သမာဓိ၌ပြိုလဲခြင်း
အမြတ်တနိုး တွယ်မက်ဒဏ်ရာများ
နှလုံးသားမှာ အမာရွတ်ကျန်ရစ်ပြီ
တွယ်ရင်လမ်းမဖြောင့်ဘူး
အထပ်ထပ်ရစ်ထားတဲ့ကြိုး
ဝင်သက်ထွက်သက်သတိကပ်ရင်လည်း
ပြန့်လွင့်သွားတဲ့စိတ်က မင်းဆီမှာ
ကြီးတောင်ကြီးမ
ဝမ်းရေးနဲ့လွမ်းရေးဒုက္ခတောမှာ
မင်းအတွက်မောရတာလည်းဝေဒနာ။
ကိုယ့်စိတ်ကိုယ်ထိန်းလည်း
သူ့မျက်နှာကဗျာကိုပဲ ငေးမောဖတ်ချင်မိ
တဏှာနွံထဲကျွန်ကျနေတဲ့ကောင်
ဓမ္မနဲ့ငြိမ်းသက်တာတောင်
တငွေ့ငွေ့လောင်ကောင်းတုန်း…..
ကွယ်… မေ့ပစ်လိုက်တာ အကောင်းဆုံး
သမာဓိကိုထုဆစ်
မင်းပန်းပုရုပ်လေးက အသက်ဝင်လာပြန်ပြီ။
စိတ်ရိုင်းတွေကို ပါးလျအောင် ပယ်သတ်
အငြိမ်းဆုံးသော အငြိမ်းဓာတ်ကို ငါရှာဖွေခဲ့လည်း
ငါ့စိတ်ကို ငါဆုံးမလို့ မရန်ိုင်ခဲံ့ပြန်ဘူး…
အပြန်ခရီးအတွက်
ဆူးညောင့်ခလုပ်ဟာသူပါပဲလို့သိလည်း
ရှိခြင်းကိုငါမဆုပ်ကိုင်နိုင်တော့
ငါလျှောက်တဲ့လမ်းဟာခရီးမတွင်ခဲ့ဘူးလေ….။ ။
8 comments
lulinmg
December 3, 2011 at 10:26 am
အချစ်ကြီးချစ်ရင် အလွမ်းကြီးလွမ်းရတက်တယ် တရားဓမ္မမှာပျော်မွေ့နေတာပဲကောင်းပါတယ်
aye.kk
December 3, 2011 at 11:02 am
ငယ်ကချစ်တာလား ၊ ကြီးမှချစ်တာလား..
ကြီးမှဝက်သက်ပေါက်ရင်တော့..
ခံရခက်တယ်ကြားဘူးတာ..
အမှန်ဘဲပေါ့နော်..သည်တောင်ကိုကျော်နိုင်အောင်ကြိုးစားကြည့်ပါဦး..။
windtalker
December 3, 2011 at 2:09 pm
သမာဓိ မှာ
နှစ်ခါရှိပေါ့
အထာမသိဘဲ
ဟဝှါ ညှိတော့
ဆရာကွိပြီး
ပါတာမရှိ
mandalarthu
December 3, 2011 at 9:45 pm
လျှောက်တဲ့လမ်းဟာခရီးမတွင်တာ မဟုတ်ပါဘူး……
ခရီးက ခုမှစလျှောက်တာမို ့မတွင်သေးတာပါ။
အားမလျော့ပါနဲ ့……
ရပ်မနေဘဲ ….ဆက်လျှောက်နေမယ်ဆိုရင်…
တနေ ့နေ ့တော ့…..
ခရီးပေါက်မှာ ….အသေအချာပါ။
ကိုပေါက်(မန္တလေး)
December 3, 2011 at 10:10 pm
“မင်းရှေ့မှောက်မှာ…………ငါ”
မင်းကိုသတိရစိတ်
ပိတ်သတ်လိုက်မယ်လို့
တရားထိုင်။
လူကသာ ထိုင်ရမထ
စိတ်တွေကတော့
နောက်ပြန်ဆွဲ
ချိုမိုင်မိုင်ကတဲ့အရွယ်ကအစ
တစစီ သတိပြန်ပြန်ရ။
ထိန်းချုပ်ထားတဲ့
ပျံ့လွင့်လို့ဖောက်ထွက်
နောက်ဆုံးတော့ငါ့စိတ်တွေ
မင်းရှေ့မှောက် မှာ
ထပ်ခါထပ်ခါ ပြိုလဲ
အဲတော့ ငါ့ဘဝလဲ သုံးမရအောင်
လဲပြို
အချစ်ဆိုတာ……………………………..
ပိုစ်မတင်ဘဲလက်ဆောင်ပေးလိုက်တယ်နော်။
htet way
December 4, 2011 at 10:42 am
ကျွန်တော်က … ကဗျာအဖြစ်ရေးတာပါ
လက်တွေ့ဘဝမှာ သမာဓိရ ပြီး အချစ်ကိုပါးအောင်လုပ်တဲ့အခါမှာ
နီးစပ်မူတွေနဲ့ ပြိုကွဲခဲ့ရတဲ့ တန်ဖိုးရှိတဲ့ ဘဝကို ရေးမိတာပါ
ဟုတ်ကဲ့ သေသေချာချာဆက်လျှောက်ရင် ခရီးတွင်မှာပါ
ဆရာကွိ တာလည်းမှန်ပါတယ်
ဘဝလည်းသုံးမရအောင် လဲပြိုတာ…..
ဒီတောင်ကိုကျော်နိုင်အောင် ကြိုးစားခဲ့ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျား
kokothandar
December 4, 2011 at 12:00 pm
အသက်တွေကြီးလှပြီဆိုရင် အချစ်ဆိုတာကို ရနိူင်သမျှသာခံစားပါ အချစ်ဆိုတဲ့ ခံစားချက် မပေါ်တော့ရင်
လူတွေရဲ့ဘဝဟာ သေသင့်သည်ထက် စောသေနေသကဲ့သို ့ခံစားရသလိုပါဘဲ
လှေခွက်ချည်းကျန် အလံမလှဲ တဲ့
manawphyulay
December 4, 2011 at 8:07 pm
သင်၏ကိုယ်တွင် အချစ်စိတ်ဝင်
ဝင်လာတဏှာနွံ အနိုင်ရအောင်
သင်လေ….
ဘုရားရှင်ကို ပူဇော်သင့်ပါတယ်လေ…
လူ့ဘဝရတုန်းခဏ ဝင်လာ အရာ
အနိုင်ရအောင်
ကြိုးစားဆောင်လော့…….