ရယ်ရယ်မောမော

မယူခင်ကတည်းက

ကောင်မလေး။ ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် အရက်ဖြတ်မှာလား။
ကောင်လေး။ မင်း ဖြတ်စေချင်ရင် ဖြတ်ပါ့မယ်။

ကောင်မလေး။ ဒါဆိုရင် ဆေးလိပ်သောက်တာလည်း ဖြတ်ရမယ်နော်။
ကောင်လေး။ အင်း….မင်းသဘောလေ။ ဖြတ်ပါ့မယ်။

ကောင်မလေး။ ညဘက်တွေ အပြင်ထွက်တဲ့ အကျင့်ကိုလည်း ဖြတ်ရမယ်။
ကောင်လေး။ (ဒေါသသံဖြင့်) အေးကွာ… ဖြတ်မယ်။

ကောင်မလေး။ ဒါဆို အကုန် ဖြတ်ရမယ်နော်။
ကောင်လေး။ ဖြတ်မယ်ဟေ့။ မင်္ဂလာဆောင်မယ့်နေ့ကိုပါ ဖြတ်မယ်။

~~~~~~~~~~~~~~~~~~~~~

ကြက်တူရွေး

လေလံပွဲတစ်ပွဲတွင် လူတစ်ယောက်က ကြက်တူရွေး တစ်ကောင်ကို လေလံဆွဲသည်။
“၃၀၀”
“၃၅ဝ ” ဟု ဈေးပြိုင်ပေးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူမှ ဈေးထက်တိုးပေးသည်။

“၄၀၀”

“၅၀၀” ဟု တဘက်မှ ထပ်တိုးပေးပြန်သည်။
“၆၀၀”

“၇၀၀”
အပြိုင်အဆိုင် ဈေးပြိုင်ပေးရင်းဖြင့် နောက်ဆုံး ကြက်တူရွေးကို ၉၀၀ဝ ဖြင့် ထိုလူရရှိသွားသည်။
“ဒါထက်.. ဒီကြက်တူရွေးက စကားရော ပြောတတ်ရဲ့လား။”

“ပြောတတ်ပါတယ်ဗျ။ ခုနကတောင် ခင်ဗျားနဲ့ ဈေးအပြိုင်ပေးနေသေးတယ်လေ”

~~~~~~~~~~~~~~~~~~~~~

လက်မှန်လာလို့ပါ

ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂ဝ အရောက်တွင် ကွာရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ မိတ်ဆွေများက ယောကျာ်းဖြစ်သူကို ဝိုင်းတားကြသည်။

“နှစ်ပေါင်းများစွာပေါင်းလာပြီးမှ ဆကြ်ပီးသည်းခံလိုက်ပါကွာ။ မင်းမိန်းမ အကြောင်းလည်း သိနေတာပဲ။ ”
“မင်းတို့ဘာသိလို့တုန်းကွ။ ငါ့မိန်မက တစ်ဖြေးဖြေး လက်တည့်လာပြီ။ ”

~~~~~~~~~~~~~~~~~~~~~

ကျောင်းအုပ်ကြီး

မနက် ရနာရီခွဲတွင် အမေက သားဖြစ်သူကို နှိုးသည်။
အမေ။ ထတော့လေ။ ကျောင်းနောက်ကျတော့မယ်။
သား။ အမေ ကျွန်တော် ကျောင်းမသွားပါရစေနဲ့..။
အမေ။ ဟဲ့ ဘာဖြစ်လို့လဲ..။
သား။ ကျောင်းက ကလေးတွေက ကျွန်တော်ကို မကြိုက်ကြဘူး။ ဆရာ၊ဆရာမတွေကလည်း အမြင်ကပ်နေပုံပဲ။ ကျောင်းစောင့်က အစ..။

အမေ။ မင်း အပိုတွေ ပြောမနေနဲ့။ ကျောင်းအုပ် လုပ်တာပဲ အနှစ် ၂ဝ ရှိတော့မယ်။

~~~~~~~~~~~~~~~~~~~~~

ခဏတော့စောင့်ပါ

လူ။ နတ်မင်းကြီးခင်ဗျာ..နှစ်ပေါင်းတစ်ရာက နတ်မင်းကြီးအတွက် ဘယ်လောက်ကြာလဲခင်ဗျ။
နတ်။ တစ်မိနစ်လောက်ပဲ ကြာတာပေါ့။
လူ။ ဒါဆို ငွေသိန်းတစ်ရာကရော..။
နတ်။ အကြွေစေ့ တစ်စေ့လောက်ပဲ ရှိတာပေါ့။
လူ။ ကျွန်တော့်ကို အဲဒီအကြွေစေ့ တစ်စေ့လောက် ချေးပါလား။
နတ်။ အေး ချေးမယ်။ တစ်မိနစ်စောင့်။

~~~~~~~~~~~~~~~~~~~~~
လစ်မလားလို့

လူတစ်ယောက် မီးပွင့်နီနေသည်ကို ဆိုင်ကယ်နှင့် ဖြတ်ကူးသည်ကိုတွေ့တော့ ရဲက လှမ်းတားသည်။
ရဲ။ မင်း မီးပွင့်နီနေတာကို မတွေ့ဘူးလား။
လူ။ တွေ့ပါတယ်။
ရဲ။ ဒါဆို ဘာလို့ ဖြတ်မောင်းတာလဲ။
လူ။ ဆရာ့ကို မတွေ့လို့ပါ..။

~~~~~~~~~~~~~~~~~~~~~
အမူးသမား

 

 

အရက်မူးနေသည့် ယောကျင်္ားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။

ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောကျင်္ား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်…။ ပြီးတော့ အထဲကနေ လေအေးေတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။

ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ…။”

~~~~~~~~~~~~~~~~~~~~~

 

အေးဆေးပါ

 

တက်စီကားတစ်စီးပေါ်ကို လူတစ်ယောက် တက်လာတယ်။
“ကားဆရာ လေယာဉ်ကွင်းကို မြန်မြန်လေး မောင်းပေးပါ။”
“လေယာဉ်ချိန်က ဘယ်အချိန်လဲ။”
“၁ဝနာရီ၂ဝပါ။”
“ဒါဆို ဘယ်မှီတော့မလဲ။ အခုပဲ မိနစ် ၂ဝ ကျော်နေပြီ။ လေယာဉ်က ခင်ဗျားကို ဘယ်စောင့်တော့မလဲ။ ”
“မောင်းမှာသာ မြန်မြန်မောင်းပါ။ ကျွန်တော်က အဲဒီလေယာဉ်မောင်းမယ့် လူပါ။ ”

5 comments

  • aye.kk

    December 4, 2011 at 11:00 pm

    ဟာသဖတ်ရသည်..
    ရယ်ရယ်မောမော..
    ပေါ့ပေါ့ပါးပါးရှိလှသည်..
    နောက်များလည်းစောင့်၍ဖတ်ပါမည်..။

  • koyinmaung

    December 5, 2011 at 9:01 am

    ဟာသလေးတွေသဘောကျပါတယ်
    အားပေးသွားတယ်နော်……………

  • Moe Z

    December 5, 2011 at 10:31 am

    😀 😀 😀
    Sylvia: Dad, can you write in the dark?
    Father: I think so. What do you want me to write?
    Sylvia: Your name on this report card.

    • Paganini

      December 5, 2011 at 11:02 am

      ဟီဟိ …ခစ်ခစ် ….ခွိခွိ…
      ဘာမှ မီဟုတ်ပါဝူး … ဟာသရေးထားလို့ ရီဒါဘာ

      😀 😛

  • zawmyothu

    December 5, 2011 at 1:15 pm

    အပျိုလေးမို့ပါရှင်

    တိုက်နယ်ဆေးရုံကလေးသို့လှည်း တစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။ နုနယ်ပျိုမြစ်သော အနှီ မိန်းကလေး လူနာမှာ တော၏ သမီးပီပီ နွားစာစဉ်းရင် ဝဲဘက်လက်မှာ ဓားစက် ထိသွား၏။ သွေးများအထွက်ကာ သတိ ပင် မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှ ဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။ လှည်းမောင်းသူ၊ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး ချက်မနှင့် လိုက်ပါလာ၏။တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်း စဉ်အရ စမ်းသပ်ပြီးနောက် ဆရာဝန်က လူနာ၏ သွေးအမျိုး အစားကို စစ်ပြီး လူနာကို “အိုသွေး” သွင်းရမယ်ဟု ပြောသော အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက “ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွေးပါနော်”တဲ့။

Leave a Reply