အနေအထိုင်မတတ်တဲ့အိမ်ဂျယ်

WowDecember 13, 20111min30415

အိမ်မှာနေတုံးက ကိုယ့်ဒူးကိုယ်ချွန်ရတယ်ဆို ဒါးနဲ့လားဟင်ပြန်မေးတတ်ခဲ့တာ…
အခုတော့ Certificate လေးတွေကိုင်ပြီးတော့ တစ်နေရာဝင် တစ်နေရာထွက် အပိုးကျိုးကျိုးမျက်နှာလေးနဲ့ပေါ့. ပထမဆုံးအလုပ်စဆင်းတဲ့နေ့က ငါလိုလူဇဗ္မူမှာမရှိဆိုတဲ့မျက်နှာနဲ့. အလုပ်စဝင်တဲ့ဝန်ထမ်းအသစ်တွေကို ကုမ္မဏီအကြီးအကဲက အစည်းအဝေးမှာမိန့်ခွန်းချွေတာက “တကယ်တော်အောင် တကယ်တတ်အောင် သိအောင် ကြိုးစားကြပါ၊ လူညံ့တွေအတွက် တို့ဌာနမှာ နေရာမရှိဘူး”…တဲ့
ငါကြိုးစားမဟဲ့ဆိုတဲ့ မျှော်လင့်ချက်ဝင်းဝင်းတောက် မျက်လုံးများနဲ့ ကိုယ့်စားပွဲကိုယ်ပြန်အလာ ဘေးနားစားပွဲက အတူအလုပ်ဝင်ဖက်တစ်ယောက်လုပ်တာ အထာမကျ၊မှားနေလို့ ဆရာကြီးဝင်လုပ်ပြီး ပြောပြ လုပ်ပြလိုက်မိတာ လုပ်လက်စအလုပ်ကို ဇောင့်ကနဲချ ကိုယ့်ကို မျက်စောင်းထိုးပြီးထွက်သွားတယ်. သီးခံ သီးခံ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ဟဲ့ တော်ကြာအလုပ်မပြီးရင် သူလဲအဆူခံရ ငါလဲမကောင်းဖြစ်မယ်ဆိုပြီး သူ့ကိုယ်စားပြီးအောင်လုပ်ပြီး စားပွဲပေါ်အသာလေးတင်ထားပေးလိုက်တယ်။ ဂျာကြီးကအဲဒီကောင်မလေးကို လာရှာတော့လဲ ကိုယ်ကပဲအခုလေးတင်ထသွားကြောင်း အလုပ်တော့ပြီးအောင်လုပ်သွားကြောင်းပြောပြီး ထယူပေး…နောက် ထမင်းစားချိန်ရောက်တော့ ကိုယ့်မှာသင်းကွဲတစ်ယောက်လို ကိုယ်ထိုင်တဲ့စားပွဲဘယ်သူမှ လာမထိုင် ကြည့်တဲ့မျက်လုံးတွေကလဲ တမျိုးကြီး ဟိုကောင်မလေးနားမှာတော့ ဝန်ထမ်းအများစု ဝိုင်းဖွဲ့စားလို့ ..ဟင်.. ဒီနေ့မှ အလုပ်ဝင်တာခြင်းအတူတူ သူကပေါင်းသင်းဆက်ဆံရေးကောင်းလှချည်လားပေါ့ ငါ့ကိုတော့ ဘာလို့မကြည်ကြပါလိမ့်…
မကြာမီလူအလစ်မှာ ယခင်ဝန်ထမ်းဟောင်းထဲမှ အမကြီးတစ်ယောက်ကလာပြောတာ “ ကောင်မလေးက ဂျာကြီးအမျိုး ညီမရဲ့ ညီမကသူနဲ့ထိပ်တိုက်တွေ့တော့ ရုံးကလူတွေကတောင် ညီမကို မခေါ်ရဲကြတော့တာ”….တဲ့

ကိုယ်မနေတတ် မထိုင်တတ်ခဲ့ပုံများ…

နောက်တစ်ခါ ဂျာကြီးနေမကောင်းလို့ ခွင့်ယူထားခိုက် ကြော်ငြာကိစ္စတစ်ခု အရေးတကြီးလုပ်ရန်လိုလာသည်။ ကြော်ငြာတာဝန်ခံကလဲ အောက်ဒိုးတစ်ချိန်လုံးထွက်နေပြီး ရုံးတွင်မရှိ။ အဲဒီမှာ ကုမ္မဏီအကြီးအကဲက ကိုယ်တိုင် ထွက်လာပြီး သူမကို ကြော်ငြာ Advertising Media များကိုသွားခိုင်းသည်။ အားတက်သရောနှင့် ကြော်ငြာကုမ္မဏီကိုသွား အလုပ်အမြန်ပြီးအောင်လျှာထွက်မတတ် ခေါင်းမီးတောက်မတတ်(နေပူထဲ By Bus နဲ့တစ်နေရာပြီးတစ်နေရာ ပြေးနေရတာကိုး) အမြန်လုပ်၊ ကုန်ကျငွေစာရင်းပြုစုပြီး ဘောက်ချာနဲ့တစ်ကွ သူဌေးဆီပြန်တင်ပြီးတော့ ကိုယ်ကတော့ ကိုယ်လုပ်ခဲ့တာတွေးပြီးပျော်လို့ …ငါဒါလဲလုပ်နိုင်တယ်ပေါ့…
မကြာခင်ဒါရိုက်တာအဖွဲ့ဝင်တွေအကြား ပြသနာတက်တာက ယခင်ဂျာကြီးနဲ့ကြော်ငြာတာဝန်ခံ တင်ပြထားသော စာရင်းတွေက သိန်းဂဏန်းအတော်များများပိုများနေခဲ့သည်. ဘောက်ချာတွေအတိုင်း စာရင်းစစ်လိုက်ကြတော့ ကြော်ငြာကုမ္မဏီကတော့ ဈေးမှန်အတိုင်းသာယူသည်။ ဘောက်ချာပေါ်တွင် မသမာမှုပြုလုပ်ကြခြင်းဖြစ်သည်။ စာရင်းချုပ်တော့ ကြော်ငြာတာဝန်ခံအလုပ်ပြုတ်ပြီး ဂျာကြီးက မျက်နှာခပ်ပျက်ပျက်နဲ့ ရုံးပြန်တက်သည်။
ဘာကဘယ်လိုဖြစ်သည်မသိ နောက်ပိုင်းရုံးမှာ ဌာနကလူတွေကိုယ့်ကို တဖြည်းဖြည်းရှောင်လာကြပြီး မိမိမှာ အလုပ်တွင်အာရုံမရှိ၊ လူတိုင်းနှင့်မတည့်၊ ဆက်ဆံရေးမကောင်းပဲ Company Image ကိုထိခိုက်စေသူအဖြစ် နာမည်ကြီးလာသည်။ ရုံးချိန် ၉ နာရီကွက်တိ ရုံးတံခါးဝအရောက် ဂျာကြီးက စာအုပ်ပိတ် ကိုယ့်ကိုမင်နီတားပြီးသား..သူများတွေ ၁ဝ မိနစ် ၁၅ မိနစ်နောက်ကျတာ အသံမကြားရ။ သူများတွေခွင့်ယူရင် ရုံးကိုခွင့်တိုင်သံပင်မကြားရ…ကိုယ့်မှာတော့ ဖုန်းဆက်ပြီးခွင့်တိုင်တာ ဖုန်းခွင့်ကိုလက်မခံတဲ့… နောက်တော့… နောက်တော့… အပြစ်များစွာနဲ့ကိုယ်ပဲ အလုပ်ထွက်ပေါ့…
အဲဒီအထိကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိသေး .. နောင် လအတော်ကြာ အဲဒီရုံးက ကိုယ့်ကိုသတိပေးဘူးတဲ့ အမကြီး နဲ့ပြန်တွေ့တော့ ဂျာကြီးနဲ့ကြော်ငြာတာဝန်ခံ ပေါင်းစားနေသည်မှာကြာဘီဖြစ်ကြောင်း၊ ဂျာကြီး ညီမတစ်ယောက်ကို ဘာခေါ်မလဲ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်က စေတနာသုံးတန်ပြဒါန်းပြီး ထောက်ပံ့ထား ကြောင်း၊ ထို့ကြောင့် ဂျာကြီးမှာ အလုပ်မပြုတ်နိုင်ကြောင်း….
ဟင်…ဟယ်….အို…
သူမကတော့ ပါးစပ်အဟောင်းသား… မျက်လုံးအဝိုင်းသား…
“ဒီလိုကိစ္စမျိုးတွေရှိလား”… ပေါ့…
ထိုအမကြီးကတော့သူမကို သနားသောမျက်နှာနဲ့ကြည့်ရင်း “ညီမလေးက အလုပ်ပထမဆုံးစဝင်ဘူးလို့မသိတာ။ အလုပ်တွေက ဒီလိုပဲ ညီမလေးရဲ့။ အလုပ်စဝင်တာနဲ့အဲဒီကလူတွေကို ဘယ်သူဘာဆိုတာ အရင်စုံစမ်းရတယ်။ ပြီးတာနဲ့ခိုင်တဲ့ကိုင်းနားကပ်ထားရတယ်။ နောင်သိသွားမှာပါ”
ထိုအမကြီးနောက်ကျောကိုကြည့်ရင်း ဇဝေဇဝါအတွေးများနဲ့…
နောက်အလုပ်တစ်ခုကျတော့ နဲနဲတော့ အထာသိလာဘီ…အရင်အလုပ်မှာ အတွေ့အကြုံလေးကလဲရှိထား ကိုင်ထားတဲ့ Certificate လေးတွေလဲကြည့်ပြီး စဝင်ဝင်ချင်းပဲ နေရာလေးတစ်ခုရလာတယ်… ဒါပေမဲ့ကိုယ့်လက်အောက်ဝန်ထမ်းများရဲ့ ပြာပြာသလဲဖေါ်ရွေမှုများကိုလဲ အားနာလွန်းသော မအီမလည် မျက်နှာကြီးနဲ့ မနေတတ်ခဲ့သလို ကိုယ့်အထက်လူကြီးနှင့်ကျပြန်တော့လည်း တရားလွန်ဖေါ်ရွေပြူငှာ “Everything as u wish” လုပ်ဖို့ရာ လိပ်ပြာမသန့်ပြန်…
ကိုယ့်ကို မွေးချင်းပေါက်ဖေါ်(မန်းဂေဇက်က ကပေါက်ဖေါ်မဟုတ်ပါ) များထက်ခင်ရကြောင်း၊ ပဌန်းဆက်ပါလားမသိကြောင်း စသည်ဖြင့် ရွန်းရွန်းဝေသူများကလည်း ကိုယ့်နောက်ကွယ်တွင် ကိုယ်ရှိနေရင်ဖြင့် ဒီဌာနကြီး ပျက်စီးတော့မတတ် အထက်အရာရှိနား တိုးတိုးတိတ်တိတ် ပြောပြနေပြန်သောအခါ…ယခင် အလုပ်က အမကြီးပြောဘူးသလို ကိုင်းကြီးကြီး ရှာပြီး ရေလောင်းရမလားပေါ့လေ….ဒီလိုနဲ့… ဒီလိုနဲ့… နိုင်ငံကြီးသားပီသလှပါသည် ဆိုသော ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ နိုင်ငံသားများကိုယ်တိုင် အပြစ်ကျ ရမည့်ကိစ္စများဆိုလျှင် “No idea” “ I don’t think as I said so” “ Just misunderstanding” စသည်ဖြင့် ရှောင်ထွက်သွားကြသောအခါ အော်…လူ ဟာ လူပါပဲလား….

လင်းလင်းသီချင်းလို … “ ငါ့ဘက်ကမှားတာပါ…”

တစ်ခါက ဟာသပြဇတ်တစ်ခုကြည့်ဖူးတာ နောက်ဆုံးခန်းမှာ လူဆိုးဗိုလ်က နောင်တရပြီး ကိုယ့်နားထင်ကိုယ် သေနတ်နဲ့ချိန်ပစ်တော့ ဇတ်စင်နောက်က ယမ်းကိုတူနဲ့ထုတဲ့ကောင်လေးက ယမ်းဗလာကိုထုမိလို့ အသံမထွက်၊ ဒီတော့ လူဆိုးဗိုလ်က အိန္ဒြေမပျက် “အင်း မသေခင် ရွာဦးကျောင်းဆရာတော် သွားဖူးလိုက်ပါဦးမယ်” ဆိုပြီး အရှက်ပြေသေနတ်ပြန်ချ၊ ဒီတော့မင်းသမီးက သေနတ်ကိုပြေးလုပြီး “ငါ့ချစ်သူ ကိုသတ်တဲ့သူ သေပေရော့” ဆိုပြီး ပစ်တော့လဲ ယမ်းကမပေါက်သေးပြန်။ မင်းသမီးဆီက သေနတ်ပြန်လု “ ဟား ဟား ဟား ဒီလို လက်ညိုးလေးကွေးဖို့ ၁ဝ နှစ် ၁ဝ နှစ်” ဒီအထိလဲ ယမ်းကမပေါက်သေး… ဒီတော့ ယမ်းဖောက်တဲ့ကောင်တော့ အိပ်ပျော်နေပြီတွေးပြီး “ကဲ ငါတို့ကိစ္စကို သေနတ်နဲ့မရှင်းဘူး” ဆိုပြီး ဘောင်းဘီ အရှေ့ ခါးပတ်ကြား သေနတ်ထိုးအထဲ့မှာ ယမ်းက “ထိန်း” ကနဲ…. ဒီတော့ “ဟယ် လူမိုက်ကြီး ဒီလိုနေရာ သေနတ်ထိသေရတာ သေထိုက်တယ် သေ… သေ… “ ဆိုပြီး လဲကြသေရတဲ့အဖြစ်လို….

ဘဝနဲ့ကိုယ်နဲ့အံမဝင်ပုံများပြောပါဒယ်…

တစ်နေ့ ဂျီတောက်မှာ Searching for Sincerity ဆိုပြီးတင်ထားတော့ သူငယ်ချင်းတစ်ယောက်က နင်မရှာနဲ့ မောမယ်၊ ငါရှာပြီးပြီ မတွေ့ဘူးတဲ့…
ဒီအထိကိစ္စမရှိသေး…
တစ်နေ့လမ်းထိပ်က သုံးနေကျအင်တာနက်ဆိုင်မှာထိုင်တုံး ခင်နေတဲ့ဆိုင်ရှင် အမကြီးက အလုပ်နဲနဲပါးလို့ ကိုယ့်နားလာထိုင်ပြီး ဟိုဟိုဒီဒီပြောရင်း “အမတို့ဆိုင်မှာ အရင်အလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက် အရမ်း ကံကောင်းတယ်သိလား”
“ဟုတ်လား ထီပေါက်သွားလို့လား”
“ မဟုတ်ဘူး ဆိုင်ကနေ ချက်တင်ဝင်ရင်း ရီးစားရသွားတယ်၊ သူ့ရီးစားက သူ့ထက်တော့ အသက်ကြီးတယ်၊ ကောင်လေးကို ဆိုင်မှာလာကြည့်ပြီး ချိန်းတွေ့ဖို့ခေါ်သွားရင်း တစ်ခါထဲခေါ်သွားတယ်၊ အခု အဲဒီကောင်လေးကို တိုက်ခန်းငှားပေးထားတယ်၊ အိမ်မှာ အပေါ်စက်၊ အောက်စက်၊ ရေခဲသေတ္တာ အစုံထားထားပေးတယ်။ အလုပ်လဲ မလုပ်ခိုင်းတော့ဘူး၊ ဒါပေမဲ့ အဲဒီအမကြီးကတော့ တစ်လမှာ တစ်ပတ်လောက်ပဲ အဲဒီအခန်းမှာနေတယ်။ သူမရှိတဲ့အချိန်ပိုက်ဆံပြတ်ရင် ကောင်လေးက ရှိသမျှအကုန်ရောင်းစားတာ။ အမကြီးက ပြန်လာရင် အသစ်တွေဝယ်ထဲ့ပေးတယ်။ ဘယ်လောက်ကံကောင်းလဲ”
“ဟယ်”
အံ့ဩတကြီး ဆိုင်ရှင်မျက်နှာကို ကြည့်မိသည်။ ဒီကောင်လေး ဘယ်အဖြစ်ရောက်နေတယ်ဆိုတာ သူတကယ် မသိတာလား ??? ဒါမှမဟုတ်….????
“အခုလေးတင်ပြန်သွားတာ နို့မိုညီမနဲ့မိတ်ဆက်ပေးတယ်”
ထိုနေ့က အင်တာနက်ဆိုင်ကပြန်လာတော့ ဗျိုင်းတွေပျံတဲ့အလယ်က လိုက်ရတဲ့လိပ်လို ဒုတ်ကိုကိုက်ထားဖို့ ကိုယ့်ကိုကိုယ် နာနာဆုံးမရင်း…

(အကျင့်ပျက်ခြစားမှုဟာ ဂုဏ်ပြုချီးမြှောက်ခံရပြီး ရိုးသားမှုဟာ ကိုယ့်ကိုကိုယ်သတ်သေသလိုဖြစ်လာပြီဆိုရင် သင့်လူ့အဖွဲ့အစည်းဟာ ပျက်စီးနေပြီဆိုတာ သင်သိရမယ် ……. Irene)

ရန်ကုန်ရောက်စ နေ့ရက်များသို့အမှတ်တရပါ…

15 comments

  • windtalker

    December 13, 2011 at 3:16 pm

    ဖတ်ရှူအားပေးသွားကြောင်းပါ

    • Wow

      December 13, 2011 at 6:11 pm

      ကျေးဇူးပါ windtalker….

  • inz@ghi

    December 13, 2011 at 3:34 pm

    Searching for Sincerity ဆိုရင်တော့ ဂီဂီလေးကို ဆက်သွယ်လိုက်စမ်းဘာ ….
    😀

    ဒါနဲ့ ရေးပြပေးတာ ကျေးကျေးပါ….
    ထို့ကြောင့်

    ယနေ့မှစ ဂျီတောက်တွင် ဆထက်ထမ်းပိုး တော်ကီရောင်းအံ့ ….
    ပြောင်းအတို အရှေည် မတိုမရှည် တယ်လီ ဝိုဒ် မက်ခရို တွစ်တလစ် ..
    အကုန်စပွန်စာ ပေးနိုင်သော မမဂျီးများ …အမြန် အလိုရှိနေသည်

    ပုံ
    ဂီဂီ

    အော် … မမာ ရတဲ့ကြားထဲက မန့်ရတာပါကွယ်.. အဟွတ် အဟွတ်

    • Wow

      December 13, 2011 at 6:20 pm

      ကျမ်းမာရေးအရင်ဂရုစိုက်ပေါ့ဂီဂီရယ် တော်ကြာ စိတ်ကြီးထှာနဲ့ ပိုပြီးကျမ်းမာရေးထိခိုက်နေမယ်… မန်းဂေဇက်ကြီး နင်မရှိဘာဖြစ်မလဲ (ဟီ…ဟိ.. ဘာမှဖြစ်ဘူး)

  • zaymdy

    December 13, 2011 at 3:43 pm

    ယနေ.ဖြစ်ပျက်နေတည်း အရာလေးတွေ. ကွက်ကွက် ကွင်းကွင်း ကွင်းကွင်းကွက်ကွက် အဲ.
    တစ်ကယ်ကို ကောင်းပါတယ်ဗျာ.. အားပေးသွားတယ်…

  • htoosan

    December 13, 2011 at 4:35 pm

    ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိပေမဲ့ ကိုယ်ပါမသွားအောင် ရပ်တည်လိုက်စမ်းပါ။ ရိုးသားမှုကို အလုပ်ရှင်တိုင်းက ရှာနေ ရတဲ့ ခောတ်ပါ။

  • kotun winlatt

    December 13, 2011 at 6:18 pm

    အမှန်တရားတွေနိုးထလာတဲ့ တစ်နေ့မှာ
    အမှန်တရားဘက်တော်သားတွေအတွက်
    တရားမျှတမှုနဲ့အတူ ကံကောင်းမှုတွေရောက်လာ
    နိုင်မှာပါ…။

  • Wow

    December 13, 2011 at 6:25 pm

    ဇေ၊ ထူးဆန်း၊ ကိုထွန်းဝင်းလတ်ရေ တောသူတစ်ယောက် မြို့ရောက်စ အမှတ်တရလေးတွေပါ…ခုတော့ လဲ စိတ်တွေလျော့ပြီး မဇ္မျိမပဋိပဋာလို့ပဲပြောရမလား တစ်ခါတလေတော့လဲ ခိုးလိုးခုလုလေးတွေ ခံစားရတာပေါ့…

  • ကြောင်ကြီး

    December 14, 2011 at 10:13 am

    ကြောင်ကြီးသူဌေးဖြစ်ရင် ကောင်မလေးတွေ certificate မလိုဘူး၊ participate လုပ်ဖို့ပဲလိုတယ်၊ ညဖက်ကလပ်မှာ အပန်းသွားဖို့ လူလိုရင်ပြောဒါ…..။ 😎

    • Wow

      December 14, 2011 at 10:57 am

      ဆောင်းတွင်း(ပြာသို)ရောက်တော့ ဦးကြောင်တော့ တက်ကြွနေဘီပေါ့
      😀

  • etone

    December 14, 2011 at 11:13 am

    Wow ရေ … အလုပ်ခွင်မှာတော့ သူ့အထာလေးတွေနဲ့ သူရှိတာပေါ့လေ … ။ ဒါကြောင့် ကျွန်မကတော့ ယုန်လေး နှာစေးနေတယ်ပဲ လုပ်နေတော့တယ် .. ဟဲဟဲ .. ။

    • Wow

      December 14, 2011 at 11:23 am

      ကြာတော့သည်လည်းမောင့်စကားဆိုတာလိုပေါ့ etone ရယ်…

  • pooch

    December 14, 2011 at 12:26 pm

    (အကျင့်ပျက်ခြစားမှုဟာ ဂုဏ်ပြုချီးမြှောက်ခံရပြီး ရိုးသားမှုဟာ ကိုယ့်ကိုကိုယ်သတ်သေသလိုဖြစ်လာပြီဆိုရင် သင့်လူ့အဖွဲ့အစည်းဟာ ပျက်စီးနေပြီဆိုတာ သင်သိရမယ် ……. Irene)

    အဲ့ဒီ အသိလေးနဲ့ တင် ကိုယ်က တပန်းသာနေပါပြီ… ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ….

  • nozomi

    December 14, 2011 at 1:28 pm

    အားပေးသွားပါတယ်
    ကိုယ် ပေ ဘဝ တုန်းက ၊ ကိုယ် မကြိုက်တာတွေ
    တူ ဘဝ ရောက်ချိန် ပြန် မလုပ် မိဘို့ အရေးကြီးပါတယ်

  • ကြောင်လတ်

    December 15, 2011 at 7:36 am

    အော် ဒီလိုမျိုးတွေကို ကျနော် ခံနေရတာ အစိုးရဌာန မှာမို့လို့ပဲ လို့ထင်ထားတာ။ ကန်ပနီတွေမှာလည်းရှိတာပဲလား။

Leave a Reply