ရေထဲ ပြန်ရောက်သွားသော ငါးကလေးများ
အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းဆိုတာကို ရွာထဲမှာ ၂၀၀ဝ အဖွဲ့နဲ့ ဒေါ်ပဒုမ္မာ တို့ ကျေးဇူးကြောင့် သိနေခဲ့တာ ကြာပါပြီ ရောက်ဖူးတဲ့ မိတ်ဆွေတွေ ပြောပြလို့လဲ ပါတာပေါ့ ဖတ်ဖူး ကြားဖူးကတဲက သွားချင်နေတာ အရင်ပတ် ပိတ်ရက်ကတော့ အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ် ၊ ရောက်ပုံက ဂျပန်က အဘိုးကြီး အဘွားကြီးတွေ စုပြီး သူတို့နိုင်သလောက် မြန်မာနိုင်ငံကို နှစ်စဉ်လာ ပညာသင်ထောက်ပံ့ကြေးပေး၊ လှူတန်းနေတဲ့ အလှူရှင်အဖွဲ့လေး တစ်ဖွဲ့ ရှိပါတယ် ၊ မနှစ်က သူတို့ရောက်လာတော့ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်း အကြောင်း ပြောပြတာ စိတ်ဝင်စားတာနဲ့ ဘုန်းကြီးကျောင်းကို ရောက်ပြီး ဝတ္ထုငွေ လှူကြပါတယ် ၊ နောက် ဘုန်းကြီးကျောင်းထဲမှာ စာသင်ကျောင်းရှိတော့ တချို့ ဖိနပ် စီးကြပေမဲ့ မစီးနိုင်တဲ့ သူက ခပ်များများမို့ ဖိနပ် လှူချင်တဲ့ သဒ္ဒါပေါက်ပြီး ကျောင်းရှိ သံဃာ၊ ကျောင်းသားအကုန် ဖိနပ်လှူချင်တယ် ဆိုတာနဲ့ လိုအပ်တာလေး စီစဉ်ပေးပြီး ဂျပန်အဖွဲ့နဲ့ သွားလှူရင်း ရောက်ဖြစ်သွားတာပါ။
အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းက လှိုင်သာယာမြို့နယ် အလယ်ကျေးရွာမှာ ရှိပါတယ် ၊ အောင်ဇေယျတံတားက သွားရင် တံတားကဆင်းတာနဲ့ တွေ့ရတဲ့ ငွေပင်လယ်ရေလုပ်ငန်းစက်မှုဇုန် ဆိုတဲ့ ဆိုင်းဘုတ်ဘေးက လမ်းအတိုင်း ဝင်လိုက်ရုံလေးနဲ့ ရောက်ပါတယ် ကျွန်တော်တို့ ရောက်သွားတော့ ကျောင်းပေါ်မှာ လာလှူတဲ့ အဖွဲ့တွေ ရှိနေလို့ ကျောင်းအောက်မှာ ခဏစောင့်နေရသေးတယ် အောက်မှာ ကျောင်းသားလေးတွေက အတန်းလိုက် တန်းစီလို့ ပစ္စည်းရပြီးတဲ့ ကလေးတွေက စာအုပ်၊ခဲတံ ၊သွားတိုက်တံ လေးတွေ ပိုက်ပြီး ပြန်ဆင်းလာကြနဲ့ သူတစ်ပါး လှူတန်းတာကို မြင်ရ မုဒိတာပွားရတာတင် ကျေနပ်ကြည်နှုးဘို့ကောင်းတာ ကိုယ်တိုင် လှူရတဲ့ အလှူရှင်တွေအတွက်ကတော့ ဆိုဘွယ်ရာမရှိပါပဲ …
လှူဘို့ ယူသွားတာ ဖိနပ် ၁၂၅၅ ရံ ပါ ၊ ဖိနပ်တွေကို အောက်မှာ ဖြန့်ခင်း ပြင်ဆင်တော့ ကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာ ကိုဇေယျာဝင်း နဲ့ ကိုရင် မယ်သီလရှင် ကျောင်းသားလေးတွေ အားလုံး က တက်တက် ကြွကြွ နဲ့ ဝိုင်းလုပ်ပေးကြပါတယ် ၊ ကျောင်းကို ရောက်ရောက်ခြင်း သဘောကျတဲ့ အချက်က စီစဉ် ညွှန်ကြားပေးနေတာ ကိုဇေယျာဝင်း တစ်ယောက်ထဲ ကျန်တဲ့ အရွယ်စုံ ဆိုဒ်စုံ ကလေးအားလုံးက သူပြောတဲ့ အတိုင်း လိုက်လုပ်ကြတယ် လုတာ ယက်တာ ဆူညံတာမျိုး မရှိဘူး ၊ ကလေးအားလုံးလိုလို က ဆင်းရဲနွမ်းပါးမယ် ၊ အဝတ်အစား ဟောင်းနွမ်း နေမယ် ဒါပေမဲ့ ညှိုးညှိး ငယ်ငယ် မရှိဘူး ၊ စိတ်ဓါတ်ကျ အားငယ်နေတာမျိုး မရှိဘဲ အားလုံးက ပျော်ပျော်ရွင်ရွင်နဲ့ တက်ညီလက်ညီ လုပ်နေကျတာကိုပဲ ၊ အခုလို ဘက ကျောင်းမျိုးမှာ မဟုတ်ပဲ ရပ်ကွက်ထဲ မှာ ဒီလို ကလေးအုပ်ကို စည်းကမ်း ရှိရှိ ထိန်းဘို့က မလွယ်ပါဘူး ၊ နောင် ပညာတတ်ကြီးတွေ ဖြစ်ဘို့ ဆိုတဲ့ ကိစ္စကို ခဏထား လောလောဆယ် ကို ဘက ကျောင်းတွေကနေ စိတ်ဓါတ်ပိုင်း အကျင့်စာရိတ္တပိုင်း တိုးတက်အောင် လုပ်ပေးနေတဲ့ မြင်သာတဲ့ အချက်ပဲ ၊ကိုဇေယျာဝင်း ဆိုလဲ အောင်ဇေယျာမင်း ကျောင်းထွက်တစ်ယောက် သူတက္ကသိုလ် ဒုတိယနှစ်မှာ ကျောင်းရောက်လာတယ် ဆရာတော်က ကျောင်းဆက်ထားပေးတယ် ဘွဲ့ရပြီးတော့ ကျောင်းမှာပဲ ကလေးတွေကို စာဆက်သင်ပေးနေတယ်..၊ အလှူရှင် ပထမအဖွဲ့က သူတို့ က လှူချင်လို့သာ လာလှူလိုက်ရတယ် ကျောင်းမှာရှိတဲ့ ကျောင်းသား အရေအတွက် အတိအကျ ကို ကြို မမေးလိုက်မိဘူး ၊ ကြိုသိရင်ပိုကောင်းမှာလို့ ပြောတယ် ၊နောက် လှူချင်တဲ့ သူတွေ အတွက် အဆင်ပြေအောင် ဦးရေစာရင်းလေးပါ ရေးပေးလိုက်ပါတယ် ၊ ကျောင်းမှာ ရှိတာ ကျောင်းနေ ရဟန်း ၆၂ ပါး ၊ ကိုရင် ၉၃ ပါး ၊ သီလရှင် ၆၉ ပါး နဲ့ ကျောင်းသူ/သား ၃၀ရ ယောက် ရှိပါတယ် ၊ ဒါက ကျောင်းအိပ် ကျောင်းစားပါ ကျောင်းမှာ စာပဲ လာသင်တဲ့ ကလေးက သူငယ်တန်း (ကျား/မ) – ၉၉/၇၁ = ၁၇ဝ ၊ ပထမတန်း ၈၁/၇ဝ = ၁၅၂ ၊ ဒုတိယတန်း ၆၉ /၄၆ = ၁၁၅ ၊ တတိယတန်း ၃ဝ /၃၁ = ၆၁ ၊ စတုတ္ထတန်း ၂ရ /၃၃ = ၆ဝ ပဉ္စမတန်း ၃၈ /၃၄ = ၇၂ ၊ ဆဌမတန်း ၂ရ /၂၅ = ၅၂ ၊ သတ္တမတန်း ၂၂ /၂၁ = ၄၃ အားလုံး စုစုပေါင် ၁၂၅၅ ဦး ရှိပါတယ် ။
ပထမအဖွဲ့ လှူပြီးသွားတဲ့ အချိန်မှာ တပိုင် တနိုင် ဆန်အိပ် ၊ အဝတ်အစား လာလှူနေကြသူတွေကလဲ တဖွဲဖွဲပါပဲ ၊ ဘာကြောင့် အလှူရှင်တွေ ပေါရသလဲ ဆိုတာကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တဇေယျာနန္ဒ ကိုဖူးရတဲ့ အချိန်မှာ သဘောပေါက်သွားပါတယ် ၊ ဆရာတော့် မျက်နှာမှာ ပရဟိတ လုပ်ငန်းတွေအတွက် ထက်သန်တဲ့ စိတ်ထားနဲ့ တက်တက်ကြွကြွ လုပ်နေတာ ပေါ်နေပါတယ် လာလှူတဲ့ အလှူရှင်တွေ သဒ္ဒါပေါက်အောင် ထပ်လှူချင်စိတ်ဖြစ်အောင် ပြောနိုင်တာကြောင့်လဲ ပါမယ်ထင်ပါတယ် ဖိနပ်လာလှူတဲ့သူတွေကို ဒီက ကလေးတွေ ဖိနပ်လိုနေတာ အတော်ပဲ ဖိနပ်မရှိတော့ ဒုက္ခရောက်ကြတယ် စာအုပ်လာလှူတဲ့သူကို ကလေးတွေ စာအုပ် မရှိတော့ ဘယ်လိုရေးနေရတာ အဆင်မပြေဘူး ဆိုတာမျိုးပေါ့ ဆရာတော် ပြောတာလဲ အမှန်တွေပါ ရပ်ကွက်ထဲက ဘာမှ မရှိတဲ့ ကလေးတွေကို စားဘို့ သောက်ဘို့ ကျောင်းနေဘို့ပါ တာဝန်ယူပေးနေရတာ ဆိုတော့ အားလုံးက လိုနေတာပါပဲ…
အလှူရှင် ဂျပန်အဖွဲ့တွေက လှူရတဲ့ အကြောင်းလေး ရှင်းပြ ပစ္စည်းတွေလှူနဲ့ သူတို့ ထုံးစံအတိုင်း စနစ်တကျပေါ့ ကျွန်တော်ကတော့ ဒီအလှူဖြစ်မြောက်အောင် စီစဉ်ပေးတာ ၊ လုပ်အားဒါန နဲ့ ကျွန်တော် နိုင်သလောက်လေး ဆရာတော်ကို နဝကမ္မ လှူဒါန်းတာမျိုးပဲ လုပ်ခဲ့ပါတယ် သူတို့အဖွဲ့ ကို ဆရာတော်က ဘုရားအဆက်ဆက် ဟောခဲ့တဲ့ ဆိုတဲ့ တရားအတိုလေး ဟောတယ် အချက် သုံးချက်ပေါ့ ပထမအချက်က မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ဒုတိယက ကုသိုလ်ရမဲ့ဟာလုပ် လှူတာ တန်းတာ ကူညီတာ အသိပညာ ဖြန့်ဝေတာမျိုးပေါ့ ( ရွာထဲမှာ ပို့စ် တင် သူ မန်းသူတွေလဲ သူတစ်ပါးကို အသိပညာ တွေ မျှဝေပေးနေတာမို့ ကုသိုလ် ရနေကြပါတယ် ) နောက်ဆုံးအချက်က စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါတဲ့ တကယ့် လက်တွေ့ကျတဲ့ အချက်လေးတွေပါပဲ ၊ ဆရာတော် နဲ့ စကားပြောနေတုန်း ၂ နှစ်လောက် ရှိမဲ့ ကလေး မလေး လျှောက်သွားလိုက် ကစားလိုက် ဆရာတော်ပေါ် တက်လိုက် လုပ်နေတာ ဆရာတော်က အေးအေးဆေးဆေးပဲ ချော့လိုက် ချီလိုက်နဲ့ ကလေးက လူလဲမကြောက်ဘူး မေးကြည့်တော့ မိဘမဲ့ကလေးလေး ငယ်ငယ်ကတဲက သူများပစ်ထားလို့ ကောက်ယူပြီး မွေးစားထားတာ တဲ့ နောက် ရင်ခွင်ပိုက် ကလေးလေးတစ်ယောက်က လှိုင်သာယာက အမှိုက်ပုံမှာ ပစ်ထားတဲ့ကလေး ၊ အဲဒီလို ကလေးငယ် ၄ ယောက်ရှိတယ် တစ်ကျောင်းလုံး မိဘမဲ့က ၁၇ဝ ကျော်လောက်ရှိတယ် လက်ခံထားတာကလဲ လူမျိုး ဘာသာ မရွေးလက်ခံထားတာ ဆရာတော်ရဲ့ စိတ်ရှည်မှုနဲ့ ကလေးတွေပေါ် ထားတဲ့ မေတ္တာကို လေးစားချီးကျူးမိတယ် ၊ကျွန်တော်တို့ မှာ ကိုယ်တိုင်မွေးထားတဲ့ကလေး တစ်ယောက် နှစ်ယောက် ကို နဲနဲများ ဂျီလာရင် စိတ်မရှည်ချင်တော့ဘူး နေ့စဉ် ကျောင်းသား အယောက်တစ်ထောင်ကျော်ကို ထမင်းကျွေးဘို့ စာသင်ဘို့ စီစဉ်ပေးရတာ လွယ်တာမဟုတ်ဘူး…
ဘုန်းကြီးကျောင်းက ဟိုအရင်ကတဲက ရှိတာ နှစ်တော်တော်ကြာပြီ နောက်ပိုင်း ရွှေလင်ပန်းစက်မှုဇုန် တို့ ငွေပင်လယ် စက်မှုဇုန်တို့ လုပ်ဘို့ အဲဒီနေရာက လယ်တွေ သိမ်းလိုက်တော့ လယ်သမားတွေက အလုပ်လက်မဲ့တွေဖြစ်ပြီး ဒုက္ခရောက် ၊ ရရာ အလုပ်လေး လုပ်နိုင်ဘို့ အနီးပတ်ဝန်းကျင်မှာ တွယ်ကပ်နေရတာ ပတ်ဝန်းကျင်က ကလေးတွေ စာသင်ဘို့ နေနေသာသာ စားရေး နေရေးကိုတောင် ဖြစ်သလို ဖြေရှင်းနေရတာ ဆရာတော် ဒီကျောင်းရောက်တော့ ၂၀၀ရ ခုနှစ် သိမ်တစ်ခုနဲ့ ကျောင်းအိုကြီး တစ်လုံးပဲရှိတယ် ရောက်လာကာစကတော့ ပရိယတ္တိသက်သက်ပဲ မိဘမဲ့ကလေးတွေ တွေ့လိုကျောင်းမှာ ခေါ်ထား စာသင်ပေးရင်း ကျွေးမွေးရင်းနဲ့ ပရဟိတဘက်ရောက်လာတာ ဆရာတော် တကယ်လုပ်မှန်းသိတော့ တကယ်ကူညီတဲ့ သူတွေလဲ ရှိလာပြီး နှစ်ထပ်ဆောင် သုံးလုံး တစ်ထပ်ဆောင် ခြောက်လုံးဖြစ်လာတယ် ကျောင်းဝိုင်းထဲက ချောင်းဟိုဘက်ကမ်းမှာ မယ်သီလရှင်တွေအတွက် တစ်ပါးကျောင်းလေးတွေသုံးဆယ် ရှိလာတယ် MRTV- 4 က (ရ)နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဆန်အိတ်တွေ နဲ့ တခြားလိုအပ်တာတွေ လာလှူတယ် ၊ ဆရာဝန်တွေက အခမဲ့ဆေးခန်းလေးမှာ လာကုပေးတယ် ၊သွား ဆရာဝန်တွေ လာတယ် ၊ စာမေပွဲ နီးရင် ကျူရှင်ဆရာတွေက အနီးကပ် လာသင်ပေးတယ် ၊ ကျွန်တော်တို့ သွားတဲ့နေ့က ဆံပင်ညှပ်ဆရာတွေ အခမဲ့ လာညှပ်ပေးတာတောင် တွေ့ခဲ့ရသေးတယ် ၊ ကျောင်းမှာ စာကြည့်တိုက်လေး ရှိတဲ့အတွက် စာအုပ် အသစ် အဟောင်း လှူလို့ရတယ် …..
ကျောင်းမှာ သံဃာတော်တွေကို နေ့စဉ် နှစ်ကြိမ် ဆွမ်းကျွေး ၊ လူတွေကို သုံးကြိမ် ထမင်းကျွေးတယ် ကျွေးတာကတော့ တပတ်မှာ အသားဟင်း နှစ်ကြိမ် ကျန်တာ ထမင်း၊ပဲဟင်းနဲ့ငါးပိရည်ပဲ ဒါတောင် တစ်နေ့ ဆန်သုံးအိပ် ကုန်တယ် ၊ ကလေးငယ်လေးတွေက ကိုယ့်ပန်ကန် ကိုယ်ယူ ထမင်းထည့် တန်းစီ ဦးဇင်းတွေ ကိုရင်ကြီးတွေက ဟင်းထည့်ပေးတယ် ပြီးရင် ကိုယ့်ပန်ကန် ကိုယ်ဆေး ကြောင်အိမ်လေးထဲ ပြန်စီ လုပ်ကျတယ် နောက် ဆရာတော် စီစဉ်ထားတာလေး တစ်ခုကလဲ သဘောကျစရာပဲ ဦးဇင်းတစ်ပါးစီ ကို ကို်ယ့်အောက်က ကိုရင်လေးတွေ ကျောင်းသားငယ်လေးတွေကို ကြီးကြပ်ဘို့ ခွဲပေးထားတယ် သူတို့ရဲ့ပညာရေး ကျန်းမာရေး စည်းကမ်း အားလုံးကို ကိုယ့်အစုလိုက် ကိုယ်ကြီးကြပ်ရတယ် အဆင့်ဆင့် အုပ်ချုပ်တဲ့ သဘောတရားလေးလဲ သိ ၊ ကြီးကြပ်ကွပ်ကဲ ရတာလဲ လွယ်သွားတယ် ဆရာတော် တစ်ပါးထဲနဲ့ အားလုံးကို ကြည့်ဘို့ဆိုတာ မလွယ်ဘူး ၊ ဆရာတော် တတ်နိုင်သမျှ လုပ်ပေးနေပေမဲ့ ချည်ပေါင်းဟင်းရေကျဲ ငါးပိရည် နဲ့ကို အားရပါးရ စားနေတဲ့ ကလေးငယ်တွေမှာ အဝတ်အစား မပြည့်စုံတာ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာတွေ နဲ့ တခြားလိုအပ်မှုတွေ အများကြီး ရှိပါသေးတယ် ၊ တခြားဟာတွေထား စားသောက်ရေး တစ်ခုထဲကို မနက်စာ အတွက် ၄ သိန်း ၊ နေ့လည်စာ ၅ သိန်းခွဲ နဲ့ ညနေစာ ၂သိန်းခွဲလောက် သုံးနေရတော့ နေ့စဉ် ၊ လစဉ် ကုန်ကျစရိတ်ကို တွက်ကြည့်ရတာတင် ရင်မောစရာပါ ၊ ဒါပေမဲ့ ဆရာတော် ကတော့ မနက်ဖြန်ဆိုတာကို မစဉ်းစားအားပဲ နေ့စဉ် ကျွေးမွေးစောင့်ရှောက်လာတာ ဒီနေ့ထိတော့ ဒီ ဝန် ကို ထမ်းနိုင် နေတုန်းပါပဲ ၊ မနေ့က သတင်းတစ်ခုမှာ ကြားလိုက်တာ ပဲခူးမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၂ ကျောင်း ရှိတာ ၊ လူတွေ စီးပွားရေးကြပ်တည်းလာလို့ အလှူရှင် နဲလာတာကြောင့် ဆက်လက် ရပ်တည်ဘို့ ခက်ခဲ လာတယ်လို့ ဆိုပါတယ်၊ ဒီ ဘုန်းကြီးကျောင်း မှာ ဆရာ/မ ၂ဝ ကျော် ရှိတာ တစ်ယောက်ချင်းကို ရှိုင်းဟုပ် ကုမ္မဏီက လစာနှစ်သောင်း ဆရာတော်က ဆန် ၁ဝ ပြည်နဲ့ နေ့စဉ် ကားခ ၂၀ဝ ပေးနေရပါတယ် ၊ဒီတပတ် ဂျာနယ် တစ်စောင်မှာ တွေ့တာက ရှိုင်းဟုပ်က ဘက ကျောင်းတွေမှာ ရှိတဲ့ ဆရာ/မ တွေရဲ့ လခ ပေးနေတာတွေ နောက်ပိုင်းကျ ရပ်တော့မယ် တဲ့ အဲဒီအတွက် လဲ လိုအပ်ချက်တွေက ရှိလာဦးမှာပါ…
မြန်မာပြည်မှာ ဘကကျောင်းတွေ အများကြီး ရှိပါတယ် အဲဒီထဲက တစ်ကျောင်းဖြစ်တဲ့ အောင်ဇေယျာမင်း ကျောင်းဆိုတာများ မရှိခဲ့ရင် အခု ဒီပတ်ဝန်းကျင်းက ကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားခွင့် ရဘို့ဆိုတာ မလွယ်ပါဘူး တချို့ ငယ်ငယ်နဲ့ အသက်ဆုံးရှုံးမယ် အများစု က အလုပ်ကြမ်းသမားလေးတွေ ဖြစ်လာမယ် တချို့တွေ ပညာမတတ် ဘာသာရေးအဆုံးအမ မရှိလို့ အခြေအနေကလဲ တွန်းပို့လို့ ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်းကို ဒုက္ခပေးမဲ့ လူဆိုးသူခိုးလေးတွေ ဖြစ်လာမယ် ၊ အခု ကျောင်းမှာ ကျောင်းသားတစ်ထောင်ကျော်ကို စာသင်ကြားပေးတယ် စောင့်ရှောက်ပေးထားတယ် ဒီကလေးတွေထဲက ဘွဲ့ရကလေးတွေ ရှိလာပြီ ဆိုပေမဲ့ ကျွန်တော့်အနေနဲ့ သူတို့အားလုံးဆီကနေ ဆရာဝန်ကြီးတွေ ဖြစ်မယ် အင်ဂျင်နီယာကြီးဖြစ်မယ် သင်္ဘောသားကြီးဖြစ်မယ် ဆိုပြီး အများကြီး မျှော်လင့်မထားပါဘူး တချို့ ကြိုးစားတဲ့ အနည်းစု က ဘွဲ့ရ ပညာတတ်တွေ ဖြစ်လာမယ် အများစုက အလယ်တန်း ၊ အထက်တန်းပညာလောက်ထိ သင်ယူခွင့်ရမယ် ဘဝရပ်တည်မှုအတွက် ပညာရပ်တွေ သင်နိုင်မယ် အမှားအမှန်းခွဲခြားနိုင်မဲ့ အတွေးအခေါ်လေးတွေ ရှိလာမယ် ဘာသာရေးရဲ့ အဆုံးအမအောက်မှာ နေရလို့ ကောင်းတဲ့လုပ်ရပ် မကောင်းတဲ့လုပ်ရပ်ကို ခွဲခြားနိုင်လာမယ် အသေချာဆုံးက လူဆိုး သူခိုးတွေ မရှိသလောက်ဖြစ်သွားမယ် ရှိခဲ့ရင်လဲ နဲနဲပဲ ဖြစ်မယ်၊
စာအုပ်ထဲလဲဖတ်ဖူးတယ် ရွာထဲမှာလဲ ပို့စ်တစ်ခု အနေနဲ့ တွေ့ဘူးတယ် ကမ်းခြေမှာ လှိုင်းပုတ်ရင်းနဲ့ ပါလာတဲ့ ငါးကလေးတွေ အကုန်လုံးက သနားစရာလေးတွေ ၊ အကူအညီလိုနေတာတွေ အားလုံးကို ကယ်နိုင်ဘို့ဆိုတာ မလွယ်ပေမဲ့ တစ်ကောင်ကိုင်ပြီး ရေထဲကိုလွှတ်ပေးလိုက်ရင် အဲဒီတစ်ကောင်ရဲ့ ဘဝ အဆင်ပြေသွားမှာပါ ကိုယ်နိုင်သလောက် ဆက်လွှတ်ပေးမယ် နောက် လွှတ်နိုင်တဲ့ နေရာမှာ ရှိနေတဲ့ လူတွေကို ကူညီလွှတ်ချင်လာအောင် စည်းရုံးလာ နိုင်ရင် ဒုက္ခရောက်နေတဲ့ ငါးကလေး တွေ နဲလာမှာ သေချာပါတယ် …
အခု ဘက ကျောင်းမှာ ရှိနေတဲ့ ကလေးတွေက ဘဝပေးအခြေအနေကြောင့် ကုန်းပေါ်ရောက် ဒုက္ခရောက်နေရာကနေ ကူညီလွှတ်ပေးသူတွေကြောင့် ရေထဲတော့ လောလောဆယ် ပြန်ရောက်ခွင့် ရသွားပါတယ် ဒါပေမဲ့ သူတို့ ရောက်နေတာ ရေအိုင်သာသာပါ အချိန်မရွေး ရေခမ်းခြောက်သွားနိုင်ပါတယ် ၊ နောက် ဘကကျောင်းတောင် တက်ခွင့်မရသေးတဲ့ ကုန်းပေါ်က ငါးလေးတွေ ဘဝမျိုး ကလေးငယ်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိပါသေးတယ် …. ၊ လောကကြီးမှာ ဘုရားကို လှူတာ ကုသိုလ် ရသလို ဘုရားပြောတဲ့စကားနားထောင်တာ ဘုရားကြိုက်တဲ့ အလုပ် လုပ်တာ ပိုကုသိုလ် ရမယ်ထင်ပါတယ် ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီတာ စောင့်ရှောက်တာ ဘုရားကြိုက်တဲ့ အလုပ်တွေပါ ၊ ပင်လယ်ထဲကို ရေသန့်တွေ ထပ်လောင်းပေးနေတာထက် ကုန်းပေါ်က ငါးကလေးတွေကို ရေထဲ လွှတ်ပေးပါ ရေအိုင်ထဲက ငါးလေးတွေအတွက် ရေဖြည့်ပေးပါ လို့ မေတ္တာရပ်ခံချင်ပါတယ်၊ အဲဒီငါးကလေး တွေ ရဲ့ ဘဝ အဆင်ပြေ ချောမွေ့ သွားနိုင်သလို တချိန် ကိုယ့်ဘဝ ကိုယ့်ပတ်ဝန်းကျင် အတွက် ကောင်းသော အထောက်အကူတွေ ဖြစ်လာမှာပါ ၊ ဘာမှ ဖြစ်မလာဘူး ဆိုရင်တောင်မှ ဘာကိုမှ မျှော်လင့်မထားဘဲ ပေးကမ်းစွန့်ကြဲ ကူညီ လိုက်ရတဲ့ လူတစ်ယောက်ရဲ့ ငြိမ်းအေးမှု အရသာကို အပြည့်အဝ ခံစားရမှာပါ ….
(အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းကို ဆက်သွယ်ချင်သူများ ဖုံး – ဝ၁ ၆၁၃၆၆၅ နဲ့ ဝ၉၈၆၂၃၀၁၁ တို့ကို ဆက်သွယ် နိုင်ပါတယ် )
17 comments
windtalker
November 28, 2011 at 8:29 pm
“ကျွန်တော်ကတော့ ဒီအလှူဖြစ်မြောက်အောင် စီစဉ်ပေးတာ ၊ လုပ်အားဒါန နဲ့ ကျွန်တော် နိုင်သလောက်လေး ဆရာတော်ကို နဝကမ္မ လှူဒါန်းတာမျိုးပဲ လုပ်ခဲ့ပါတယ် ”
သာဓု သာဓု သာဓု ပါ ကိုနို ရေ
ဝမ်းမြောက်ဝမ်းသာ သုံးကြိမ်ခေါ်ဆိုပါတယ် ခင်ဗျာ
ဒီအလှူဖြစ်မြောက်အောင် စီစဉ် ကူညီပေးတာကိုက ၊ အလှူရှင်နဲ ့တန်းတူ ကုသိုလ်ကောင်းကျိုး ချမ်းသာ ကို ခံစားရမှာပါ ဗျာ ။
nozomi
November 28, 2011 at 8:38 pm
ကိုပေ ကျေးဇူးပါ
ဒီရွာထဲ ရောက်ပြီး နောက်ပိုင်း ကုသိုလ် ကောင်းမှု လုပ်ဖြစ်ရင်
ရွာသားတွေကိုလဲ ကျွန်တော်ရသလို ရဘို့ အမျှဝေပါတယ်
weiwei
November 28, 2011 at 8:58 pm
သာဓု .. သာဓု .. သာဓု ပါ ..
ကျွန်မ ၂၀၀ဝ အဖွဲ့ထဲဝင်ထားတယ် … ပမာဏမများပေမယ့် လစဉ် ကုသိုလ်ရနေအောင်ပေါ့ … ပရဟိတအလှူတွေကို မြင်သိရတိုင်း ဝမ်းသာပီတိဖြစ်ရပါတယ် … တတ်နိုင်ရင် များများလှူချင်ပါသေးတယ် …
blackchaw
November 28, 2011 at 9:01 pm
ကိုနိုဇိုမိ က စာတစ်ပုဒ်ရေးရင် ရှင်းရှင်းလင်းလင်း သိသွားအောင်ကို
အသေးစိတ်ရေးနိုင်စွမ်းပါတယ်ဗျာ။
သာဓုဗျာ သာဓု သာဓု သာဓု။
hmee
November 28, 2011 at 9:16 pm
ကိုနိုဇိုမီရေ လိုအပ်သူတွေကို လိုအပ်တာတွေ တတ်နိုင်သလောက် ဖြည့်ပေးနိုင်တာ တကယ့်ပီတိပါပဲ။ ကိုနိုဇိုမီ အလှုကိုလည်း သာဓုခေါ်ပါတယ်။
naywoonni
November 28, 2011 at 10:18 pm
မှန်တာပေါ့ဗျာ … ။ ရေထဲကငါး ရေထဲ ပြန်ပို့သင့်တာပေါ့…။ တောထဲက ကျားလဲ တောထဲမှာပဲရှိသင့်တာပါ့…။ ဒီလိုကျောင်းမျိုး နေရာအနှံ့ အပြားမှာ အများအပြားရှိသင့်တာပေါ့…။ ဒါမှ…………………….
small cat
November 29, 2011 at 8:28 am
အခု ဒီပတ်ဝန်းကျင်းက ကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားခွင့် ရဘို့ဆိုတာ မလွယ်ပါဘူး တချို့ ငယ်ငယ်နဲ့ အသက်ဆုံးရှုံးမယ် အများစု က အလုပ်ကြမ်းသမားလေးတွေ ဖြစ်လာမယ် တချို့တွေ ပညာမတတ် ဘာသာရေးအဆုံးအမ မရှိလို့ အခြေအနေကလဲ တွန်းပို့လို့ ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်းကို ဒုက္ခပေးမဲ့ လူဆိုးသူခိုးလေးတွေ ဖြစ်လာမယ် ၊ အခု ကျောင်းမှာ ကျောင်းသားတစ်ထောင်ကျော်ကို စာသင်ကြားပေးတယ် စောင့်ရှောက်ပေးထားတယ် ဒီကလေးတွေထဲက ဘွဲ့ရကလေးတွေ ရှိလာပြီ ဆိုပေမဲ့ ကျွန်တော့်အနေနဲ့ သူတို့အားလုံးဆီကနေ ဆရာဝန်ကြီးတွေ ဖြစ်မယ် အင်ဂျင်နီယာကြီးဖြစ်မယ် သင်္ဘောသားကြီးဖြစ်မယ် ဆိုပြီး အများကြီး မျှော်လင့်မထားပါဘူး တချို့ ကြိုးစားတဲ့ အနည်းစု က ဘွဲ့ရ ပညာတတ်တွေ ဖြစ်လာမယ် အများစုက အလယ်တန်း ၊ အထက်တန်းပညာလောက်ထိ သင်ယူခွင့်ရမယ် ဘဝရပ်တည်မှုအတွက် ပညာရပ်တွေ သင်နိုင်မယ် အမှားအမှန်းခွဲခြားနိုင်မဲ့ အတွေးအခေါ်လေးတွေ ရှိလာမယ် ဘာသာရေးရဲ့ အဆုံးအမအောက်မှာ နေရလို့ ကောင်းတဲ့လုပ်ရပ် မကောင်းတဲ့လုပ်ရပ်ကို ခွဲခြားနိုင်လာမယ် အသေချာဆုံးက လူဆိုး သူခိုးတွေ မရှိသလောက်ဖြစ်သွားမယ် ရှိခဲ့ရင်လဲ နဲနဲပဲ ဖြစ်မယ်၊
ဒီပို့စ် လေးဖတ်လိုက်ရတော့ ကျနော်တစ်ခုတွေးမိတယ်၊အများနဲ့တော့ သဘောထားကွဲလွဲနိုင်စရာရှိပါတယ်။
အထက်ကစာပိုဒ်ကလေးကိုဖတ်ကြည့်လိုက်ရင်လူသားအရင်းအဖြစ်ဖွံ့ဖြိုးအောင်တတပ်တအား ဆောင်ရွက်ပေးခြင်းကိုတွေ့ရမှာပါ။
ဒီကိစ္စဟာ နိုင်ငံတော်ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေတဲ့အချိန်မှာ လိုအပ်တဲ့အချက်ဖြစ်နေပါတယ်။
အဲဒီတော့ ရွှေတွေပုံထပ်နေတဲ့ ဘုရားတွေကို ရွှေတွေထပ်ဖြည့်နေတာလေး နဲနဲလျှော့ပြီး ဒီဘက်တွေကို အားထည့်သင့်ပြီလို့ ယူဆပါတယ်။ နောက်တချက်က ဒီလိုထင်ရှားတဲ့နေရာကိုပဲ စုပြုံလှူဒါန်းမနေပဲ(လိုအပ်ချက်ရှိသလောက်တော့ လှူရမှာပါ) အခြားမရှိသေးတဲ့ နေရာဒေသတွေမှာလည်း
ဒီလို ကျောင်းမျိုးတွေပေါ်ပေါက်လာအောင် ဝိုင်းဝန်း ဆာင်ရွက်ပေးသင့်ပါတယ်။ အခုဆိုမြို့တွေမှာ လေလွင့် နေတဲ့ ကလေး သူခိုးလေးတွေအများကြီးတွေ့နေရပါတယ်။ ရိုင်းလည်းရိုင်းစိုးကြပါတယ်။ သူတို့ တွေခိုးတာကို မိပေမဲ့ ရဲကလည်းဖမ်းချုပ်ထားလို့မရပါဘူး။ လူငယ်ပြုပြင်ရေးသင်တန်းကျောင်းပို့ဖို့ကလည်း ဘယ်သူက စရိတ်ခံမှာလည်း၊ ဒဏ်ပေးပြီးပြန်လွှတ်နေရပါတယ်။ ဒါကိုသိနေတဲ့ ကလေးတွေက ပိုပြီးရဲတင်းလာပြီး၊ သူတို့ခိုးတာကိုမိတဲ့အိမ်ရှင်က ရိုက်မယ်နှက်မယ်ဆိုရင်တောင် ဘာမှတ်နေလဲ၊ အိမ်ကိုမီးနဲ့ရှို့ပလိိုက်မယ် ဆိုပြီး သူတို့က ကြိမ်းဝါးကြပါတယ်။ သူတို့ကိုခိုင်းစားနေတဲ့သူတွေက သင်ပေးထားပုံရပါတယ်။ ဒါကြောင့်ကလေးသူခိုးဆိုရင် မာမာမပြောရဲပါဘူး။ တော်သေးတာက တန်ဖိုးကြီးတွေကိုသိ်ပ်မခိုးတတ်သေးတာပါ။ နောင်ဆိုရင်တော့ ကျွမ်းကျင်ဖောက်ထွင်းဝိဇ္ဇာတွေ ဖြစ်လာကြမယ်ထင်ပါတယ်။
ဆူး
November 29, 2011 at 10:08 am
ဒီကျောင်းနဲ့ ပတ်သတ်ပြီးတော့ အဘနို ရေးမှ ကြားဖူးတာပါ။
တကယ်ကောင်းတဲ့ ရည်ရွယ်ချက်ပါပဲ။ ပရဟိတ နဲ့ အလှူ အတန်းတွေကို ဝါသနာလည်း ပါတယ်။ ကိုယ်တိုင် ဘာမှ မယ်မယ်ရရ မရှာနိုင်သေးပေမဲ့ တနေ့ နေ့ တချိန်ချိန်တော့ အများကြားမှာ မားမားမတ်မတ် ရပ်တည်နိုင်မဲ့ ဖောင်ဒေးရှင်း တခုထောင်ပြီး ကူညီပေးချင်တယ်။ ဆန္ဒလေးတွေထဲက တခုပါပဲ။ တနေ့ တနေ့ စားသောက် စရိတ်တောင် မနည်းတော့ အလှူငွေသာ မရှိရင် ရပ်တည်ဖို့တော့ တော်တော် ခက်မယ်။ အဲလို ကျောင်းတွေကနေ ထွက်သွားတဲ့ ကလေးတွေထဲကနေ ထွန်းပေါက်ပြီး လူကြီး တယောက်ယောက်သာ ဖြစ်ခဲ့မယ် ဆိုရင် အဲလို ကျောင်းတွေ အတွက် ပိုပြီး အခွင့်အလန်းတွေ များလာမယ်။ အချိန်အခါ အသက်အရွယ်အရ သူတို့လေးတွေ ဖြစ်လာအောင် ကလေးတွေကို အခု ကတည်းက စိတ်ဓါတ် ခွန်အားပေးတဲ့ အလုပ်ကို သွား လုပ်ပေးချင်တယ်။
nozomi
November 29, 2011 at 11:11 am
ဘွားဆူး အဲဒီလိုဖောင်ဒေးရှင်းမျိုး ထောင်ပြီးတာနဲ့
အနော်တို့က ပါပြီးသားပဲ ဒါ ကုသိုလ် ရမဲ့ဟာလုပ်တာပဲ
nozomi
November 29, 2011 at 10:10 am
ကိုကြောင်လေး ကျေးဇူးပါဗျာ
ကျွန်တော်လဲ ကိုကြောင်လေးနဲ့ သဘောအတူတူ ပါပဲ ၊ ရေများရာ မိုးရွာတာမျိုး မဖြစ်စေချင်တာပါ ၊ကိုကြောင်လေး ပြောတာအားလုံး သဘောတူပါတယ်
ကျွန်တော်တို့ တွေ တတ်နိုင်တာလေး နဲ့ လှူကျ တန်းကျ လူမှုရေးလုပ်ငန်းတွေ လုပ်ကြတယ် ကိုယ်လုပ်လိုက်တာလေး က အမှန်တကယ် လိုအပ်တဲ့ နေရာ အမှန်တကယ် အသုံးပြုတဲ့နေရာ ဖြစ်စေချင်တယ် ၊ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်စေတဲ့ နေရာလေးနဲ့ကိုက်လို့ ဒီဘုန်းကြီးကျောင်းကို ညွှန်းဖြစ်တာပါ ၊ တကယ်တော့ မြန်မာတပြည်လုံး လိုအပ်နေတဲ့ နေရာတွေက အများကြီးပါ တကယ်လုပ်နေတဲ့ နေရာတွေမှာ အကူအညီတွေ တကယ်လိုအပ်နေပါတယ် အဲဒါတွေကို တတ်နိုင်သမျှ ကူညီစေချင်တာပါ
မဝေ၊ မမှီ၊ကိုချော နဲ့ အဘနီ တို့ကိုလဲ ကျေးဇူးတင်ပါတယ်နော
Shwe Tike Soe
November 29, 2011 at 11:15 am
လှူတဲ့သူတော့မသိဘူး.. ကြည့်ရတာကို ကြည်နူးစရာကောင်းလိုက်တာ..အဲဒီကျောင်းက ဆရာတော်ကိုလဲ လေးစားကြည်ညိုမိပါတယ်ဗျာ… ဘယ်လိုပဲဖြစ်ဖြစ် တော်တော် လေးကို လုပ်နိုင်တာပဲနော..
ကျွန်တော်လဲ သွားလှူဖြစ်အောင်ကြိုးစားမယ်ဗျာ… အခြားသူတွေကိုလဲ. မျှဝေပေးလိုက်ပါမယ့်…
အခုပို.စ်တင်သူလဲ နောက်များ အဲဒီလို မြင့်မြတ်တဲ့အလှူတွေ ကို သူများကိုလဲ အားပေးနိုင်ပြီး ကိုယ်တိုင်လဲ ဒီထက်မကလှူနိုင်ပါစေဗျာ…
သာဓု .. သာဓု .. သာဓု
Moe Z
November 29, 2011 at 12:11 pm
ဦးနိုရေ သာဓုသုံးကြိမ်ခေါ်ပါတယ်
ဖုန်းနံပါတ်တွေအတွက်လည်း ထပ်ပြီးကျေးဇူးတင်ပါတယ်..
နွယ်ပင်
November 29, 2011 at 1:45 pm
သာဓု သာဓု သာဓု ပါ
ကြည်နူးစရာ အရမ်းကောင်းပါတယ် ……
ကိုနိုဇိုမိရေ အခုလို ဓာတ်ပုံတွေနဲ့ပါ သေချာရှင်းရှင်းလင်းလင်း
ရေးသားဖော်ပြပေးတဲ့ အတွက်လဲကျေးဇူးပါ ။
etone
November 29, 2011 at 4:03 pm
သာဓုပါတော် x 3 .. မြင်ရတာ ကြည်နုးစရာကောင်းလိုက်တာ …
တကယ်လိုအပ်နေတဲ့ နေရာတွေကိုတော့ လှူချင်လိုက်တာ … တတ်နိုင်သလောက်လေးတော့ သွားလှူပါဦးမယ် … ။ ကိုအဖြောင်ယူရေ .. ကလေးတွေ ဖိနပ်တွေရပြီးပျော်နေတဲ့ပုံလေး မျက်စိထဲတင်မကဘူး .. ရင်ထဲမှာပါ စွဲသွားတယ် … ။ 🙂
nozomi
November 30, 2011 at 9:56 am
်ဒေါက်တာကိုကို နဲ့ အတူ သွားလှူလေ အဲဒါမှ ရင်ထဲမှာ ပိုစွဲသွားမှာ
ကြောင်ကြီး
November 30, 2011 at 10:47 am
နိုဇိုးမီ
ဖိုထိုးသည်
အပျိုခိုးအမှီ
မှိုချိုးပြီ။…
nozomi
November 30, 2011 at 12:40 pm
ကိုကြောင်
အပျိုရှောင်
အိုတောင်
မငိုအောင်