ဒါ ကျွန်မရဲ့အိမ်
၁၉၈ဝ ကျော် ကာလတွေတုန်းက ……
ထမင်းစားပွဲဝိုင်းတစ်ခုမှာ အသက် ၈ဝ အရွယ်အဖိုးတစ်ယောက်နဲ့ ၁ဝ နှစ်ကျော်အရွယ် မြေးမလေးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ထမင်းစားနေကြတယ်။ သွားမရှိတော့တဲ့ အဖိုးအတွက် ဟင်းတွေက ပျော့ပျော့ကြော်ထားတဲ့ ငါးကို အသားနွှင်ထားတာတစ်ခွက်၊ နူးအောင်ကြော်ထားတဲ့အသီးအရွက်တစ်ခွက်၊ ထမင်းရည်တစ်ခွက်နဲ့ ရိတ်ရိတ်လှီးထားတဲ့ မြင်းခွာရွက်တစ်ပန်းကန်၊ ထမင်းစားပြီးစားဖို့ သစ်သီးတစ်ပန်းကန်ဖြစ်ပါတယ်။ ထမင်းစားတုန်း စကားပြောတာမကြိုက်တဲ့ စည်းကမ်းကြီးတဲ့ ဖိုးဖိုးကြောင့် ထမင်းဝိုင်းက တိတ်နေတယ်။ မြေးမလေးဘေးက ထိုင်ခုံမှာ ကြောင်လေးတစ်ကောင်ကထိုင်ပြီး ထမင်းစားတာကိုကြည့်နေတယ်။ ခြေထောက်အောက်မှာ အမွှေးစုတ်ဖွားနဲ့ခွေးလေးက ပွတ်သပ်ပြီး အတင်းကပ်ထိုင်နေတယ်။ ဇွန်းခရင်းသံကလွဲပြီး ဘာသံမှမကြားရတဲ့ ထမင်းစားဝိုင်းမှာ တခြားအိမ်သားတွေ ဝင်စားလေ့မရှိပါဘူး။ သူတို့တွေက တခြားထမင်းဝိုင်း၊ တခြားဟင်းတွေနဲ့ အသံဗလံ ဆူဆူညံညံ စားသောက်တတ်ကြတယ်။
ကျောင်းပိတ်ရက်တိုင်း မြေးမလေးနဲ့ထမင်းအတူတူစားပြီးရင် ပုံပြင်ပြောပြလေ့ရှိပါတယ်။ နှစ် ၇ဝ လောက် အသက်ကွာတဲ့ ဖိုးဖိုးနဲ့မြေးမလေးတို့ စကားဝိုင်းက အခုအချိန်မှာ တကယ့်ကို ပုံပြင်တစ်ခုဖြစ်သွားခဲ့ပါပြီ။ အိမ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ဖိုးဖိုးက ပုံပြင်လိုပဲ ပြောပြခဲ့ဖူးတယ်။ ဖိုးဖိုးတို့ သမီးတို့လက်ရှိနေနေတဲ့ အိမ်တစ်လုံးရဖို့ ဖိုးဖိုးဘယ်လောက်ကြိုးစားခဲ့ရပုံတွေကို အလျင်းသင့်တိုင်း ပြောပြလေ့ရှိခဲ့ပါတယ်။ ဖိုးဖိုးက မိဘမဲ့တစ်ကောင်ကြွက်ဘဝနဲ့ ပညာမသင်ခဲ့ရပဲ ကြီးပြင်းခဲ့ရပုံတွေ၊ အသက် ၁၈ နှစ်လောက်အရွယ်မှာ လက်ထဲမှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှမရှိတဲ့ဘဝကနေ ရုန်းကန်ခဲ့ရပုံတွေ၊ ဒုတိယကမ္ဘာစစ်တုန်းက အတွေ့အကြုံတွေ၊ အဖွားကို ဘယ်လိုပိုးခဲ့ပုံတွေ၊ အဖွားရဲ့မောင်နှမအကြောင်းတွေ၊ အဖိုးကြုံခဲ့ရတဲ့ ဘဝအကြောင်းတွေ၊ တစ်ခါတစ်လေ ဆုံးမစကားတွေ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပြောပြခဲ့ပါတယ်။
အဖိုးက ကျန်းမာရေးအရမ်းဂရုစိုက်ပါတယ်။ ဥစ္စာကိုကံစောင့်တယ် .. အသက်ကို ဉာဏ်စောင့်တယ်လို့ အမြဲပြောတယ်။ မတည့်တဲ့အစားအစာ လုံးဝမစားဘူး။ ထမင်းအချိန်မှန်စားတယ်။ အာဟာရပြည့်အောင်စားတယ်။ အားဆေးလဲပုံမှန်သောက်တယ်။ အိပ်ချိန်လဲမှန်ပါတယ်။ ကျွန်မသိသလောက် တစ်ကြိမ်တစ်ခါမှ ဖျားနာခြင်း၊ နှာစေးချောင်းဆိုး၊ သွေးတိုး မဖြစ်ခဲ့ဖူးပါဘူး။ အသက် ၉၄ နှစ်မှာ မီးစာကုန် ဆီခမ်းဖြစ်ပြီး ငြင်ငြင်သာသာပဲ အသက်ထွက်သွားတာမျက်မြင်ပါပဲ။ ပိန်ပန်ညောင်ညောင်ဖြစ်နေတဲ့ မြေးမလေးကို အမြဲတမ်းစိုးရိမ်ပြီး အစားအသောက်ဂရုတစိုက်ကျွေးလေ့ရှိပါတယ်။ မြေးမလေးအတွက် ကြက်အထီးအကောင်နုနုဝယ်စေပြီး ပေါင်းခံပြီး အရည်တိုက်လေ့ရှိပါတယ်။ မြေးအငယ်ကောင်လေးအတွက် ကြက်အမအကောင်နုနုဝယ်စေပြီး ပေါင်းရည်တိုက်လေ့ရှိပါတယ်။ မြေးတွေက မကြိုက်ပေမယ့် အဖိုးကို မလွန်ဆန်ရဲလို့ သောက်ကြရတယ်။ ဗဟုသုတအနေနဲ့ မှတ်ထားမိတာက ယောက်ျားလေးသောက်ဖို့ ကြက်အမကိုပေါင်းရတယ်။ မိန်းကလေးသောက်ဖို့ ကြက်အထီးကို ပေါင်းရပါတယ်။ တစ်ခါတစ်လေ brand ကြက်ပေါင်းရည်ကို အတင်းသောက်ခိုင်းလေ့ရှိပါတယ်။ ဟောလစ်ကိုလုံးဝမကြိုက်တဲ့ မြေးမလေးကို အိုဗာတင်းဝယ်တိုက်တယ်။ မုန့်ပုံးအသစ်ဖွင့်လိုက်တိုင်း မြေးမလေးကို ကြိုက်တာအရင်ရွေးစေပြီးမှ ကျန်တာကို အဖိုးက စားတဲ့အထိ မြေးမလေးကို အချစ်ပိုပါတယ်။
အဖိုးလုံးဝမကြိုက်တဲ့အလုပ်က လောင်းကစားအလုပ် (ဖဲကစားခြင်း) ပါပဲ။ အရက်သောက်တာကိုတောင် ခွင့်လွှတ်ချင်တဲ့အဖိုးက ဖဲကိုတော့ လုံးဝခွင့်မလွှတ်ပါဘူး။ လောင်းကစားဆိုတာ မိသားစုဘဝကို တစ်ရက်ထဲနဲ့ ပျက်စီးစေနိုင်ကြောင်း အဖိုးမျက်မြင်ကိုယ်တွေ့တွေနဲ့ဆုံးမလေ့ရှိပါတယ်။ အဖိုးက ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေကို အရမ်းဝါသနာပါခဲ့ပါတယ်တဲ့။ ရွှေမန်းတင်မောင်ဇာတ်ကို ကြိုက်လွန်းလို့ ပွဲရာသီဆိုရင် ဇာတ်အဖွဲ့နောက်လိုက်ပြီး ခေါက်ဆွဲကြော်လိုက်ရောင်းလေ့ရှိတယ်တဲ့။ ခေါက်ဆွဲကြော်ဆိုင်နံမည်ကိုတောင် ရွှေမန်းခေါက်ဆွဲကြော်လို့ နံမည်ပေးထားသည်အထိ ပွဲကြိုက်တတ်သူလဲဖြစ်ပါတယ်။ ခေါက်ဆွဲကြော်နဲ့ဆက်စပ်မိလို့ ဗဟုသုတအနေနဲ့တစ်ခုပြောပြချင်သေးတယ်။ အဖိုးက မြေးမလေးကို ခေါက်ဆွဲကြော်အမျိုးမျိုး ကိုယ်တိုင်ကြော်ကျွေးလေ့ရှိပါတယ်။ ထူးခြားတဲ့ခေါက်ဆွဲကြော်တစ်မျိုးက ငါးပုတ်ခြောက်ခေါက်ဆွဲကြော်ဖြစ်ပါတယ်။ အပြင်မှာလဲ တစ်ခါမှမကြားဖူးတာမို့ ဒီအဖိုးတစ်ယောက်တော့ အသက်ကြီးပြီး သူငယ်ပြန်လို့ မဟုတ်ကဟုတ်ကတွေနဲ့ကြော်ကျွေးတာများလားလို့ ထင်ခဲ့ဖူးသေးတယ်။ အခုခေတ်ရောက်မှ တကယ်ကို ငါးပုတ်ခြောက်ခေါက်ဆွဲကြော်ရှိတာတွေ့တော့မှ ငါ့အဖိုးက အရင်ကထဲက တယ်ခေတ်မှီခဲ့ပါလားလို့ ပြန်သတိရမိပါတယ်။
ရီစရာတစ်ခုအနေနဲ့အခုထိပြောစမှတ်ဖြစ်နေတာက အဖိုးရဲ့အိမ်ပုံစံဖြစ်ပါတယ်။ တုံးတိတိနဲ့ အံစာတုံးနဲ့တူတဲ့ နှစ်ထပ်တိုက်အိမ်ပုံစံက ဘုရားကျောင်းတစ်ခုလိုဖြစ်နေတယ်။ ဝရန်တာမရှိတဲ့အိမ်က ဘယ်လိုမှကြည့်မကောင်းပါဘူး။ ဘာဖြစ်လို့များ အဲဒီလိုဒီဇိုင်းနဲ့ဆောက်တာလဲလို့ မေးကြည့်တော့မှ …. အဖိုးအိမ်ဆောက်ခါနီးအချိန်တုန်းက အဖိုးနဲ့သိတဲ့မိတ်ဆွေတစ်ယောက်ရဲ့သမီးက ဝရန်တာကနေပြီး လင်နောက်လိုက်သွားလို့တဲ့။ အဖိုးမှာက သမီးအပျို ၂ ယောက်ရှိလေတော့ သမီးတွေအဲဒီလိုလင်နောက်လိုက်မှာ စိုးရိမ်ပြီး ဝရန်တာမထည့်တဲ့အိမ်ဆောက်ခဲ့တာပါတဲ့။ ယနေ့အထိ ဝရန်တာမရှိတဲ့ကျွန်မတို့အိမ်က ရာဇဝင်နဲ့ပေါ့ …
အဖိုးက ဘယ်တော့မှအလကားမနေပါဘူး။ ထိုင်နေရင်တောင် ပေသီးခေါက်နေလေ့ရှိတယ်။ စာတစ်လုံးမှမတတ်ပေမယ့် စိတ်နဲ့အကုန်မှတ်မိပါတယ်။ အဖိုးက မြေးမလေးကို ပေသီးခေါက်နည်းသင်ပေးခဲ့သေးတယ်။ အဖိုးလုပ်ခဲ့ဖူးတဲ့ အိမ်တွင်းမှု လုပ်ငန်းငယ်လေးတွေအကြောင်း ပြောပြခဲ့ဖူးပေမယ့် မြေးမလေးက သိပ်ငယ်တော့ သေချာမမှတ်ထားခဲ့မိဘူး။ မြေးမလေးက ငါးအလှလေးတွေ မွေးချင်တယ်ဆိုလို့ ဧည့်ခန်းထဲမှာ မှန်နဲ့လုပ်ထားတဲ့ ငါးကန်လေးတစ်ကန်နဲ့ ရွှေငါးလေးတွေလဲ ရှိခဲ့သေးတယ်။
အဖိုးက အပျင်းထူတာကို လုံးဝမကြိုက်ပါဘူး။ မြေးမလေးကို ပညာတတ်ကြီးဖြစ်စေချင်ခဲ့တယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကြိုးစားသင်ယူဖို့နဲ့ ပညာနဲ့အသက်မွေးတာကောင်းတဲ့အကြောင်း ပုံပြင်တွေနဲ့ ပြောပြခဲ့ပါတယ်။ ဗေဒင်ဆရာကို မယုံကြည်သင့်ကြောင်း ကိုယ်တွေ့ဖြစ်ရပ် ဟာသတွေနဲ့ ပြောပြခဲ့ဖူးတယ်။ ပက်လက်ကုလားထိုင်နဲ့ပတ်သက်တဲ့အယူအဆကို ရေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီခေတ်က ကတ်ဆတ်ပေါ်နေပြီဖြစ်ပါတယ်။ အဖိုးရဲ့သားတွေက ကတ်ဆတ်လိုချင်လွန်းလို့ ဝယ်တာကို မတားခဲ့ပေမယ့် ကတ်ဆတ်ဆိုတာ အိမ်တွင်းသူခိုးဖြစ်ကြောင်း သူ့အမြင်ကို ပြောပြခဲ့ပါတယ်။ ကတ်ဆတ်ခွေ ဝယ်တာပဲဖြစ်ဖြစ်၊ ငှားတာပဲဖြစ်ဖြစ် ပိုက်ဆံအမြဲလိုက်ကုန်နေရတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ မြေးမလေးလိုချင်တာတွေကို အမြဲဝယ်ပေးလေ့ရှိပေမယ့် အန္တရယ်ရှိစေမယ့်ဟာတွေကိုတော့ အလိုမလိုက်ခဲ့ပါဘူး။ ရွှေငွေလက်ဝတ်ရတနာတွေကို ပေးမဝတ်ခဲ့ဘူး။ ဆိုင်ကယ်စီးဖို့ လုံးဝခွင့်မပြုခဲ့ပါဘူး။ ကျောင်းကပြန်လာရင် သတင်းစာဖတ်ပြရပါတယ်။ ခွေးကလေးတွေအများကြီးရှိတာကို အဖိုးက မျက်စိနောက်ပေမယ့် မြေးမလေးက သူတို့ကိုပေးပစ်မယ်ဆိုတိုင်း ငိုလွန်းလို့ မပေးပစ်ပဲ မွေးထားဖို့ခွင့်ပြုပေးခဲ့ပါတယ်။
၁၉၉ဝ ကျော် ကာလတွေတုန်းက …
သားသမီး ၆ ယောက်ရှိတဲ့အဖိုးက သူမသေခင်မှာ အားလုံးကို အမွေပေးခဲ့နိုင်အောင် စီမံခဲ့တာကလဲ ချီးကျူးစရာကောင်းပါတယ်။ ဖခင်တာဝန်အပြည့်ကျေခဲ့တဲ့အဖိုးက သူချစ်တဲ့မြေးမလေးအတွက်လဲ အဖိုးတာဝန်ကျေခဲ့ပါတယ်။ အဖိုးဘဝတစ်လျှောက်လုံး တန်ဖိုးအထားဆုံးဖြစ်တဲ့ “အိမ်” ကို မြေးမလေးကို ဆက်လက်ထိန်းသိမ်းပေးဖို့ တာဝန်ပေးခဲ့တယ်။ အဖိုးမသေခင် လပိုင်းအလိုအထိ မြေးမလေးကို အသေအချာမှာခဲ့ပါသေးတယ်။ ဖိုးဖိုးရဲ့အိမ်ကို တစ်သက်လုံးစောင့်ရှောက်ရမယ်နော်တဲ့ …
၂၀၀ဝ ကျော် ကာလမှာတော့ ….
အဖိုးတာဝန်ပေးခဲ့တဲ့ “အိမ်” ကလေးတစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်လောက်တဲ့ အရည်အချင်းတောင် မရှိတဲ့ မြေးမလေးက အဖိုးကို မျက်နှာမပြဝံ့လောက်အောင် ရှက်ရွံနေမိပါတယ်။ အဖိုးတည်တောင်ခဲ့တဲ့ “အိမ်” ဆိုတဲ့ home ကလေးတစ်လုံးက မြေးမလေးလက်ထက်မှာ “house” လို့သာ အဓိပါယ်ဖွင့်နိုင်လောက်တဲ့ အနေအထားဖြစ်သွားခဲ့ပါပြီ။ သော့တွေအထပ်ထပ်ခတ်ထားပြီး ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိတဲ့ အဖိုးရဲ့အိမ်ထဲမှာ အဖိုးဓါတ်ပုံကြီးနဲ့ မြေးမလေး ဘွဲ့ယူတုန်းကဓါတ်ပုံကြီးက အိမ်စောင့်လုပ်နေသလိုပဲ။ အဲဒီဓါတ်ပုံတွေကိုမြင်မိတိုင်း နွေးထွေးတဲ့အတိတ်ရဲ့အရိပ်တွေစိတ်ကူးထဲပုံပေါ်လာပေမယ့် လက်တွေ့မှာတော့ အေးစက်ခြောက်ကပ်ပြီး ဖုန်မှုန့်တွေနေရာယူနေတဲ့ ဒီအိမ်ကြီးကို … ဒါငါ့အိမ်လို့ ဘယ်လိုအင်အားနဲ့ ပြောထွက်တော့မှာလဲ …
အဖိုးရဲ့ကျေးဇူးတရားတွေကို အောက်မေ့သတိရရင်း ဒါငါ့အိမ်လို့ ဂုဏ်ယူဝင့်ကြွားနိုင်တဲ့နေ့တစ်နေ့ အမြန်ဆုံးရောက်ရပါလို၏လို့ ဆုတောင်းရင်း …
ကိုဘလက်ချောရေးတဲ့ ဒါငါ့အိမ်ပို့စ်ဖတ်ပြီး ကျွန်မ၏အိမ်ကို ခံစားရေးသားလိုက်ပါသည်။
24 comments
MaMa
December 6, 2011 at 3:13 pm
မျက်မှောက်မှာ ကျမတို့အိမ်လည်း (ပြန်မတွေ့နိုင်တော့တာရော၊ ပြန်တွေ့နိုင်သေးတာရော) ထွက်သွားလို့ လူတွေနည်းသွားလိုက်တာမို့…
ဝေဝေ့စာကို ဖတ်ပြီး ဒီတခါတော့ ခပ်ဆွေးဆွေးလေး ဖြစ်သွားတယ်။ 🙁
(ဒါပေမယ့် ခုလောလောဆယ်တော့ မိသားစု စုံနေလို့ ဝမ်းသာနေတယ်။)
weiwei
December 6, 2011 at 6:06 pm
ဒီနေ့ အိမ်အကြောင်းစဉ်းစားပြီး ခပ်ဆွေးဆွေးလေးဖြစ်သွားတုန်း ရေးလိုက်တာမို့ …
အိမ်ဆိုတာ မိသားစုနဲ့တွဲမှ အသက်ဝင်တယ်လို့ ခံစားမိလို့ …
blackchaw
December 6, 2011 at 3:23 pm
သိတ်သာယာ တဲ့ မိသားစု တစ်ခုဟာ
တစ်ချိန်ချိန်တော့ ရပ်တန့်သွားမယ်ဆိုတာမျိုး တွေးကြည့်ဘူးတယ်။
ကြောက်စရာကြီးဗျ နော…။
အိမ် ကြီးတော့ ရှိပေမယ့် ပျော်စရာကောင်းခဲ့တဲ့ မိသားစုဘဝကြီး မရှိတော့တာကို
ရေးချင်တာလို့ နားလည်လိုက်ပါတယ်။
ဆူး
December 6, 2011 at 3:24 pm
မဝေ အမွေရတဲ့ အိမ်ကြီးကို သဂျီးလေသံ အတိုင်း အိမ်ကြီးကို ဖြိုပြီး ကွန်ဒိုဆောက်ပြီး အခန်းတွေ ရောင်းစား ရတဲ့ ပိုက်ဆံ နဲ့ အပျိုကြီးဆိုတော့ တသက်တာ အပူအပင်မရှိ ရှိတာလေး ထိုင်ပြီး သုံးပြီး အေးအေး ဆေးဆေး ကုလားထိုင်မှာ ငိုက်နေလျှင်တောင်မှ ကိုယ့်အိမ်အတွင်းမှာမို့ အမြင်မတော်စရာ မရှိကြောင်း တွေးမိပါတယ်။
weiwei
December 6, 2011 at 7:25 pm
ရန်ကုန်မှာ မဟုတ်ဘူးလေ အန်တီဆူးရေ …
တန်ဖိုးသိပ်ကြီးတဲ့အိမ်လဲ မဟုတ်ပါဘူး …. အမှတ်တရများစွာရှိခဲ့တဲ့ အကောင်းဆုံးငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ အဖိုး အဖွား ကြီးကြီး အဖေ အမေ မောင် ညီမတွေ ခွေးတွေ ကြောင်တွေ ငါးကလေးတွေ အိမ်အကူအမျိုးသမီးတွေ သစ်ပင်ကြီးတွေ အစုံအလင်ရှိတဲ့ နေရာတစ်ခုမို့ ပြန်တွေးမိရင် ချိုမြိန်တဲ့အတိတ်ရှိခဲ့တဲ့နေရာတစ်ခုပေါ့ …
kai
December 7, 2011 at 6:45 am
ပိုက်ဆံမလိုဘူးဆိုရင်.. ပိတ်ထားလိုက်ပါ…။
Second home ပေါ့..
အားလပ်ရက်မှာ.. ချစ်သူနဲ့လည်လည်သွားပေါ့..။
အဲဒီလိုနဲ့.. မျိုးဆက်တွေ.. မျိုးဆက်တွေကိုလက်ဆင့်ကမ်းသွားပါ…နော…။ 😆
Moe Z
December 7, 2011 at 9:08 am
မမဝေရေ ဒီတစ်ခါတော့ သဂျီးကိုထောက်ခံတယ် သူပြောတဲ့အတိုင်းလုပ် 😛
weiwei
December 7, 2011 at 9:21 am
တစ်လ တစ်ခါလောက်တော့ လည်လည်သွားပါတယ် …. (ချစ်သူနဲ့တော့မဟုတ် .. 😛 )
မျိုးဆက်သစ်လေးတွေ ရှိပါတယ်လေ … (ကိုယ်တိုင်မွေးတာတော့မဟုတ် :P)
“အိမ်” တစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တော်တော်ခက်ခဲမှန်း နားလည်သွားပါပြီ …
အိမ်ရှေ့ကအိမ် စီးပွားရေးအဆင်မပြေလို့ ရောင်းလိုက်ပြီး သူတို့တွေ တခြားရပ်ကွက်ကို ပြောင်းသွားတုန်းက တော်တော်စိတ်မကောင်းဖြစ်မိပါသေးတယ် … မိဘအမွေကို သူတို့လဲ ဘယ်ရောင်းချင်မှာလဲနော် … ဆက်လက်ထိန်းသိမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့သာပဲလို့ နားလည်ပေးမိတယ် …
inz@ghi
December 6, 2011 at 3:37 pm
ကျနော်က မနက် ရနာရီဆို အိမ်ကထွက်ပြီ..
တယောက်တည်းသမား ဆိုတော့ ချက်လည်းမစားဖြစ်တော့ဘူးလေ..
မနက် ဂျူးဒုံး ည ဂျူးဒုံး (အမဲပြုတ်ကိုထမင်းပေါ်ပုံထားတဲ့ fastfood) ဝယ်စား
အလုပ်ထဲမှာ တနေကုန်လို့ ဘယ်သူနဲ့မှ စကားမပြောဖြစ်တဲ့နေ့တွေရှိလား ရှိရဲ့
ရိုက်ချင်ချင် မရိုက်ချင်ချင် မြို့ရဲ့ nightsceneများအား ဒါ့ပုံရိုက် (အချိန်ဖြုန်းတာပါ)
၁ဝနာရီလောက်မှ ပြန် ..ပီးရင် အိပ်.. နောက်နေ့ပြန်ထ…
အဝတ်တွေက sat, sun မှ လျှော် သည်လိုနဲ့ ကျနော့် အိမ်ဟာ home မဟုတ် house
တောင်မမည်ဘဲ ..နောက်ဆုံး …bed အကြီးကြီး တခုဖြစ်သွားပါပေါ့လား ….
သည်တော့ ကျနော် တောက်လျောက် သည်လိုကြီးနေရင် ရင်ငြိမ်းပွင့်လို လုပ်မိသွားလိမ့်မယ်..
အဲ့သည်မှာဘဲ Gazetteမှာ ကျနော် စာရေးခြင်း အလုပ်ကို စလုပ်လိုက်တယ်..
(စာစရေးဖြစ်တဲ့ အကြောင်းကို ယခုမှ ဝန်ခံတာ)
မထင်မှတ်ဘဲ နွေးထွေးရင်းနှီးတဲ့ community တခုကို ရလိုက်တော့
ကျနော် ဆက် ဆက် ရေးဖြစ်နေပါတယ် …ပို အားထည့် နေမိပါတယ်..
ခုဆို ကျနော် အိမ်စောစောပြန်တယ်လေ ကျနော့် ဒါ့ပုံတွေ မားကတ်တင်း စာစုတွေ
ရေးရ ဦးမယ် တင်ရဦးမယ် မဟုတ်လား..
Gazette ကြောင့် အဝေးရောက်နေတဲ့ ကျနော့် အတွက် အိမ်ဟာ Home ပြန်ဖြစ်သွားပါပြီဗျာ..
(ပီး ….ဟို ဇိမ်ဝါဒ ဂျာပွန်ဘုန်းကြီး ကိုလည်း ရိရဦးမယ် ကလိရဦးမယ်မှတ်လား …… ဟိုက်ယား……..)
chitlay
December 6, 2011 at 3:38 pm
မဝေရဲ့ ဒါကျွန်မရဲ့အိမ်ကို ဖတ်ရတာ လွမ်းမောဖွယ်ကောင်းပါတယ်။ မျက်စိထဲမှာလဲ မြေးမလေးနဲ့ အဖိုးကိုသွားမြင်မိပါတယ်။ ဒါငါ့အိမ်လို့ ဂုဏ်ယူဝင့်ကြွားနိုင်တဲ့နေ့တစ်နေ့ အမြန်ဆုံးရောက်ပါစေလို့ ဝိုင်းဆုတောင်းပေးလိုက်ပါတယ် မဝေရေ ….
hmee
December 6, 2011 at 4:46 pm
မဝေရဲ့အိမ်ကို ဖတ်ပြီး အိမ်ပြန်ချင်စိတ်တွေ ဒီရေတိုးသွားပြီ။ 🙂 ကျွန်မလည်း ဘဝတလျှောက်လုံး မိဘနှစ်ပါးလုံးရဲ့ ယုယကြင်နာမှု။ ဆွေမျိုးတွေကြားမှာ သိုင်းဝိုင်းနွေးထွေးမှုတွေနဲ့ တသက်လုံးကြီးပြင်းလာတာ။ မောင်နှမကလည်းများတော့ တယောက်တည်း သီးသန့်နေရတယ်ဆိုတာ မရှိသလောက်ပဲ။ မောင်နှမတွေခြင်းလည်း သီးသန့်မနေပဲ အမြဲလုံးထွေး ချစ်ချစ်ခင်ခင် နေကြတာ။ အစ္စရေးစရောက်တော့ အထီးကျန်မှုကို အပြင်းအထန်ခံစားခဲ့ရတယ်။ ဒါတောင် ကျွန်မမှာ သားလေးတယောက်ပါလို့ မဟုတ်လို့ကတော့ ကျွန်မ ရူးလောက်တယ်။ အပေါ်မှာ အင်ဇာဂီ ပြောသလိုပဲ တခါက အမျိုးသားကို ပြောဖူးတယ် “ ငါလေ အထီးကျန်လွန်းလို့ တခါတခါ အိမ်ပေါ်က ခုန်ချခြင်သလိုလို ဘာလိုလို” လို့ ပြောလို့ ယောက်ကျားက “မိန်းမရယ် ပြန်ချင်ပြောပါ ပြန်ပို့ပါ့မယ်”တဲ့လေ။ နောက်ပိုင်း ရွာထဲရောက်လာမှ လူလည်း အထီးမကျန်တော့တာ။ 🙂
ဒဿကိုရင်
December 8, 2011 at 11:14 pm
ဟာ……… မမီးးးး … ကြော်ငြာဝင်သွားတာ..
တို့ ရွှေကြောင်ကြီး အသည်းကွဲသွားပြီ… ကွိကွိ… :crying: :crying:
ကိုပေါက်(မန္တလေး)
December 6, 2011 at 6:39 pm
အမိုးအကာပါတဲ့ နေရာမှာနေပေမယ့်
နွေးထွေးတဲ့မေတ္တာကို မခံစားရလို့ အိမ် နဲ့မနေဘူးသူတွေလောကမှာအများကြီးပါနော်။
E.T
December 6, 2011 at 8:22 pm
ကျွန်တော့် ဘဝမှာ အိမ်ဆိုတာ အခွံ သက်သက်ပါ။ ရှိတာမှ မိသားစု ၃ ယောက်။ တစ်ယောက်က ပြန်ရောက်ရင် တစ်ယောက်က ထွက်သွားလိုက်နဲ ့ မိသားစု သုံးယောက် ဆုံဖို ့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ တစ်ခါတလေဆို ၁နှစ်ပါတ်လုံး အိမ်မှာ မိသားစု ၃ယောက်လုံးမရှိဘူး။ အခွံကြီးပါဘဲ။ ပြောရင်နဲ ့ မိသားစု ၃ ယောက်ဆုံတဲ ့ အချိန်လေး လွမ်းလိုက်တာ။
naywoonni
December 6, 2011 at 8:39 pm
တစ်ကယ်တော့ အိမ်ဆိုတာက အမိုးရယ် အကာရယ် အခင်းရယ် ကြားထဲက ကွက်လပ်ပါပဲ…။ ဒါပေမဲ့…။ ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုသလို….။ ကိုယ်နဲ့ လောကကြီးသင့်လျှော်ပြီးလိုကလျောညီထွေဖြစ်တဲ့ နေရာတွေမျာနေကြရတာပဲလေ…။ အဲဒိတော့ အရင်ကပျော်ရွှင်ခဲ့ဖူးတဲ့ အိမ်ဆိုတာရဲ့ တန်ဘိုးသတ်မှတ်ချက်တွေ ကွက်လပ်တွေ ဖြည့်စွက်ချင်ရင်တမ်းတနေရင်တော့ မဖြစ်ဘူးလေ…။ ကိုယ်တွေက တစ်ကိုယ်ထဲသမားတွေဆိုတော့ ဘဝမှာ ဖြည့်စွက်စရာ လိုအပ်ချက်တွေရှိနေတာမဆန်းပါဘူး…။ အရင်ကတည်းက မိသားစုဘဝမထူထောင်မိလို့ဆိုတဲ့ နောင်တ မရပါဘူး..။ ဒီဘဝမှာခေါက်ရိုးကကျိုးနေတော့ ဒီအတိုင်းနေသားကျနေတာ ပြင်ရမှာဝန်လေးနေပြန်ရော…………….။
windtalker
December 6, 2011 at 8:53 pm
အိမ်ရှိတာတော့ ဟုတ်ပါပြီ
အဖေ အမေ ရဲ ့ရင်ခွင်ပြီးရင်
ဒုတိယအနွေးထွေးဆုံး ရင်ခွင်ဟာ ချစ်သူရင်ခွင်ပါ
TTNU
December 7, 2011 at 1:03 am
A houseful of love and laughter is meant for your home!
(မေတ္တာတွေ လွှမ်းခြုံထားတဲ့ ၊ နွေးထွေးတဲ့ မိသားတစ်စုအတူနေထိုင်ကြတဲ့ အိမ်)
ဒီအိမ်ထဲမှာ ဘာမှ အများကြီးမရချင်နေ၊ ချစ်ခြင်းမေတ္တာ အခြေခံတဲ့ ရယ်မောပျော်ရွှင်မှုတွေ
ရှိမှဖြစ်မယ်။ အခုရှာကြ နောင်မှ နောင်တ မရကြနဲ့။
weiwei
December 7, 2011 at 9:26 am
တီတီနုရေ …
ကျွန်မက အရမ်းနွေးထွေးတဲ့မိသားစုမှာ သားသမီးနေရာကနေ ပါဝင်ခဲ့တာ ယနေ့အထိပါပဲ … ရာထူးမတက်ချင်လောက်အောင် ကောင်းလွန်းတဲ့ သားသမီးနေရာမှာနေခဲ့တာ အရမ်းအသားကျနေမိတယ် …
အခုထိ နောင်တမရသေးပေမယ့် နောင်ဆယ်နှစ်ဆိုရင်တော့ နောင်တရမလား မပြောတတ်ဘူး …
ba gyi
December 7, 2011 at 10:20 am
အမွေအနှစ်ဆိုတာ ထိမ်းသိမ်းဘို့ အင်မတန် တာဝန်ကြီးပါတယ်၊
အဖေရှိစဉ်တုန်းက အိမ်အသစ်ပြန်ဆောက်တော့ မိသားစုအားလုံးအတွက် အခန်းတွေဖွဲ့၊ သိုက်သိုက် ဝန်း ဝန်း နေဘို့စိတ်ကူးခဲ့တာ၊ နောက်တော့အိမ်ထောင်ကျပြီးခွဲသွားကြ၊အဖေလည်းဆုံးပြီး၊ မိသားစု(၁၂) ယောက်နေခဲ့တဲ့အိမ်ကြီးက ခုတော့ အသက်(၈၀)ကျော်အမေ နဲ့ လူပျိုကြီး၊အပျိုကြီးလုပ်ပြီးပြုစု နေတဲ့ ပေါင်း (၃) ယောက်ပဲ နေတော့တာ၊ တစ်နှစ်တစ်ခါသီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း၊ရန်ကုန်မှာရှိတဲ့ သားသ္မီးမြေးမြစ်တွေ၊ အဖေထားခဲ့တဲ့ အမေ့အိမ်မှာစုဆုံပြီးကန်တော့ကြ တော့ အမေ့ခဗျာ ပျော်ရှာ သကိုး ၊ကျနော်ကတော့တစ်ပါတ်တစ်ခါ ကလေးတွေ ခေါ်ပြီး အမေ့ခြံထဲ သွားဆော့စေတယ်၊ သူ့မြေး တွေ တစ် ပါတ် လောက်မလာရင်နောက်တစ်ပါတ်ဆိုမျှော်ပြီ၊ အဲနှစ်ပတ်လောက်မ ရောက်ဖြစ်ရင်တော့ သူ့သ္မီး အပျိုကြီး ကို နေထိုင်ကောင်းရဲ့လား၊ ဘာလားဆိုဖုံးဆက်ခိုင်း တော့တာပဲ။
နှစ်စဉ် အဖေဆောက်ခဲ့တဲ့အိမ်ကြီးကို လိုအပ်တာ နဲနဲချင်းပြုင်၊ဖြည့် ပြီး ထိမ်းလာ တာနှစ်ပေါင်း မနဲ တော့ ဘူး၊ အော် ခုဆိုကိုယ်တိုင်မိသားစုလေးရှိလာတော့၊ အဖေ့ခြေရာ၊အမေ့ခြေရာနင်းနိုင်ဘို့ တော်တော် ကျိုး စား နေရတယ်။ မိသားစုနဲ့ ကိုယ်ပိုင်တဲ့ အိမ်ကလေးမှာ-သိုက်သိုက်ဝန်းဝန်း၊ပြေပြေလည်လည် နေနိုင် ကြပါစေလို့။
တညင်သား
December 7, 2011 at 10:29 am
အရင်ကတော့ မိသားစု တွေနဲ့ တပျော်တပါး နေခဲ့ကြတာပေါ့………. မောင်နှမတွေက အိမ်ထောင်တွေနဲ့ ခွဲခွါ သွားကြတော့ အိမ်ကြီးကအလွန်ခြောက်သွေ့သွားတယ် ..ဒီကြားထဲ အပေါ်က မိုးယို ဘေးက နေပြောက်ထိုး ကြမ်းခင်းကဆွေး တိုင်လုံးတွေက ခြ စားးးးးးးးးးးးးးးးးး
သူများတွေများ ပေါ လိုက်တဲ့အိမ် နော်..တို့မှာများအိမ်တလုံးပိုင်ဆိုင်ဖို့ လိုက်လေ ဝေးလေ ဖြစ်နေတယ်.. သီလဝါရဲ့ တန်ခိုးကြောင့် သန်လျင်မြေ တစ်စလောင်း တသောင်းတန်တယ် ဆိုတဲ့ စကားပုံ က ခုမှာလာတာ …
သော့ တော့ မခတ်ထားနဲ့ ခြ စားသွားလိမ့်မယ်……..
naywoonni
December 8, 2011 at 8:35 pm
အိမ်ဆိုလို့ ကဗျာ ဆရာ နောင်က လေးပါဒ (ဒွေးချိုး)နဲ့ အဓိပ္ပါယ် ဖွင့်ဆိုသွားဖူးတယ်…။ ခုမှအသတိရလို့ မဝေပို့စ်ကိုပြန်ရှာ မန့်လိုက်တာ…။
အိမ်
* အိမ်မှထွက်သည်
ခက်ဆစ်အဖြေ မပြေ၍…။
* အိမ်သို့ ဝင်သည်
အပြင်အကြောင်းမကောင်း၍….။
နောင်
တဲ့ဗျ….။ ဘာလိုပဲ ဖြစ်ဖြစ် အိမ်ဆိုတာဟာ တစ်စုံတစ်ခုသောအတိုင်းအတာတစ်ခုထိ လုံခြုံမှုပေး နိုင်သောနေရာဖြစ်ပါတယ်…။ မပေးနိုင်ရင်တော့ အိမ်လို့ ခေါ်လို့ရ၏ မရ၏ ကိုယ့်ဖာသာပဲဆုံးဖြတ်ပါတော့…………။
ကြောင်ကြီး
December 12, 2011 at 9:54 am
အန်တီဝေ့စာတွေ မလွတ်တမ်းစောင့်မန်းနေတာ ဒီတခါ ဘယ်နှယ်လုပ် လွတ်သွားလဲ မသိဘူး။ ကိုဘလက်ချော မှတ်တမ်းဖတ်ကြည့်မှ သိရတယ်။
အဖိုးလက်ထက်က home ဖြစ်ခဲ့တဲ့အိမ်ကို အန်တီဝေ့လက်ထက်မှာ house အဖြစ်ကိုေ ပြောင်းသွားလို့ ဝမ်းနည်းနေရင် ကိုကြောင်ကြီး hotel ဖြစ်အောင် လုပ်ပေးနို်ငတယ်။ လူတွေတရုန်းရုန်း သီချင်းသံတွေ တညံညံနဲ့ စည်လိုက်မယ့်ဖြစ်ခြင်း။။ သဘောတူရင် နှစ်မကုန်ခင် စလိုက်ကြရအောင်။ 😎
weiwei
December 12, 2011 at 11:41 am
အားပေးတာကို ကျေးဇူးတင်ပါတယ် ဦးကြောင်ကြီး …
hotel လုပ်ရလောက်အောင် house က မကောင်းတဲ့အတွက် မဖြစ်နိုင်ဘူးပေါ့နော် … 🙂
etone
December 12, 2011 at 4:12 pm
မဝေရဲ့ အဘိုးအကြောင်းနဲ့ သူတည်ဆောက်ခဲ့တဲ့ အိမ်အကြောင်းဖတ်ရပြီး … ကျွန်မလည်း ဖိုးဖိုးကို သတိရမိတယ် … ။ ဟိုးခေတ်က လူကြီးတွေက အတန်းပညာသာ မတတ်လျှင်နေမယ် .. .အသိပညာကတော့ ကြွယ်ဝကြတယ် … အရှေ့နောက် စဉ်းစားချင့်ချိန်ပြီး ခြိုးခြံချွေတာခဲ့လို ့.. သားသမီး မြေးမြစ်တွေ အတည်တကျနေလို့ရခဲ့တယ် … ။ အဘိုးလည်းသေရော … အဖွားက မပြုရက်မပြင်ရက်နဲ့ အလွမ်းပြေကြည့်ကြည့်နေတာနဲ့ ….. နှစ်တွေ ကုန်ကုန်လာခဲ့တာ .. သားသမီး ၊ မြေးတွေ အိမ်ထောင်ကျလို့ စွန့်ခွာသွားတဲ့ အထိပါပဲ … ။
ဒီခေတ်လူတွေက နည်းပညာပိုင်းရှာဖွေမှုမှာသာ ပိုတော်တတ်ကြပေမယ့် … စဉ်းစားချင့်ချိန်မှုဘက်မှာကျတော့ … ရှေးလူကြီးတွေကို မမှီသေးတာ အမှန်ပါပဲ ။