တာဝန်သိတတ်ခြင်းအခြေအမြစ်နှင့်လွတ်လပ်စွာပျံသန်းနိုင်မည့်တောင်ပံတစ်စုံ
၁။ ရှင်သန်နေတဲ့အရာတွေဟာ လှုပ်ရှားမှုနဲ့ကြီးထွားမှုရှိတယ်။ ရှင်သန်နေတဲ့လူသားတွေဟာ အမြဲတမ်း ပြောင်းလဲ နေတယ်။ ပြောင်းလဲနိုင်တဲ့အလျှောက်လေ့ကျင့်ပေးလို့ရတယ်။ လေ့ကျင့်ထားတဲ့အတိုင်းသာပြုမှုကြလေ့ရှိတယ်။ လေ့ကျင့်ပေးမှု တွေဟာတစ်ခါတစ်ရံ ရည်ရွယ်ပြီးလုပ်တာတွေရှိသလို မရည်ရွယ်ပဲနဲ့သဘာဝအလျှောက် လေ့ကျင့် ပေးသလို ဖြစ်နေတာမျိုးတွေလည်းရှိတယ်။ အများအားဖြင့် တံငါနားနီးရင် တံငါအဖြစ်များတယ်။ မုဆိုးနားနီးရင် မုဆိုးအဖြစ်များတယ်။ လူတစ်ဦးတစ်ယောက်မှာသော်လည်းကောင်း၊ မိသားစုတစ်ခုမှာသော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းတစ်ခုမှာသော်လည်းကောင်း လက်ခံထားတဲ့ တန်ဖိုးတွေ၊ အစဉ်အလာတွေ၊ ကိုးကွယ်မှုတွေနဲ့ ရှင်သန်မှုပုံစံတွေရှိတယ်။ ဒါတွေကို ကားချာလ် (Culture) လို့ခေါ်တယ်။ လူ့အသိုင်းအဝိုင်းတွေအမျိုးမျိုးရှိသလို ကားချာလ် (Culture) တွေလည်းအမျိုးမျိုးရှိတယ်။ ငယ်ရွယ်တဲ့လူတွေကို မိမိတို့လူ့အသိုင်းအဝိုင်းရဲ့ လိုချင်တဲ့ ပုံစံကိုရအောင် ပုံသွင်းလေ့ကျင့်သင်ကြားပေးတာကို အက်ဂျူကေးရှင်း (Education) လို့ခေါ်တယ်။ လူသားတွေဟာ ဝင်ငွေဆင်းရဲခြင်း၊ အတတ်ဆင်းရဲခြင်းတို့ဖြစ်လာပြီဆိုရင် ဒီလူ့အသိုင်းအဝိုင်းရဲ့ လိုချင်တဲ့ပုံစံမှားယွင်း နေတာ လည်းဖြစ်နိုင်သလို ပုံသွင်းလေ့ကျင့်ပေးခြင်း (Education) စနစ်မှားယွင်းနေလို့လည်းဖြစ်နိုင်တယ်။ တစ်ခါတစ်ရံ နှစ်ခုစလုံးမှားယွင်းနေလို့လည်းဖြစ်တယ်။
၂။ အက်ဂျူကေးရှင်း (Education) ဆိုတာက လက်တင်ဘာသာစကား (Educatio) ကလာတာဖြစ်တယ်။ လက်တင်စကား Educatio ဆိုတာက ငယ်ရွယ်တဲ့လူတွေ၊ တိရိစ္ဆာန်လေးတွေကို မိမိတို့လိုချင်တဲ့ ပုံစံကိုသွင်းခြင်း ဖြစ်တယ်။ ဒါကြောင့် အက်ဂျူကေးရှင်းအားလုံးကို စည်းကမ်း (Discipline) တွေနဲ့သာသွားရတယ်။ တိုးတက်လာတဲ့ အသိဉာဏ်အဆင့်အတန်းအလိုက် နားလည်သဘောပေါက်နိုင်အောင်၊ လက်လှမ်းမှီနိုင်အောင် ဘောင်လေးများ (Frame) လေးတွေလုပ်ပေးရတယ်။ ပြီးရင်သင်ပေးရတယ်။ ဘယ်လောက် တတ်မြောက်လာလဲ ဆိုတာ စစ်ဆေးခြင်း (Assessment) လုပ်ရတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ် နဲ့ တက္ကသိုလ်များအထိ အဆင့်ဆင့်ဖွင့်လှစ်လေ့ရှိတယ်။ ဒီလိုမျိုး စနစ်တကျပုံသွင်းမှုမျိုးကို Formal Education လို့ခေါ်တယ်။ (Education ကို မြန်မာဘာသာစကားဖြင့် ပညာလို့ဘာသာပြန်တာ လုံးဝမှားပါတယ်။ ပညာဆိုတာက အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်သော အသိဉာဏ်ကိုခေါ်တာဖြစ်တယ်။ ပုံသွင်းလေ့ကျင့်တာမဟုတ်ဘူး။) လူသားတွေကို ပုံသွင်းလေ့ကျင့် ပေးမှုတွေမှာ အဓိကလိုအပ်ချက်က တာဝန်သိတတ် သူများဖြစ်လာအောင် လေ့ကျင့်ပေးရန်ဖြစ်တယ်။
၃။ လူသားတွေကို ပုံသွင်းသင်ကြားပေးတဲ့နေရာမှာ စာတွေ့သင်ပေးခြင်း (Academic) နဲ့ လက်တွေ့သင်ကြား ပေးခြင်း (Practical) ဆိုပြီးရှိတယ်။ လူသားတွေဟာ မိမိသင်ယူလိုသည်များကို လိုက်လံသင်ယူခြင်းကိုတော့ သင်ယူခြင်း (Learning) လို့ခေါ်တယ်။ Formal Education မရခဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်း သွားတဲ့သူမျိုးတွေအတွက်ကတော့ အသက်မွေးဝမ်းကျောင်းသင်တန်းများ (Vocational Training) များကို လေ့ကျင့် သင်ကြားပေးရတယ်။
၄။ တာဝန်သိတတ်သူဆိုတာဟာ မိမိကိုယ်မိမိအားကိုးသူ၊ မိမိကြောင့်သူတစ်ပါးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသူ၊ မိမိ၏လုပ်ရပ်ကြောင့် အခြားလူတစ်ဦးကိုသော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းကိုသော်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုသော်လည်းကောင်း ထိခိုက်နစ်နာရမှုကို မလိုလားသူ၊။ မိမိ၏ကျန်းမာရေးကို ဂရုစိုက်သူ၊ အလကားမလိုချင်သူ၊ သူတစ်ပါး၏ အကျပ်အတည်းကို အမြတ်မထုတ်လိုသူ၊ မျှတသောစိတ်ရှိသူ၊ ဖြောင့်မတ်တည်ကြည်သူ၊ စိတ်ပိုင်းဖြတ်ချက် ခိုင်မာပြတ်သားသူ၊ ကောင်းရောင်း ကောင်းဝယ်လုပ်စားလိုသူ၊ ကတိတည်သူ၊ လူသားတို့၏ ကောင်းခြင်းဘက်ကို ပြင်းပြစွာယုံကြည်သူ၊ တစ်သက်တာဆက်လက်သင်ယူပြီး အမြင့်မားဆုံးသို့ရောက်တစ်ရက် ပြီး တစ်ရက် ကြိုးစားနေ သူ ကိုခေါ်တယ်။ ဒါအချက်တွေကို လူသားတွေကို ပုံသွင်း လေ့ကျင့် မပေးထားရင် (ဒါမှမဟုတ်) ပုံသွင်း လေ့ကျင့်တဲ့ အထဲမှာ မပါဝင်ခဲ့ရင် လူသားတွေဟာ နှောင်ကြိုးမဲ့ လေတံခွန်များလို လွင့်လိုရာလွင့်ပါကုန်တယ်။ တာဝန်မဲ့သူတွေ ကြီးစိုးလာတဲ့လူ့အသိုင်းအဝိုင်းများဟာ ညစ်ပတ် ဆင်းရဲပြီး၊ ဖွံ့ဖြိုးတိုးတက်မှုများဆိတ်သုန်းကုန်တယ်။ ဒီလိုမျိုး လူ့အသိုင်းအဝိုင်းကို ဘယ်သူကမှ မကူညီနိုင်ဘူး။ အကူအညီတွေဟာ ခြအုံထဲထည့်လိုက်တဲ့ ထင်းရှုးချောင်း တွေလိုပဲဖြစ်မယ်။ တာဝန်သိတတ်သူတွေဖြစ်လာအောင် ပုံသွင်းလေ့ကျင့်သင်ကြားရမယ်။
၅။ ဂရုစိုက်မှုလွန်ကဲခြင်းများဟာ လူသားတွေကို ပျော့ညံ့သောလူသားများဖြစ်လာစေတယ်။ မိမိကိုယ် မိမိအားကိုး တတ်အောင်မသင်ပေးခဲ့တဲ့မိဘများဟာ သားသမီးများရဲ့ ဒုက္ခပေးမှုတွေကို ခံရတာချည်းပါပဲ။ ရွှေလိုဥခံထားရတဲ့ သားသမီးများဟာ ပြင်ပလောကနဲ့ အဆက်ပြတ်ပြီး အသိဉာဏ်နဲပါးသွားလေ့ရှိတယ်။ လူငယ်တွေကို များများသင်ယူ လိုစိတ်ရှိလာအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ကိုယ့်ကိုယ်ကို အားကိုးတတ်အောင်လေ့ကျင့်ပေးရတယ်။ ပထမပိုင်းမှာ လုံခြုံတဲ့လေ့လာရေးခရီးများကို သွားခိုင်းရတယ်။ မိတ်ဆွေများများပေါင်းတတ်အောင်လုပ်ပေးရတယ်။ တာဝန် သိတတ် သူများဖြစ်လာအောင်လေ့ကျင့်ပေးရမယ်။ တဖြည်း ဖြည်း အသိဉာဏ်ရင့်ကျက်လာပြီဆိုရင်တော့ လွတ်လွတ် လပ်လပ် ပျံသန်းခွင့်ပေးဖို့လိုတယ်။ ဒါမှသူဟာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးသူတွေဖြစ်လာမှာဖြစ်တယ်။ တာဝန်မဲ့သူများကို လွတ်လွတ်လပ်လပ်ပျံသန်းခွင့်ပေးလိုက်တာဟာ သူတို့ကို အန္တရာယ်တွင်းထဲ သက်ဆင်းခိုင်းလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် လူသားတို့ရဲ့ ကောင်းခြင်းကို လိုလားသူများဟာ တာဝန်သိတတ်ခြင်းအခြေအမြစ်ကို ပုံသွင်းလေ့ကျင့်ပေးပြီးမှ လွတ်လပ်စွာ ပျံသန်းနိုင်မဲ့ တောင်ပံတစ်စုံ ကိုပေးအပ်ရန် လိုတယ်။
2 comments
Gipsy
December 3, 2011 at 1:42 pm
အရပ်အခေါ် “ လောင်းရိပ် ” ပေါ့ ကိုရင်ရာ . . ။
လောင်းရိပ်မိ တယ်ဆိုရင် ရှင်သန်ထမြောက်ဖို့ ခက်တယ်လေ . . ။
အချိန်အတိုင်းအတာတခုရောက်ရင် လောင်းရိပ်က ရုန်းထွက်နိုင်အောင် ကြိုးစားရပါမယ်. . ။
windtalker
December 3, 2011 at 2:14 pm
ငယ်တုန်းက လူရဲ ့တာဝန်ဆိုတာကို မသိသေးခင်တုန်းက
ဘယ်အချိန်သေသေ ဆိုပြီး သေခြင်းတရား ကို မကြောက်ခဲ့မိဘူး ။
အခု လက်ရှိအချိန်ကြ ကိုယ့်မှာ လုပ်စရာ တာဝန်တွေ အများကြီး ရှိနေကြောင်း သိလာရချိန်ကြ
သေဖို ့ကြောက်နေမိတယ် ဗျာ