ကုသိုလ်စိတ် လျော့နည်းသွားရခြင်း

weiweiDecember 4, 20111min61118

ရေးလဲမရေးချင်ဘူး … မရေးပဲလဲ မနေနိုင်အောင် စိတ်ထဲမှာ ကလိကလိဖြစ်တာနဲ့ ရေးလိုက်ပါတော့တယ်။

ဒီကနေ့ မနက်အာရုံမှာ ကျွန်မအိမ်မှာ သံဃာတော် ၅ ပါး ပင့်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။
ဆွမ်းကပ်ဖြစ်ပုံက …
ကျွန်မက ရန်ကုန်မှာ တိုက်ခန်းတစ်ခန်းနဲ့ တစ်ယောက်ထဲနေဖြစ်တာများပါတယ်။ အိမ်လဲမဟုတ် အဆောင်လဲမဟုတ်ပဲ အဆင်ပြေသလိုပဲနေနေခဲ့တာဆိုတော့ တစ်ခါမှ ဘုန်းကြီးဆွမ်းကပ်တဲ့အလုပ်ကို မလုပ်ဖြစ်ခဲ့ဘူး။ အလုပ်ရှုပ်စရာတွေကိုတွေးကြောက်ပြီး မလုပ်ပဲနေခဲ့တာ တော်တော်ကြာပါပြီ။ ဒီအပါတ်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနေတဲ့အိမ်ယာဝင်းအတွင်းမှာ အိမ်ယာကော်မတီကကြီးမှူးပြီး ဆွမ်းသိမ်းပွဲလုပ်မှာမို့ ဘုန်းကြီး အပါး (၂၀၀) ပင့်ဖိတ်ထားပြီး အာရုံဆွမ်းကပ်ချင်တဲ့အိမ်က အပါးအရေအတွက် စာရင်းပေးသွင်းရင် အိမ်တိုင်ယာရောက် သံဃာတော်များကို ပို့ဆောင်ပေးမယ့်အစီအစဉ်တွေ့လိုက်မိတယ်။ ကျွန်မလဲ စိတ်ပါသွားမိပါတယ်။ ကျွန်မကိုယ်တိုင်ချက်ပြီးဆွမ်းကပ်ချင်တဲ့ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်လာတာနဲ့ (၅) ပါးကပ်ချင်တယ်လို့ စာရင်းသွားပေးလိုက်ပါတယ်။

ကျွန်မ သူငယ်ချင်းတစ်ယောက်ကို ဝိုင်းကူပေးဖို့ခေါ်လိုက်ပြီး ဈေးဝယ်၊ ချက်ပြုတ်၊ အခန်းသန့်ရှင်းရေးနဲ့ တော်တော်ပင်ပန်းအောင် လုပ်လိုက်ရပါတယ်။ အထူးသဖြင့် ကျွန်မလို လစာနဲနဲပဲရတဲ့သူက အဲဒီလောက်အကုန်ခံပြီးလှူတာ တော်ရုံသဒ္ဓါတရားနဲ့မဟုတ်ပါဘူး။ ကြက်သား ပလာတာလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ချက်ပြုတ်ပြင်ဆင်ထားတာပေါ့။ အချိုပွဲအတွက် သစ်သီးစုံဖျော်ရည် fruit cocktail နဲ့ ကျောက်ကျော၊ ဆနွင်းမကွင်းစသဖြင့် စုံအောင် ပြင်ဆင်ထားပါတယ်။ မနက်အစောကြီး ၅ နာရီမှာ ဘုန်းကြီး ၅ ပါး ရောက်လာပါတယ်။ ရောက်လာတာနဲ့ အတင်းလောပြီး တရားနာမယ်ဆိုပြီးလုပ်ပါတော့တယ်။ ကျွန်မတို့က လူပိုမရှိတော့ အားလုံးအကုန်ပြင်ပြီးမှ တရားနာလို့ရမှာပေါ့။ ဒါပေမယ့် အမြန်ဆုံးပြင်ပြီး ဘုန်းကြီးရှေ့ထိုင်ပြီး သီလယူ၊ ပရိတ်တရားနာ၊ ချက်ခြင်းပဲ ရေစက်ချလိုက်တာ စုစုပေါင်း မိနစ် ၂ဝ တောင်မကြာလိုက်ပါဘူး။ ကုသိုလ်စိတ်ဖြစ်ဖို့တောင် အချိန်မရနိုင်အောင်ဖြစ်လို့ စိတ်ကိုတောင် မနဲငြိမ်အောင်ကြိုးစားနေခဲ့ရပါသေးတယ်။

ရေစက်ချပြီးတာနဲ့ ဦးဇင်းတို့ တခြားအလှူကိုသွားရအုန်းမှာမို့ အချိုပွဲနဲနဲပဲ စားပါ့မယ်တဲ့။ ကျွန်မဘယ်လိုခံစားလိုက်ရမလဲ စဉ်းစားကြည့်လို့ရပါတယ်။ အိပ်ပျက်ခံ၊ ငွေကုန်ခံပြီး သေချာပြင်ဆင်ထားတာကို အဲဒီလိုပြောလိုက်တော့ စိတ်ထဲမကောင်းဖြစ်သွားတယ်။ ဘုန်းကြီးပင့်လာပေးတဲ့ ကျွန်မတပည့်ကောင်လေးက အဲဒီလို မလုပ်ပါနဲ့ဘုရား၊ ပြင်ဆင်ထားပြီးသားမို့ နဲနဲလောက်ဘုန်းပေးပါလို့ တောင်းပန်ပေးတော့မှ နဲနဲဘုန်းပေးမယ်ဆိုပြီး တကယ့်ကို နဲနဲလေးပဲ ဘုန်းပေးတယ်။ ပန်းကန်ထဲမှာ ထည့်ထားတဲ့ ကြက်သားပလာတာတွေကို တစ်စွန်း နှစ်စွန်းစီလောက်ပဲ စားပြီး ဒီအတိုင်း ချန်ထားခဲ့ကြပါတယ်။ ဈေးကြီးကြီးပေးထားရတဲ့ fruit cocktail ကိုလဲ နဲနဲစီပဲ စားပြီး ချန်ထားကြပြီး အမြန်ပြန်ကြပါတော့တယ်။ မိုးတောင်မလင်းသေးဘူး အားလုံးပြီးဆုံးသွားခဲ့တယ်။

ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ကျန်ခဲ့တာ … ကျွန်မရဲ့ဆွမ်းကပ်လှူမှုက ဆင်းရဲသားတစ်ယောက် ကိုယ်တိုင်မစားရက် မသောက်ရက် စုဆောင်းပြီး လှူချင်လွန်းလို့ လှူရတာနဲ့ သဘောတရားချင်းတူပါတယ်။ ပေါနေလို့မဟုတ်ဘူး။ ကျွန်မနဲ့သိတဲ့ ဘုန်းကြီးကျောင်းက ဦးဇင်းတွေကို ပင့်လို့ရပေမယ့် တမင်သက်သက် မဟာဒုတ်ဆန်ဆန် သံဃာစွဲမထားပဲ လှူဒါန်းချင်တဲ့ စိတ်ဓါတ်ကြောင့် အခုလိုပင့်ဖိတ်ခါမှ ဖြစ်မှဖြစ်ရလေလို့ စိတ်မကောင်းဖြစ်ပြီး ကုသိုလ်စိတ်ဖြစ်ပြီးကာမှ အကုသိုလ်စိတ်ဝင်လာမိလို့ ….

ပုရိမာ ပုရိမာ ကုသလာဓမ္မာ … ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ….

18 comments

  • ဆူး

    December 4, 2011 at 3:32 pm

    ဖြစ်မှ ဖြစ်ရလေ မဝေ ရယ်..
    ဆူး က ဝိနည်းတွေ ဘာတွေသေချာ မသိပေမဲ့..
    ဓူတင် ဆောင်တဲ့ ရဟန်းများဆို တနေ့ကို ဆွမ်းတနပ်ထဲ ဘုန်းတာမျိုး
    သပိတ်နဲ့ ဆွမ်းဘုန်းပေးတာမျိုး ဆွမ်းခံပြီး ကိုယ်တိုင် ဆွမ်းခံ ကြွတာမျိုး..
    ဒီလို ဓူတင်တွေနဲ့ ဝေးစွ လို့တောင် တွေးမိတယ်။

  • thit min

    December 4, 2011 at 3:37 pm

    မဝေဝေ
    ကျနော်တချိန်က ဒစ်ဂျစ်တယ် ဘုန်းကြီးလို့အများကခေါ်ဝေါ်ကြတဲ့ ရဟန်းတပါးကို
    လနဲ့ချီပြီး ဆွမ်းကပ်ခဲ့ဘူးပါတယ်။သူကဒစ်ဂျစ်တယ်ကင်မရာ၊ဘောလုံးပွဲစတာတွေ
    ကို လူတွေနဲ့ပြောလေ့ရှိပါတယ်။

    အဲဒီ ဆရာတော်ကို ဆွမ်းကပ်တဲ့အခါတိုင်း သံဃဿဒေမ၊ သံဃာဂုဏ်တော်ကိုးပါး
    ကိုရည်စူး၍ ကပ်လှူပါ၏ ဘုရားလို့ အသံထွက်ဆိုပြီး ကပ်လေ့ရှိပါတယ်။
    (အမှန်တော့ အဲဒီဆရာတော်ကိုကပ်မှ မဟုတ်ပါဘူး၊ဘယ်ရဟန်းကိုကပ်ကပ် အဲဒီလိုဘဲ
    ဆိုပြီးကပ်ပါတယ်၊)
    အဲဒီ ဆရာတော်ရဲ့ အမိန့်ရှိတဲ့ စကားက “ဒီဆွမ်းဟာသံဃာတော်ထုတရပ်လုံးနဲ့ဆိုင်တဲ့
    ဆွမ်းသဖွယ် ဖြစ်သွားပါပြီ၊ ဒါ့ကြောင့် ဒကာလေး မှာတော့ သေခြာစွာကုသိုလ်ရသွား
    ပါပြီတဲ့။ ဘာနဲ့အလားတူလဲ ဆိုတော့ ဘုရားဆွမ်းတော်ကပ်တာနဲ့တူပါတယ်တဲ့။
    ဒါပေမဲ့ ခက်သွားတာက ဦးဇင်းပါတဲ့၊ ဝိနည်းတော်နဲ့မညီခဲ့ရင်ဦးဇင်းမှာ ဒီဆွမ်းကိုစား
    ရတာ အပြစ်ရှိပါတယ်” လို့ရိုးရိုးလေး ဟောပြဘူးပါတယ်။
    ဆိုလိုတာက ခုမဝေဝေရဲ့ အလှူကိစ္စမှာလဲ ကိုယ့်စိတ်က သဒ္ဒါတရားကဘယ်သံဃာမဆို
    ဆိုပြီး သံဃဿဒေမ၊ သံဃာဂုဏ်တော်ကိုးပါး ကိုရည်စူးပြီး အလှူဖြစ်စေပြီ ဖြစ်လို့
    “ဒါန” မြောက်သွားပါပြီ။
    ပုဗ္ဗ၊မုံစ၊ပရစေတနာ သုံးခုရထိုက်ပါရက်နဲ့ လွဲသွားမှာစိုးလို့ “နှလုံးသွင်း”မှန်အောင် ပြောပြလိုက်ပါတယ်။
    ယောနိသော မနသီကာရ၊
    (^^)

    • windtalker

      December 4, 2011 at 6:51 pm

      “သံဃဿဒေမ၊ သံဃာဂုဏ်တော်ကိုးပါး ကိုရည်စူး၍ ကပ်လှူပါ၏ ဘုရားလို့ အသံထွက်ဆိုပြီး ကပ်လေ့ရှိပါတယ်။ ”
      လေးစားပါတယ် ကစ်သိုရေ
      မှတ်သားသွားပါပြီ ခင်ဗျာ
      ကျုပ်လဲ နောက်ကို ရဟန်းသံဃာများကို ဆွမ်းကပ်တဲ့အခါ အဲဒီလို အသံထွက်ရွတ်ဆိုမယ် ခင်ဗျ

  • မှော်ဆရာ

    December 4, 2011 at 3:37 pm

    အမရေ အဲဒါတွေ စိတ်ထဲ ထားမနေပါနဲ့ …ဘုန်းတော်ကြီးကို လှူပြီးသွားပြီ .. ပြန်စွန့်ခဲ့တယ်လို့ပဲ စိတ်တဲ ထားလိုက်ပါနော် …။
    ဆွမ်းကပ်ပြီးတဲက အမအလှူ အထမြောက်သွားပါပြီ ..။
    ဘုန်းပေးတာ မပေးတာနဲ့ မဆိုင်တော့ပါဘူး …။

  • kai

    December 4, 2011 at 4:03 pm

    အင်း..
    နောက်နောင်အဲဒီဘုန်းကြီးတွေရယ်..။ အဲဒီအဆက်အသွယ်နဲ့ပင့်ဖိတ်ခွင့်ရတဲ့.. ဘုန်းကြီးတွေရယ်ကို.. မလှူနဲ့တော့လို့ပဲ.. တိုက်တွန်းချင်ပါတယ်.။
    ကုသိုလ်ဆိုတာက.. လိုအပ်တဲ့အချိန်..လိုအပ်သူကို..လှူမှဖြစ်တာ..ရတာပါ..။
    သူလည်းရ..ကိုယ်လည်းရပေါ့..။
    ကြားထဲက.. ကြားသူ..သိသူတွေလည်း.. ရပါတယ်.။

    မြန်မာပြည်မှာ ကြက်သားပလာတာကို.. တသက်လုံးမစားဖူးသူတွေရှိမှာသေချာပါတယ်..။
    သူတို့..သူတို့တွေကိုယ်စားလည်း…ကြားထဲက..ကျုပ်က.. စိတ်မကောင်းဖြစ်မိပါရဲ့..။
    ဘုန်းကြီးတွေခမြာလည်း.. အတင်းစား(ဘုန်းပေး)လိုက်ရသမို့.. စိတ်ကောင်းထွက်လာမှာမဟုတ်ပါဘူး..။
    အလှူရှင်မှာလည်း.. စိုက်ထားရတဲ့..လုပ်အား..ငွေကြေး အပြည့်အဝ အသိအမှတ်ပြုချင်းမခံရလို့.. စိတ်ကောင်းမှာမဟုတ်ပါဘူး..။
    မကောင်းတဲ့စိတ်တွေချည်း ပွားစေတာပါ..။

    ကဲ.. အားလုံးကြေအောင်.. ပေါက်လိုက်မယ်..။ ဒုံး…ဒုံး..။ 😆

    • ဆူး

      December 4, 2011 at 4:06 pm

      သဂျီး ဘုန်းကြီး ဝတ်ပြီး ရန်ကုန် ကြွလာရင် သေချာ ကပ်ပေးမယ်။ ဒါပေမဲ့ ဖားအောက်မှာတော့ ၁လ တရားစခန်း အရင်ဝင်ရမယ်။
      ပန့်သကူသားနဲ့ ချက်တဲ့ ဟင်းစုံအောင် စီမံပေးမယ်။
      စိတ်မကောင်းမဖြစ်နဲ့။

  • မဝေ
    ဒီလိုဖြစ်ရတဲ့အဓိက အချက်ကတော့ ကိုယ်လှူဒါန်းတာကို လက်ခံသူမှာ
    တကယ်လိုအပ်သလားမလိုအပ်သလား မစုံစမ်းမိတာပါဘဲ။
    တကယ်လို့များ ဆွမ်းကွမ်းမပြည့်စုံရှာတဲ့ သံဃာကိုသာ ကပ်မိမယ်ဆိုရင်
    အခုအချိန်ထိတောင် မဝေမှာ ပီတိတွေနဲ့နေရမှာအမှန်ပါဘဲ။

    • weiwei

      December 4, 2011 at 5:06 pm

      ကိုပေါက်ရယ် ..
      သံဃာစွဲမထားချင်လို့ မဟာဒုတ်လှူတာလေ …
      ဘယ်ဘုန်းကြီးကျောင်းမှန်းတောင် ကျွန်မ မမေးမိပါဘူး …
      အခုလဲ အကုသိုလ်ဖြစ်နေတာတော့မဟုတ်ဘူး … စိတ်မကောင်းဖြစ်မိရုံနဲ့ ဒီလိုအဖြစ်အပျက်မျိုးလဲ ရှိပါသေးတယ်လို့ ပြောပြချင်ရုံသက်သက်ပါ …

  • nigimi77

    December 4, 2011 at 5:17 pm

    အိမ်း………

    ဘုန်းဘုရားတွေလည်း Appointment က ရှိပေသဂိုး ။

    ကမာရွတ် ဖက်မှာ ဝဂ္ဂီ ရပ်ကွက် ဆိုတာ ရှိတယ် ။

    အဲဒီ ဝဂ္ဂီလမ်းထိပ်က ကျောင်းဆိုရင် ဆွမ်းကွမ်း မပြည့်စုံဘူး ။

    အလှု ့ဒကာ ဒကာမတွေ သူတို ့သားတွေ ရှင်ပြုရဟန်းခံရင်လည်း ဒီကျောင်းဆိုရင်

    လက်ရှောင်တာများတယ် ။ အဲဒီ ရပ်ကွက် အတွင်းမှာတော့ အိတ်စာရာမ (စာလုံးမပေါင်းတတ်)

    ကျောင်းဆိုတာရှိတယ် ။ ကျောင်းကြီးပေါ့ဗျာ ။ အဲဒီကျောင်းကတော့ ပင့်သူဖိတ်သူ မစဲ တသဲသဲပေါ့ ။

    ရှင်ပြု ရဟန်းခံရင်လဲ ဒီကျောင်းပေါ့ ။ လူတွေက သူ ့ဘုန်းကြီး ငါ့ဘုန်းကြီး လုကြရာက ဘုန်းကြီးကျောင်း

    နဲ ့ ဘုန်းမကြီးကျောင်းတွေ ပေါ်လာတော့တာပဲ ။

    အမြင်ကိုပြောရမယ် ဆိုရင် ဘာနဲ ့တူလဲ ဆိုတော့ ဘုရား ဆင်းတုတော် ခြင်း အတူတူ တန်ခိုးကြီးတယ်

    လို ့ လူပြောများတဲ့ ဆင်းတု ဆိုရင် နဂိုကတဲက ရွှေရောင်ဝင်းပါတယ်ဆိုမှ သူ ့ထက်ငါ အပြိုင် အဆိုင် ရွှေ

    တွေ ဝိုင်းပွတ်လိုက်တာ ပုံတော်ပျောက်ပြီး ပုံပျက်ပန်းပျက် ဖြစ်သွားသလိုပဲ ။ အဲလိုပဲ ချို ့တဲ့ နေတဲ့

    ကျောင်းတွေက ချို ့တဲ့မြဲ ဖြစ်သလို ပုံပျက် ပန်းပျက် Appointment တွေ များနေတဲ့ ကျောင်းတွေက

    တော့ PA ထားရတော့ မလောက်ကို လှုချင်တန်းချင်သူတွေပေါပေသဗျ ။

  • naywoonni

    December 4, 2011 at 6:32 pm

    ဒီပို့စ်မှာ လက်မထောင်တာမရဘူးဗျို့….။ မှတ်ချက်ထဲမှာတော့ …။ နံပါတ်(၁) သူကြီး မှတ်ချက်
    နောက် (၂) တပ်မ77 မှတ်ချက် (၃) ကိုပေါက်မှတ်ချက်…။ ကြိုက်ပါတယ်…။ (+1) ပေးထားတယ်….။
    (- )လုပ်တဲ့သူ သေဒဏ် ဒါမှမဟုတ်…………………..
    ဟီးးး ……..ကျောဖူးးး

  • Anzartone

    December 4, 2011 at 6:43 pm

    စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းလေး ဘုန်းပေးသွားလည်း ကုသိုလ်ရတာပါပဲ။ အမရဲ့ဆွမ်းက သံဃာကို ရည်မှတ်ပြီး လှူတဲ့ ဆွမ်းပဲ မဟုတ်လား။ အဲဒီ သံဃာတွေက ဘုန်းပေးသွားတော့ ကုသိုလ်ကတော့ ရတာပါပဲ။
    ယောနိသော မနသိကာရ ….. ပေါ့။

  • pooch

    December 4, 2011 at 7:10 pm

    စိတ်မကောင်းမဖြစ်ပါနဲ့ မမဝေရယ်.. မဝေကို ဖြေသာစေတဲ့စိတ်နဲ့သာ ဒီလိုလေး ပြောရတာပါ ကိုယ်သာဆိုလည်း ဒီလိုပဲခံစားမိမှာပါ။

    ကျန်နေသေးတာကို လုပ်ဖော်ကိုင်ဖက်များကို စိတ်သန့်သန့်နဲ့ ကုသိုလ်ဖြစ်ပြန်ဝေပြီး စိတ်ဖြေလို်က်ပါ။
    နောက်ဆို လှူချင်တန်းချင်စိတ်ပေါက်လာရင် လိုအပ်သော နေရာများကို သေချာလေးမေးမြန်းပြီး လှူလိုက်ပါ။

    နောက် ကြားဖူးတဲ့ ပထမတန်းစား ဒါနလေး အကြောင်းကို ပြောပါရစေ။

    ၁။နိဗ္ဗာန်ကို ရည်မှန်းချက်ထားပြီး လှူပါ။

    ၂။ဉာဏ်ဦးဆောင်လှူပါ။

    ၃။ဝမ်းမြောက်ဝမ်းသာ ပျော်ပျော်ကြီးလှူပါ။

    ၄။တက်တက်ကြွကြွ ထက်ထက်သန်သန် အောင်ပွဲ တခုရလိုက်သလို လှူပါ။

    ၅။သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ သုံးပါး လမ်းကြောင်းရှင်းပြီးမှ လှူပါ။

    ၆။အပူကင်းသည့်စိတ်ဖြင့် ရှေ့နှင့်နောက် သတိနှင့် အသိချင်း စပ်ပြီးမှ လှူပါ။

    ထိုအလှူမျိုးသည် ပထမတန်းစားဒါန ဖြစ်သည်။ မိမိအတွက်လည်း အားကိုးစရာ၊ သာသနာအတွက် လည်း အားကိုးစရာ ဖြစ်သွားရပေသည်။

    တိပိဋက-ဓမ္မဘဏ္ဍဂါရိက ( ယောဆရာတော်)

    ကျမကိုယ်တိုင်လည်း မဝေလို ခံစားချက်အကုသိုလ်လေး ဖြစ်သွားခဲ့ဖူးလို့ ကိုယ့်ကိုယ်ကို သတိပေးတဲ့ အနေနဲ့ အဲ့ဒီစာလေးကို မကြာခဏဖတ်ပါတယ်။

  • MaMa

    December 4, 2011 at 8:38 pm

    ဝေဝေရေ-
    ကိုယ့်ရဲ့ မွန်မွန်မြတ်မြတ်လှူဒါန်းချင်တဲ့ဆန္ဒနဲ့ လုပ်ကိုင်ဆောင်ရွက်ထားတာတွေကြောင့် ကုသိုလ်တွေ အများကြီးရသွားပါပြီ။
    စိတ်အခန့်မသင့်တာကိုတော့ ရွာထဲမှာ အော်ပြီး စိတ်ဖြေလိုက်ပါတော့။
    ပိုနေရင် ခေါ်လိုက်ရောပေ့ါ။ စောစောကသိရင် လာအားပေးပါတယ်။ 😀
    (ကိုယ်ဆိုရင်လည်း စိတ်အခန့်မသင့်ရင် ရွာထဲမှာ ပိုစ့်တင်ပြီး အော်လိုက်တာပဲ။ အဲဒါဆို စိတ်က ပုံမှန်ပြန်ဖြစ်လွယ်တယ်လေ။)

  • weiwei

    December 4, 2011 at 8:48 pm

    အခုလို ဝိုင်းအားပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ် …

    Pooch ရေ … ဘုန်းကြီးတွေက နဲနဲစီပဲဘုန်းပေးကြတော့ ပန်းကန်ထဲမှာကျန်တာတွေက သူများကို ကျွေးလို့ ပေးလို့မရတော့ဘူးဆိုတော့ နှမြောတာပေါ့လေ ….
    လိုက်ပွဲကျန်တာတွေကို အိမ်နီးနားချင်းတွေကို အတင်းနှိုးပြီး (မိုးမလင်းသေးလို့) ဝေပေးလိုက်ပြီး ပြန်အိပ်နေလိုက်တော့တယ် …

    မမရေ … သတိရပါသေးတယ် . …
    နောက်ဆိုရင် အားရပါးရ စားပေးမယ့်သူတွေကိုပဲ ဖိတ်ကျွေးတော့မယ် … 🙂

  • parlayar46

    December 4, 2011 at 10:34 pm

    ဘာသာရေးကို လက်ရှောင်ထားချင်ပေမယ့်လဲ ပြောချင်လွန်းပြန်တော့…….

    မဝေဝေရဲ့ အလှူအဖြစ်အပျက်မျိုးကတော့ ရန်ကုန်မှာ တော်တော်ဖြစ်လေ့ရှိပါတယ်။
    ဒီလိုဖြစ်သွားတာ အလှူခံရဲ့ ချွတ်ယွင်းချက်က အဓိကပါပဲ။
    ဆွမ်းမစားနိုင်ရင် ဘာကြောင့် ဆွမ်းစားပင့်တာလက်ခံရမှာလဲ။
    အဲဒါဝိနည်းနဲ့ ပြောရင်ပရိယာယ်နဲ့ ရှောင်လို့လွတ်နိုင်ပေမယ့်-
    “ဘုရားအလိုတော်” ဆိုတဲ့ စကားနဲ့ကိုင်ပြီးပြောရင် ဘုန်းကြီးတွေရဲ့ အမှားဆိုတာ ဘယ်လိုမှ မငြင်းနိုင်ဘူး။
    ၂၂ရ သွယ်သိက္ခာပုဒ်တွေကို အကြမ်းပဲဖတ်ကြည့်ဦး-
    ဘုရားရှင်က သံဃာ့အဖွဲ့အစည်းကို
    ၁-ဘယ်လိုလူကြားထဲ တင့်တယ် ကြည်ညိုဖွယ်ဖြစ်စေချင်တာ
    ၂-ဘယ်လို လူတွေရဲ့သဒ္ဓါကို မပျက်စေချင်တာ
    အလွန်ထင်ရှားစွာတွေ့ရပါမယ်။
    သံဃာ့အဖွဲ့အစည်းတည်တံ့ဘို့ဆိုတာ သံဃာတော်တွေကိုကြည်ညို ပံ့ပိုး လှူတန်းတဲ့ ဒကာဒါယိကာမတွေရဲ့ သဒ္ဓါက အရေးကြီးလွန်းလို့ပါပဲ။ အဲဒါ ဘုရားသားတော်တွေ သိတတ်ကြပါစေ။

    မဝေဝေ အတွက်ပဲကွက်ပြီး ပြောရရင်တော့
    ကုသိုလ်လုပ်ရာက အကုသိုလ်ဖြစ်သွားတာတော့ မဟုတ်ပါဘူး။
    ကုသိုလ်လုပ်ရာက ကုသိုလ်စေတနာ အဖြစ်နည်းသွားရုံသာဖြစ်ပါတယ်။
    အဲဒါကလဲ အလှူခံရဲ့ချွတ်ယွင်းချက်ကြောင့် မလွှဲမရှောင်သာ ဖြစ်ရတာပါပဲ။
    အဲဒီလိုတွေ့ကြုံရလို့ ပိုအကျိုးရှိစေတဲ့အချက်ကတော့
    နောင်ကို ဒါနကုသိုလ်လုပ်ရင် အလှူခံကို ရွေးချယ်(မိ)တော့မှာမို့
    နောင်ကို ပိုမှန် ပိုသန့်ရှင်း ပိုအကျိုးကြီးမားတဲ့ ဒါနကုသိုလ်တွေ ဖြစ်စေဘို့အတွက်
    “ရင်း” လိုက်ရသလိုသာပဲမို့
    ဒီလိုဖြစ်သွားလဲ တန်ပါတယ်မဝေဝေရေ။

  • True Answer

    December 5, 2011 at 9:50 am

    ကျွန်တော်တို့ တတွေ –

    ဒါန၊ သီလ၊ ဘာဝနာ (သို့) ဒါနပါရမီ၊ သီလပါရမီ စသည်ဖြင့် ပါရမီဆယ်ပါးလုပ်ဆောင်ရမှာ အဓိကထားရမယ့်အချက်ကို နားလည်ဖို့ လိုပါတယ်။ နားမလည်ရင် စိတ်ထဲမှာ ပုရိမာ ပုရိမာ ကုသလာဓမ္မာ … ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ …. ဆိုတဲ့သဘောတွေ အမြဲဖြစ်နေတတ်ပြီး စိတ်ထဲမှာ ကုသိုလ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတက်နေပါလိမ့်မယ်။

    ၁) ဒါနပါရမီ ကမိမိရဲ့ ငါ ငါ့ဟာ ငါ့ပိုက်ဆံ ဆိုပြီး သိမ်းပိုက်တဲ့ လောဘကို စွန့်လွှတ်လိုက်ဖို့က အဓိကပါ။
    ၂) သီလပါရမီ ကတော့ မိမိ လောဘ-ဒေါသ အလျှောက်ပြုလုပ်လိုမှု (သို့) လောဘ – ဒေါသ ကိုစွန့်လွှတ်နှစ်မျိုးကို စွန့်လွှတ်ဖို့ပါ။
    လောဘ-ဒေါသ-မောဟ ကိုစွန့်လွှတ်ခြင်းအားဖြင့် အလောဘ-အဒေါသ-အမောဟစိတ်များဖြစ်ပေါ်ဖို့ရာ အဓိကထားရပါမယ်။

    ဒီလိုမှမဟုတ်ဘဲ…. ငါ ကုသိုလ်ရဖို့ ၊ ငါ နောက်ဘဝ ဘာဖြစ်ဖို့ စသည်ဖြင့်လည်းကောင်း ….
    ဒါမှမဟုတ် လိုအပ်တဲ့သူရဖို့ …မလိုအပ်တဲ့သူမရဖို့
    (ပုဂိ္ဂုလ်-သတ္တဝါခွဲခြားမှုနဲ့)…..လူ့ငြိမ်းချမ်းရေးအတွက် (လူ-တိရစ္ဆာန်ခွဲခြားမှု) စသည်ဖြင့်လည်းကောင်း
    ပုဂိ္ဂုလ်-သတ္တဝါ အယူ (ဒိဌိ) တန်းလန်းနဲ့ လှူရင်တော့ ….
    အဓိက ထားရမယ့် ဟာကို အဓိကမထားတတ်ရင်….
    ဒီလိုပဲ စိတ်ထဲမှာ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတောင်မှ ပြဿနာတက်ပါလိမ့်မယ်။

  • nayminn

    December 5, 2011 at 9:54 am

    ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောနေကျစကားလေးတစ်ခွန်းသတိရမိပါတယ် အလှူမှာဝါးတီးပေးကြတဲ့အခါတိုင်း သားကြီးတို့အမုန်းစွဲ အလှူရှင်ဒါနလေးမြောက်အောင်ပေါ့..တဲ့။

    ” ဒါနလေးမြောက်အောင်တော့ “ဘုန်းပေးသွားသင့်ပါကြောာင်း..။

  • ကြောင်ကြီး

    December 5, 2011 at 11:47 am

    ဗန်းမော်ဆရာတော်လား မသိဘူး ဒကာတဦးက သူ ဆွမ်းအလှူရှင် ဖြစ်ခဲ့ဖူးကြောင်း လျောက်တော့ လှူတိုင်းသာ မှတ်မိရမယ်ဆိုရင်… အဲလိုသဘောမျိုး ဟာသဆန်ဆန် စကားရှိတာ မှတ်မိတယ်။
    နားလည်ပေးဘာ အန်တီဝေရယ်….. ကျော်ဟိန်းကို လူတိုင်းသိပေမဲ့ ကျော်ဟိန်းက လူတိုင်းကို ဘယ်အမှတ် ရနိုင်ပါ့မလဲ။
    ဘုန်းကြီးတွေမှာလည်း သူ့အပူနဲ့သူ။ ကိုယ်ကသာ အခါထူးအနေနဲ့ တသီးတသန့် ဆွမ်းပွဲလုပ်သတ်မှတ်ပေမဲ့ အမြဲတမ်း ဆွမ်းစားကြွနေရသူအဖို့ သာမာန်အလုပ်တခုမျှသာ ရှိမှာပေါ့။ သံဃာဂုဏ်တော်နဲ့ အပြည့်အဝ ကိုက်ညီဖို့ဆိုတာတော့ လူနဲ့ ပတ်ဝန်းကျင် အညမည အပြန်အလှန် မှီခိုရခြင်း သဘောတရားရှိလို့ တခုပျက်ရင် အခြားတခုပါ လိုက်ချို့ယွင်းတယ်။ ဒီခေတ်ကြီးမှာတော့ ဒီလောက်ပဲရမယ်။

Leave a Reply