမ်းထားလိုက်တဲ့အဝတ်တွေများ ပြောမပြောချင်တော့ဘူး
ဘရာစီယာတွေ အောက်ခံဘောင်းဘီတွေပါ လှမ်းထားကြတာ
သူတို့လဲဒီအောက်ကဖြတ်နေကြတော့…
ဟေဟေ့…..ကိုယ်လဲဘယ်တတ်နိုင်မလဲဖြတ်နေရတာပါဘဲ
ဖုန်းနိမ့်တယ်ဘာညာမစဉ်းစာတော့ပါဘူး….
တရုတ်တွေကမုန့်စားယင်မုန့်ကိုအိပ်နဲ့ကိုင်စားကြတာ
အမယ်..သူတို့ကပြောသေးတယ်မင်းတို့မြန်မာတွေက
လက်နဲ့စားကြတာတဲ့သူတို့ကတူနဲ့စားတယ်ပေါ့
သိပ်သန့်တဲ့တရုတ်တွေလေ
ဒါပေမဲ့ဆရာပေါက်ရေ တရုတ်တွေမနက်မျက်နှာသစ်တော့လဲ
ဒီဇလုံ ညခြေဆေးတော့လဲဒီဇလုံ ဘဲဗျို………
weiwei
November 27, 2011 at 8:49 pm
ကိုရင်မောင်ပြောတာ ဟုတ်ပါတယ် …
ဗလချိုက်တွေလဲ အတူတူပဲ … ခေါင်းရင်းက ကုတင်တိုင်မှာတောင် အတွင်းခံဘောင်းဘီကို ချိတ်ပြီးလှမ်းကြတာပဲ … ဘာမှ အယူမရှိတော့လဲ ဘာမှမဖြစ်ဘူးပေါ့ …
တရုတ်တွေ ကောင်မလေးတွေကို ကုန်းပိုးနေတာ (လမ်းမပေါ်တွေမှာ) …
ကောင်မလေးဖိနပ်ကြိုးတွေကိုလဲ ကောင်လေးတွေက ငုံ့ပြီးချည်ပေးတာပဲ … ကောင်မလေးအိပ်ကို ကောင်လေးက လွယ်ပေးတာပဲ … အိမ်မှာလဲ မီးဖိုချောင်မှာ ကောင်လေးက ဝင်ချက်ပေးတာပဲ ….
အမျိုးသား အမျိုးသမီးခွဲခြားတာမတွေ့ရပဲ တန်းတူအခွင့်အရေးနဲ့ အလုပ်အကိုင်များ အဆင်ပြေချောမွေ့နေတာပဲ …
Gipsy
November 27, 2011 at 8:46 pm
လူတွေဆိုတော့လဲ အသိဥဏ်တွေက မြင့်လွန်း၊ အတွေးတွေကခေါင်ခိုက်၊
ဟိုလိမ် ဒီပိန် အဆင့်မြင့်အတွေးအခေါ်တွေနဲ့ လူ့သဘာဝ ကိစ္စရပ်တွေကို
ဖြေရှင်း၊ စွပ်စွဲ နေကြရတာနဲ့ ချာလပါတ်လည် နေတော့တာပဲ…၊
အမှန်က မွေးကတည်းက ဘုန်းကံ ဆိုတာကြီးက နိမ့်ပြီးသား…၊
Ko Kai ပြောသလို ပေါင်နှစ်ချောင်းကြားထဲ ထွက်လာကြတာလေ….။
( အမှားပါနိုင်တာမို့ ခွင့်လွှတ်ပေးကြပါ )
E.T
November 27, 2011 at 9:19 pm
ထမီလှန်းတာလောက်က သိပ်ကိစ္စမရှိပါဘူး။ အတွင်ခံဘောင်းဘီတို ့ ဘရာစီယာတို ့ အပြင်မှာ မလှန်းရင်ပြီးတာပဲ။ လှန်းလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ့်ဆိုဒ် လူသိမှာ စိုးလို ့ပါ 😀
ကိုပေါက်(မန္တလေး)
November 27, 2011 at 9:24 pm
အီးတီရေ
ဆိုက်ကတော့ အပြင်ကနေကြည့်ပြီးမှန်းလို့လဲရတယ်လေကွယ်။
ကြောင်ကြီး
November 27, 2011 at 10:06 pm
ဟိုးအရင်ကတော့ သာမန်လူတန်းစားသည် မြေစိုက်အိမ်၊ တထပ်အိမ်များမှာသာ အနေများပြီး အိမ်အမြင့်၊ အုတ်တိုက်၊ နှစ်ထပ်ဆိုရင် ဘုန်ကြီးကျောင်း၊ မင်းစိုးကနားနဲ့ လူချမ်းသာများသာ တတ်နိုင်ကြလို့ ဖြစ်လာတာထင်ပါတယ်။ ဘုန်းကြီးလို့ ရဟန်း၊ မင်းမျိုး သူဌေးဖြစ်ရတာကိုး (သဂျီးလိုပေါ့ဗျာ 😮 ) တော်ရုံကြိုးတန်းအောက် ဝင်စရာမရှိ၊ မိမိဦးခေါင်းအထက်မှာလည်း ကိုယ့်ထက်နိမ့်ပါးတဲ့သူ မနေနိုင်ဘူး။ နောက်ပိုင်း ခေတ်ကာလတွေပြောင်းကုန်တော့ ဒီအယူအဆတွေလည်း နည်းကုန်တယ်။ ကြိုးတန်းအောက်ဝင်၊ တမင်တကာလုပ်ထားတဲ့ နေရာအောက်ဝင်တာလောက်ပဲ ကျန်တော့တယ်။ နောက်တခုက ဘုန်းကံတခုထဲ သက်သက်ပြောတာ မဟုတ်ဘူး။ အစီအရင် လက်ဖွဲ့အင်းအိုင်တွေနဲ့လည်း ဆိုင်သေးတယ်။ အဲဒီအရာတွေကို နတ်၊ တန်ခိုးရှင်တွေ စောင့်တယ်လို့ ယုံကြည်ကြတယ်။ အဲဒါတွေကို ယုံကြည်မှုရှိရင်၊ အသုံးပြုနေရင် သူတို့နဲ့ သွားဆွေးနွေးမှ ရမယ်။ မယုံဘူးဆိုရင် ဘာအရေးလဲ၊ လုပ်ချင်တာ လုပ်ပေါ့။ သဂျီးဆို မနဲ့ဆွဲထုတ်ရတယ်၊ (ဘီယာမူးပြီး ကြွက်တွင်းထဲ ခေါင်းစိုက်သွားလို့ 😆 )
ကျနော် မြန်မာပြည်မှာ ရှိစဉ် ဘေးဝရန်တာအတွင်းကြိုးမှာ လှမ်းထားတဲ့ အမေ့ထမီ၊ အမထမီများကို ကြုံကြိုက်လို့၊ မိုးရွာလို့ ရုတ်ပေးရင် မြင်သူအချို့ ထူးဆန်းသလို ကြည့်တယ်။ အမှန်တော့ အဖေက မလုပ်ရင် ဆဲမှာစိုးလို့၊ နောက်တော့ အမေက ကျေနပ်သလို ရှိတာ မြင်တာနဲ့ လုပ်ပေးမိတယ်။ သို့သော် မိန်းမအသုံးအဆောင် ပစ္စည်းလှမ်းတဲ့ ကြိုးတန်းလို့ မသင်္ကာရင်တော့ ဘုန်းနိမ့်မှာတော့ အကြောက်သားဗျ။ မရှောင်နိုင်ရင်တော့ သံဗုဒ္ဓေရွတ် သွားရတာပဲ။ နိုင်ငံဂျားရောက်တော့ ဒါမျိုးဆိုတာ ရှောင်ဖို့ အတော်ခက်တယ်။ ဆိုင်မှာ အဝတ်လျှော်ရင် ယောက်ျား၊မိန်းမ ခွဲလို့ဘယ်ရမလဲ။ အစွဲဆိုတော ပြောရတော့ ခက်တယ်။ စကပ်၊ မိန်းမဝတ် ဘောင်းဘီတို၊ ရှည်များကို မြင်ရလို့ စိတ်ထဲ မသိုးမသန့် မဖြစ်ဘူး။ အတွင်းခံ၊ ထမီ စတာတွေ မြင်ရရင်တော့ ဘုန်းကံဆိုတာ ခေါင်းထဲ ဝင်လာတယ်။ 😀 အကောင်းဆုံးကတော့ သဂျီးဘာပြောပြော ဝိုင်းဆဲကြပါဗျာ။ 😡
TTNU
November 27, 2011 at 10:48 pm
ကိုပေါက်ရေ..
အယူသည်းတာ ဘယ်နေရာမှာမှ မကောင်းပါ။
အမြင်တင့်တယ်တာ မတင့်တယ်တာ နဲ့ပဲ ပြောဆိုဆုံးဖြတ်သင့်ပါတယ်။
ဘုန်းတန်ခိုး ထိခိုက်တယ်လို့ လက်မခံပါ။
မိန်းကလေးအတွင်း အဝတ်တန်ဆာ ပစ္စည်းတွေဟာ လူမြင်ကွင်းမှာ ရှိမနေသင့်ဘူး
ဆိုတာကိုတော့ လက်ခံပါတယ်။
nigimi77
November 27, 2011 at 10:49 pm
အဲဒီ ကိစ္စပဲဗျ
ဘုန်း ဆိုတဲ့ ပြသာနာက
ညာလက်ရုံး ခေါင်းအုံးအိပ်ရင် ဘုန်းနိမ့်တယ် ဆိုပဲ ။
ကျွန်တော် နဲ ့ ကျွန်တော့် ကောင်မလေးတွေ အတူ အိပ်တဲ့ အခါကျရင် သူတို ့ကို
ညာလက်မောင်းမှာပဲ ပေးအိပ်တယ်
ဘယ်လက်မောင်းကဗျာ သွေးလွှတ်ကြော သွေးပြန်ကြောတွေနဲ ့ တိုက်ရိုက် ပတ်သပ်နေတော့
အဲဒီဖက်မှာ ပေးအိပ်ရင် ခဏလေး အတွင်းမှာပဲ လက်တွေက ထုံကျင်လာရော ။
ညာလက်မောင်းက တော်တော်လေး အဆင်ပြေသကိုး ဘယ်လက်မောင်းထက်စာရင် ။
ဘုရားရှင်တို ့မည်သည် ညာဖက်သို ့သာ စောင်းပြီး လဲလျောင်းသော သဘာဝရှိတယ်လို ့
ကြားဖူးပါတယ် ။ ဒါကလဲ ဒါပေါ့ ။ ယူတတ်ရင် အသိပေါင်းစုံပါပဲ ။
အဝတ်အစားကို လျှော်စက်ထဲမှာ ထည့်ပြီး လျှော်တဲ့ အခါ ကျွန်တော်တွေးတဲ့ အဓိက အချက်က
အလွန်ကို အချိန်မပေးနိုင်တဲ့ လက်ရှိ လူနေမှု အနေအထားမှာ ကိုယ့်ရဲ ့ မဖြစ်မနေလုပ်ရမဲ့
လူနေမှု ကိစ္စတွေကို အချိန်ကုန်သက်သာအောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာရယ် အရောင် အစွန်း
အထင်းမရှိအောင် ဘာနဲ ့ဘာနဲ ့တွဲပြီး လျှော်မလဲ ဆိုတာမျိုးကို တွေးပါတယ်။
လျှော်စက် နဲ ့လျှော်တဲ့ လူနဲ ့ သာမာန် လက်လျှော် လူ နဲ ့တော့ အယူအဆခြင်းကွဲပြားနိုင်ပေမဲ့
မစင်ဆိုတာဟာ မစားခင် အချိန်အထိတော့ ထမင်းဖြစ်ခဲ့တယ် ဆိုတာပါပဲ ။
သူတပါးနိုင်ငံမှာနေစဉ် ကာလက အတူနေ မိန်းကလေးနဲ ့ ကျွန်တော့ရဲ ့ အဝတ်တွေကို
လျှော်တဲ့ အခါ မိန်းမ အတွင်းခံမို ့လို ့ အတူ မလျှော်နိုင်ဘူးဆိုတာကို တွေးဖို ့ အချိန် မရှိလောက်
အောင်ကို အလုပ်များပါတယ် ။ မြန်မာပြည်မှာ အရင် ခေတ်က ပြန်လည်လျှော်ဖွတ်သုံးစွဲ ခဲ့သလိုမျိုးပဲ
အတွင်းခံ မကလို ့ သူတို ့ရဲ ့လစဉ်သုံး ပစ္စည်းက ကမ္ဘာပေါ်မှာ လက်ကျန်မရှိတော့လို ့ လျှော်ဖွတ်ရမယ်
ဆိုရင် အနည်းဆုံးတော့ ကျွန်တော့ အတွင်းခံတွေနဲ ့အတူ လျှော်ဖွတ်ရမှာပါ ။
တခုပဲရှိတာက အရောင်တူ ရွေးချယ်မှုနဲ ့ပဲ ခွဲခြားမှုဆိုတာပဲ ရှိလာမယ် ။ အရောင်စွန်းထင်းရင်
အထည်ပျက်စီးမယ်လေ ။ တချို ့အဝတ်တွေက ဆိုးဆေးက အရောင်ကျွတ် လွယ်တော့ ။
ကျွန်တော် မိန်းမပေါင်းများစွာရဲ ့ ပေါင်ပေါ်မျာ ခေါင်းအုံးပြီး အိပ်ခဲ့ဖူးတယ် ။
သူတို ့က ပြောရှာပါတယ် ။ ဘုန်းနိမ့်မယ်တဲ့ ။
ပေါင်ပေါ်မှာ ခေါင်းတင်အိပ်ရင်း ကျွန်တော် ဝန်ခံခဲ့ပါတယ် ။
စိတ်မပူပါနဲ ့ ။ မိခင်လောင်း တစ်ယောက်ရဲ ့ အလွန်နူးညံ့တဲ့ နေရာမှာ အိပ်ခွင့်ရတာဟာ
ငါက သိပ်ပြီး ကုသိုလ်ကံ ထူးလို ့ပါ ။ ငါ့အမေရဲ ့ ဟောဒီနေရာ တဖြစ်တလဲ ငါ့ရဲ ့လူ ့ပြည်
တံခါး အဝဟာ ဟောဒီ ဘုန်းနိမ့်မယ် ဆိုတဲ့ ထမီအောက်မှာ ရှိနေတာပါလို ့ ။
ဆိုတော့… သူတို ့ဟာ ကျွန်တော့်ကို အလွန် ချစ်မြတ်နိုးကျပါတယ် ။
သူတို ့ရဲ ့ စိုးရွံ ့နေတဲ့ တံတိုင်းတခုရဲ ့နောက်ကွယ်က အမှန်တရားကို လက်ခံပေးနိုင်လို ့ပါပဲ။
ကျွန်တော် ဘယ်တုန်းကမှ ဘုန်းမနိမ့်ခဲ့ပါဘူး ။ကံနိမ့်တယ် ဆိုတာလဲ မရှိခဲ့ပါဘူး ။
မိခင်လောင်းတွေကို ရိုသေ မြတ်နိုး လေးစား အသိအမှတ်ပြုတဲ့ စိတ်နဲ ့ဆက်ဆံခဲ့တဲ့ အတွက်
အရာရာတိုင်းဟာ အဆင်ပြေလွန်းမက ပြေခဲ့သလို ပြေနေဆဲဖြစ်သလို ရှေ ့လျှောက်လဲ ပြေနေဦးမှာပါ။
နောက်ဆုံး တခွန်းလောက်ပြောပရစေ ။ ခွင့်လွတ်ပါ ကိုပေါက် ။
ဘုန်းနိမ့်မယ် ဆိုလို ့ လျှာဖြတ်ခံရမယ် ဆိုရင် လျှာဖြတ်ခံရမဲ့ အလုပ် ကို လုပ်တဲ့ ယောကျာင်္းတွေ
တောင်လို ပုံနေမည့် အထဲမှာ ကျွန်တော်က ထိပ်ဆုံးက ပါနေပါတယ် ။
Moe Z
November 28, 2011 at 10:29 am
ခရက်ဒစ်ပေးသွားပါတယ်ဗျို့ 😀 😀
etone
November 29, 2011 at 3:26 pm
ဟီးဟီး …ကဏန်းကြီးရဲ့ … ကော့မန့်တွေ ဖတ်ရတဲ့အထဲ ဒီကော့မန့်ကို အကြိုက်ဆုံးပဲ … ။
ပြောရင်းပြောရင်း … သူ ့အကြောင်းတွေလည်း ကုန်သလောက်ရှိပြီ 😀
ဆူး
November 28, 2011 at 9:25 am
မြို့မှာ နေတဲ့ လူတွေကတော့ ဒါမျိုးတွေ က အယူသိပ်မရှိတော့ဘူး ထင်ပါတယ်။
အဲလို ဘုန်းနိမ့်တယ်တာ ဆိုရင် မြေအောက်လှိုင်ခေါင်း ဘယ်ဖောက်တော့မလဲနော်..
စစ်ဖြစ်နေတုန်း ဗုံးခိုကျင်းထဲ ဘုန်းနိမ့်မှာ စိုးလို့ အထက်ကနေ ပေါ်ပေါ်တင်တင် လျှောက်ကြည့်ပါလား..
စစ်ဆိုတာ တောထဲမှာပဲ ဖြစ်တာ မိန်းမ မရှိလို့ မငြင်းနဲ့နော်.. ဗီယမ်နာမ်က ကူချီ ဥမင်လှိုင်ခေါင်းနဲ့ တရုတ်ပြည်က မော်စီတုန်း ခေတ်တုန်းက လုပ်ခဲ့တဲ့ လှိုင်ခေါင်းတွေ စသဖြင့် စသဖြင့်.. ပေါ့.. နိုင်ငံက အကြီးအကဲ အုပ်ချုပ်သူတွေက အစ လူတွေရဲ့ အောက်ကနေ လူတွေ သွားလာပြီး လွတ်လမ်း အတွက် လုပ်ရတာပါပဲ။ ဆာဒမ်ဟူစိန် ဆိုရင် ကြွက်တွင်းထဲက ရတာတဲ့.. သူလည်း ကြွက်တွင်းဝ ကို ထမိန်အုပ်ပြီး ဘုန်းနိမ့်အောင် လုပ်ခံရပြီး အဖမ်းခံရတာလား မသိဘူးနော်.. ဟိဟိ..
ပေါက်ဖော်
November 28, 2011 at 10:51 am
တော်သေးတယ်..မြန်မာပေါင်ချိန် ဉာဏ်ကောင်းသွားလို ့ပေါ့..
နို ့မို ့ဆို လွယ်ဘူး….
😆
Shwe Tike Soe
November 28, 2011 at 1:05 pm
ဟုတ်ပဗျာ ကျွန်တော်တို. လူမျိုးတွေက မလိုလားအပ်တဲ့ အယူသီးမှုတွေကြောင့် တိုးတက်သင့်သလောက်မတိုးတက်ကြတာ…
ဘုန်းနိမ်.မှာဆိုးလို. မလုပ်ပဲထားရင် ဘာမှကို လုပ်လို.ရမှာမဟုတ်တော့ဘူး…
ခေတ်သစ်မဟော်သဓာ ဦးလှဖေ ကိုတော့ ချီးကျူးသဗျာ…
cobra
November 28, 2011 at 3:11 pm
တပ်မ၇၇
အရမ်းမိုက်တယ်
ွှအရင်တုန်းကသိပ်မလေးစားဘူးဗျ
ခုတော့တော်တော်လေးစားသွားပီ
အကိုပြောတာတွေကမှန်ပါတယ်
ထမိန်အောက်ဝင်လို့ဘုန်းနိမ့်တယ်တိုတာက
အိမ်ထောင်မရှိတဲ့ တကယ့်လူပျိုကြီးစစ်စစ်
တွေကသာပိုလို့အယူကြီးနေကြတာပါ
ထမိန်အောက်ဝင်လို့ဘုန်းနိမ့်ကြေးဆိုရင်
ခုခေတ်ထဲမှာ အိမ်ထောင်ရှိတဲ့သူတွေမပြောနဲ့
အိမ်ထောင်မရှိတဲ့လူငယ်တွေလည်း ဘုန်းဆိုတာဘာမှန်းတောင်မသိအောင်
ဖြစ်နေကြပီ………….
hmee
November 28, 2011 at 3:48 pm
ဒီမှာလည်း ဒီနေ့ အတွင်းခံတွေ တန်းစီလို့ ကလစ်လေးတွေနဲ့ ချိပ်ပြီးလှန်းထားတာများ တလွင့်လွင့်။ နောက်နေ့ကြတော့ ယောက်ကျား အကျင်္ ီတွေ ချိပ်လှန်းလို့။ အဝတ်လျှော်စက်ထဲ အတူတူလည်း ထည့်လျှော်တာပဲ။ ဘုန်းနိမ့်ကြေးသာဆို ဒီဂျုးတွေ တယောက်မှ ထွန်းပေါက်မှာ မဟုတ် အခုတော့ တော်လိုက်ကြတာ။ ကျွန်မတို့ ရန်ကုန်အိမ်မှာလည်း ကျွန်မတို့ အလုပ်သွားလို့ အပြင်မှာ လုံချည်တွေ လှန်းခဲ့ရင် မိုးရွာလာတာနဲ့ မောင်လေးတွေက ရုပ်ပေးတာပါပဲ။ အမြင်မတော်မှာ စိုးလို့သာ လုံချည်တွေကို နောက်ဖေးဘက်မှာ လှန်းတာပဲရှိတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ တော်တော်ကို အယူသည်းတာ။
ကိုပေါက်(မန္တလေး)
November 28, 2011 at 6:04 pm
ဒီပို့စ်ရေးရတာ တကယ်တန်တယ်ဗျာ။
ကျေနပ်သွားပြီ။
ခုခေတ်လူတွေအယူမသီးဘူးဆိုတာပြလိုက်နိုင်လို့။
kai
November 29, 2011 at 12:43 am
ကိုပေါက်ရေ..
ဒီရွာသားတွေ.. ရေးရင်း..ဆွေးနွေးရင်း..
တတပ်တအား.. ကြယ်ငါးလေးတွေ… ဝိုင်းပစ်ပေးတာကြောင့်.. ခုခေတ်လူတွေအယူမသီးဘူး ဖြစ်လာတယ်ဆို.. ယုံမလား..။ 😆
လွတ်လပ်စွာ ရေးသားပြောဆိုနိုင်ခြင်းရဲ့.. တန်ဖိုးတခုပေါ့..။
ကိုပေါက်(မန္တလေး)
November 29, 2011 at 11:52 am
သိပ်ဟုတ်တာပေါ့ကိုခိုင်ရေ။
ဒီပိုစ်လေးကိုကျနော်ရေးမိတာ တကယ်ကိုကျေနပ်သွားပြီ။
လူတွေအယူမသီးတော့ဘူးဆိုတဲ့အမြင်ကို ဖွင့်ပြခွင့်ရလိုက်လို့ပါ။
ဒီဖူးစာရှင်လေးဆို်က် က ပိုပြီးအားရပါးရကိုရေးကြတာ။
လင့်ပေးလိုက်ပါတယ်။
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:3103711?commentId=6384739%3AComment%3A3132160&xg_source=msg_com_blogpost
etone
November 29, 2011 at 3:49 pm
လေးပေါက်ရေ … အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ … ။
အလုပ်များနေတာနဲ့ .. အခုမှပဲ ဖတ်မိတယ် … အဖတ်နောက်ကျရလေခြင်းလို့ အားမလိုအားမရဖြစ်မိတယ် … ။
အယူဆွဲတာကတော့ ရှေးလူကြီး အများစုမှာသာရှိတာပါ .. ဒီခေတ်မှာ အထိုက်အလျှောက် အယူဆွဲမှုတွေ လျော့ပါးကုန်ကြပါပြီ … အထူးသဖြင့် လက်တွေ့ကျကျလူငယ်တွေကြားမှာ အယူသီးမှုကတော့ အနည်းငယ်လောက်ပဲ ကျန်တော့တယ် … ။
သမီးလည်း အရင်က ဒီကိစ္စလိုမျိုး တွေးမိတယ် … ။ အရင်က အရမ်းကို ရွံတတ်တာ … အိမ်နောက်ဖေးခန်းမှာတောင် ထမင်းမစားဘူး … အဲ့လို .. အဲ့လို .. ဇီဇာလည်းကြောင်သေးတယ် .. ။ အမေ့အိမ်မှာ ပြန်နေတုန်းက သုံးလွှာဆိုတော့ အပေါ်ထပ်ရော ၊ အောက်ထပ်ရော ရှိတဲ့…… ကြားအခန်းဖြစ်နေတယ် .. ဒီတော့ …. ပြန်တွေးမိတာက .. ကိုယ်အိမ်သာထဲဝင်တဲ့အချိန် သူများအိမ်သာက ကိုယ့်ခေါင်းပေါ်ရောက်နေပါလားဆိုပြီးတော့လေ … ။ တွေးမိမိချင်း အိပ်လို့တောင်မပျော်ဘူး ရွံလွန်းလို့လေ … ။ နောက်မှ တွေးကြည့်တာ … တခြားအိမ်တွေ အလည်သွားတာပဲဖြစ်ဖြစ် ၊ ရုံးတက်ရုံးဆင်းလုပ်ရတာပဲဖြစ်ဖြစ် ဒီကိစ္စမျိုးကတော့ ရှိနေဦးမှာပဲ … ဘာမှသိပ်မတွေးတော့ဘူးလို့ စိတ်ကိုထားလိုက်တော့မှ အခုလို ထောင်ကျကျ ၊ ပြားကျကျ ဖြစ်သွားတာ … ။
chitlay
November 29, 2011 at 4:10 pm
အခုခေတ်လူငယ်တွေက အဲ့လိုမျိုးအယူတွေမရှိသလို အယူလဲမသီးကြတော့ပါဘူး …။ ဟိုးရှေးရိုးစွဲ လူကြီးတွေအနဲအကျဉ်းလောက်သာ အဲ့လိုအယူတွေရှိနေကြသေးတာပါ…။