သူ့စည်း ကိုယ့်စည်း – ခင်မမမျိုး
ကျွန်မအိမ်အနီးက မီးပွိုင့်ကလေးမှာ တနေ့တုန်းက ယာဉ်တိုက်မှု တခုဖြစ်ပါတယ်။ အလုပ်က အပြန်မှာ ကားလမ်းပိတ်ထားတာကြောင့် ဘာများဖြစ်လဲလို့ အနီးအနားက လူတွေကို မေးမြန်းကြည့်တော့မှ ယာဉ်တိုက်မှုဆိုတာ သိရတာပါ။ ဆိုင်ကယ်နဲ့ လူက ပွဲချင်းပြီး သေဆုံးသွားပြီး၊ ကားမောင်းသူကတော့ ဆေးရုံကို အရေးပေါ်ကားနဲ့ ခေါ်သွားခဲ့ရပါတယ်။ မီးပွိုင့်မှာ ဆိုင်ကယ်က မရပ်တာလား၊ ကားက မရပ်တာလား၊ တဘက်ရဲ့ အမှားလား၊ နှစ်ဘက်စလုံးရဲ့ အမှားလားဆိုတာကို တာဝန်ရှိသူတွေက ပြန်လည်စုံစမ်းနေကြဆဲပါပဲ။ သို့ပေမယ့် သေချာတာကတော့ လူတယောက်ရဲ့ အသက်ဆုံးရှုံး သွားခဲ့ပါပြီ။ လူတယောက် ဆေးရုံရောက်သွားခဲ့ပါပြီ။
ဒီအဖြစ်လေးက ကျွန်မရဲ့ လူငယ်ဘဝကို ပြန်ပြီး အမှတ်တရ ဖြစ်စေပါတယ်။ ကျွန်မ ဆယ်ကျော်သက် လူငယ်ဘဝတုန်းကလဲ အတော်ကားမောင်းကြမ်းတာကလား။ တောင်ကြီး- ဟဲဟိုးကားလမ်းမှာ ရှေ့က ကျော်တက်သွားတဲ့ ကားကို နောက်ကနေ အတင်းလိုက်ပြန်ကျော်တက်တာ ကံကောင်းလို့ ကားရော၊ လူပါ ချောက်ထဲ မကျခဲ့တာပါ။ တခါ ဟန်မြင့်မိုရ်- ရွာငံလမ်းမှာလဲ ဘေးမှာပါလာတဲ့ ကားဒရိုင်ဘာ ဦးလေးကြီးက Handbrake ဆွဲတာ မြန်ပေလို့။ အဲဒါလဲ ဖြစ်ပြီးရော၊ အဲဒီ ကားဆရာကြီးလဲ အလုပ်က ထွက်သွားပါလေရော။ သူ့ကို မမောင်းခိုင်းပဲ ကျွန်မက ယူမောင်းနေတော့ တခုခုဖြစ်ရင် သူ့တာဝန် မကင်းဖြစ်မှာ ကြောက်တယ် ထင်ပါရဲ့။
အဲလို ဟိုင်းဝေး မဟုတ်တဲ့ မြို့တွင်းလမ်းတွေမှာလဲ ဟိုထိ၊ ဒီထိ၊ ဟိုချိတ်မိ၊ ဒီချိတ်မိတွေ ရှိသေးရဲ့။ ရှိဆို၊ တခုခုဖြစ်ရင်လဲ မေမေ့မိတ်ဆွေ ဆရာဝန်တွေဆီ အလွယ်တကူ ခေါ်သွားလို့ ရတာက တကြောင်း၊ ကားဝပ်ရှော့တွေဆီ အချိန်မရွေး ကားသွားထိုးလိုက်လို့ ရတာက တကြောင်း၊ ပြန်ပြင်လိုက်တို့လိုက် လုပ်ပြီးရင် အမြန်ရောင်းထွက်အောင် လုပ်ပေးနိုင်မယ့် ကားပွဲစားတွေကလဲ များတာကတကြောင်း၊ ဖွားဖွားနဲ့ မေမေတို့က နာရီမဆိုင်းပဲ အလျော်အစား လိုက်လုပ်ပေးတာက တကြောင်းကြောင့် ကျွန်မမှာလဲ လူငယ်စိတ်နဲ့ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ လှည့်မကြည့်ပဲ ရမ်းနေတော့တာပါပဲ။ နောက်ဆုံးမတော့ အသက်ရှစ်ဆယ်ကျော် ဖွားအေကြီးကို ကားနောက်ခန်းမှာတင်ပြီး၊ အရှိန်နည်းနည်း လွန်သွားတဲ့အဆုံး မေမေက ရန်ကုန်ခဏပို့ထားလိုက်မှ အရှိန်ပြန်သေသွားပါတယ်။ ရန်ကုန်မှာကျတော့ ကိုယ့်နယ်မြို့လေးလို အလွယ်တကူ resource mobilization လုပ်လို့ မရတာကြောင့်ပါ။
ဒီလိုနဲ့ နိုင်ငံရပ်ခြားရောက်လာချိန်မှာတော့ ကားလုံးဝ မမောင်းဖြစ်တော့ပါဘူး။ ဖွားဖွားက ကတိနှစ်ခု တောင်းခဲ့ပါတယ်။ ပထမ ကတိက နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်ပါဘူးဆိုတဲ့ ကတိ၊ ဒုတိယကတိက ကားလုံးဝ မမောင်းပါဘူးဆိုတဲ့ ကတိပါ။ ပထမကတိကိုတော့ ဘာမှ ပြန်မပြောပဲ၊ ဒုတိယကတိကိုတော့ အသက်အန္တရာယ်ဘေးနဲ့ ကြုံတဲ့အချိန် မဟုတ်ဘူးဆိုရင် တည်နိုင်အောင် ကြိုးစားပါမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ယူကေ ရောက်လာချိန်မှာ ကားလုံးဝ မမောင်းဖြစ်ခဲ့ပါ။
သို့ပေမယ့် မိတ်ဆွေသူငယ်ချင်းတွေနဲ့တော့ ခရီးရှည်တွေ ထွက်ခဲ့ဖူးပါတယ်။ အဲဒီမှာ တခုသတိထားမိသွားတာက မော်တော်ဝေး (Motorway) ပေါ်မှာ ကားတွေဟာ အမြန်နှုန်းနဲ့ မောင်းတဲ့ကားတွေကလဲ သူ့လမ်းနဲ့သူ၊ သာမန်နှုန်းနဲ့ မောင်းတဲ့ကားတွေကလဲ သူ့လမ်းနဲ့သူ၊ အမြန်နှုန်းကနေ သာမန်နှုန်းပေါ် ပြောင်းတဲ့ ကားတွေကလဲ သူ့စည်းကမ်းနဲ့သူ၊ သာမန်နှုန်းကနေ အမြန်နှုန်းကို ပြောင်းတဲ့ကားတွေကလဲ သူ့စည်းနဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ။ အရှိန်မြန်ချင်တဲ့ကားက အရှိန်နှေးတဲ့ကားကို နှေးရပါမလားလို့ ဟွန်းတီးပြီး အတင်းကျော်တက်နေစရာလဲမလို၊ အရှိန်နှေးတဲ့ ကားကလဲ နောက်ကနေ ဟွန်းတီးနေလိုက်ကြတာ၊ ဘာလို့များ ဒီလောက်မြန်ချင် နေကြပါလိမ့်လို့ စိတ်အနှောင့်အယှက်ဖြစ်စရာလဲ မလိုပဲ သူ့စည်းကမ်းနဲ့သူ လမ်းအပြောင်းအရွှေ့လေးတွေ လုပ်သွားကြရုံပါပဲ။
ဒီလိုပါပဲ။ မြို့တွင်းလမ်းတွေမှာလဲ လမ်းလျှောက်သူတွေက သူ့ဘာသာသူ ပလက်ဖောင်းပေါ်မှာ၊ စက်ဘီးစီးသူကလဲ သူ့ဘာသာသူ စက်ဘီးလမ်းပေါ်မှာ၊ လူသွားလမ်းပေါ်တက်လာရင်လဲ အရှိန်လျှော့ပြီး သတိထားလို့၊ ကားတွေကလဲ သူ့စည်းကမ်းနဲ့သူ ဥဒဟို ဖြတ်သန်းသွားလာကြပါတယ်။ ကားတွေက မီးပွိုင့်ကျော်မောင်းလိုက်တာတို့၊ လူတွေက တောင်ပြေးမြောက်ပြေးလုပ်တာတို့က အတော်ရှားပါတယ်။ လူငယ်တွေသဘာဝ သောက်စားပြီး ယာဉ်အန္တရာယ်ဖြစ်တတ်တာတွေကိုတော့ ဥပဒေနဲ့ ထိန်းချုပ်ထား ပါတယ်။ မူးယစ်သေစာသောက်စားထားမှု သတ်မှတ်ချက်တခုထက် ကျော်တဲ့အခါ ကားမောင်းခွင့် မရှိပါဘူး။ အရက်မူးပြီး ကားမောင်းရင် လူငယ်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီ ဒါရိုက်တာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို ခံယူရပါတယ်။ ဥပဒေစည်းကမ်းတွေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် စည်းမဲ့ကမ်းမဲ့ စိတ်တိုင်းကျ ကားမောင်းခွင့် မရှိတော့ပါဘူး။
နောက်တခုက လျော်ကြေးကိစ္စတွေ၊ ညှိယူတာတွေကလဲ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။ ဥပဒေနဲ့အညီ ညှိနှိုင်းတာတွေကိုပဲ လုပ်လို့ရတာကြောင့် လျော်ကြေးလိုချင်လို့ ကားတိုက်ခံ ဂွင်ရိုက်တယ်ဆိုတာတွေ၊ ကားတိုက်ပြီးရင်လဲ လျော်ကြေးပေးလိုက်လို့ ရတာပဲ ဆိုတာတွေ မရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးမှုရဲ့ အောက်မှာ အတွေးအခေါ်ဆိုးတွေ၊ စိတ်ရိုင်းတွေ ပျောက်ကွယ်သွားပါတယ်။
ကားပေါ်က လူတွေကလဲ လမ်းပေါ်က လူတွေကို လေးစားသလို၊ လမ်းပေါ်က လူတွေကလဲ ကားပေါ်က လူတွေကို အပြန်အလှန်လေးစားမှု ရှိပြီး၊ သူ့စည်းကိုယ့်စည်းနဲ့ နေကြတာကြောင့် ကားပေါ်က လူတွေက လမ်းပေါ်က လူတွေကို မထေမဲ့မြင်လုပ်တယ်၊ လမ်းပေါ်ကလူတွေက ကားပေါ်က လူတွေကို ကားစီးနိုင်တယ်ဆိုပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာမျိုးတွေလဲ ယေဘုယျအားဖြင့် မရှိကြတော့ပါဘူး။ စည်းတွေကို ချိုးဖောက်လာသူ အချို့တော့ ရှိကြပါတယ်။ ဒီအခါမှာလဲ ကိုယ့်အသက်တွေ၊ ခြေလက်အဂါင်္တွေ ပေးဆပ်လိုက်ရတာတွေ၊ ဥပဒေရဲ့ တင်းတင်းကြပ်ကြပ် အဆုံးအမကို ခံယူလိုက်ကြရတာတွေ ရှိလာပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် မီးပွိုင့်မှာမီးနီတဲ့အခါ ယာဉ်ရပ်နားရမယ်ဆိုတဲ့အသိ၊ လမ်းဖြတ်ကူးတဲ့အခါ ဘယ်ညာကြည့်ရမယ်ဆိုတဲ့အသိ၊ အမြန်နှုန်းနဲ့ ကိုယ်က မောင်းချင်ရင် အမြန်လမ်းကြောင်းပေါ်ကို ရှေ့က အနှေးနှုန်းတဲ့ မောင်းနေတဲ့ကားကို အနှောင့်အယှက်မဖြစ်စေပဲ အသာတကြည် ကူးပြောင်းသွားရမယ်ဆိုတဲ့အသိ၊ အနှေးနှုန်းနဲ့ မောင်းနေတဲ့ကားကလဲ အမြန်နှုန်းနဲ့လမ်းပေါ်က ပိတ်ပြီး မမောင်းရဘူးဆိုတဲ့အသိ၊ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရပဲ ဥပဒေကို လိုက်နာရမယ် ဆိုတဲ့အသိ၊ ကားမောင်းသူတွေ၊ အနှေးယာဉ်မောင်းသူတွေ၊ လမ်းလျှောက်သူတွေကလဲ သူ့စည်းကိုယ့်စည်းထားပြီး အပြန်အလှန်လေးစားရမယ် ဆိုတဲ့ အသိတွေ ကျယ်ပြန့်လာဖို့ လိုအပ်တယ်လို့တော့ ယူဆမိပါတယ်။ သူ့စည်း၊ ကိုယ့်စည်းရှိပြီး၊ သူ့တာကိုယ်တာ လုံကြတဲ့အခါ မဖြစ်သင့်ပဲဖြစ်ရတဲ့ အသက်ဆုံးရှုံးမှုတွေ၊ ဘဝဆုံးရှုံးမှုတွေတော့ လျော့နည်းလာတန်ကောင်းပါရဲ့။
ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၁)
12 comments
memeseku
December 9, 2011 at 8:25 am
U kai ရဲ.post ကို comment ပေးကြပါဦး။ comment လဲမတွေ.ဘူး။ for me nice article. :)..waiting for coming up..
parlayar46
December 9, 2011 at 9:08 am
မြန်မာပြည်သူတွေဟာ ဥပဒေစိုးမိုးမှု့နဲ့ စည်းကမ်းရှိမှု့ရဲ့အရသာကို မသိတော့တာ မခံစားဘူးတော့တာ ဘယ်လောက်တောင်ကြာသွားပြီလဲမသိ။
ဒီတော့ပြည်သူတွေ စည်းကမ်းစံနစ်ရှိလာစေချင်ရင် လက်ရှိလုပ်နေတာတွေအပြင် လူငယ်ခပ်များများ(သိန်းဂဏန်း) ကို စည်းကမ်းစံနစ်ရှိတဲံ တိုင်းပြည်တွေကိုလဲ အလုပ်သွားလုပ်ဘို့ပဲဖြစ်ဖြစ် ခဏသွားကြည့်စေသင့်ပါတယ်။
ဥပမာ ဘယ်သူမှ ကွမ်းတံတွေးမထွေးတဲ့ဝန်းကျင်မှာ နေဘူးမှ ကိုယ်ကွမ်းတံတွေး မထွေးဘို့ကန့်သတ်တာကို ချုပ်ချယ်တယ်လို့မထင်မှာ-မျိုး…..။
ပြီးတော့ဒီလောက်ကျယ်တဲ့တိုင်းပြည်ကြီးကို တပြိုင်နက်အောင်မြင်အောင် ပြုပြင်လို့မရနိုင်ဘူး။ ဇုံနေရာလေးတွေပိုင်းခြားပြီး လူတွေကြားက အဆင့်မြင့်လူတွေရဲ့နေရာလေးတွေဖန်တီးပြီး တစတစ တိုးချဲ့သွားသင့်တယ်။
လူလိုနေချင်ရင် ဒီလိုနေကြစို့ဆိုပြီးတော့ပေါ့။
Gipsy
December 9, 2011 at 9:13 am
တရားဥပဒေရဲ့စိုးမိုးမှုအောက်မှာ ဆိုတဲ့ စကားလေးက အရမ်းအားမာန်ပါ လိုက်တာ…၊
လက်ရှိ ကျွန်တော်တို့ ကြုံတွေ့ရင်ဆိုင်နေရတာကတော့ တခြားစီ…၊
ငွေများတရားနိုင်ခေတ်က ရှိမြဲရှိနေဆဲ၊ ဘယ်တော့များမှ တရားဥပဒေရဲ့စိုးမိုးမှုအောက်
ဆိုတာကြီး မြင်တွေ့ရပါမလဲ နော်….။
htoosan
December 9, 2011 at 9:13 am
ြ်ဖစ်သင့်တာ ဖြစ်သင့်တာ။ နောင် ဘယ်လောက် ကြာမှ ဖြစ်မယ်တော့ မသိ။ နှစ်ရှည် စီမံကိန်းချမှ ရမှာ ကိုး။
လမ်းဘေးဈေးသည် ၊ ပလက်ဖောင်း အကျယ် ၊ ကားလမ်း အကျယ် က စလို့ လူတွေရဲ့ စိတ်ဓါတ် အဆုံး ၊ 😳
blackchaw
December 9, 2011 at 9:32 am
အခုအချိန်မှာ အလွန်ကို လိုအပ်နေသော
စာတစ်ပုဒ်အတွက် ရေးသူ ခင်မမမျိုး ကိုရော
ပို့စ်တင်ပေးသူ သူကြီးကိုရော ကျေးဇူးအထူးတင်ပါတယ်။
တစ်နေ့ကို တစ်မျိုး မရိုးရအောင် ကြားနေရတဲ့
တိုက်လိုက်ကြ သေလိုက်ကြ သတင်းတွေကို မကြားချင်တော့ဘူးဗျာ။
မနက်ခင်း ရုံးသွားကြမယ့် အိမ်သူအိမ်သားတွေကို
ရှေ့တန်းစစ်မျက်နှာကို ထွက်တော့မယ့် စစ်သည်တော်တွေလိုပဲ
သတိလေးနဲ့ သွား၊ သတိလေးနဲ့လာ ဆိုတဲ့စကားတွေကို
မှာရင်း ရင်ထိတ်နေရတဲ့ ဘဝကြီးကိုလည်း လိုချင်တော့ဘူးဗျာ။
ကားလမ်းကူးမယ့်သူတွေကလည်း သတိလေးနဲ့ အန္တရာယ်ကို ကြည့်ပြီးကူးကြပါ။
ကားသမားတွေကလည်း ယဉ်တိုက်မှုဖြစ်ရင် သေကြကြေကြ ဘဝတွေ ပျက်ကြမယ်ဆိုတာလေးကို
သတိရပြီး သတိလေးနဲ့ မောင်းကြပါ။
ယဉ်ထိန်းရဲ ပုဂ္ဂိုလ်ကျော်ကြီးများကလည်း လူကြီးဆိုတဲ့ ခင်ဗျားတို့ ပထွေးတွေလာမှ လမ်းလယ်ခေါင်ထွက်ရပ်ပြီး သူရဲကောင်းကြီးပုံစံနဲ့ အလုပ်လုပ်ပြနေတာထက်
တကယ် လိုအပ်နေတဲ့ ပြည်သူလူထု အသက်တွေကို လမ်းပေါ်ထွက်ပြီး စောင့်ရှောက်ကြပါ။
ကားရယ် လူရယ် ယဉ်ထိန်းရဲရယ် ပူးပေါင်းကြပြီး ဒီလိုအချိန်မှာ ဒီလို မတော်တဆ မှုတွေကို
အတူတူ တိုက်ဖျက်ကြပါ။
အဲဒီလိုမှ မဟုတ်ရင်တော့ မနက်အလုပ်သွားမယ့် အိမ်သူအိမ်သားတွေ ညနေ အိမ်ကို
ဘေးမသီရန်မခ ပြန်ရောက်ပါ့မလားဆိုတဲ့ စိတ်တွေနဲ့ နှလုံးရောဂါ အထူပြောဆုံး နိုင်ငံ ဘွဲ့ကို
ဆွတ်ခူးသွားနိုင်ပါကြောင်း။ (ဆိုင်လားမဆိုင်လားမသိ၊ နည်းနည်း ရှည်သွားတယ်။)
naywoonni
December 9, 2011 at 5:19 pm
ဒီနေရာမဗာ လျှာရှည်ချင်တာက စနစ်နဲ့ ပုံသဏ္ဍာန်လေး ပေါ့လေ…။ လူနေမှု ပုံစံ အဟောင်းနဲ့ စနစ် အသစ် လိုက်လျောညီထွေ မဖြစ်တာလေးတွေရှိနေတယ်…။ အရင် စနစ်တွေ မှာ ဘယ်လောက်မဲ့ စရိုက်ပျက်ခဲ့ပျက်ခဲ့ …။စည်းကမ်းမဲ့ခဲ့ မဲ့ခဲ့ ပေါ့…။ ခု စနစ်အသစ်ပြောင်းပြီ ဆိုပြိး အရှိန်အဟုန် တိုးမြှင့်နေချိန်မှာ အရင်စရိုက် အရင်ပုံစံ နဲ့ ဆက်မရတာတွေရှိနေတယ်…။ ဒါတွေပြင်ဖို့ဆိုတာက တစ်ယောက်ချင်းအသိ တစ်ကိုယ်ရည်အသိစိတ်နဲ့ ပြင်ယူရမှာ…။ ပြင်မယူနိုင်သူတွေအတွက် ဥပဒေနဲ့ ပြင်ပေးရမှာ…။ ဒါလေးကို ဘယ်သူမှ (တာဝန်ရှိသူတွေ /တာဝန်ယူထားသူတွေက ) အလေးဂရု ထားမှု နဲနေသေးတယ်..။ တစ်ယောက်ထဲ နှစ်ယောက်ထဲက ပြင်လို့မရဘူး..။ ပူးပေါင်းဆောင်ရွက်မှုနဲ့မှရမှာ …..။ နောက်ဆုံး အာဏာစက် သုံးသင့်ရင်လည်း မညှာ စတမ်း သုံးပြီးပြင်ရမှာပဲ လို့မြင်ပါတယ်..။ အဲဒိလိုဖြစ်မှ ဒီစနစ်ရဲ့ အရသာကို အားလုံးခံစားနိုင်မှာ…။
pooch
December 9, 2011 at 6:40 pm
ဒီစာလေးကို ဒီက ဂျာနယ်တခုမှာ ရှယ်ပေးလိုက်ရင်ပိုကောင်းမယ်
အခု မန ္တလေးမှာ ယာဉ်တိုက်မှုတွေ စည်းမဲ့ကမ်းမဲ့တွေ အရမ်းဆိုးနေပြီ ညနေဆို အဆိုးဆုံးပဲ မတတ်သာမှ အပြင်ထွက်တယ်……
အဓိက မြင်တာ ပြောရရင် ဆိုင်ကယ်မောင်းတဲ့သူတွေပါ အများစုဆိုင်ကယ်မောင်းတဲ့ လူတွေဆိုတာ ဘာစည်းကမ်းမှကို နားမလည်ပါဘူး လိုင်စင်ဘယ်လို ရလာသလဲတော့ မသိပါဘူး…..
နောက်လိုင်းကားတွေပါ… ပြိုင်မောင်းပြိုင်တိုး …
အိမ်စီးကားအများစုက ကျောင်းတက်ကျောင်းဆင်းချိန်မှာ ၊ ကျူရှင်တွေ ဆင်းချိန် တက်ချိန် ကျပ်တယ်…ရပ်ချင်သလို ရပ်တယ် လမ်းမပေါ်မှာ ကိုယ့်မင်းကိုယ့်ချင်းလမ်းလို သဘောထားကြတယ်… ပတ်ဝန်းကျင်မှာ သွားလာသူများကို လုံးဝဂရုမစိုက်ဘူး…
အားလုံးမှာ တာဝန်ရှိတယ် အကုန်ပြင်မှရမှာ …
ပထမဦးဆုံး ဒီစာစုထဲမှာ ပါတဲ့ သူ့စည်း ကိုယ့်စည်း ဖြစ်အောင် အရင်ဆုံး ကျမတို့ နိုင်ငံမှာတော့ ယာဉ်ကြီးဖြစ်ဖြစ် ယာဉ်ငယ်ဖြစ်ဖြစ် မှားသူခံစတမ်း ဆိုတဲ့ ဥပဒေ အရင်ဆုံး ပြဌာန်းပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ရမှရမှာ
ဥပဒေဆိုတာ လေးစားတတ်အောင် အရင်ဆုံး ကြီးလေးတဲ့ ပြစ်ဒဏ်လေးတွေနဲ့ မြည်းခိုင်းရမှာ
ထုတ်တဲ့သူတွေရော ပြည်သူတွေရောနော် ….
မဟုတ်လို့ကတော့ ရှေ့လျှောက်လုံးဝ လုံးဝမလွယ်ဘူး..
အခုလက်ရှိကတော့ ပိုက်ဆံတတ်နိုင်ရင် ဒီလို အမှုတွေက ပြီးသွားတတ်ပါတယ် ငွေပေါရင် သိပ်ကြောက်စရာမလိုဘူး ဆိုတဲ့ ဥပဒေအထက်က လူတွေလည်းရှိတယ်..
zaw min
December 9, 2011 at 7:14 pm
စင်္ကာပူနိုင်လိုဖြစ်စေချင်ရင် စင်္ကာပူလိုပဲ ဥပဒေကို ရေးဆွဲသူရော ပြည်သူလူထုရော အားလုံးက လေးစားလိုက်နာဖို့လိုပါမည်၊ငါ့ ဥပဒေတွေထဲ ငါ့မိသားစုတွေမပါတော့လုပ်လို့မရပါဘူး။
အထက်ကစပြီး ဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင် အောက်ခြေကလည်းမလှုပ်ရဲတော့ပါဘူး၊ပြည်သူတွေကိုလည်း ဥပဒေကို လေးစားလိုက်နာတတ်အောင် လမ်းပြသွင်သင်ပေးဖို့လိုပါမယ်…အမှန်အတိုင်းဝင်ခံရရင် စာရေးသူ ဒေါ်ခင်မမမျိုးလိုပါပဲ ကျွန်တော်ကိုယ်တိုင်လည်း တံငါနားနီး တံငါ၊မုဆိုးနားနီး မဆိုးလို့ပဲဆိုရမှာပါ။
စင်္ကာပူရောက်ခါစမှာ ဗာမာပြည်ကပါလာတဲ့ မကောင်းတဲ့ အကျင့်တွေကို ကြိုးစားပြီးဖျောက်ခဲ့ရပါတယ်။သူတို့ဆီက ကောင်းတဲ့အကျင့်တွေကို အတုယူပြီး ဆန့်ကျင်ဘက်လုပ်ရမှာကို ရှက်တတ်လာပါတယ်။
မြန်မာပြည်ကို ပြန်ရောက်ကာစကလည်း Trader Hotel နားမှာ ကိုလူကူးမျဉ်းကြားကနေ အေးအေးဆေးဆေးလမ်းကူသွားလိုက်တာ အနားကို ဝေါကနဲ ဖြတ်မောင်းသွားလို့ ပါးစပ်က အမေတွေ..နှမတွေ အော်တိုမစ်တစ်ထွက်သွားပါတယ်၊နောက်မှ သတိထားမိပါတယ် ငါရောက်နေတာ မြန်မာပြည်လို့…
နောက်တစ်ခါက ညီအကိုဝမ်းကွဲ တော်စပ်သူနဲ့ မန္တလေးကို အိမ်ကကားနဲ့ပဲသွားပါတယ်…ဟိုင်းဝေးမမောင်းရဲလို့ အကိုဝမ်းကွဲကပဲမောင်းပါတယ်…သူ့မိသားစုကလေးနှစ်ယောက်လည်းပါပါတယ်…ကလေးတွေပါလို့ ဘေးကနေအချိန်လုံးအရှိန်ထိမ်းမောင်းဖို့ သတိပေးနေရပါတယ်…တောင်ငူကအထွက် လမ်းမှာရှေ့က ကုန်တင်ကားက ဘယ်ဘက်မီးကို အချက်ပြပြီး ကျော်တက်ခိုင်းပါတယ် ကျော်တက်မယ်အလုပ် ဘီအမ်တစ်စီးပေါ်လာလို့ မနည်းရှောင်လိုက်ရတယ်…ဟိုင်းဝေးလမ်းတွေမှာ ညဘက်မီးပြပြီးကျော်တက်ခိုင်းတာ အလွန်အန္တရယ်များပါတယ်…
ဥပဒေတွေပြထမ်းပြီး ကျုုးလွန်သူတွေကို ကျော်သား၊ရင်သား မခွဲခြားပဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်ဆိုရင် အတိုင်းအထက်အလွန်ကောင်းမွန်လာမှာပါ၊
စင်္ကာပူမှာ ရဲဆိုရင် ငါးနှစ်သားအောက်ကလေးငယ်ကအစကြောက်ပါတယ်…ဘာကြောင့်လဲ ဥပဒေအတိုင်း ဆောင်ရွက်တတ်လို့ပါ…
ကိုပေါက်(မန္တလေး)
December 9, 2011 at 10:46 pm
သိပ်မှန်ပါတယ်။
အတော်များများက စည်းကမ်းရှိရကောင်းမှန်းမသိတော့သလို
ညိတာနဲ့ ညှိဘို့ကြုးိစားကြပါတော့တယ်။
တကယ်လို့များ ညှိတာမခံဘူးဆိုရင် စည်းကမ်းအတိုင်း ဥပဒေအတိုင်းလုပ်မယ်ဆိုရင်
ပါးစပ်မပါဘူးလားဆိုတဲ့မေးခွန်းက ပြဿနာရှင်များပါးစပ်က ထွက်ကြလာပါတယ်။
အဲတော့ ဒီလိုကိစ္စမျုးိဖြစ်လာမယ်ဆိုရင် ကိုယ်မှားကိုယ်ခံ စိတ်ဓါတ်ကိုအရင်းတည်လို့
မညှိဘဲနဲ့ တရားဥပဒေအတိုင်း
ရင်ဆိုင်ဘို့သတိ္တအရင်မွေးဘို့လိုမယ်လို့ ထင်မိပါကြောင်း
Zippo
December 9, 2011 at 11:50 pm
သတိပေးချင်ပါတယ် ၊ မဟာရန်ကုန်မြို့ကြီးမှာ ညဘက် ၁၁ နာရီနောက်ပိုင်း သတိထားပြီးကားမောင်း
ကြပါ ၊ အခုတလော ပြိုင်ကားတွေ အပြိုင်အဆိုင် အမောင်းပြိုင်နေကြပါတယ်ဗျို့ ။
ဖြစ်လာမဲ့ အကျိုးဆက်ပြဿနာတွေကို သတိပြုပြီးရှောင်ရှားနိုင်ကြပါစေ ။
htoosan
December 10, 2011 at 9:53 am
“သတိပေးချင်ပါတယ် ၊ မဟာရန်ကုန်မြို့ကြီးမှာ ညဘက် ၁၁ နာရီနောက်ပိုင်း သတိထားပြီးကားမောင်း
ကြပါ ၊ အခုတလော ပြိုင်ကားတွေ အပြိုင်အဆိုင် အမောင်းပြိုင်နေကြပါတယ်ဗျို့ ။”
ဒီလို ကား မောင်းနိုင်တဲ့ အများစုက ဥပဒေ အပေါ် ရောက်နေသူများ သားသ္မီးများ ဖြစ်သည့် အပြင် အသက်လည်း ငယ်ကြတော့ သမ္မတကြီး အခုထဲက အာဏာစက်နဲ့ ဖိမထားရင် ရင်လေးစရာ အလွန်ကောင်းကြောင်းပါ။
မိုးချမ်းမြေ့
December 11, 2011 at 10:04 am
ပညာကြီးသူတွေက…ကိုယ့်စည်းကို အရင်စစ်တယ်…။
ပညာနည်းသူတွေက…သူများတွေဖေါက်မှ…သူက သဘောပေါက်တယ်…။
သုံးစားလို့မရတဲ့ အသိဉာဏ်တုံးသူတွေကတော့…စည်းကမ်းဆိုတာ…လူတွေအတွက်လားလို့တောင်မှ….
သိကြမှာမဟုတ်တာဆိုတော့……(ပြောပေးပါအုံးဗျ..မမမျိုးရေ)