မီးပုံးပျံကြီး ဘယ်လိုပျံ
မိုးပျံပူဖောင်း မစီးဖူူးခင်က စိတ်ကူးထဲမှာ သူတို့ဘယ်လိုပျံကြသလဲဆိုတာ တွေးပြီး စိတ်ကူးထဲမှာ လိုက်စီးကြည့်ဖူးတယ် ၊ ပူဖောင်းနဲ့ ပတ်သက်လို့ ဘယ်လိုတက်လဲ ဘယ်လိုကွေ့လဲ ဘယ်လိုဆင်းလဲ ကိုယ်သွားချင်တဲ့နေရာ ရောက်အောင် ဘယ်လိုများ ထိန်းကျောင်းမောင်းနှင်သလဲ ၊ လူဘယ်နှစ်ယောက် စီးလို့ရလဲ သိချင်မိတာတွေက အများသားရယ် ၊ ကျွန်တော်သိချင်သလို ရွာသားတွေလဲ သိချင်ကြလိမ့်မယ် လို့ ထင်ပါတယ် ၊ ကျွန်တော် မေးမြန်းစပ်စုခဲ့သမျှတွေ ရွာသားတွေကို ပြန်မျှဝေမယ်နော်….
မြန်မာပြည်မှာ မိုးပျံပူဖောင်း စီးလို့ရတာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ ပတ်ဝန်းကျင် နိုင်ငံတွေထဲ မှာတော့ အရေအတွက် အများဆုံး ပျံသန်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ် ထိုင်းမှာဆို ပူဖောင်းအသေးနှစ်လုံးလောက်ပဲ ရှိတယ် ကမော္ဘဒီးယားက အန်းကောဝတ် မှာ မြန်မာပြည်မှာ ပျံနေတဲ့ free balloon မျိုး မရှိပဲ ၊ ပူဖောင်းထဲ ဓါတ်ငွေ့သွင်း အောက်က ကြိုးချည် စက်သီးနဲ့ ကြိုးကို အတင်အချ လုပ်တဲ့ fixed balloon မျိုးပဲ ရှိသေးတယ် ၊ မြန်မာပြည်မှာလဲ ရှိတယ်ဆိုပေမဲ့ စီးနင်းခ ၊ စီးနိုင်တဲ့ ပူဖောင်းအရေအတွက် တွေကြောင့် လူများများ စီးနိုင်ဘို့က ကန့်သက်ချက်တွေတော့ ရှိနေတုန်းပါပဲ ၊ စီးနင်းခက ဝယ်ယူတဲ့ အချိန် နေရာ ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိတယ် ပျမ်းမျှခြင်းကတော့ ဒေါ်လာ ၂၉ဝ ( ၂၅ဝ နဲ့ ၃၁ဝ ကြား )လောက်ကျပါတယ် ၊ပျံသန်းချိန်က ၄၅ မိနစ်လောက် ကြာတယ် ၊ စီးလို့ ရတဲ့ အရေအတွက် က ဒီမှာ သုံးမျိုးရှိတယ် ၈ ယောက်စီး ၊ ၁၂ ယောက်စီး နဲ့ ၁၆ ယောက်စီး တွေပါ ။
ပူဖောင်းက ရာသီဥတုပေါ် လုံးဝ မှီခိုအားထားရတာ ဖြစ်တဲ့ အတွက် ပျံသန်းချိန် ကန့်သက်ချက်တွေရှိပါတယ် ကာလအရဆို အောက်တိုဘာကနေ မတ်လလောက် အထိ ပျံကြတယ် ၊ အချိန်က လေပြင်းရင် ပျံလို့မရတာနဲ့ မနက်ပိုင်း နဲ့ ညနေပိုင်းလေးပဲ ပျံကြတယ် ၊ ညနေပိုင်း ပျံရင် မနက်ပိုင်းထက် လေ ပိုပြင်းပြီး ခရီးတူကို မြန်မြန်ရောက်လို့ မနက်ပိုင်းပဲ ပျံကြတယ် ၊ ဒါတောင်မှ မနက်ပိုင်း တစ်ခါတစ်လေ ဖောက်တဲ့ ရာသီဥတုကြောင့် ပျံသန်းတာ ဖျက်ပြီး ပိုက်ဆံပြန်အမ်းရတာမျိုး ကြုံရတတ်သေးတယ် ၊ တက်တဲ့ အမြင့်ကတော့ ပေ ၁၀၀၀ဝ ကျော်ရင် အောက်ဆီဂျင် အပို မပါပဲ မနေနိုင်လို့ ပေ ၁၀၀၀ဝ အောက်ပဲ ပျံဘို့ သတ်မှတ်ထားတယ် ၊ ဒီက အဖွဲ့တွေ အင်းလေးဘက်မှာ ပျံကြတုန်းကပေ ၈ ၊ ၉၀၀ဝ လောက်ထိ တက်ရတယ်တဲ့ ၊ ပုဂံမှာတော့ သိပ်မြင့်ရင် မြင်ရတာ မသဲကွဲတော့တာမို့ ပေ ၂၀၀ဝ လောက် အထိပဲ အမြင့်ဆုံး ပျံလေ့ရှိတယ် ဆိုပေမဲ့ ကျွန်တော် စီးခဲ့ရတုန်းကတော့ ပေ ၈၉ဝ လောက်ထိပဲ အမြင့်ဆုံးတက်ခဲ့တယ် အောက်ကို ကြည့်ရတာလဲ အဆင်ပြေပါတယ် ၊ ပူဖောင်း က ကွင်းပြောင် တစ်ခုကနေ တက် နောက် ကွင်းပြောင် တစ်ခုကို ဆင်းဆိုတော့ သူတို့ဘာသာ ဘယ်ကတက် ဘယ်မှာဆင်းကျမယ် ဆိုတာ သတ်မှတ်ထားတဲ့ နေရာ (၁၇) နေရာလောက် ရှိတယ် တက်တာက အတိအကျ ပြောလို့ ရပေမဲ့ ဆင်းတာ ကတော့ ခန့်မှန်းချေ ဘယ်မှာဆင်းနိုင်မယ် ဆိုတာလောက်ပဲ မတက်ခင် ခန့်မှန်း နိုင်တယ် အခုအချိန်ကတော့ အေးဆေးပါ၊ ပဲသိမ်းပြီးတဲ့ ကာလမို့ ဟိုနေရာလဲ ကွင်းပြောင် ဒီနေရာလဲ ကွင်းပြောင်ပါပဲ….
ကဲ ဘယ်လိုပျံသလဲ ဆိုတဲ့ အကြောင်း စလိုက်ကြရအောင် ၊ တက်မဲ့ကွင်းကို ပျံမဲ့သူ ၊ အထောက်အကူပြုအဖွဲ့ ၊ ပစ္စည်းတွေနဲ့ သွားရတယ် ၊ အရင်ဆုံး လေတိုက်တဲ့ အနေအထားကို မှန်းလို့ရအောင် လေပူဖောင်းလေးတွေကို မိနစ်ပိုင်းခြားပြီး ၃၊၄ လုံးလောက် လွှတ်ရတယ် စိတ်တို်င်းကျပြီဆိုမှ လူစီးမဲ့ ကြိမ်ခြင်းကို လိုအပ်တာ ပြင်ဆင်၊ ဓါတ်ငွေ့အိုးတွေတင်၊ သေချာချည်နှောင် လုပ်ပြီးတော့မှ တစောင်းဖြစ်အောင် လှဲ ၊ အောက်ကဆူးတွေနဲ့ ထိုးတာ ပေါက်တာ မဖြစ်ရအောင် မိုးကာစတွေ ခင်းထားတဲ့ အပေါ် ပူဖောင်းကို ဖြန့်ရတယ်၊ အရင်က ထင်တာ လူစီးတဲ့ ကြိမ်ခြင်းထဲ အားလုံးစုတက်ကြတယ် ထင်တာ တကယ်တွေ့တော့မှ ကြိမ်ခြင်းထဲမှာ အကန့်လေးတွေ ခွဲထားတယ် အလယ်ကန့်က ဓါတ်ငွေ့အိုးတွေထားတယ် pilot နေတယ် ဘေးအကန့်တွေကတော့ ခရီးသည်တွေ အတွက်ပေါ့ ..
အကန့်လေးထဲမှာ ဆင်းခါနီး ထိုင်ဘို့ခုံ ၊ လက်ကိုင်ဘို့ ကြိုးကွင်းလေးတွေ ရှိတယ်
ပူဖောင်းမှာသုံးတဲ့ ဓါတ်ငွေ့ က ပရိုပိန်း ၊ ပရိုပိန်းကို မီးရှို့ပြီး လေပူသွင်းတာပေါ့ ၊ ပူဖောင်းထဲကို အရင်ဆုံး cold air သွင်းတယ် ပန်ကာနှစ်လုံးနဲ့ ဘယ်၊ညာ နှစ်ဖက်က မှုတ်သွင်းတော့ ပူဖောင်းက တဖြည်းဖြည်းဖောင်းလာတယ် အလိုက်သင့်လေး ဖြစ်အောင် အထောက်အကူအဖွဲ့ (ground crew ) က တချို့က ပူဖောင်းထဲ ဝင် ၊ တချို့က ပူဖောင်း အပြင်ကနေ ဆွဲသင့်တာ ဆွဲ ၊ ဆန့်သင့်တာ ဆန့် လုပ်ပေးရတယ် ၊ cold air တွေနဲ့ ပြည့်သွားပြီး ဆိုမှ hot air အတွက် ပရိုပိန်းကို မီးရှို့ပြီး ပူဖောင်းထဲကို မှုတ်သွင်းတယ် လေပူတွေ ပြည့်ပြီး ကြွတက်လာပြီ ဆိုမှ ကြိမ်ခြင်းကို တည့်အောင် ထောင်လိုက်ရတယ် ၊ ကြိမ်ခြင်းထဲမှာ ပရိုပိန်း ဓါတ်ငွေ့အိုး (၅)လုံးတင်ထားတယ် ၊ တစ်လုံးက ပူဖောင်းထဲကို ကနဦး လေပူသွင်းဘို့ ၊ တက်ဘို့အဆင်သင့်ဖြစ်တဲ့ အဆင့်ရောက်ပြီဆို ကနဦးသုံးတဲ့ အလုံးကို အောက်မှာ ထားခဲ့တယ် ၊ လေထဲကို (၄)လုံးနဲ့ တက်တယ် ၊ အဲဒီ(၄)လုံးနဲ့ လေထဲမှာ ၂ နာရီလောက် နေလို့ရပေမဲ့ အများဆုံး ၄၅ မိနစ်လောက်ပဲ နေကြတယ် ကျန်တာက အရံပေါ့ ..
တက်ဘို့ အဆင့်သင့်ဖြစ်ပြီဆို pilot က ခရီးသည်တွေ အားလုံးကိုခေါ်ပြီး safety briefing လုပ်တယ် လေထဲမှာ ဘာမလုပ်ရဘူး ဘာလုပ်ရမယ် ဆိုတာတွေပေါ့ ဥပမာ သတ်မှတ်ပေးထားတဲ့ အကန့်မှာပဲ နေရာယူပေးပါ ( အကန့်ကို တက်ရင် ခြေနင်းစရာ နေရာလေးတွေကနေ တစ်ထစ်ချင်း နင်းတက်ပါ ၊ လေထဲမှာ လေပူသွင်းချိန် အပူရှိန်ဟပ်တဲ့ အတွက် ဦးထုပ်ဆောင်းထားပါ (ဦးထုပ် တစ်လုံးဆီ လက်ဆောင်ပေးတယ် ) ၊ ဆင်းခါနီး pilot က landing position ဆိုတာနဲ့ ကိုယ့်အကန့်ထဲက ခုံလေးမှာ ထိုင် ခေါင်းကနောက်ကိုမှီ လက်က ရှေ့က ကြိုးကွင်းတွေကို ကိုင်ထားပါ ဆိုတာမျိုးတွေ ရှင်းပြတယ် ၊ briefing ပြီးတာနဲ့ ဘယ်သူ ဘယ်အကန့်ကို သွားပေးပါဆိုပြီး နေရာခွဲပေးတယ် ။
အားလုံး နေရာယူပြီးပြီ ဆိုတာနဲ့ စတက်တယ် လေပူတွေ ပိုသွင်းလိုက်တာပေါ့ ၊ ပူဖောင်း ပျံတာက မသိခင်က ဘယ်လိုများ ပျံတာပါလိမ့်လို့ ဟို စဉ်းစား ဒီ စဉ်းစား နဲ့ တကယ်က တော့ ရှင်းရှင်းလေးရယ် ၊ အပေါ်တက်ချင်ရင် ဓါတ်ငွေ့ကို မီးရှို့ပြီး လေပူသွင်းတယ် ပေါ့တော့ အပေါ်ကိုတက်တယ် ၊ ဆင်း ချင်ရင် ပူဖောင်းရဲ့ ထိပ်ဖက်မှာ ရှိတဲ့ လေထီးအရွက်လေးကို အောက်ကနေကြိုးနဲ့ ဆွဲလိုက်တယ် ၊ နဲနဲ ဟ ပြီး လေပူတွေ ထွက်သွားတဲ့ အတွက် ပူဖောင်းက အောက်ကို ဆင်းတယ် ၊ ဒါက အပေါ်တက် ၊ အောက်ဆင်း ဘို့ ၊ ဘယ်၊ ညာ သွားတာ အတွက်ကတော့ အမြင့်ကွာသွားတာနဲ့ တိုက်တဲ့လေရဲ့ ဦးတည်ရပ်က ပြောင်းသွားတယ် ၊ ပူဖောင်းက ညာဘက်ကို သွားချင်တယ် ညာဘက်ကို သွားတဲ့လေက ကိုယ့်အပေါ်ဘက်မှာဆို လေပူသွင်း အပေါ်တက် ပူဖောင်းက ညာဖက်ကို ပါသွားတယ် ၊ ဘယ်ဘက်သွားချင်တယ်ဆို ဘယ်ဘက်သွားတဲ့ လေ ရှိမဲ့ အမြင့်ကို သွားပေါ့ ၊ လေ ဘယ်တိုက်လား ညာတိုက်လား ဆိုတာကတော့ အောက်ကနေ လေပူဖောင်းလေး လွှတ်တင်ကတဲက ကြည့်ထားတာရယ် အတွေ့အကြုံရယ်က သင်သွားတာပေါ့ ၊ တကယ်တော့ ကျွန်တော်က အမြင့်ကြောက်တယ်ဗျ ငယ်ငယ်ကဆို သစ်ပင်တွေ ဘာတွေ တက်ဖူးတာ မဟုတ်ဘူး ၊ ခရီးတွေ သွားရလို့ လေယာဉ်တွေ စီးဖူးပေမဲ့ လုံခြုံတယ် ဆိုတဲ့ အသိကြောင့် ဘာမှ ထူးထူးခြားခြား မခံစားရပေမဲ့ အခု မိုးပျံပူဖောင်းကျ ဟာလာ ဟင်းလင်းနဲ့မို့ ရင်ထဲမှာ သိမ့်ကနဲ နဲ့ အရသာတော့ တမျိုးလေးပဲ….
မီးပုံးပျံ မှာတော့ လေယာဉ် ပုံတွေမှာ မြင်ရတဲ့ ဒိုင်ခွက်တွေ ဘာမှ ပါမလာဘူး Pilot ယူလာတဲ့ ဆက်သွယ်ရေး စက်ရယ် ၊ GPS ရယ် အမြင့် လေတိုက်နှုန်းတွေ ပြတဲ့ လက်ကိုင် စက်လေးတွေ ပဲ ပါတယ် ၊ လေထဲမှာ pilot က ပေ ၅၀ဝ နဲ့ ၁၀၀ဝ ကြား ထိန်းပေးထားတယ် ၊ pilot ရှေ့မှာ ကြိုးလေး ၃ ချောင်း တန်းလန်းလေး ကျနေတယ် ၊ ညာဘက်ကကြိုး (အနီ လို့ထင်တယ် ) ကို ဆွဲရင် သွားနေတဲ့ လမ်းကြောင်းအတိုင်း ညာဘက်ကို လည်သွားတယ် ၊ ဘယ်ဘက်က ကြိုး (အနက်) ကို ဆွဲရင် ဘယ်ဘက်ကို လည်တယ် ၊ ကိုယ့်ပတ်ပတ်လည်က မြင်ကွင်းကို မြင်ရတာပေါ့ ၊ အလည်က ကြိုးကို ဆွဲရင်တော့ လေပူတွေ ထွက်အောင် လုပ်သလိုဖြစ်ပြီး အောက်ဖက်ဆင်းတယ် ၊ တက်လိုက် ဆင်းလိုက် လေစီးကြောင်းပေါ် မူတည်ပြီး ဘယ်သွားလိုက် ညာသွားလိုက်နဲ့ အဲဒီအချိန် ထူးထူးခြားခြား ဘာဆန္ဒဖြစ်မိလဲ ဆိုတော့ ကြည့်ရတဲ့ မြင်ကွင်းလေးတွေကို သဘောကျပြီး ရွာသားတွေနဲ့ အတူကြည့်ချင်တယ် ဆရာဂီ တို့ ဆရာသော ့ တို့ ဆရာပေါက် တို့လို ပရိုတွေ ပါလာရင် ပိုကောင်းမယ်လို့လဲ တွေးမိတယ် ၊ ဆန္ဒသာ ထက်သန်ရင် မဖြစ်နိုင်ဘူးဆိုတဲ့ အရာမှ မရှိတာ တစ်နေ့တော့ အတူတူ စီးနိုင်တဲ့ နေ့ ရောက်လာ ဦးမှာပါ နော..
အဲဒီလိုနဲ့ ဆင်းဘို့ နီးလာရင် pilot က landing position လို့ပြောတာနဲ့ ကိုယ့် အကန့်လေးထဲမှာ ရှိတဲ့ ခုံ လေးပေါ်မှာထိုင် ရှေ့ကကြိုးကို ကိုင်ထား ရတယ် ၊ မောင်းတဲ့သူက လေပူသွင်းလိုက် ထုတ်လိုက်နဲ့ ချိန်ဆင်းရင်း ကွက်လပ် မြေကြီးပေါ်ကို ဘုတ်ကနဲ ထိတယ် ၊ တကယ့် ညင်ညင်သာသာပဲ ၊ ရန်ကုန်ကလိုင်းကား ချိုင့်ခွက်ထဲ ကျသလောက်တောင် မပြင်းဘူး ၊ အောက်မှာ ကြိုရောက် နေတဲ့ ground crew အဖွဲ့တွေက ဝိုင်းထိန်းပေးထားတယ် ခဏနေ ငြိမ်သွားတော့မှ နံရံက အပေါက်လေးတွေအတိုင်း နင်းရင်း အပြင်ထွက်ရတယ် ၊ refreshment အတွက် ရှန်ပိန်၊ အအေး ၊မုန့် ၊သစ်သီးတွေ ကျွေးတယ် ကိုယ်မဆင်းခင်ကတဲက ရောက်နေတဲ့ ဒေသခံ အမှတ်တရ ပစ္စည်းရောင်းတဲ့ အဖွဲ့တွေက ဝိုင်းလာပြီး ရောင်းကြတာပေါ့..
ဧည့်သည်တွေ စားနေတဲ့ အချိန်မှာ သူတို့ အဖွဲ့တွေက တာလပတ်တွေခင်းထားတဲ့ အပေါ် လေထီးကိုလေပူထုတ် ပြီး လှဲချ ပြန်ခေါက်သိမ်း ပစ္စည်းတွေ ကားပေါ်တင်နဲ့ သိမ်းကြဆည်းကြ ပေါ့ ၊ အပေါ်မှာ ကတဲ က သိချင်တာလေး တစ်ခု အောက်ကျမှ မေးဖြစ်တယ် ၊ လေထဲမှာ ခင်ဗျာ ( pilot ကို ) သတိလစ်သွားရင် ဒီမီးပုံးပျံ ကြီး ဘာဖြစ်သွားနိုင်လဲ ဆို တော့ ၊ လေပူထပ်မထည့်တဲ့ အတွက် တအိအိနဲ့ ပြန်ဆင်းလာမယ် ဘာ အန္တရာယ်မှ မရှိနိုင်ပါဘူးတဲ့ ….
ကျွန်တော်သိခဲ့လောက်သလေးတော့ ရွာထဲမှာ ပြန်မျှဝေလိုက်ပါပြီ သိချင်တာရှိရင် ထပ်မေးပါ ၊ မှားတာ ရှိလဲ ပြင်ပေးပါ လို့ပြောရင်း မီးပုံးပျံကတော့ စီးလို့လဲကောင်း အန္တရာယ်လဲ မရှိတာမို့ ရွာသားတွေ စီးရအောင်လို့ လက်တို့လိုက်ပါတယ် နော
28 comments
blackchaw
December 14, 2011 at 10:09 am
ကိုရင် နိုဇိုမိ ရေ။
မနေ့က ဓါတ်ပုံတွေ ကြည့်ပြီးကတည်းက
မီးပုံးပျံ စီးချင်နေတဲ့စိတ် ဖြစ်နေမိတယ်ဗျာ။
ဦးကျော်ရင်ကြီးကိုလည်း သတိရသွားပါတယ်။
ခင်ဗျားပို့စ်လေးတွေကို ဖတ်ကြည့်လိုက်တော့
စေ့စေ့စပ်စပ် သေသေချာချာ ရေးတတ်တာကို ကြည့်ရုံနဲ့
ခင်ဗျားဟာ အပြင်မှာလည်း စေ့စပ်သေချာစံနစ်ရှိသူ တစ်ယောက် ဖြစ်လိမ့်မယ်လို့
ဟောကိန်းထုတ်လိုက်ပါတယ် ဗျာ။
မဟုတ်မှ လွဲရောပေါ့ဗျာ။ ဟားဟား။
lulinmg
December 14, 2011 at 10:12 am
ဦးကျော်ရင်ကြီးရေကြိုးစားထား
“ဘီလူးကြီး”ogre
December 14, 2011 at 10:21 am
စီးချင်ထှာ
ဒါမျိုးတစ်လုံးလောက်ဝယ်ထားမှကောင်းမယ်ဗျ
မစီးခင် သယ်ယူစရိတ်နဲ့တင်မွဲမှာပဲ… 🙂 😛
nozomi
December 14, 2011 at 10:29 am
ကိုချောကြီး အားပေးတာ ကျေးဇူးနော ၊ ကိုချောကြီး ထင်တာ လွဲနေပြီး ဗျို့ ၊ စနစ်ကတော့ တော်တော်ကို မကျတာပါ ဟီး ဟီး
lulinmg – အားပေးတာ ကျေးဇူးနော်
windtalker
December 14, 2011 at 3:45 pm
သတားထိ သတိထားပေတော့
ဘိုနိုရေ
တံခါးစောင့်ကြီး ကြည့်နေဘီ
ဘိုနိုလေးရေ လုံအောင်ပုန်း
ဟီဟိ
ကြောင်ကြီး
December 14, 2011 at 10:31 am
တယ်ဟုတ်ပါလား။။ ကောင်းကင်ပေါ်ပျံတက်သလို မြေလျှိုးဆင်းနိုင်တဲ့ မီးပုံးလျှိုးရော မရှိဘူးလား။ အဓမ္မဝါဒီ အကုသိုလ်ထွဋ်ခေါင် သဂျီးကို စီးခိုင်းမလို့။။။။ 😡
nozomi
December 14, 2011 at 3:17 pm
ကိုကြောင်ကြီး က နောက်တာလား အတည်လား မသိ ၊ အတည်လို့ သဘောထားပြီး တစ်ခု ပြောကြည့်ချင်တယ်
ချိန်ခွင် တစ်ခုထဲမှာ တစ်ဖက်ကို အလေးချိန်များပြီး စောင်းနေတော့ ၊ အပေါ်ကို ပြန်ရောက်လာအောင် သူနဲ့ တူညီတဲ့ အလေးချိန် တစ်ခု တစ်ဖက်မှာ ထည့်လိုက်ရမှာပေါ့ ၊ ဒါပေမဲ့ ဘယ်လောက် ထည့်ရမလဲ မသိရင် နဲနဲချင်း စမ်းထည့်နေရင် အချိန်ကြာတယ် အပေါ်ကို ချက်ချင်း မရောက်နိုင်ဘူး ၊ မြန်မြန်ရောက်ချင်တော့ တဖက်ကို ပိုပိုသာသာ ပစ်ထည့်လိုက်တော့ အောက်ရောက်နေတဲ့ ချိန်ခွင်က ချက်ချင်း အပေါ် ပြန်တက်လာတာပေါ့
သူကြီး ရဲ့ အယူအဆ တချို့ကို မကြိုက်ပေမဲ့ ၊ သူကြီးကိုယ်တိုင်လဲ သူကြိုက်လို့ ယုံကြည်လို့ ပြောတာ မဟုတ်ပဲ အောက်နိမ့်နေတဲ့ ချိန်ခွင် အပေါ်မြန်မြန်ရောက်အောင် သိသိသာသာ ထည့်လိုက်တာ လို့ပဲ မြင်ပါတယ်
သူကြီးကို ထိရင်တော့ ကျွန်တော်က မခံဘူး ၊ သူ့ဘာသာ ခံလိမ့်မယ် 🙂
Diamond Key
December 14, 2011 at 10:37 am
စိတ်ဝင်စားလွန်းလို့ မျှော်ကာစောင့်ဖတ်လိုက်ရတာ “အဲဒီအချိန် ထူးထူးခြားခြား ဘာဆန္ဒဖြစ်မိလဲ ဆိုတော့ ကြည့်ရတဲ့ မြင်ကွင်းလေးတွေကို သဘောကျပြီး ရွာသားတွေနဲ့ အတူကြည့်ချင်တယ် ဆရာဂီ တို့ ဆရာသော ့ တို့ ဆရာပေါက် တို့ပါလာရင် ပိုကောင်းမယ်လို့လဲ တွေးမိတယ်” ဆိုတာလေးလဲ ရောက်ရော အတူမစီးရသေးပေမယ့် ပီတိတွေ တစ်ဝေဝေနဲ့ ပေ့ါ။ တို့ဆရာနို လေပေါ်မှာတောင် ရွာသားတွေ သတိရနေလို့လေ။ 😀
ဆရာနိုရဲ့ အသေးစိတ်ရေးချက်လေးတွေက တစ်ခရီးထဲအတူပါ၊ အပေါ်အတက်မှာ ရင်ထဲမှာ သိမ့်ကနဲ နဲ့ လိုက်ခဲ့တာ မြေကြီးပေါ်ကို ဘုတ်ကနဲ ထိတဲ့ အထိပါ ဆရာရယ်။ 😛
ွမီးပုံးပျံကြီး စီးလိုက်ရပြီလေ ရွာထဲမှာ 😆
ဆရာနို ပြောသလိုပဲ မဖြစ်နိုင်ဘူးဆိုတဲ့ အရာမှ မရှိတာ တစ်နေ့တော့ အတူတူ စီးနိုင်တဲ့ နေ့ ရောက်လာ ဦးမှာပါ နော..
nozomi
December 14, 2011 at 12:25 pm
ဆရာသော့ သေသေချာချာ ဖတ်ထားတာပဲ ၊ ကျေးဇူးကမာ္ဘ နော
အခု ဆရာသော့ ဓါတ်ပုံပညာတွေကို ကူးထားပြီး လေ့လာနေတယ် ၊ နောက် ခရီးစဉ်တွေ ပုံကောင်းကောင်းတွေ ရိုက်နိုင်အောင်လု့ိ
super
December 14, 2011 at 10:57 am
ပုဂံရောက်ပေမယ့် မီးပုံပျံတော့ မစီးဖြစ်သေးဘူးဗျာ၊ ကိုနိုမီ တင်ထားတဲ့ပုံတွေကြည့်၊ စာတွေဖတ်ပြီး ကျနော်လည်း စီးချင်လာပြီ……… 😛
etone
December 14, 2011 at 11:12 am
ကြောက်ပေမယ့် … မီးပုံပျံတော့ စီးချင်သား … ။
ဒါပေမယ့် … အစိမ်း 300လောက်ကုန်မှာဆိုတော့ … နှမျောစရာ … ။
300 ဆိုလျှင် ကော်စမက်တစ်တွေနဲ့ … အကျီ င်္တွေ အများကြီးဝယ်လို့ရတယ်လေ .. ဟီး 😆
koyinmaung
December 14, 2011 at 11:38 am
ကိုနိုဇိုမီရေ….
အားကျလိုက်တာဗျာ
ခုလိုပြည့်ပြည့်စုံစုံရေးပြသွားတာ
ကျေးဇူးတင်ပါတယ်..
ပုံတွေကူးသွားပါကြောင်း
အသိပေးလိုက်ပါတယ်ဗျာ…..
မှော်ဆရာ
December 14, 2011 at 12:17 pm
တကယ်ကို ဗဟုသုတရတဲ့ ပိုစ်ပါပဲဗျာ ..သေချာဖတ်သွားပါတယ် ..
Shwe Tike Soe
December 14, 2011 at 1:07 pm
မိုက်တယ်ဗျာ… တော်တော့်ကို စီးချင်စိတ်ပေါက်သွားတယ်.. ဒါပေမယ့် အဟင့် …
အခုလိုလေးရှင်းပြပေးတော့ ကိုယ်စီးသလိုပါပဲ.. ဒီပို.စ်လေးနဲ.ပဲ စီးတော့မယ်.. ဟိဟိ ပိုက်ပိုက်ကုန်သက်သွားသွားတာပေါ့.
ကျေးဇူး..
htoosan
December 14, 2011 at 2:23 pm
ကိုနိုရေ.. တကယ့်ကို အသေးစိတ် မှတ်တမ်းကောင်းလေးပါဘဲ။
စီးနင်းလိုက်ပါမဲ့ သူတွေရဲ့ ကိုယ်အလေးချိန် အရင်ပေးထားရတယ် ဆိုတာလေးရယ်၊ Pilot တွေက ဘာ လူမျိုး ၊ Safety Certificate ဘယ်လို ယူထားတာတွေလည်း သိရင် ထည့်ပြောပေးပါဦး ။ပိုပြည့်စုံသွားအောင်လို့ပါနော်။ ကြားဘူးထားတာတွေရှိလို့ပါ။
nozomi
December 14, 2011 at 2:33 pm
ကိုယ်အလေးချိန် ကြိုပေးရတာက ၊ အားလုံးပေါင်းရင် အများဆုံးတင်လို့ ရမဲ့အလေးချိန် မကျော်အောင်ပါ ၊ အဲဒါကြောင့် သူတို့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် လျှော့တင်တတ်ကြတယ် ၁၈ ယောက်စီး ဆိုပေမဲ့ ၁၆ ယောက်လောက်ပဲ အများဆုံးတင်တာမျိုး ၊ pilot တွေကတော့ British တွေ ပဲ
htoosan
December 14, 2011 at 2:32 pm
စိတ်ဝင်စားသူတွေ အတွက်.. Travel Agent ကနေဝယ်ရင် နဲနဲ ဈေးသက်သာနိုင်တယ် ..
သူ့မူရင်း ကုမ္မဏီက ..
http://www.easternsafaris.com/balloonsoverbagan_home.html
ဆူး
December 14, 2011 at 2:34 pm
မီးပုံပျံထဲမှာ ပါတဲ့ လူတွေက မနည်းဘူးနော်.. ဓါတ်ပုံထဲမှာ သူ ကို ကိုယ်ရိုက် ကိုယ့်ကို သူရိုက်မှာ လူတွေ အများကြီးတွေ့တယ်.. လူဘယ်လောက် အများဆုံး စီးလို့ ရလဲ.. အဲဒါ လစ်မစ် မိုင်ကုန် စီးလို့ ရတာလား.. အားကျစရာကြီးနော်..
ဆူး
December 14, 2011 at 2:40 pm
မေးတာက နောက်ကျသွားပြီ အရင်ဖြေထားပြီး ဖြစ်နေပြီ။
လောဘတကြီးနဲ့ စာတွေ စုပြုံပြီး ဖတ်ဖို့ တပ်တွေနဲ့ ဖွင့်မိတာကိုပဲ အပြစ်တင်လိုက်ပါတော့။
nozomi
December 14, 2011 at 2:42 pm
မြန်မာပြည်မှာ ၈ ယောက်စီး ၊ ၁၂ ယောက်စီး ၊ ၁၆ ယောက်စီး ( ၃) မျိုး ရှိတယ်
ပုံထဲမှာ ပါတာ (၁၈)ယောက်စီး ကို (၁၇) ယောက်ပဲ တင်ထားတယ်
thit min
December 14, 2011 at 3:01 pm
မီးပုံးပျံ
အမှန်အကန်စီး
ဤခရီးကကောင်းကင်ပေါ်
မိုးသို့တက်တာနော်။
အဖော်ပါလူအများမို့
ခေါ်ကာအတူသွားလို့
အားတို့လဲရှိပါရဲ့
ပျော်ခဲ့ကြဒီခရီး
ဈေးတော့နဲနဲ ကြီးသတဲ့ အေ့။
ဈေးကြီးလဲ တန်
အမှန်အကန်လှတဲ့ သဏ္ဌာန်
ပုဂံကိုဒီ လိုကြည့်
ဟတ်ထိလို့ ငြိ ။
(^^)
pooch
December 14, 2011 at 3:40 pm
ကိုသစ်မင်း ကဗျာက လန်ထွက်နေတာပဲ
windtalker
December 14, 2011 at 3:50 pm
ယခု ပို ့စ် ပါ အကြောင်းအရာများအတွက် ဘိုနို ့အား အထူးလေးစားကျေးဇူးတင်ပါသည် ။
ကျွန်ုပ် မောင်ပေ သည် နှစ်နှစ်ခြား တစ်ခါ ခန် ့ပုဂံ တွင် သွားပြီး နယူးရီးယားနေကြ ဖြစ်ပါသည် ။
ယခင် အခါများကတော့ စီးပွားလည်း မပြေလည်သေး ၊ မီးပုံးပျံများကိုတွေ ့တော့ ၊ ဪ ဈေးကြီးမှာဘဲ ၊ တတ်နိုင်သူတွေ စီးကြတာပါကလား ဟုသာ အားကျရုံ အားကျခဲ့ရပါ၏ ။
ယခုအခါ သွားလျှင်တော့ ဈေးနှုန်းလဲ သိရပြီး ၊ အနေအထား အားလုံးလဲ သိရပြီး ဖြစ်ပြီမို ့၊ ဘိုနို ့လိုမျိုး ၊
မီးပုံးပျံ စီးမည် ဟု ဆုံးဖြတ်လိုက်ပါသည် ။
nozomi
December 14, 2011 at 4:01 pm
ကိုပေကြီး စီးရင် နှစ်ယောက်စီးနော် ၊ ညီမငေး မကြောက်နဲ့ အတိုကြီး ဖက်ထားပေးမယ် ဆိုပြီး တော့သာ ဟဲဟဲ
အဲဒီကျ အတွေ့အကြုံတွေ ပြန်မျှပေးဦး နော
weiwei
December 14, 2011 at 5:10 pm
ကိုယ်အလေးချိန်နဲရင် ဈေးလျော့ပေးမလားမသိဘူးနော် … 😛
ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် .. သူ့ကိုယ်အလေးချိန်က ကျွန်မကိုယ်အလေးချိန်ရဲ့ နှစ်ဆရှိတယ် … တကယ်လို့ ကျွန်မတို့ ၂ ယောက် သွားစီးမယ်ဆိုရင် ဈေးနှုန်းဘယ်လိုသတ်မှတ်ပေးမလဲ သိချင်သား … 🙂
nozomi
December 15, 2011 at 9:28 am
လှမ်းမေးကြည့်တော့ အန်တီဝေကို အခမဲ့ ၊ အန်တီဝေ့ သူငယ်ချင်းကိုပဲ နှစ်ယောက်ခ ယူမယ်ပြောပါတယ် 🙂
ပို့စ် ထဲ မှာ ပြောဘို့ တစ်ခုကျန်သွားပါတယ် ၊ မီးပုံးပျံ တက်ရင် အလေးချိန် ဘယ်လောက်ထက် မကျော်ရ ဆိုတာ ရှိသလို ၊ အနည်းဆုံး အလေးချိန် မပြည့်ရင်လဲ မတက်ဘူး ၊ အလေးချိန်ပေါ့ပေါ့ နဲ့ တက်သွားပြီး ပြန်ဆင်းရင် ခက်လို့လေ ၊ အဲဒါကြောင့် တချို့ ခရီးစဉ်တွေ လူသိပ်နည်းရင် ဘေးကလူတောင် ခေါ်တင်ရတာမျိုး ရှိတတ်တယ်တဲ့
weiwei
December 15, 2011 at 9:50 am
ဟယ် .. တကယ်လား .. ဒါဆို ကျွန်မပဲ စီးပြီး သူငယ်ချင်းကို အောက်မှာနေခဲ့လို့ပဲ ပြောလိုက်တော့မယ် …. 😛
alinsett
December 14, 2011 at 7:33 pm
ဒီလို သုတ စစ်စစ် ပို ့စ်လေးကို ပုံလေးတွေနဲ ့ဝေဝေဆာဆာ ဖော်ပြပေးလို ့ သိပ်ကျေးဇူးတင်ပါတယ်။