စုန်းစာ

kotun winlattDecember 12, 20111min33110

ဒီရွာလေးဟာ မြို့နဲ့လည်းမနီးသလို ရထားလမ်းကားလမ်းနဲ့လည်း မနီးတဲ့ရွာလေးပါ။ အိမ်ခြေ ၂၀ဝခန့်ရှိသည်မို့ ရွာကြီးဟုပြောလျှင်ရပေသည်။ မူလတန်းကျောင်း ဆေးပေးခန်းများရှိ၏။

ရွာကရွာတန်းရှည်ကြီးဖြစ်သည်။ အရှေ့အနောက်တန်းနေသော ရွာကြီးဖြစ်သည်။ လမ်းမကြီးမှာလည်းဖြောင့်ဖြူးနေပေသည်။

ရွာသူရွာသားအများစုမှာ တောင်သူလယ်သမားများသာဖြစ်၏။ အနည်းစုကတော့ မုဆိုးနှင့် ဈေးရောင်းကြသူ များဖြစ်ချေသည်။ ရိုးသားသူများဖြစ်ပြီး

စာပေကိုလည်း သေစာရှင်စာမျှသာရေးတတ် ဖတ်တတ်သူများဖြစ်ကြ၍ ရှေးရိုးအယူအဆများကို မစွန့်ပယ်နိုင်သေးသူများဖြစ်သည်။ ငွေကြေးမတတ်နိုင်မှု ရှေးရိုးစွဲမှုများကြောင့်

အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရသော ရွာသူ ရွာသားများလည်းမနည်းတော့ချေ။ ဒီလိုအဖြစ်မျိုးတွေကို အဆုံးသတ်ခဲ့စေသူကတော့ ဒီရွာကဘမှိုင်းဆိုသူပါ။

ဘမှိုင်းကတော့ဒီရွာဇာတိပဲဗျ…။သူကအေးအေးဆေးဆေးနေ တတ်သူဖြစ်ပြီးမဟုတ်မခံစိတ်ရှိသူလည်းဖြစ်တယ်။ သူကဘယ်အရာကိုမှ ကိုယ်တွေ့ မဟုတ်ရင်ယုံလေ့မရှိဘူး။

သူမိန်းမကတော့ နန်းကြည်တဲ့…။ အသားညိုညို အရပ်ပုပု မျက်လုံးလေးတွေက ပုလဲတစ်လုံး ရွဲတစ်လုံးပေါ့။ စိတ်ထားကောင်းသူပါပဲ။ ဇာတ်လမ်းက ရွာလယ်ပိုင်း မယ်မိဆီကစတာပဲဗျ။

မယ်မိဆိုတာက ဘမှိုင်းလူပျို ကာလသားဘဝက အလွန်ကြိုက်ပြီးအလွန်ပိုးပန်းခဲ့တာပေါ့။ ဒါပေမယ့်ဟိုဘက်ကတော့ ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ခဲ့ပါဘူး။

သူတို့ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကျွန်းသာ ရွာက အသားဖြူဖြူ မောင်သိန်းနဲ့ အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ပြုကြတာတော့ သူတို့နှစ်ယောက်ရှေ့ဆင့်နောက်ဆင့်ပဲ…

မယ်မိကအရင် မောင်သိန်းနဲ့ အိမ်ထောင်ကျ ပြီးတော့မှ ဘမှိုင်းက နန်းကြည်နဲ့အိမ်ထောင်ကျတာကိုးဗျ။ မယ်မိတို့အိမ်ထောင်သက် တစ်နှစ်ကျော်လာတော့ မယ်မိတစ်ယောက်

အတော်နေမကောင်းဖြစ်ပါလေရော။ ဘယ်လိုဆေးမှီးတိုနဲ့မှ မသက်သာဘူး။ဒီတော့ရွာဓလေ့အတိုင်း ရွာလယ်ပိုင်းက ပယောဂဆရာကြီး ဦးတိုင်းကျော်ဆီရောက်တော့တာပေါ့။

ဦးတိုင်းကျော်က လက်သွေးစမ်းပြီးးဘာပြောလည်းဆိုတော့ ရွာသူကိုင်ထားတယ်ဆိုပြီး ပြောတယ်လေ။ ရွာသူဆိုတာက ရွာထဲကမိန်းကလေးတွေကို ပြောတာမဟုတ်ဘူးးနော်။

စုန်းပြုစားတာပေါ့။ စုန်းဆိုတာက ဘယ်လိုအမျိုးလည်းဆိုတာ ပြောနေကြတာတော့ အမျိုးမျိုးပေါ့လေ။ မစင်စားတဲ့စုန်း တိမ်ညွှန့်စားတဲ့စုန်း ဆယ်နှစ်ကြိုးစုန်း သေချာတော့

နားမလည်ကြသလို ကိုယ်တွေ့လည်းမကြုံဘူးကြပေမယ့် ပြောနေဆိုနေကြတာတော့ တော်တော်စိတ်ဝင်စားစရာကောင်းသကိုးဗျ။ စုန်းကညကို အစာရှာထွက်ဆိုပဲ။

အဲ့လိုအစာရှာထွက်ရင် ခေါင်းကပြတ်သွားပြီး မီးလုံးအဖြစ်ထွက်သွားပါသတဲ့။ လင်ယောက်ျားရှိရင် ယောကျာ်းကို ခုနှစ်ခါခွပြီး အိပ်မွေ့ချထားခဲ့တယ်လို့လည်း ပြောကြသေးရဲ့။

အဲ့လိုစုန်းတွေညအချိန်အစာရှာထွက်ရင် မီးလုံးကြီးကတရွေ့ရွေ့ သွားနေပါသတဲ့။ ချောင်းကြိုချောင်းကြားမြောင်းကြိုမြောင်းကြားသားစိမ်းငါးစိမ်း

ရှာစားလေ့ရှိဆိုပဲ။ပြောနေရင်းလိုရင်းမရောက်တော့ဘူး။ဒီရွာလေးမှာ ရုပ်နည်းနည်းဆိုး ရင်စုန်းလို့စွပ်စွဲတတ်ကြတာပါ။ ခင်ဗျားတို့လည်းကြားဘူးကြပါလိမ့်မယ်။ မရှိခိုးနိုး

မလှစုန်းယိုးတဲ့လေ။ ပစ္စည်းဥစ္စာမရှိတဲ့လူကို သူခိုးလို့စွပ်စွဲချင်ကြသလို ရုပ်မလှသူကိုလည်းစုန်းလို့စွပ်စွဲတတ်ကြတာ။ အဲ့စကားပုံလေးအတိုင်းပေါ့။ ဘမှိုင်းမိန်းမက မျက်စိလေးကစွေစွေ

သွားလေးကခေါခေါဆိုတော့ စုန်းမအဖြစ် အပြောခံရတော့တာပေါ့။ဦးတိုင်းကျော်ကလည်းမယ်မိကိုသူ့ကိုပြုစားတဲ့ရွာသူဟာ ဒီရွာထဲကပဲ

ရုပ်ရည်ကဘယ်လိုရှိတယ်ကအစပြောလိုက်တယ်ထင်ပါရဲ့။ ဘမှိုင်းမိန်းမကိုစုန်းမအဖြစ်ပြောဆိုနေကြတာ ဘယ်လောက်ကြာင်္ပြီတော့မပြောတတ် ဘူး။

ဘမှိုင်းဒီနေ့လယ်ထဲကအပြန်လမ်းမှာ သာမောင်နဲ့တွေ့လို့ သာမောင်ပြောပြမှ သိလိုက်ရတယ်။ ဘမှိုင်းစိတ်ဆိုးဒေါသဖြစ်နေတယ်။ဒါပေမယ့်သူတို့ရှေ့မှာလဲ

လာ ပြောတာမျိုးမဟုတ်တော့ ဖြေရှင်းရအောင်ကလည်းမဖြစ်နိုင်မို့ ဘမှိုင်းအကြံထုတ်နေ ရတယ်။ သူ့မိန်းမကိုစွပ်စွဲမှုကို

ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပေါ့။ဘမှိုင်းဆိုတာက ခေသူမဟုတ်တဲ့လူထဲမှာပါသဗျ။ သူကပညာကိုကောင်းကောင်းမသင်ခဲ့ရပေမယ့်

စာလေးပေလေးလည်းနည်းနည်းဖတ်တယ်လေ။ဒီတော့အတွေးအခေါ်လေးတွေကမဆိုး ဘူးပေါ့။ သူအကြံထုတ်နေရင်း တစ်ညနေ မယ်မိ အိမ်နားက ငြိမ်းမာပြောလို့ ဒီနေ့ည

မယ်မိအတွက် စုန်းစာချမယ်လို့သိလိုက်ရတယ်။ဒီရွာရဲ့ဓလေ့က စုန်းစာတို့ခေါစာတို့ ကျွေးရင်အမြဲ ရွာနောက်ပိုင်းက ကုက္ကိုပင်ကြီးအောက်မှာဘဲကျွေးလေ့ရှိတာလေ။ ဒီတော့ဘမှိုင်း

ညနေ နေဝင်ချိန်မှောင်စပျိုးချိန်ကတည်း ကုက္ကိုပင်ကြီးဘေးက ချုံလေးထဲမှာရောက်နေခဲ့တာ။ မကြာပါဘူး… ဦးတိုင်းကျော်နဲ့ မယ်မိယောက်ျား မောင်သိန်းတို့ စုန်းစာချဘို့ရာအတွက်

ဦးတိုင်းကျော်က နှီးနဲ့လုပ်ထားတဲ့ ခေါစာဗန်းလေး ကိုကိုင်ပြီးရှေ့ကနေ မောင်သိန်းကတော့ စုန်းစာကျွေးမဲ့ ထမင်းနဲ့ဟင်းကို

ဒန်အိုးသေး သေးလေးနှစ်လုံးကိုဆင့်ပြီးဆိုင်းလေးနဲ့လက်ကဆွဲလာတယ်။ သိပ်ထင်ထင်ရှားရှား မမြင်ရပေမယ့် ဒီအချိန်မှာ ဒီအပင်ကြီးအောက်ကို တော်ရုံလူမလာရဲကြတော့ဘူးလေ။

ဒီကုက္ကိုပင်ကြီးက သရဲခြောက်တယ်လို့ပြောကြတာကိုး။တစ်ခါကကိုတွဒ်ဆိုတဲ့လူ အနောက်ရွာကို အပျိုလှည့်သွားရင်း အပြန်မှာ ဒီအပင်ကြီးနားအရောက်

လူတစ်ယောက်ဆေးလိပ်ဖွာပြီးလာနေတာကိုတွေ့သတဲ့ဗျ။ သူကလည်းဆေးလိပ်မီး သေနေလို့ မီးညှိချင်တာနဲ့ အနားရောက်လာတော့ မီးတစ်တို့လောက်လို့ပြောပြီး

မျက်နှာကိုကြည့်တော့ အာလားးလားး အဲ့လူဆီမှာ ခေါင်းမပါဘူးဆိုပဲ။ ဒါနဲ့ကိုတွဒ် တစ်ခါတည်းအော်ပြေးပြေးလိုက်တာ အိမ်ရောက်တော့အမောဆို့နေလို့ မနည်းပြုစုယူရဆိုပဲ။

အဲ့လိုမျိုးလေးတွေ ဒီအပင်နားမှာ အမြဲတွေ့ကြတယ်ပြော ကြတာပါ။ ဘမှိုင်းကတော့ဒါမျိုးကိုအယုံအကြည်သိပ်မရှိသလို အကြောက်အရွံ့ကလည်း နည်းသူမို့

တစ်ယောက်တည်းချုံကွယ်ကနေပြီး အသာစောင့်ကြည့်နေခဲ့တာ။ အပင်ကြီးအောက်ကိုရောက်လာကြပြီး ဦးတိုင်းကျော်က နှီးဗန်းလေးထဲကို ထမင်းနဲ့

ဟင်းလေးတွေထည့်ပြီး နှီးပန်းလေးကို လက်နဲ့ပုတ် ပါးစပ်ကလည်း တတွတ်တွတ်ရွတ်နေပါတယ်။ ရွတ်ဆိုမှုတွေပြီးတဲ့ အခါ ဝါးစင်လေးပေါ်မှာ နှီးဗန်းလေးကိုတင်ပြီး နှစ်ယောက်သား

ရွာဘက်ကိုပြန်သွားကြလေရဲ့။ ဘမှိုင်းလည်းသေချာစောင့်ကြည့်နေမိတယ်။ ခြင်ကလည်းကိုက်လိုက်တာဗျာ။ ဆေးလိပ်ဖွာချင်ပေမယ့် မဖွာဖြစ်ဘူး။ ဘာထူးလာမလဲလို့

စိတ်စောနေတာမို့ အသာလေးငြိမ်နေရတယ်။ သိပ်မကြာဘူးဗျ။ မည်းမည်းအရိပ်သုံးလေးခုလောက် မြင်လိုက်ရတယ်။ လရောင်ကလည်း ဝိုးတဝါးရှိနေပေမယ့်သေချာတော့မမြင်ရဘူး။

ဘမှိုင်းကြက်သီးတွေဖြန်းခနဲထလာပြီးခေါင်းနဲနဲကြီးသွားတယ်။ တချို့ပြောကြတာက စုန်းတွေဟာ သူတို့အတွက်ကျွေးတဲ့အစာကို ခွေးနက်ကြီးယောင်ဆောင်ပြီး

လာစားတတ်ကြတယ်လို့လည်းပြောတတ်ကြတာကိုး။ အနားရောက်လာမှ ခွေးကခွေးနက်မဟုတ်သလို တစ်ကောင်တည်းလည်း မဟုတ်ဘူး။ ခွေးသုံးကောင်ဗျ။

ရွာဦးကျောင်းကခွေးတွေလေ။ ဒီကောင်တွေညညဆိုရွာထဲလျှောက်သွားပြီးတွေ့ရာဆွဲနေကြကိုး။ ခွေးသုံးကောင်ထဲက တစ်ကောင်က အနံ့ခံလိုက် ဝါးစင်ပေါ်ကိုမော့ကြည့်လိုက်

အမယ်..တစ်ကောင်က ဝါးစင်တိုင်လေးကို သေးပန်းလိုက်သေးတယ်။ ဝါးစင်ကလည်း မမြင့်ဘူးလေ လူခါးလောက်ပဲရှိတာ။ ခွေးတစ်ကောင်က တစ်ချက်ခုန်ပြီး နှီးဗန်းလေးကို

သူ့နှုတ်သီးနဲ့ ထိုးလိုက်တယ်။ တစ်ခါတည်း တော့နှီးဗန်းလေးကကျမလာဘူး။နောက်တစ်ခါထပ်ခုန်လိုက်တော့မှ နှီးဗန်းလေးပြုတ်ကျလာတယ်။

သုံးကောင်သားအသားကုန်လွေးကြတော့ တာ။တစ်ကောင်နဲ့တစ်ကောင်တောင် အစာလုရင်းမာန်ဖီနေကြသေးရဲ့။ ဘမှိုင်းသေချာစောင့်ကြည့်ရင်း ခွေးသုံးကောင်ပြန်သွားမှ

ချုံထဲကထွက်လာပြီး ရွာဘက်ပြန်လာခဲ့တယ်။ ရွာထဲရောက်လာတော့ ဘမှိုင်းစိတ်ထဲမှာ မခံချိမခံသာဖြစ်နေတယ်။ သူ့မိန်းမကို

စုန်းမလို့အစွပ်စွဲခံရတာကိုဖြေရှင်းမှဖြစ်မယ်လို့လည်း တွေးနေမိရဲ့။ ဒါနဲ့ အိမ်တန်းမပြန်သေးဘဲ ရွာလယ်ပိုင်းက ကိုဘသာရဲ့ အမိန့်အရ အရက်ဖြူဆိုင်ဆီ လျှောက်လာခဲ့မိတယ်။

မိုးချုပ်ပြီမို့ ကိုဘသာ ဆိုင်ပိတ်ဖို့ရာ ပြင်နေပြီလေ။ သူရောက်သွားတော့ လာနေကျမဟုတ်တာမို့ တအံ့တဩနဲ့ သူ့ကိုကြည့်ရင်း ကိုဘသာက ဘယ်ကလှည့်လာတာလဲဟုမေး၏။

ဘမှိုင်းကဒီကိုပါပဲဟုဖြေလိုက်သည်။ ပြီးနောက်ကချင်အရက်တစ်ချိုးပေးဗျာဟုမှာလိုက်သည်။ ကိုဘသာကအရက်ကိုလာချပေးရင်း အမြည်းရော

ဘာယူမလဲဟုမေးပြီးရေဗူးပါလာချ ပေးပြန်သည်။ အကြော်ထုပ်နှစ်ထုပ်လောက်ချပေးဗျာဟုပြောပြီး ဘမှိုင်းအရက်တစ်ခွက် ကိုကောက်မော့လိုက်၏။

အားးပါးးတော်တော်ကောင်းတဲ့အရက်ပဲဗျ။ ဝမ်းထဲကို ပူဆင်း သွား၏။ အဲဒီအရက်ကအမှန်ပြောရရင် ဆန်အရက်ဗျ။ ဒီအရက်ကိုအရင်က ရွာကလူတွေ

မချက်တတ်ဘူး။ တောင်ခြေနားက ကချင်လူမျိုးတွေကသာချက်တတ်တာလေ။ နောက်ပိုင်းကချင်တွေတောင်ခြေနားကရွေ့ရတော့ ကိုဘသာအဖေက အရက်ချက်နည်းကို

ရထားလိုက်တာ။ ကချင်တွေချက်တဲ့ အရက်မို့ကချင်အရက်ခေါ်ရာ ကနေခုထိကချင်အရက်လို့ဘဲခေါ်နေကြတာလေ။ ဒီအရက်က တစ်ခွက်သောက်ရင် တစ်ခွက်စာချက်ချင်းမူးတယ်။

ဒီအရက်တစ်လုံးကုန်အောင်သောက်နိုင်တဲ့လူလည်း ရှားတယ်လေ။ မီးတောက်အရက်ပေါ့ မယုံရင်မီးရှို့ကြည့် မီးတောက်တယ်။ သောက်ရင်လည်းလည်ချောင်းကို

မီးစနဲ့တို့လိုက်သလိုပဲ။ အရက်တစ်ချိုးကို ဘမှိုင်းဘယ်သောက်နိုင်လိမ့်မလဲ။ သုံးခွက်လောက်သောက်ပြီး ဘမှိုင်း တော်တော်ရေချိန်ကိုက်လာပြီ။ ခေါင်းထဲမှာထူပူပြီး

မျက်နှာတွေထုံလာတယ်။ ဒါနဲ့ ဘမှိုင်း ငွေရှင်းပြီးဆိုင်ကထလာတာပေါ့။ လမ်းမပေါ်ရောက်လာပေမယ့် ဘမှိုင်းအိမ် မပြန်ချင်သေးဘူး။ ခဏကလရောင်ဝိုးတဝါးရှိနေရာက

လရောင်လေးကလင်းလာပြီ။ ရွာထဲကလူတွေကလည်း သူ့အိမ်ကိုယ့်အိမ်ငြိမ်နေကြတာမို့ လမ်းမမှာလူတွေရှင်းနေပြီလေ။ ဘမှိုင်းရင်ထဲကခံစားချက်တွေကို အော်ဟစ်ပစ်ချင်ပေမယ့်

မဖြစ်ဘူးဆိုတာတွေးမိတယ်။ စိတ်ထဲရှိတဲ့အတိုင်းကလော်ဆဲလိုက်ရင် မနက်ဖြန်မနက် ရွာလူကြီးအိမ်ရောက်လိမ့်မယ်။ ဒီတော့ဘယ်လိုလုပ်မလဲတွေးရင်း သူ့နှုတ်ကတရွရွနဲ့

စာလုံးအချို့ထွက်ကျလာတယ်။ ကောင်းကင်မှာလမင်းကြီးကထိန်ထိန်သာနေတယ်။ လ..သာ..သာ… ဦးတိုင်းကျော်ကမယ်မိအတွက် စုန်းစာချကျွေးတယ်။ စုန်း..စာ…ချ…

ရွာဦးကျောင်းကခွေးတွေကလာစားးတယ်။ ခွေး..စား..လို့ကုန်.. ဟုတ်ပြီ။ စာချိုးလေးတစ်ခုကို ဘမှိုင်းရွာလမ်းမအလယ်မှာရပ်ရင်းတိုးတိုးရွတ်နေမိသည်။

လသာသာ

စုန်းစာချ ခွေးစားလို့ကုန်….

ပြီးတော့ သူ့မိန်းမနန်းကြည်ကို ရွာကလူတွေစုန်းမဆိုပြီးအတင်းပြောကြတယ်။

ရွာ..လယ်..ကောင် အတင်းပြော…

ငါ..(..)… မသဘော..။

ဟာဟ..ဘမှိုင်းတိုးတိုးးရေရွတ်ရင်း သဘောကျသွားတယ်။ အစအဆုံးတိုးတိုးလေးပြန်ရွတ်ကြည့်တယ်။

လသာသာ စုန်းစာချ ခွေးစားလို့ကုန်…။

ရွာလယ်ကောင် အတင်းပြော

ငါ..(..)..မ..သဘော။ ခဏကမကျေမနပ်ဖြစ်နေမှုတွေကို ဘမှိုင်းစာချိုးနဲ့ လမ်းမလယ်ကနေ အော်ရင်း ရွာထိပ်ဆီလျှောက်လာတယ်။ စိတ်ထဲမှာအကြိတ်အခဲလေးမပြေတတ်သေးတာနဲ့

ရွာထိပ်ကနေရွာမြီးကိုတစ်ခါလမ်းလျှောက်ရင်း

လသာသာ စုန်းစာချ ခွေးစားလို့ကုန်…။

ရွာလယ်ကောင် အတင်းပြော

ငါ (..) မ သဘော..ဟု အော်ဆိုလိုက်မိပါတော့သည်။

အားရအောင်အော်ဆိုပြီး အိမ်ပြန်သွားကာ ဘမှိုင်းတစ်ယောက် ကျေကျေနပ်နပ်ကြီး အိပ်စက်လိုက်ပါတော့သည်။ အဲ့ဒီအချိန်ကစပြီး ဒီရွာလေးမှာ ဘမှိုင်းမိန်းမကိုစုန်းမလို့

အတင်းမပြောကြတော့သလို စုန်းပြုစားလို့ စုန်းစာကျွေးတဲ့ အလေ့အထလေးမှာလည်း နည်းပါးသွားပါတော့သည်။

10 comments

  • small cat

    December 12, 2011 at 9:31 pm

    ငယ်ငယ်က ကျနော်တို့ အိမ်ရှေ့ က မန်ကျည်းပင်ကြီးအောက်မှာ ခေါစာလာပစ်တယ်၊ မုန့်ဖြူမုန့်နီ ထန်းလျက်ရည်နဲ့ အခြားမုန့်တွေပါတယ်။ ငှက်ပျောဖက်တွေခင်းထားတဲ့နှီးဗန်းကြီးနဲ့လာထားတာ။ ကြောင်လေးအဖေကသွားကြည့်နေတယ်၊ ပစ်တဲ့သူတွေက စားပါသောက်ပါခွင့်လွှတ်ပါ ဘာညာပြောပြီး နောက်ခိုင်းသွားတာနဲ့ ကြောင်လေးတို့အဖေက ဗန်းကြီးကို သွားမပြီး အိမ်ပေါ်ကိုယူလာတယ်။ ပြီးတော့ သားတို့ သမီးတို့ စားကွ ဘာမှ မဖြစ်ဖူး၊ သူတို့ ကလှူထားတာ၊စားကောင်းတယ်ဆိုပြီးကျွေးတယ်။ ကြောင်လေးတို့မောင်နှမတွေလည်း စားကြတာပေါ့။ အမေကတော့ ပွစိပွစိနဲ့ အဖေ့ ကိုလည်း မာမာမပြောရဲဘူး။ ဖေဖေက တမင်သက်သက်ရွဲ့လုပ်တာပါ။
    ဦးရှင်ကြီးစွမ်းတင်ရင် ငှက်ပျောသီးတွေ၊ ထန်းလျက်ခဲတွေ လွှင့်ပစ်ပါတယ်။ ကျန်တာကိုမှ အိမ်သားတွေ စားဖို့ ပန်းကန်လေးနဲ့ပေးတာပါ။ လွှင့်ပစ်ခါနီးဆိုရင် ကြောင်လေးအဖေက ဆွမ်းတင်ဆရာကို ဟေ့လူလွှင့်မပစ်နဲ့ နှမျောစရာကောင်းတယ် ကျနော့ပေးဆိုပြီးဇလုံနဲ့သွားတောင်းတယ်။
    သက်သက်လုပ်တာ။ ပတ်ဝန်းကျင်ကလူတွေက ဖေဖေ့ကိုသိပ်မပြောရဲဘူး ။အော့ကျောလန်ပေါ့။

  • naywoonni

    December 12, 2011 at 9:39 pm

    နေမကောင်းတာ စုန်းစာပဲ ချသလားဟ …။ တံစက်မြိတ်နောက်ပြန်ရေ တို့ ….။ ခွေး- ပြွတ်ရေ တို့ ကောမတိုက်ဘူးလား….။
    ကချင်အရက် က အနံ့ပြင်းလို့ အစက မသောက်နိုင်ဘူး…။ နောက်တော့လည်း အရက်သမားစကား ချဉ်ချဉ်တူးတူး မူးပြီးရော ………..သောက်တော့တာပါပဲ…။

  • kotun winlatt

    December 12, 2011 at 10:14 pm

    ဟဲဟဲ….အစ်ကိုရ…ကချင်အရက်က အနံ့ပျင်းသလောက်
    တစ်ခွက်သောက်ရင် တစ်ခွက်စာ ချက်ချင်းးမူးတယ်နော့…
    နောက်ရက် အရက်နာကျတာတို့ဘာတို့လည်း မရှိဘူးးဗျ…ဟဲဟဲ…။

  • aye.kk

    December 13, 2011 at 1:59 am

    မယုံရင်..
    ပုံပြင်ဒဏ္ဍာရီ..
    စုန်းအကြောင်းပါလာလို ့ပါ..
    တိမ်ညွန့်စားတဲ့စုန်းပြုစားခြင်းခံရရင်..
    ကုရာနတ္ထိဆေးမရှိတဲ့ဗျား..(ယေရှူကလွဲရင်)
    သူတော်စင်တွေကပြောပြဘူးတာပါ..
    မပြောပြရရင်မနေနိုင်လို့ပါအပြစ်တင်ကြရင်ခံယူပါ့မယ်..
    သိတာလေးတွေသေရွာမယူသွားချင်တာကပကတိစိတ်ရင်းပါ..။

  • E.T

    December 13, 2011 at 7:50 am

    “လင်ယောက်ျားရှိရင် ယောကျာ်းကို ခုနှစ်ခါခွပြီး အိပ်မွေ့ချထားခဲ့တယ်” ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲဟင်။ ရ ခါတောင် ဆိုတော့ အိပ်မွေ ့ချစရာတောင် မလိုတော့ဘူး။ နောက်တာ 😛

  • windtalker

    December 13, 2011 at 11:54 am

    ကိုဘမှိုင်း ရဲ ့လက်တမ်းကဗျာ ကတော့ လွှတ်ကောင်းဗျာ
    ဟာသဉာဏ်လဲ ရွှင်တယ် ထင်တယ်နော

  • kotun winlatt

    December 13, 2011 at 12:35 pm

    ဟုတ်…ကိုဘမှိုင်းဆိုသူကလည်း ခေသူမဟုတ်ဘူးးလေ..
    ဟဲဟဲ..စာဖတ်တဲ့ အကျိုးလို့ပြောရမှာပဲဗျ….

  • Ma Ei

    June 21, 2016 at 2:32 pm

    အဖွားပြောပြတဲ့ ဥစ္စာစောင့်တွေ စုန်းတွေအကြောင်း
    ပုံပြင်လေးတွေ ပြန်နားထောင်ချင်လာတယ်….

  • တောတွင်းပျော်

    June 22, 2016 at 10:41 pm

    မြန်မာ ့အဘိဓာန်မှာ စုန်း ၄မျိုးပြထားတယ်။
    အကုန် နာမည် မခေါ်တတ်ပေမယ် ့
    အောက်အနိမ် ့ကျဆုံး စုန်းက မစင်စားစုန်း။
    ပညာအမြင် ့ဆုံးက မွေးရာပါ ဝမ်းတွင်းစုန်း။ တချို ့က နန်းမတော်မယ်နုကို
    ဝမ်းတွင်းစုန်းလို ့ ပြောကြတယ်။
    မွေးရာပါ ဝမ်းတွင်းစုန်းတွေက သူတို ့ဖြစ်လိုစေတဲ ့အရာကို ကျိန်စာတိုက်
    နှုတ်ကဆိုရင် တဖက်လူမှာ သက်ရောက်တယ်လို ့ဆိုတယ်။
    အဲဒီအမျိုးအစားတွေက သူ့တို ့ကိုယ် သူတို ့ ဘာဖြစ်နေတာသိနေတတ်တော ့
    အပြောအဆို အနေအထိုင် အရမ်းဆင်ခြင်ကြတယ်လို ့ဆိုတယ်။
    သူတို ့ကြောင် ့ လူတစ်ဖက်သား ထိခိုက်မိမှာ မလိုလားကြတော ့ ဘာသာရေးကို
    အရမ်းလိုက်စားတတ်ကြပြီး ငါးပါးသီလကို အထူးစောင် ့ထိန်းတတ်ကြတယ်။

    ဒါတွေက ကျနော် ဖတ်ဖူးမှတ်ဖူးသမျှပါ။
    ကျနော် ငယ်ငယ်က စုန်းမီးမြူးတာ ၂ကြိမ်လား ၃ကြိမ်လား အဝေးကမြင်ဖူးတယ်။
    တစ်ကြိမ်မှာတော ့ ကျနော် ့ဆရာမတွေနဲ ့အတူမြင်လိုက်တာပါ။
    စုန်းမြူးတယ်ဆိုတာက ညမှာ မီးလုံးတွေ အထက်တက်လိုက် အောက်ဆင်းလိုက်နဲ ့
    ပြောကြတာကတော ့ အစာရှာတယ်ဆိုလား ..

    စုန်းမလို ့ မမြင်ကွယ်ရာမှာ သမုတ်ခံရတဲ ့ အမျိုးသမီးတစ်ချို ့ကိုလည်း မြင်ဖူးပါတယ်။ မျက်နှာပေါက်က ချောတယ် လှတယ်ဆိုတာထက် သူတို ့မျက်လုံးအကြည် ့က
    တခြားလူတွေထက် ပိုထူးခြားသလိုရှိတယ်။ တနည်းပြောရရင် ဆွဲဆောင်နိုင်ပြီး
    ညှိ ့အားကောင်းသလို နက်မှောင်နေတယ်။
    သူတို ့ကို လည်ပြန်ကြည် ့ချင်ရလောက် အလိုလိုစွဲဆောင်နိုင်ပြီး တဖက်သားကို
    လည်း ရင်ခုန်စေလောက်တဲ ့ အကြည် ့မျိုး။
    အဲဒီတုန်းက တောတွင်းပျော် ခယေးယေးပဲရှိသေးတော ့ ဒါတွေကို စိတ်ဝင်စားပါဘူး ….
    ခုနေများသာဆို သူတို ့အလှကို ဒီထက်မကညွှန်းမိမယ်ထင် ….

Leave a Reply