မဆုံးတဲ့…..သီချင်း—၃၉

naywoon niNovember 30, 20111min1511

စက်တင်ဘာ ၆ ရက်နေ့ မနက်ရထားနဲ့ ပါမသွား သူတွေအားလုံး ညထွက်သမျှ ရထားသုံးစီးပေါ်ကို မျှဝေ တင်ပေးပါတယ်…။ နေဝန်းနီက ည ခြောက်နာရီရထားနဲ့လိုက်လာခဲ့တယ်….။ ကျောင်းသားအတော်များများက မူးနေပါပြီ…။ အားလုံး နောက်လို့ ပြောင်လို့ စိတ်ညစ်တဲ့ ဟန်တစ်ယောက်မှ မရှိကြဘူး…..။ ကောင်မလေးတွေသာ မျက်နှာငယ်လေးတွေနဲ့ပါလာကြတာ……။ နောက်ပိုင်းလည်း ရထားက ဒီအတိုင်း အလွတ်ထွက်နေတာပါပဲ……။ လက်မှတ်စစ်ရယ်လို့ မရှိတော့ဘူး…။ နှစ်ပတ်လောက်ကြာမယ်နဲ့တူရဲ့……။ ဘာအလုပ်မှမရှိတဲ့သူတွေ ဒီရထားကြီးစီးပြီး ရန်ကုန် မန္တလေး လျှောက်သွားနေကြတာပဲ……။ ဒီလို သွားမှရောက်ဖူးကြမှာလေ…..။ သူရို့ ခင်မြာမှာလည်း…..။ ရထားတွေ အစုန်အဆန် ဒီအတိုင်း ဖရီးဆွဲပေးနေတာ ပျော်စရာကြီးတဲ့……။ ကျောင်းက ရက်အကန့်အသတ်မရှိဘူး ပိတ်ထားတာ….။နေဝန်းနီတို့ဆို ကျောင်းစာအုပ်တောင် စုံအောင်မသိမ်းခဲ့ဘူး…..။ ဒီအတိုင်းပြန်ချလာတာ….။ အရက်ပုလင်း ခါးကြားထိုးပြီး တွေ့ရာ ရထားတွဲပေါ်တက်လာတာ…………။ မှတ်ကရော……..ပဲ…။
တက္ကသိုလ်တွေသာ ပိတ်ထားတာ …။ အထက်တန်းကျောင်းတွေက ဆက်ဖွင့်ထားဆဲပဲ…။ စာမေးပွဲ စစ်ပြီးမှ ပိတ်လိုက်တာထင်ရဲ့….။ ပိတ်တော့ ပိတ်လိုက်သေးတယ်…။ ရုတ်ရုတ်ရက်ရက် ထဲမှာ လူလာဖြစ်တာဆိုတော့ ရုတ်ရုတ် ရုတ်ရုတ် နဲ့ပဲ….။ ကျောင်းစာတွေမေ့လောက်တဲ့ အချိန်ကျမှ ကျန်တဲ့ စာမေးပွဲ ဆက်ဖြေတဲ့လေ…….။ ဒါတောင် တစ်ချို့ ကောလိပ်တွေက မဖွင့်နိုင်ဘူး….။ ကိုယ့်မြို့နယ်မှာတင် ကိုယ်ဖြေကြရတာ…။ တစ်သက်လုံး ပိတ်ထားလည်း ပြီးတဲ့ဟာ…..။ လေးလလောက် ခြားပြီးမှ ဖြေလက်စစာမေးပွဲပြန်ဖြေရမယ်တဲ့…။ ဘာမှမသိတော့ဘူး…။ အားကိုးစရာမိမာနဲ့ကလည်း ခုံနံပါတ်ချင်း ဝေးသွားပြီ…။ အဲဒိလိုနဲ့ တစ်ခါမှမကျဖူးတဲ့ စာမေးပွဲ ဒုတိယ နှစ်ရောက်မှကျပါရောလား…။ ဟား….ဟား…။
ကျမှာပေါ့….။ ကျက်ထားတဲ့ ကျောင်းစာတွေ မေ့ကုန်ပြီဆိုပြီး ဘကြီးသန်းနဲ့ ကုတင်တစ်လုံးပေါ်မှာ မူးပြီးဖက်အိပ်နေတာ….။ အမူးပြေတော့ ပြောဖြစ်တာတွေထဲမှာကျောင်းစာအကြောင်းတစ်လုံးမှမပါ…။ ဖြစ်တည်မှု ပဓာန ဝါဒ အကြောင်း တို့ သင်္ကေတဂိုဏ်း တို့ နမိတ်ပုံ ဖွဲ့စည်းမှုတို့ အကြောင်းပြောရင်း ငြင်းခုံရင်းနဲ့ အရက်ထပ်သောက် ဒါတွေနဲ့ အချိန်ကုန်လာ ကျောင်းစာဆိုတာ စိတ်မဝင်စားဖြစ်….။ ကျောင်းပိတ်ထားတဲ့ လေးလအတွင်းမှာ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှု…။ နောက် အဆောင်တူကျောင်းသားတွေ ကြားမှု အမှတ်ရတိုင်းပြောနေကြတဲ့ နေဝန်းနီတို့ရဲ့ နယူးစတိုင်လေး…..။ ဘကြီးသန်းက သချာင်္မေဂျာ…။ သူလည်းကျတာပဲ…။ ကျမှာပေါ့…။ ဒီပညာရေးစနစ်ကို မှမယုံကြည်တော့တာ…။ 33လမ်းကရွှေနိုင်ငံမှာ နေ့လည်ခင်း တိုင်းသွားထိုင်ဖြစ်တယ်…။ လ္ဘက်ရည်သောက် စာအုပ်တစ်အုပ် ရှေ့ချထားပြိး လက်တန်းကဗျာတွေ တစ်ယောက် တစ်လှည့်စီရေး….။ အဲဒိကနေ မိုးချုပ်တော့ အရက်ဆိုင်ရောက်….။ သူများတွေ စာကျက်နေတာ အဆောင်ပြန်ပြီး လိုက်နှောက်ယှက်….။ ပျော်စရာတွေကောင်းသား….။ စာမေးပွဲ ကျတော့လည်း နှစ်ယောက်သား ပျော်ပျော်ပဲ….။
ကျောင်းတွေ ပြန်ဖွင်မယ်လုပ်ပြီးမှ တစ်ကယ်ပြန်ပိတ်လိုက်ပါရောလား…။ ၈၈ -အရေးအခင်းကပီပြင်လာပြီ..။ နေဝန်းနီတို့လည်း အိမ်က ကွပ်ညှပ်ထားလိုက်တာ ဘယ်မှ ထွက်လို့မရ…။ အဖေက ဝန်ထမ်းဖြစ်နေတော့ ပိုဆိုးသေး…။ ချီတက်ဆန္ဒပြတာတောင် မကြည့်ရဘူး…။ အဲဒိတုန်းက တက္ကသိုလ်က 3 ခုပဲရှိတာလေ…။ ရန်ကုန်ရယ် မန္တလေးရယ် မော်လမြိုင်ရယ်…။ ကျန်တာတွေက ကော်လိပ်နဲ့ ဒေသကောလိပ် အဆင့်ပဲရှိသေးတာ….။ ကျောင်းတက်ချင်တဲ့ကောင်တွေ …။ အကန့်အသတ်မရှိလည်းကျောင်းပိတ်လိုက်ရော……….. ဟီးး ပျော်စရာကြီး…။
စာအုပ်ဖတ် ချဲထိုး လစ်ရင် အရက်လေးသောက်လိုက်…။ ဇိမ်ကိုကျနေတာပဲ…။
88 ကုန်လို့ 89 ထဲလည်းရောက်လာပြီ…။ ကျောင်းဖွင့်ရက်က မျှော်လင့်ချက်မရှိ…။ အဲဒိအချိန်မှာပဲ…။ မွေသဖခင်က ပျဉ်းမနားကနေ မကွေးတိုင်းထဲက စလင်းမြို့ကို ပြောင်းရပါရောလား…။ ပျဉ်းမနား မှာ ရုံးတွေ ဖောက်တဲ့ အချိန်မှာ တာဝန်ကျရာနေရာမှာ မရှိလို့တဲ့…။ အပြစ်က ကြီးတယ်…။ တာဝန်ကျရာနေရာမှာ သာရှိနေကြည့်ပါလား ..။ အသက်နဲ့ ခန္ဓာ တည်မြဲနေဖို့ မသေချာတာကို…။ အဲဒိတော့ ကျောင်းတွေ ပိတ်ထားတဲ့ နေဝန်းနီက အဖော်အဖြစ်လိုက်သွားရတယ်…။
89 သင်္ကြန်ရက်မရောက်ခင်မှာပဲ…။ ပျဉ်မနားကနေ တောင်တွင်းကြီးကို စာပို့ရထားနဲ့ လိုက်ရတယ်..။ ရထားက မနက် 6း00 နာရီမှာ ရထားစထွက်ပါတယ်…။ ရန်ကုန် -မန္တလေး ရထားလမ်းနဲ့ အပြိုင် သွားနေရာကနေ ပြည်ဝင် ဘူတာကနေ အနောက်ဘက်ကို စပြီးခွဲထွက်သွားပါတယ်….။ ရိုးပြတ်တောနဲ့ လယ်ကွင်းတွေ တစ်မျှော်တစ်ခေါ်ကိုဖြတ်ပြီး ပျင်းပျင်းရိရိနဲ့ ခုတ်မောင်းသွားနေတဲ့ ရထားပေါ်မှာ နေဝန်းနီတို့ အိပ်ငိုက်လာပါတယ်…။ မကြားခင်မှာ မြန်မာပြည် ဘူတာတွေရဲ့ ထုံးစံအတိုင်း “ ရေရမယ်….ရေ” ဆိုတဲ့ အသံတွေနဲ့ ပြန်နိုးလာတော့ လယ်ဝေးဘူတာရောက်နေပါပြီ…..။ ရထားလမ်းက ထုံးစံ အတိုင်း တောင်မြောက်မဟုတ်တော့ပါဘူး…။ အရှေ့နဲ့ အနောက်သွားနေပါပြီ….။ ပဲခူး ရိုးမရဲ့ အစွယ်ကို ဖြတ်တော့မယ့် အရိပ်အယောင်တွေ မြင်နေရပါပြီ…။ သစ်ပင်တွေက စိမ်းစိုပြီး တောနဲနဲထူလာပြီလေ….။ သစ်ပုတ်ပင် ကိုကျော်လာတာနဲ့ အမြင့်ကို တင်နေမှန်း သိလာလာတယ်…။ တစ်ဖြေးဖြေးနဲ့ စိုထိုင်းစက ပိုလာတယ်…။ ဧပြီလဆန်း နွေဝင်နေပေမဲ့ ရာသီက အေးစိမ့်စိမ့် ဖြစ်လာတယ်……။ ရထားက တောင်နံရံကို ပတ်ပြီး ခုတ်မောင်းနေတယ်…။ တစ်ခါတစ်လေ နေရောင်ကို ပျောက်သွားတယ်..။ သစ်ပင်တွေကလည်း စိမ်းစိုလို့…။ မိုးစက်ကလေးတွေ ကျလာသလိုပဲ…။ အဲဒိကနေ ဆတ်သွားလောက်ရောက်မှ ရာသီဥတုက ပြန်နွေးလာတယ်…။ တောင်တွင်းကြီးရောက်တော့ တော်တော်ပူနေပြီ…။ ရထားပေါ်ကဆင်း နီးရာထမင်းဆိုင်ဝင် ထမင်းစား….။ နေလည်စာ စားချိန်ရောက်နေပြီလေ………။ ထမင်းစားပြီးပြီးချင်း မကွေးကားရှိတယ်ဆိုတာနဲ့ ကားပေါ်တန်းတက်လိုက်ရတယ်…။ ရာသီဥတုက နွေပီသလှချည်ရဲ့…..။ ချွေးတစ်လုံးလုံးနဲ့ပါပဲ…။ ကားပေါ် အိပ်တစ်ဝက်နိုးတစ်နဲ့ ပါလာခဲ့ရတယ်…။
နေဝန်းနီ

One comment

  • naywoonni

    December 6, 2011 at 9:38 pm

    အဲဒိတုန်းကကျောင်းပိတ်ရက်ရှည်ကြီးကို ခုမှ နှမြောစရာကောင်းမှန်းသိတယ်…။ ဘာမှမဖြစ်ခဲ့တာလေ..။ ခုလို သင်တန်းတွေ ဘာတွေလည်းမရှိ…။ ရှိတော့လည်း နိုင်ငံရေး မငြိမ်မသက်ဖြစ်လို့ အိမ်က စိတ်မချ …။ မလွှတ်..။ ကျောင်းသားအရွယ်ဆို ဘယ်နေရာ ရောက်ရောက် မျက်စေ့ ဒေါက်ထောက်အကြည့်ခံနေရတဲ့ ဘဝ ….။ အနေအတိုင်မတတ်ရင် အသွားအလာမဆင်ခြင်ရင် ဆွဲစေ့ခံ ရတယ်ဆိုတာ …။ ဟိုနားတစ်ယောက် ဒီနားတစ်ယောက်နဲ့ ကြားနေရတာ…။ နောက်မှကြည့်ရှင်း ခုတော့ ဝင်ဦးဆိုတာမျိုး…။ အဲဒိတော့ ကျောင်းသားအများစုက ရရာ အလုပ်ခွင်ကို အပြေးအလွှားတိုးဝင်ပြီး ဝန်ထမ်းကဒ်ကိုင်ထား …။ ပြီးမှလုပ်ချင်တာလုပ်ဆိုတာလိုပဲ…။ အလုပ် လုပ်ချင်လို့ ဝင်ကြတာမဟုတ်ဘူး…။ မင်္သကာလို့ လိုက်ခဲ့ဦးဆိုရင် ထုတ်ပြစရာ ကဒ်ပြားလေးရှိရင်…. ကျုပ်က ဘယ်ရုံးက အရာရှိနဲ့ ရှင်းလိုက် လို့ ပြောစရာရှိအောင် လုပ်တဲ့သူက ခပ်များများ …။

Leave a Reply