ပေါ့ပေါ့ပါးပါး ခရီးသွား …
မနက်ခင်းသည် နှင်းမှုန်များနှင့်မသဲမကွဲ ဆောင်းကုန်ခါနီးနှင်းတို့ကအစွမ်းကုန်သွန်ချနေသယောင်
အအေးဓာတ်ကလေးကလည်းရှိနေဆဲမို့ ကျနော် အကျီင်္အထူနှင့်အနွေးဖိနပ်ကိုဝတ်ဆင်လျက် စီးတော်
ယာဉ်ကို လီဗာတင်ပြီး ရွှေဘို မန်းလေး ကားလမ်းဘက်သို့ထွက်လာခဲ့မိသည်။ ဒီနေ့မနက်ကျနော်
ခရီးတစ်ခုသွားစရာရှိ၍ဖြစ်သည်။ သွားရမည့်ခရီးကား ရွာနှင့်မိုင်သုံးဆယ်ကျော်ဝေးသောမြို့ငယ်
လေးသို့ဖြစ်သည်။ ကားလမ်းမသို့ရောက်သောအခါ လမ်းထောင့်ကွမ်းယာဆိုင်မှ ကွမ်းငါးရာဖိုးဝယ်
လိုက်သည်။ ခရီးမသွားတာခြောက်လခန့်ရှိပြီမို့ ဒီလမ်းခရီးကိုသွားရမှာပျင်းနေမိသည်။ အရင်ကတော့
တစ်လလျှင်သုံးလေးကြိမ်မျှ သွားရလေ့ရှိသည်။ ကွမ်းတစ်ယာကိုထုတ်ဝါးရင်း လမ်းမပေါ်သို့ငေးကြည့်
မိသည်။ လမ်းပေါ်တွင်ဈေးသွားဈေးပြန်များနှင့် လူမပြတ်ချေ။ တစ်ယောက်တည်းသွားရန်ပျင်း၍
သူငယ်ချင်းအား အဖော်ညှိထားသော်လည်း မလိုက်နိုင်ဟုဆိုလာသဖြင့်
တစ်ယောက်တည်းထွက်လာရခြင်းဖြစ်၏။ စီးတော်ယာဉ်ကိုခွပြီး မှန်မှန်မောင်းနှင်လာခဲ့သည်။
ရွာအပြင်ဓာတ်ဆီဆိုင်တွင် စီးတော်ယာဉ်အတွက်ဆီသုံးပုလင်းထည့်လိုက်သည်။
ပြီးနောက်ကျနော်ဆက်ထွက်လာခဲ့သည်။ ရွာပြင်ကားလမ်းတွင်
တော့ လူရောကားပါရှင်းနေ၏။ နံနက်စောစောမို့အသွားအလာရှင်းနေခြင်းဖြစ်သည်။
ချောင်းကလေးကိုဖြတ်ဆောက်ထားသောတံတားလေးကိုဖြတ်ပြီးတောင်ကုန်းလေးတစ်ခုကိုကျော်
လာသောအခါ လမ်းမှာဖြောင့်လာသဖြင့် စီးတော်ယာဉ်ကို လီဗာနည်းနည်းတင်လိုက်၏။
အရှေ့ခပ်လှမ်းလှမ်းသို့မျှော်ကြည့်သောအခါ တစ်ခုခုလိုနေသလိုခံစားရသည်။ အရင်မြင်နေ
ကျမဟုတ်သလိုရှင်းနေ၏။ သေချာစဉ်းစားကြည့်မှ ဤနေရာတွင် အရင်က ဥတုရာသီတောကိုမှီ
နှင့် လုံးပတ် ၁၉ ပေ ၆ လက်မဟူသော ဆိုင်းဘုတ်လေးများချိတ်ဆွဲထားသည့် ကညင်ပင်ကြီး
မရှိတော့ခြင်းပင်။ ဘာကြောင့်ခုတ်ပစ်သည်တော့မသိ ထားသင့်သည့်အပင်ဟုတွေးမိပါသည်။
နွေဦးအစတွင်ထိုကညင်ပင်ကြီးမှ ကညင်သီးများသည် ကလေးများအတွက် ကြက်တောင်
သဖွယ်ကစားစရာလေးများဖြစ်သောကညင်သီးများကြွေကျနေလေ့ရှိသည်။ ပြီးတော့
ခရီးထွက်လျှင် ကညင်ပင်ကြီးမှာမြင်ု့မင့်မားမားကြီးဖြစ်၍ ရွာမှဝေးလာပြီဟုသိနိုင်သလို
ပြန်လာလျှင်လည်း ကညင်ပင်ကြီးကိုမြင်ရလျှင် ရွာနှင့်နီးလာပြီဟူသောခံစားချက်ကို
ကျနော်တော့ခံစားမိရသည်။ ယခုတော့ဘာမှမရှိတော့။ ဆက်ပြီးစီးတော်ယာဉ်နှင့်ခရီးနှင်
လာခဲ့သည်။ လမ်းကားကောင်းသည်ဟူ၍မရှိချေ။ ချိုင့်ခွက်များကျောက်ခဲများကိုကွင်းကာ
ရှောင်ကာစီးနေရသည်။ သည်ခရီးကိုသွားလျှင်ကျနော်အမြဲနားလေ့ရှိသော နေရာလေးတစ်ခု
ရှိသည်။ ချောင်းကလေးနှင့်ဒီဘက်ကမ်းမှာတော့ ယူကလစ်ပင်ဖြူဖြူဖွေးများက အစိမ်းရောင်
ခေါင်းပေါင်းများနှင့် ဟိုဘက်ကမ်းမှာ ၁၉၀၆ခုနှစ်ကစိုက်ပျိုးထားသော ကျွန်းပင်အုပ်လေးရှိနေ
၏။ ဒီနေရာသို့ရောက်လျှင် ကျနော်စီးတော်ယာဉ်ကို အပူသက်သာစေရန်ချောင်းလေးထဲတွင်
ရေဆေးပြီး ခြေလက်မျက်နှာဆေးကြောကာ ကျွန်းပင်အုပ်လေးထဲမှနေပြီး တောင်တန်းပြာပြာ
ကြီးကိုခဏငေးနေရသည်မှာ အရသာတစ်မျိုးပင်..။ တစ်ခါတစ်လေတော့ ကျနော်တောင်တန်းပြာ
ကြီးကိုပင် ဟစ်အော်နှုတ်ဆက်လိုက်တတ်ပါသေးသည်။ နွေဦးအစကျွန်းရွက်ခြောက်ကြွေများကို
ဖြတ်နင်းရသောအခါ တရွမ်းရွမ်းမြည်သံကို နားဆင်ရသည်မှာလည်း တစ်မျိုးလေးပင် အတွေး
တွင်ခဏမျှမျောသွားသဖြင့် ရှေ့မှလမ်းချိုင့်ခွက်ကို မနည်းရှောင်လိုက်ရသည်။
စီးတော်ယာဉ်ကလည်း တရိပ်ရိပ်ပြေး အတွေးပလုံစီလေးတွေကလည်း တလွင့်လွင့်မျော
နေတော့၏။ မြင်ရချေပြီ ချောင်းကလေးကို ကျနော်ချောင်းကလေးနားရောက်တော့
ဟိုဘက်ကမ်းမှ ကျွန်းပင်အုပ်ဆီအကြည့်ရောက်သွားမိသည်။
ကျွန်းပင်တို့သည်မြေတွင်တုံးလုံးပက်လက် အပင်ငုတ်တိုတို့ကဝမ်းနည်းပက်လက်
ချောင်းကလေးကတော့သူ့သူငယ်ချင်းတွေအတွက် ငိုသံပါကြီးနှင့် ကျနော်ကိုပြော
ပြနေသယောင်..ကျနော်ကရော ဘယ်လိုခံစားနေရပါသလဲ….
ကျနော်တောင်တန်းပြာကြီးဆီငေးရင်းးးဝမ်းခေါင်းသံဖြင့် အားရပါးရ ဟစ်အော်ပစ်မိ
ပါတော့သည်။ ကျနော့် စိတ်ထဲမှ မကျေနပ်မှုများကို ဝမ်းခေါင်းသံဖြင့် အားပါးတရ အော်ဟစ်ပစ်လိုက်မှုကို
တောင်တန်းပြာကြီးက ထပ်ကာထပ်ကာမြည်ဟီးစေပြီး ထောက်ခံနေသယောင်ပင်။
စိတ်ကျေနပ်အောင် အော်ဟစ်ပြီးနောက် ချောင်းကလေးထဲသို့ဆင်းပြီး မျက်နှာသစ်
ရန်ကြည့်မိသောအခါ ချောင်းရေ အရင်ကကဲ့သို့ ကြည်လင်နေခြင်းမရှိချေ။ နောက်ကျိကျိ
ဖြစ်နေ၏။ ဟာ …ဘာတွေဖြစ်ကုန်ပြီနည်း … နောက်မှ အတွေးထဲပေါ်လာသည် ဒီချောင်း
ဖျားတွင်ရွှေထွက်သဖြင့် ရွှေတွင်းများကြောင့် ချောင်းကလေး၏ ကြည်လင်သောရေများမှာ
နောက်ကျိသွားခဲ့ရခြင်းဖြစ်ပေမည်။ အရင်ကကြည်နူးငြိမ်းချမ်းဖွယ်နေရာလေးသည် အခုတော့
ကျနော့်အတွက် ကြေကွဲဝမ်းနည်းစရာနေရာလေးအဖြစ်သို့ပြောင်းလဲသွားခဲ့ချေပြီ။
ခဏကမကျေနပ်မှုဝမ်းနည်းမှုတွေက တဖန်ပြန်လည်နိုးထလာပြန်ချေသည်။ ဒီတစ်ခါတော့
အော်ဟစ်ပစ်ရန် အားအင်မရှိတော့သဖြင့် ကွမ်းတစ်ယာကိုထုတ်ဝါးပစ်သည်။ ဆိုင်မဆိုင်တော့
မပြောတတ်..ကျနော်ကတော့မကျေနပ်မှုများကို ဝါးပြီး ထွေးထွေးထုတ်နေမိသည်။
ဖရိုဖရဲခံစားချက်များနှင့်ကျနော် ခရီးဆက်လာခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးတာလား
ဖျက်ဆီးကြတာလားဟုလည်း အတွေးများနှင့် မေးခွန်းတွေထုတ်နေမိသည်။ ရောက်ပြန်ပေပြီ
နောက်တစ်နေရာ ဒီနေရာကတော့ မိုးဖြတ်ကြောဟု ခေါ်ကြပြောကြသောနေရာလေးပါ
သစ်ပင်များထူထပ်သောနေရာလေးမို့ အရင်နေဘယ်လောက်ပူပူ ဒီနေရာရောက်ရင်အေးသွား
လေ့ရှိသည်။ နွေရာသီပင်အစိုဓာတ်မပျောက်သောနေရာလေးပါ။ မိုးတိမ်းများသူ့အပေါ်မှ
ဖြတ်သွားလျှင် တခြားနေရာမိုးမရွာသော်လည်းဒီနေရာမှာ မိုးတွေရွာချရသည်။ ဒါကြောင့်
ဒီနေရာလေးကို မိုးဖြတ်ကြောဟုခေါ်ဝေါ်ထားကြခြင်းဖြစ်သည်။ ဒီနေရာကလည်းအရင်
ကလောက်မအေးစိမ့်တော့ချေ။ စိတ်ထဲမှာ မကောင်းစွာဖြင့် ကျနော်ခရီးဆက်လာလိုက်
သည်မှာ မြို့လေးအဝင်ဝသို့ရောက်လာပါတော့သည်။ မြို့အဝင်ဘီးခွန်ဂိတ်တွင်
ယူနီဖောင်းဝတ်လူတစ်ဦး ( အရာရှိတော့မဟုတ်ပါ) ဘယ်သွားမှာလဲ ဘယ်ကလဲဟု
မေးနေပြန်သေးသည်။ စိတ်ကခရီးသွားရင်း အတွေးများနှင့်ဒေါသထွက်လာသူမို့
ပြန်ဖြေလိုက်သည်မှာ ဒေါသသံပါနေလိမ့်မည်။ ဒါ့အတွက်လည်း ကျနော့်ကို မေးခွန်းတော်
တော်များများလျှောက်ရစ်မေးနေခြင်းဖြစ်သည်။ အဲ့ဒီဘီးခွန်ဂိတ်မှ လွန်ပြီးမြို့ထဲသို့
ရောက်လာသောအခါ လဘက်ရည်ဆိုင်သို့တန်းသွားလိုက်၏။ တစ်နာရီလောက်သာ
စီးခဲ့သော်လည်း မနက်ထွက်မလာခင်က စားခဲ့သောထမင်းကြမ်းနှင့်တိုဟူးကြော်မှာ
လမ်းကြမ်းကြမ်းကြောင့်ဘယ်နားရောက်ကုန်လေပြီမသိချေ။
လဘက်ရည်ဆိုင်ဘေးတွင်စီးတော်ယာဉ်ကိုရပ်လိုက်သောအခါ ကောင်းလေးတစ်ဦးပြေး
လာပြီး အစ်ကိုဆိုင်ကယ်ကို ဒီနားမှာမရပ်ရဘူးဗျဟု ပြောလာ၏။ ကျနော်တော်တော်အတွေးရကြပ်
သွားသည်။ ဘာမှမပြန်မပြောဖြစ်ပဲငေးကြည့်နေလိုက်မိသည်။ အတန်ကြာမှ အရင်ကလာတော့လည်း
ဒီနေရာမှာပဲရပ်နေကြလေကွာဟုပြောလိုက်မိသည်။ အော်..ပြောင်းလဲနေသောခေတ်ကိုးးဗျ..
ကျနော်ကခေတ်နောက်ကျကျန်ခဲ့တာနေမှာပါလို့ပဲတွေးပြီး ဒါဆိုဘယ်နားရပ်ရမှာလဲကွဟု
ပြန်မေးလိုက်မိသည်။ ကောင်လေးကကျနော့်ကို ကဒ်ပြားလေးတစ်ခုထုတ်ပေးပြီး
ကျနော်သွားထားပေးမယ်ဟုဆိုကာ ဆိုင်ကယ်ကိုတွန်းသွားလေ၏။ ဘယ်သို့တွန်းသွား
ပါမလိမ့်ဟုကြည့်နေသောအခါ ခဏက ကျနော်ရပ်ထားသောနေရာနှင့်မလှမ်းမကမ်း
သို့တွန်းသွား၏။ ဟုတ်ပေသည်ထိုနေရာတွင် စက်ဘီးဆိုင်ကယ်များတန်းစီရပ်ထားသည်ကိုတွေ့
နေရသည်။ ကျနော်ထိုနေရာမှ လက်ဘက်ရည်ဆိုင်ထဲသို့ဝင်ထိုင်ကာ ပေါ့ဆိမ့်တစ်ခွက်
မှာလိုက်သည် စားပွဲထိုးလေးက ဘာစားဦးမလဲအစ်ကိုဟု မေးလာသေးသော်လည်း
ကျနော်ခေါင်းသာယမ်းပြလိုက်တော့သည်။ လမ်းကြမ်းတာရော ခံစားရတာတွေရော
များသွားသည့်အတွက်ကြောင့်လားမပြောတတ်ပေ။ စကားပင်မပြောချင်သလိုဖြစ်နေ၏။
စားပွဲထိုးလေးချပေးသောလက်ဘက်ရည်ကို တစ်ငုံသောက်လိုက်ပြီး လမ်းဘက်သို့
ကြည့်နေမိသည်။ ကျနော်ထိုင်နေသောလက်ဘက်ရည်ဆိုင်နှင့်မျက်နှာခြင်းဆိုင်တွင်
ဈေးရှိသည်။ ဈေးသွားဈေးလာများ ခုထိမကွဲသေးချေ။ ဆိုင်အတွင်းရှိနာရီကိုကြည့်
လိုက်တော့ ကိုးနာရီ ဆယ်ငါးမိနစ်တိတိ ကျနော်လက်ဘက်ရည်ဆိုင်မှ ထလာတော့
ကိုးနာရီခွဲချေပြီ။ ဆိုင်ကယ်ကိုကဒ်ပြားပြရွေးလိုက်ရသည် ခဏလေးနှင့်ပင် ဆိုင်ကယ်အပ်ခ
၂၀ဝပေးလိုက်ရ၏ ။ ကျနော်သွားရမည့်အိမ်သို့ ဆက်သွားလိုက်တော့သည်။ ထိုအိမ်တွင်ပြောစရာ
မေးစရာ ဝယ်စရာရှိသည်များကိုလုပ်ပြီး ထွက်လာတော့ ၁ဝနာရီခွဲချေပြီ။ ကျနော်ဝင်စရာနေရာ
တစ်ခုကျန်နေသေး၏ ။ ကျနော်နှင်မြစ်ကြီးနားတွင်ကျောင်းအတူတက်ခဲ့ရသော သူငယ်ချင်း
အိမ်ကိုဖြစ်သည်။ သူ့မြို့သို့ရောက်လာပြီးမဝင်လည်လျှင် ပြောလို့မဆုံးဖြစ်နေတတ်သည်မို့
ဝင်ရခြင်းဖြစ်သည်။ သူကား ကဗျာများစာများနည်းနည်းပါးပါးရေးလေ့ရှိသူဖြစ်ပြီး ကျနော့်ကို
လည်းစာရေးရန်အမြဲတိုက်တွန်းတတ်၏။ ကျနော်ကတော့စာရေးပျင်းသူပီပီ အင်းးရေးချင်တယ်ကွ
ဒါပေမယ့် ဘယ်ကစရေးရမှန်းမသိဘူးဟုသာယောင်ချာချာပြန်ဖြေလေ့ရှိသည်။ သူ့ဆီဝင်လျှင်
ကျနော့်အတွက် မဂ္ဂဇင်း ဘာသာရေး လူမှုရေး စသောသူ့အတွက်လက်ဆောင်ရထားသောစာအုပ်များထဲမှ
တစ်အုပ်အုပ်ကိုလည်းပေးလေ့ရှိသည်။ ထိုစာအုပ်များထဲတွင်သူ့စာလေး ကဗျာလေးတွေလည်း
ပါ၏။ ကျနော်သူ့ဆီရောက်တော့ မောင်မင်းကြီးသားက အခန့်သား ကုလားထိုင်နှင့်နေပူဆာ
လှုံရင်း စာအုပ်ဖတ်နေသည်။ ကျနော်ဝင်လာသည်ကိုမြင်ပြီး ဟ…ကောင်ကြီး မလာတာကြာပေါ့
ဟုနှုတ်ဆက်ပြီးသူ့ဘေးကခုံလွတ်တွင် ထိုင်ခိုင်း၏။
ပြီးနောက်သူထသွားပြီး အိမ်ထဲသို့ဝင်သွားကာ ပြန်ထွက်အလာတွင် စာအုပ်တစ်အုပ်ပါလာ
လေသည်။ ကျနော့်အားလှမ်းပေးရင်း အဲ့စာအုပ်လေးဖတ်သင့်တယ်ကွဟုပြောရင်း
သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ကြွပ်ကြွပ်အိတ်အကြောင်းတွေ အကုန်ပါတယ်ဟု
ပြော၏ ။ စာအုပ်လေးကတော့ မဂ္ဂဇင်းစာအုပ်ဖြစ်သည်။ အေးကွာငါလည်းလမ်းမှာမြင်ခဲ့ရ
တာတွေစိတ်မချမ်းသာခဲ့ဘူးးဟုပြောလိုက်မိသည်။ သူနှင့်ထွေရာလေးပါးပြောရင်း နှုတ်ဆက်
ကာ ထွက်လာခဲ့မိတော့ လမ်းထိပ် သစ်တောရုံးရှေ့အရောက်တွင် အမှတ်တမဲ့
လှမ်းကြည့်မိရာ ဆိုင်းဘုတ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အစိမ်းရောင်နောက်ခံတွင်
စာလုံးအဖြူများနှင့်ရေးထားသော ဆောင်ပုဒ်လေးတစ်ခုပါ ….
ကျနော် အသံထွက်ဖတ်လိုက်မိသည်……
နိုင်ငံအဝှမ်း သစ်တောစွမ်းဖြင့် စိမ်းလန်းစိုပြေရမည် …
3 comments
koyinmaung
December 14, 2011 at 1:42 pm
တော်တော်ကောင်းတဲ့ပို့စ်ဘဲဗျို
အားပေးသွားပါတယ်…
NK
December 14, 2011 at 2:31 pm
ဝင်ရောက် ဖတ်ရှုု့ ခံစားသွားပါတယ်
naywoonni
December 14, 2011 at 8:56 pm
အင်း အရင်တုန်းကတော့ ကြားခဲ့ဖူးတာပဲ….။ ပြောင်းပြန်လုပ်ပြီးတော့တောင် မူးရေင်ပြောနေကြ…။ ဘာတဲ့ …….
ဥတုရာသီ တောကိုမှီ၏ …။ ရာသီဥတု တောပြုစု၏ …….တဲ့…။
ရာသီဥတု ဒဏ် ခံနိုင်အောင် တောက(တောအရက်က ) ပြုပြင်ပေးတယ်လို့ ………လေ