ကျနော်တို ့ဗမာတွေ မညံ့ပါဘူး
ကျနော်နိုင်ငံခြားမှာနေတာပါ။ မြန်မာတွေဟာ တခြားနိုင်ငံသားတွေနဲ ့ယှဉ်ပြီး ပညာသင်၊ အလုပ်လုပ်တဲ့အခါမှာ မြန်မာတွေမညံ့ကြောင်း ၊ တော်ကြောင်း တွေ ့ရတယ်။
ဘာ့ကြောင့် ဒီစာကိုရေးရလဲဆိုတော့ ကျနော်တို ့ဗမာတွေဟာ တခြားနိုင်ငံသားတွေထက် လုံးဝမညံ့ဘူးဆိုတာကို ပြောချင်လို ့ပါ။ ကျနော်ဩစတျေးလျနိုင်ငံမှာနေတယ်။ လူမျိူးပေါင်းစုံနဲ ့အလုပ်အတူတူ တွဲပြီးလုပ်ဘူးတယ်။ ပညာသင်ဘူးတယ်။ ကျနော်တို ့ထက် ညံ့တဲ့လူမျိူးတွေကို တစ်ပုံကြီးတွေ ့ရတယ်။ အလုပ်လုပ်တဲ့အခါတိုင်းမှာလည်း ကျနော်တို ့လုပ်သလို သူတို ့မလုပ်နိုင်ဘူး။ အပင်ပန်းမခံနိုင်ဘူး။ ဇွဲမရှိဘူး။ အချောင်ခိုတယ်။ စည်းကမ်းမရှိဘူး။ အကုန်လုံးကို ပြောတာမဟုတ်ပါ။ မြန်မာတွေထဲမှာလည်း ညံ့တဲ့သူ ပျင်းတဲ့သူတွေရှိတယ်။ တခြားနိုင်ငံသားတွေထဲမှာလည်း ညံ့တဲ့သူ ပျင်းတဲ့သူတွေ ရှိတာပဲ။
ဆိုတော့ ကျနော်တို ့လူမျိူးဟာ ယေဘုယျပြောရရင် လူညံ့စာရင်းထဲမှာ မပါဘူး။ သူများတွေထက်တော့ သာတဲ့အရည်အချင်းလုံးဝရှိတယ်။ တကယ်လို ့အခွင့်အရေးသာပေးကြည့်။ အဖြေကို ထင်ထင်ရှားရှားမြင်ရ တွေ ့ရပါလိမ့်မယ်။
တတိယနိုင်ငံတွေကို နယ်စပ်ဒုက္ခသည်စခန်းတွေထဲကနေ ရောက်လာကြတဲ့ဒုက္ခသည်တွေရှိတယ်ဆိုတာကို အားလုံးသိမယ်ထင်တယ်။ ဒုက္ခသည်စခန်းဆိုတာကလည်း အရမ်းချို ့တဲ့နေရာလေးပါ။ ပညာရေးကစပြီး အစားအသောက်အနေအထိုင်အဆုံး ၊ အတော်လေးကို ဆင်းရဲလှပါတယ်။ စခန်းထဲက လူတွေအားလုံးဟာ ဗမာနိုင်ငံသားတွေပါ။ အကြောင်းမျိူးမျိူးကြောင့်သာ ဒုက္ခသည်ဖြစ်နေရတယ်။ ဒီစခန်းတွေကနေ ကရင်၊ ချင်း၊ ဗမာ စတဲ့တိုင်းရင်းသားတွေ ဩစတျေးလျနိုင်ငံကို ရောက်လာကြတယ်။ သူတို ့ကို ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ ခလေးတွေဆိုပြီး ညံ့တယ်လို ့မထင်ကြနဲ ့။ အထင်မသေးကြနဲ ့။
ကျနော်တွေ ့ဘူးတာကိုပြောပြမယ်။ ကျနော့်အိမ်ဘေးနားမှာ ကရင်တစ်ယောက်ရှိတယ်။ သူ ့သမီးလေးက ၁၄-နှစ်အရွယ်။ သူတို ့မှာ မောင်နှစ်မငါးယောက်ရှိတယ်။ သူမက အကြီးဆုံးမိန်းခလေး။ စခန်းထဲမှာနေတုန်းက လေးငါးတန်းလောက်ပဲ ပညာသင်ဘူးတယ်။ ဩစတျေလျလည်းရောက်ရော သူတို ့ထုံးစံအရ အသက်နဲ ့လိုက်ပြီး ကျောင်းအတန်းကိုလည်းမြှင့်ပေးတယ်။ ဒီမှာတင် ခလေးမလေးက ရှစ်တန်းဖြစ်သွားတယ်။ ရောက်ခါစတစ်နှစ်လောက်တော့ အင်္ဂလိပ်လို သင်တဲ့အခါမှာ အရမ်းအခက်အခဲဖြစ်တယ်။ နောက်ပိုင်းတော့ ကရင်မလေးဟာ သူများထက်ထူးချွန်သွားတယ်။ သူမ အခန်းထဲမှာ နိုင်ငံပေါင်းစုံက ကျောင်းသားတွေလည်းရှိတယ်။
တနေ ့မှာကောင်မလေးက ပြည်နယ်အဆင့် ကျောင်းပေါင်းစုံစာစီစာကုံး ဝင်ပြိုင်တယ်။ သူမရေးတဲ့ စာစီစာကုံးက မြန်မာပြည်အကြောင်း။ မြန်မာပြည်မှာ မွေးခဲ့တာမဟုတ်တဲ့ ဒုက္ခသည်စခန်းက ကရင်မလေးဟာ သူမ ့တိုင်းပြည်အကြောင်းကို ရေးရတာ ဘယ်လောက်ခက်မလဲဆိုတာကို ခန် ့မှန်းကြည့်ပါ။ မြန်မာစကားလည်း ကောင်းကောင်းမတက်ဘူး။ သူ ့အဖေနဲ ့အမေကလည်း နယ်စပ်မှာကြီးလာခဲ့တဲ့လူတွေ။
သူတို ့က စာပေပညာရှင်တွေလည်းမဟုတ်တော့ သူ ့တို ့သမီးကို သူတို ့သိတဲ့ ဗဟုသုတလောက်ပဲ ပြောပြနိုင်တယ်။ စာစီစာကုံးရေးဖို ့အတွက် သူ ့အမေကရင်မကြီးက မြန်မာပြည်ရဲ ့လူမျိူးနဲ ့ယဉ်ကျေးမှု ့အကြောင်းကို သူတွေ ့ဘူးသလောက် ရှင်းပြတယ်။ သူ ့သမီးက နားထောင်တယ်။ ဒီလောက်ပဲ သူ ့ကို သူ ့မိဘကပြောပြနိုင်တယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေလို သူမက စာစီစာကုံးကို အာဂုံဆောင်တာမဟုတ်ပဲ ၊ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တဲ့ သူမဘဝတွေရဲ ့အတွေ ့အကြုံတွေကိုပေါင်းစပ်ပြီး သူတက်ကျွမ်းတဲ့အင်္ဂလိပ်စာနဲ ့စာစီစာကုံးတစ်ပုဒ်ရေးလိုက်တယ်။ ဒီပြိုင်ပွဲမှာ ကျောင်းသားကျောင်းသူ ကျောင်းသားပေါင်း ၅ဝဝဝ-ကျော်လောက်ဝင်ပြိုင်ကြတယ်။ အင်္ဂလိပ်တွေအစ၊ အမေရိကန်ကျောင်းသားတွေအဆုံး စာစီစာကုံးရေးကြတယ်။
အင်္ဂလိပ်စာကို နှစ်နှစ်လောက်ပဲသင်ခဲ့တဲ့ ကရင်မလေး၊ နယ်စပ်က ငပိထောင်းနဲ ့မျှစ်ပြုတ်စားပြီး သက်ကယ်မိုးဝါးထရံကာနဲ ့ ဖြစ်သလိုလုပ်ထားတဲ့ကျောင်းမှာ လေးငါးတန်းထိတက်ခဲ့တဲ့ ကရင်မလေးဟာ အကောင်းဆုံး စာစီစာကုံးရေးတဲ့ကျောင်းသား (၁ဝ) ဦးထဲမှာ သူမ ပါခဲ့တယ်။ ဆိုတော့ သူမ စာစီစာကုံးပြိုင်ပွဲမှာ ဆုရခဲ့တယ်။ ဒါ့ကြောင့် အင်္ဂလိပ်စကားနဲ ့စာကို အရည်ကျိုပြီးသောက်ထားတဲ့ အင်္ဂလိပ်တွေကြားထဲမှာ ဒုက္ခသည်အဖြစ်နဲ ့လာခဲ့ မြန်မာပြည်ဖွားကရင်မလေးရဲ ့ဥပမာကိုကြည့်ရင် မြန်မာတွေရဲ ့ပင်ကိုအရည်အချင်း လုံးဝမညံ့ဘူးဆိုတာကို သိနိုင်ပြီ။
သူမဆုရဖို ့အတွက် သူ ့မိဘတွေက သူမကိုအသည်းအသန်ကျိူးစားသင်ပေးခဲ့တာမဟုတ်ပါဘူး။ သာမန်လက်လုပ်လက်စား လူတန်းစားဘဝဆိုတော့ ခလေးမလေးရဲ ့ပညာရေးကိုလည်း သာမန်လောက်ပဲသဘောထားပါတယ်။
ဒါပေမဲ့ သူမ မိဘတွေလို ဩစတျေးလျအစိုးရက အငြိမ်မနေပါဘူး။ ကရင်မလေးပညာရေးအတွက် အစိုးရက စကောလားရှစ်ပေးတယ်။ သူမ မိဘတွေကို ခလေးရဲ ့ပညာရေးကို ဂရုစိုက်ဖို ့အတွက် သတိပေးတယ်။ လိုအပ်တဲ့သင်တန်းတွေ အကူအညီတွေပေးတယ်။ လူမျိူးခြား ဆရာဆရာမတွေက ဘာပြောလဲဆိုတော့…ဒီခလေးမလေးဟာ အတော်လေးကို ညဏ်ရည်ထက်မြတ်တဲ့ မိန်းခလေးဆိုပြီး မှတ်ချက်ပေးပါတယ်။
ကျနော်တို ့ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ။ ဘာ့ကြောင့်လဲဆိုတော့ ဒီကရင်မလေးဟာ ရန်ကုန်မြို ့က ဈေးအကြီးဆုံး အင်တာနေရှင်နေစကူးမှာ သင်ခဲ့တာမဟုတ်ဘူး။ သူ ့မိဘတွေက ကျိကျိတက်ချမ်းသာတဲ့လူတွေလည်းမဟုတ်ဘူး။ မြန်မာပြည်သားကရင်မလေးဟာ နယ်စပ်က ဒုက္ခသည်စခန်းမှာ ဖြစ်သလိုနေဖြစ်သလိုစားပြီး သက်ကယ်မိုးဝါးထရံကာကျောင်းမှာ လေးငါးတန်းအထိပဲ ပညာသင်ခဲ့ဘူးတဲ့ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ အခုကြည့်…သူမအနေနဲ ့အခွင့်အလမ်းရကော သူမရဲ ့ညဏ်ရည်ညဏ်စွမ်းကို လူမျိူးခြားတွေကပါ အံ့အားသင့်စေခဲ့တယ်။
ဒါ့ကြောင့် ကျနော်တို ့လူမျိုးဟာ ညံ့တယ် ၊ စည်းကမ်းမရှိဘူးလို ့ပြောတဲ့လူများ ရေးတဲ့သူများကို ပြောချင်တာက သေသေချာချာလေ့လာပြီးမှ ပြောပါ။ ကျနော်တို ့ဟာ တိုင်းပြည်ရဲ ့နိုင်ငံရေးစနစ်၊ ပညာရေးစနစ်တွေကြောင့် ကျနော်တို ့လူမျိူးနဲ ့တိုင်းပြည်ဟာ သူများနိုင်ငံနဲ ့ယှဉ်ရင် နောက်ကြကောင်းနောက်ကြနိုင်တယ်။ ဒါပေမဲ့ ညံ့တယ်လူမျိူးတော့မဟုတ်ဘူး။ အခွင့်အလမ်းသာ ရရင် သူများလူမျိူးတွေထက် သာကိုသာတယ်။ အနဲဆုံး သူတို ့နဲ ့ရင်ဘောင်တန်းနိုင်တယ်။ ယှဉ်ပြိုင်တဲ့အခါမှာ အမြဲတမ်း ထိပ်မှာ မရပေမဲ့ အသိအမှတ်တော့ ပြုခံရတဲ့လူမျိူးဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ မယုံရင် လူကြီးမင်းတို ့ လေ့လာကြည့်ပါ။
ကျနော်ပြီးခဲ့နှစ်နှစ်က စင်္ကာပူကအပြန်လေယာဉ်ပေါ်မှာ စင်္ကာပူနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ ့စကားပြောဖြစ်တယ်။ သူကဘာပြောလဲဆိုတော့ မင်းတို ့မြန်မာတွေစင်္ကာပူမှာအများကြီး အလုပ်လုပ်နေတာရှိတယ်။ ဆရာဝန်နဲ ့ရှေ ့နေတွေထဲမှာ မြန်မာတွေက အတော်ထက်ထက်မြတ်မြတ်နဲ ့နာမည်ကြီးတယ်လို ့မှတ်ချက်ပေးတယ်။ ဒီမြန်မာဆရာဝန်တွေ မြန်မာရှေ ့နေတွေဟာ မြန်မာပြည်မှာ ပညာသင်ခဲ့တာပါ။ သူတို ့အနေနဲ ့ အခွင့်အလမ်းလည်းရကော သူများတွေထက်သာကြောင်း ပြနိုင်ခဲ့တာကိုကြည့်ရင် မြန်မာတွေညံ့ပါတယ်လို ့ပြောတဲ့လူတွေအနေနဲ ့ ဘယ်လိုဖြေမလဲ။
ဒုက္ခသည်တွေအပြင် မြန်မာပြည်သားတွေ နိုင်ငံတကာမှာ ပတ်ပြီးအလုပ်လုပ်ကြတယ်။ ပညာသင်ကြတယ်။ အမေရိကန် ဂျပန် စတဲ့ချမ်းသာတဲ့နိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာလူမျိူးတွေကိုထပ်ပြီး လေ့လာကြည့်ပါ။ သူတို ့သားသမီးတွေ အဲဒိမှာ ကြီးပြီး ပညာသင်နေကြတာ တစ်ပုံကြီးရှိပါတယ်။ သူတို ့ရောက်ရှိနေတဲ့နိုင်ငံတွေမှာ ပညာရေး၊ အားကစား အနုပညာတွေမှ မြန်မာခလေးတွေဟာ တခြားနိုင်ငံသားတွေယှဉ်ရင် အမြဲတမ်းထွန်းပေါက်ပါတယ်။ ဒီနေရာမှာ စာရင်းအတိအကျကိုတော့ မပြောနိုင်ပါဘူး။
ဥပမာတစ်ခုကို ထပ်ပြီးပေးချင်ပါတယ်။ တနေ ့မှာ ဩစတျေးလျနိုင်ငံက SBS တီဗွီလိုင်းကနေလွှင့်တဲ့ Documentary တစ်ခုကြည့်ဖြစ်တယ်။ ဆစ်ဒနီမြို ့မှာရောက်ရှိနေတဲ့ ချင်းလူမျိူးခလေးငယ်ဟာ ဘောလုံးကန်ဖို ့အတွက် ဩစတျေးလျးအစိုးရကပေးတဲ့ စကောလားရှစ်ကိုရပါတယ်။
အဲဒိခလေးငယ်မိသားစုက မလေးရှားနိုင်ငံကနေ ဒုက္ခသည်အဖြစ်နဲ ့လာတဲ့ ချင်းတွေဖြစ်ပါတယ်။ သူဘောလုံးကစားတာ အရမ်းကောင်းလို ့ဩစတျေလျအစိုးရကတောင် စကောလားရှစ်ပေးရတဲ့အထိဆိုတော့ ဒီခလေးဟာ ဘယ်လောက်တော်ကြောင်းသိမယ်ထင်တယ်။ မလေးရှားနဲ ့ချင်းတောင်မှာနေတုန်းက ဘောလုံးပညာကို ကောင်းကောင်းသင်ခဲ့တဲ့ခလေးမဟုတ်ပါဘူး။ မိုးရွာထဲမှာ သူငယ်ချင်းတစ်စုနဲ ့ ့ဖြစ်သလိုဘောလုံးကစားခဲ့တဲ့ခလေးငယ်တစ်ဦးဖြစ်ပါတယ်။နောက်ပြီးဩစတျေလျးမှာလည်း ဘောလုံးပညာကို သင်ခဲ့ဘူးတဲ့သူမဟုတ်ပါ။
ရောက်ရောက်ခြင်း လေးငါးခြောက်လမှာတင် အသက်ဆယ်သုံးနှစ်လောက်ရှိတဲ့ မြန်မာချင်းခလေးငယ်ဟာ လူကောင်ထွားထွား အင်္ဂလိပ်တွေနဲ ့အာဖရိကန် ဘောလုံးသမားတွေလေးငါးယောက်လောက်ကို လိမ်ပတ်ပြီး ဘောလုံးကစားပြတဲ့အတွက် သူဆုရခဲ့တယ်။ သူဘောလုံးကစားပြတာကို တီဗွီမှာကြည့်လိုက်ရတော့ မြန်မာနိုင်ငံသားဖြစ်တဲ့ကျနော်လည်း ကိုယ့်လူမျိူးအတွက် ဂုဏ်ယူလို ့မဆုံးဘူး။
ဒီလို ဥပမာတွေဟာ နိုင်ငံတကာမှာ အများအပြားရှိပါတယ်။ ဒါ့ကြောင့် မြန်မာတွေရဲ ့ညဏ်ရည်ညဏ်သွေးနဲ ့ပင်ကိုစွမ်းရည်ဟာ ထက်မြတ်ပြီးသားဖြစ်ပါတယ်။ သူတို ့လေးတွေကို အခွင့်အလမ်းနဲ ့လမ်းကြောင်းမှန်တဲ့ ပဲ့ပြင်ထိန်းကွပ်မှုသာပေးကြည့်ပါ။ တနေ ့မှာ အထက်ကပြောတဲ့ပြောတဲ့ ကရင်မလေးဟာ ကမ႓ာကျော်စာရေးဆရာမ မဖြစ်လာနိုင်ဘူးလို ့ပြောနိုင်လား။ နောက်ပြီး ချင်းခလေးငယ်ဟာလည်း ဒေါ်လာသန်းကျော်ပေးပြီး ငှားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားမဖြစ်နိုင်ဘူးလို ့ဘယ်သူပြောမလဲ။ သူတို ့အားလုံးဟာ ချမ်းသာတဲ့နိုင်ငံတွေကလို ပြည့်ပြည့်စုံစုံနဲ ့စနစ်တကျ သင်ခဲ့ဘူးတဲ့ ခလေးတွေမဟုတ်ပေမဲ့ ချမ်းသာပြီး အေးအေးချမ်းချမ်းနဲ ့စနစ်တကျပညာသင်ခဲ့တဲ့ လူမျိူးတွေကိုကျော်လွှားနိုင်ခဲ့တာကိုတော့ အသိအမှတ်မပြုလို ့မရဘူး။
သူတို ့အပြင် ထိုင်းမှာ တရားမဝင်လာပြီး အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား မိသားစုကမွေးခဲ့တဲ့ ခလေးငယ်ဟာလည်း စက္ကူစွန်လုပ်တဲ့ နေရာမှာတောင် ချန်ပီယံရခဲ့တယ်ဆိုပြီး နာမည်ကျော်ခဲ့ဘူးတယ်။ ဒီခလေးဟာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေထဲက ခလေးငယ်တစ်ဦးပါ။ ဆင်းရဲတဲ့မိသားစုတွေထဲကပါ။ အခြေအနေအကြောင်းကြောင်းကြောင့် ထိုင်းမှာ အနှိမ်ခံရပေမဲ့တနေ ့မှာ သူလည်း ကမ္ဘာကျော်မဲ့လူတစ်ဦး မဖြစ်နိုင်ဘူးလို ့ပြောနိုင်လား။ ဆိုတော့ ကျနော်တို ့လူမျိူးလုံးဝမညံ့ပါဘူး။
ဒါ့ကြောင့် မညံ့တဲ့လူမျိူးကို ညံ့အောင်မလုပ်မိဖို ့လူကြီးတွေအနေနဲ ့လုံးဝတာဝန်ယူရပါလိမ့်မယ်။ ဒီတာဝန်ကတော့ ကျနော်တို ့မျိူးဆက်ကို အခွင့်အလမ်းတွေ အခွင့်အရေးတွေ များများဖွင့်ပေးပါ။ ဒါမှ ကျနော်တို ့ရဲ ့မျိူးဆက်တွေကို ကျနော်တို ့ထက်မြင့်တဲ့ ဘဝတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဒီလိုမြင့်လာရင် ကျနော်တို ့တာဝန်ကျေပါပြီ။ ကျနော်တို ့သေပျော်ပါပြီ။
ဘုန်းကျော်
နေ့လည် ၂-နှစ်ရီ ၃၄-မိနစ်
၁၃၊၁၂၊၂ဝ၁၁
လင်စတားမိုင်းတွင်း
ဩစတျေးလျအနောက်ပိုင်း
6 comments
maungmoenyo
December 14, 2011 at 7:11 am
သာယာဝတီနယ်သားမိဘတွေဆီကပေါက်ဖွားလာသူဆိုတော့ စိတ်ဝင်စားမိပါတယ်။ နိုင်ငံခြားမှာရောက်ပေမဲ့ မိမိနိုင်ငံကနေတဆင့်ပြောင်းရွှေ့ခိုလှုံလာသူတွေကို တတ်နိုင်သည့်တဘက်တလမ်းက ကူညီပေးနေသူလို့လိုယူဆမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုတွေရဲ့ အောင်မြင်မှုနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ခေတ်နဲ့တပြေးညီလေ့လာနေသူဖြစ်လို့သူတို့အကြောင်းကို ကောင်းကောင်းကြီးဖေါက်သယ်ချနိုင်သူဖြစ်နေလို့ပါဘဲ။ လေးစားပါတယ်။
တကယ်တော့ မြန်မာပြောင်းရွှေ့ခိုလှုံသူဦးရေမှာကမ္ဘာမှာဗိုလ်စွဲနေတဲ့ကိစ္စ ကရေးကြီးခွင်ကျယ်ဖြစ်နေတာကြာပါပြီ။ “ဒုက္ခသည်” ဆိုတဲ့ စကားကိုကျွန်တော်မသုံးရတဲ့အကြောင်းရှီပါတယ်။ အဲ့ဒီဝေါဟာရဟာ အဲ့ဒီပြောင်းရွှေ့ခိုလှုံသူတွေရဲ့ အနာဂါတ်ကို အရိပ်မဲကြီးလိုလိုက်ထိုးနေတတ်လို့ပါ။ အင်မတန်ဆိုးရွားပြီး။ ဒိအနေ့အထိဘယ်သူက စထွင်ခဲ့တဲ့ဝေါဟာရလဲဆိုတာတောင် မောင်မိုးညို လက်လှမ်းမှီသလောက်သုတေသနပြုကြည့်တာ အစရှာမရသေးပါဘူး။ နံနှီမ်တဲ့ဝေါဟာရမို့ တတ်နိုင်သမျှရှောင်ရှားပါတယ်။ MG စာပေရွာထဲမှာလဲ ဒီဝေါဟာရကိုရှောင်ရှားသုံးမိတာကိုသတိထားမိမှာပါ။
မြန်မာအပါအဝင် အာရှသားတွေဟာ ခေသူမဟုတ်ပါဘူး။ ဒီလို ထူးချွန်ထက်မြက်ကြလို့ ဘဝအခြေအနေ မြင့်မားလာကြသူတွေ ထဲ ဒီလို ပြောင်းရွှေ့ခိုလှုံသူတွေလဲ အပါအဝင် ကို မောင်မိုးညိုမျက်မြင်ဒိဌပါ။ ဝမ်းနဲစရာကောင်းတာက ဒီလိုဘဝအဆင့်မြင့်သွားသူတွေရှိသလို၊ အခြေပျက်ကြတဲ့ မြန်မာတွေ၊ ပြည်ပရောက်ပြီး ဘွဲ့တွေရာထူးတွေရပြီးမှ အခြေပျက်ကြရသူတွေလဲ ရှိတယ်ဆိုတာသတိပြုမိကြမှာပါ။ အဓိက ကတော့ ကိုယ့်ရဲံ identity ကိုမမေ့ကြဘို့နဲံ မြန်မာချင်း စိမ်ကားတဲ့ဆက်ဆံမှုမျိုး မထားမိကြဘို့ပါဘဲ။ “နားလည်သူတွေက နားလည်သည့်အလျောက် လက်တွဲခေါ်ကြပါဗျာတို့…။”
phone_kyaw
December 14, 2011 at 7:14 am
Thanks Ko Moe Nyo
ကြောင်ကြီး
December 14, 2011 at 10:59 am
အဲဒါကြောင့် ပြောဒါပေါ့ဗျ… ငပိကိုစား အားရှိပါ၏လို့။။။။ ကိုမိုးသီးဘလော့ဂ်မှာလည်း ဒီလိုရေးထားတာ ဖတ်ဖူးဒယ် “တပ်မတော်သာ ငပိ တပ်မတော်သာငပွ..” 😆
windtalker
December 14, 2011 at 3:30 pm
ကိုဘုန်းကျော် စာ ကို ဖတ်အပြီးမှာ ငါတို ့လူမျိုးတွေ ကြိုးစားရင် ဘာမဆို ဖြစ်လာမယ် ဆိုတဲ့
စိတ်ဓါတ်အင်အား တွေ အများကြီး ရမိတယ် ဗျာ ။ လေးစားကျေးဇူးတင်ပါတယ် ခင်ဗျ
ကျုပ်တို ့လူမျိုးတွေ ဟာ ၊ တာရာမင်းဝေ ရေးခဲ့တဲ့စကားလေးလို ပါဘဲ
“ ထိုင်နေရင်းနဲ ့အလုပ်ဖြစ်သွားတာတော့ ကြက်မ ပဲ ” ဆိုသလို
naywoonni
December 14, 2011 at 6:22 pm
အဲဒါပဲဗျ….။ လူတွေဟာ အကျပ်အတည်းနဲ့ တွေ့ဖူးမှ တိုးထွက်ချင်တာကလား…။ အဲဒိထိုးထွက်နိုင်တဲ့ စွမ်းရည် လက်ရှိနိမ့်ကျနေတဲ့ အခြေအနေကို ကျားကုတ်ကျားခဲနဲ့ ထိုးထွက်နိုင်တဲ့ စွမ်းရည်မှာ မြန်မာတွေ မနိမ့်ကျပါဘူး…။ အခြားလူမျိုးတွေထက် ပိုချင်သာပိုမှာပါ…။ အတော်များများက ကျွန်တော့ အမြင် ကောင်းဘွိုင်တွေ ဖြစ်နေကြတာဗျ…။ လုပ်ချင်လုပ် မလုပ်ချင်နေ ထမင်းတစ်လုပ် မငတ်ဘူး ဆိုတဲ့ သူတွေ များတယ်…။ အဲဒိတော့ မလုပ်တာ ကများတယ်ဗျာ…။ အဲဒိထဲမှာ ဒီစာရေးနေတဲ့ ကျွန်တော်အပါအဝင်ပဲ…။ ဟိုလိုလေးမလုပ်ဘူးလား လာမပြောနဲ့ မလုပ်ဖူး ဘာလို့လဲဆို မလုပ်ရင်လည်း ခုလောလောဆယ်မှာ လက်ရှိအခြေအနေက သိပ်ပြောင်းလဲသွားမှာမှ မဟုတ်တာ…။ အဲ…. လုံးဝ မလုပ်ရင်မဖြစ်တော့ဘူးဆိုတဲ့ အခြေအနေရောက်ရင်တော့ လုပ်ပြပါလိမ့်မယ်…။ ဆိုတော့ကာ…… ကြိုးစားဖို့ တွန်းအားပေးတဲ့ ပတ်ဝန်းကျင်မရှိဘူး…။ နေ့စဉ် လုပ်နေတဲ့ အလုပ် လောက်က ပိုပြီး လုပ်ဖို့ အာရုံမစိုက်ချင်ဘူး…။ အတတ်ပညာတစ်ခု သင်ပေးမဲ့သူနဲ့ကြုံရင်တောင် စည်းစနစ်ကျကျ မသင်ယူချင်ဘူး…။ လက်ရှိအခြေအနေ လေးက နေသာနေသေးတာကိုးးး။။ အခု လက်ရှိ ကျွန်တော်တို့ရဲ့ လူနေမှု စနစ်က အတတ်ပညာပဲ ဖြစ်ဖြစ် နည်းပညာပဲ ဖြစ်ဖြစ် တတ်အောင် ကြိုးစားမှ လူရာဝင်မဲ့ လူနေမှု စနစ်မဟုတ်ဘူး…။ ကိုယ့်ထမင်းကိုယ် ယပ်ခတ်စားနိုင်ရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ လူနေမှုစနစ်….။ အဲဒိတော့ ကြိုးစားတဲ့ သူ ပညာတတ်တဲ့သူ အများဆုံး ထွက်လာတာက ဟိုးအောက်ခြေ အလွှာထဲက များတယ်…။ စောစောက ကိုယ့်ထမင်းကိုယ် အေးအေးဆေးဆေး စားနိုင်တဲ့ လူ့အလွှာက နဲသေးတယ်…။ ကိုယ်သာမလုပ်တာ သူများလုပ်တာ အားပေးသလားဆိုတော့လည်း ဟင့်အင်း ဆိုတော့ ………….။ အဲဒါတွေကြောင့် မြန်မာတွေမှာ တော်တဲ့သူ ထင်ရှားထွက်မလာသေးတာပါ…။ မီးခဲပြာဖုံး ဆိုတာလိုပေါ့…။
ကိုပေါက်(မန္တလေး)
December 14, 2011 at 9:35 pm
ကျနော်တို့လူမျုးိတွေက မညံ့တာသေချာပါတယ်။
ပြင်စရာလေးလို့ပြောရရင် ရေရှည်ဇွဲမရှိတာရယ်
တစ်ခါတစ်ရံမှာလက်တစ်လုံးခြားလုပ်ချင်တဲ့ အကျင့်ဆိုးလေးတွေကိုသာပြင်လိုက်ရင်
ရွှေတွေက ရှယ်ရွှေတွေဖြစ်မှာအသေအချာပါဘဲ။