အကျဉ်းသား
သိသောသူများလဲသိကြပေလိမ့်မည်။ မသိသေးသောသူများအဖို့လည်း အသစ်အဆန်းဖြစ်နေလေမည်။ ကျွန်တော်တို့အတွက်မှာမူကား နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်တော့သည်။ ကိုယ်ကိုယ်တိုင် စွဲချက်တင်၊ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်ကိုယ်တိုင် စီရင်ချက်ချနေရသောသူများမှာ ရွှေ့ပြောင်းအလုပ်သမား ကျွန်တော်တို့လို လူစားများသာ ဖြစ်ပေတော့သည်။
============================================================================
တစ်မြေရပ်ခြားတွင် သွားရောက်အလုပ် လုပ်ကိုင်မှ ကြီးပွားချမ်းသာမည်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံကူးလတ်မှတ်ထုတ်ပေးရာရုံးတွင် စာရွက်စာတမ်းများကိုကိုင်ဆောင်ကာ လူအမျိုးမျိုးအထွေထွေကြားတွင် တိုးဝှေ့တန်းစီရင်း ချွေးသံတစ်ရွှဲရွှဲဖြင့် တိုးဝှေ့ထားသည့် ရုပ်ကြီးဖြင့် ဖြစ်သလိုရိုက်ပေးလိုက်သော ပုံကြီးကို အခန့်သားကပ်ပေးထားသော ကျက်သရေတုံးလှသည့် ကိုယ့်ပုံကြီးကပ်ထားသော နိုင်ငံကူးလတ်မှတ် နီနီရဲရဲကြီး လက်ဝယ်တွင် ရောက်ရှိလာရာမှ အစပြုပြီး နိုင်ငံခြားဆိုသောစကားသည် လွန်စွာမှပင် စိတ်ကူးယဉ်ချင်စရာကောင်းသော နတ်ဘုံ၊ နတ်နန်းကြီးတမျှ စိတ်ကူးယဉ်ချင်စရာကောင်းတော့သည်။ ညီညာချောမွေ့နေသော လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော ကားကောင်းကားသန့်များ၊ နီယွန်မီးများဖြင့် စည်ကားနေသည့် Night Life များ၊ မီးမပျက်သည့် မြို့တော်ကြီးများ၊ ဟန်းဖုန်းများ ပေါပေါများများသုံးနေကြသော နိုင်ငံများတွင် အိမ်မြှောင်သာသာ နိုင်ငံမြှောင်သမားများ ဖြစ်ကြရမည့်အရေး တွေးရင်းဖြင့်ပင် ပျော်မြူးခြင်းဖြစ်ရတော့သည်။ နီးစပ်ရာအသိုင်းအဝန်းကြားတွင်ကား နိုင်ငံခြားသွားမည့် မဟာသူရဲကောင်းကြီးအလား လွန်စွာလဲ မျက်နှာပွင့်ခြင်း ဖြစ်ရပြန်သေးသည်။ အေဂျင်စီပေါင်းစုံတွင် လျှောက်လွှာများ ရသလောက်တင်၊ ခေါ်သမျှ အင်တာဗျူးများကိုသွား၊ စောင့်စားရာ ခန်းမထဲတွင် ပြွတ်သိပ်နေအောင်ထည့်ထားသော လူအများကြားတွင် သူ့အကြောင်း၊ ကိုယ့်အကြောင်းပြောကြ၊ မအောင်မြင်သည့် အင်တာဗျူးများမှ အောင်မြင်စွာဆုတ်ခွာလာပြီးသည့်နောက်တွင်မတော့ အင်တာဗျူးအတွေ့အကြုံများလာသည့်အတွက် နောက်ဆုံးတွင်မတော့ ရွေးကောက်ခြင်းခံရပြီးသည့်နောက် လေယာဉ်လက်မှတ်ကို ရင်မောခြင်းကြီးစွာဖြင့် စောင့်စားခြင်းပြုရတော့သည်။ အတွယ်အတာများပြားလှသူများအဖို့မှာတော့ သွားရမည့် အချိန်အပိုင်းအခြားကာမိစေရန် အတိုးချ ချစ်ကြခြင်းပြုကြလေသော်လည်း ကျွန်တော်သည်ကား လတ်လျား၊ လတ်လျားဖြင့်သာ ထီပေါက်ထားသူကဲ့သို့ အခွင့်အရေးများရသလောက်အသုံးချကာ သူငယ်ချင်းများနှင့် ပျော်ပါးခြင်းသာ ပြုရတော့သည်။ အေဂျင်စီကို ပေးလိုက်ရသောငွေကြောင့် ကျွန်တော်တည်ဆောက်ထားသော အိမ်လေးမှာလဲ တစ်ပါးသူများလက်ဝယ်သို့ ထိုးအပ်လိုက်ရပြီဖြစ်သောကြောင့် သံယောဇဉ် အကုန်ပြတ်ခြင်းဖြစ်လေတော့သည်။ လေဆိပ်မှ ထွက်လာသောအခါတွင်မတော့မူ သူများနိုင်ငံတွင် အလုပ်သွားလုပ်မည့်ကျွန်တော်သည်ကား ဒေါ်လှ နှစ်ဆယ်မျှကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ထွက်လာခြင်း ပြုမိတော့သည်။
အလုပ်မစတင်မီမှာပင် သုံးစွဲရန်အတွက် ထုတ်ပေးသော အနည်းငယ်မျှသော ငွေလေးကိုအရင်းပြုပြီး ရှမ်းမီးလှုံရာမှ ကံကောင်းလွန်းလှသဖြင့် နှစ်ဆပွားခြင်းဖြစ်သောကြောင့် မိုဘိုင်းလ်လေးတစ်လုံးဝယ်ပြီးသည့်နောက်တွင်မတော့ ငွေဖြည့်သုံးရန် နှမြောလှလွန်းသဖြင့် Clock Alarm Tone သာ မြည်နေရသည့် နှိုးစက်သာသာ ဖုန်းကလေးမှာ ယခုထက်တိုင်အောင်ရှိသေးတော့သည်။ တစ်စုံတစ်ခုဝယ်မည်ဟု စဉ်းစားမိချိန်တိုင်း မြန်မာငွေနှင့် တွက်ကြည့်ရာမှ ငွေတန်ဖိုးကို သိခြင်းဖြစ်သည့်အလျောက် ဘာဆိုဘာမှ မဝယ်ဖြစ်ပေ။ လစာထုတ်ရက်များတွင်မတော့ ကုန်တိုက်များရှိ Discount ချထားသည့် ကွန်ပျူတာ၊ ကင်မရာ၊ ဖုန်းများကို သွားရေတများများဖြင့် ကြည့်ပြီး ပြန်လာဖြစ်သည်သာ ဖြစ်သည်။ နတ်ဝင်စားသည်လားမသိ၊ အငွေ့လေးကလဲ ရှူချင်ပြန်သေးသောကြောင့် အငွေ့ထွက်ရင်ပြီးရော၊ ဈေးအပေါဆုံးဆိုသည့် ဆေးလိပ်များကိုသာ ဝယ်သောက်ရတော့သည်။ ဆေးလိပ်ဈေးကြီးလှသော ဆင့်ကာပူရတွင်တုန်းကတော့မူ စီးကရက်တစ်လိပ်သည် သုံးခါခွဲသောက်စရာဖြစ်ခဲ့သည်။ ထို့ထက်ပိုပြီးဆိုးလာသော အခါတွင်မတော့မူ ပွတ်ချွန်းကိုသာ သောက်ရခြင်းလဲရှိခဲ့သည်။ ယခုနေရာတွင်ကား စီးကရက်ဈေးအပေါဆုံးဆိုသည်မှာ မြန်မာပြည် ဈေးအပေါဆုံးစီးကရက်သာသာမျှသာရှိသောကြောင့် ဗူးလိုက် ဝယ်သောက်နိုင်တော့သည်။ ဪ… လွမ်းမိပါသေးတယ်၊ စီးကရက်ကို သုံးပိုင်းခွဲသောက်ခဲ့ရဖူးတာတွေကို။
ဆင့်ကာပူရတွင်တုန်းကမူ Food Court တွေမှာ နေရာတိုင်းလိုလိုတွင်ရှိသည်။ လိုချင်သည့်အစားအစာများကိုလည်း လွယ်လွယ်ပင်ဝယ်စားနိုင်သော်လည်း အမဲသား တစ်ကီလိုမှ ၃ ကျပ်ပေးရသဖြင့် ၃ ကျပ်နှင့် ၂ ရက်စာ ဖူလုံမည့်အရေး၊ သေသေချာချာတွေးမိပြန်သေးသဖြင့် ရဲရင့်သို့ ရောက်လျင်သော်မှ Tea တစ်ခွက်လောက်သာ သောက်ဖြစ်တော့သည်။ ယခင်က ထမင်းစားရာတွင် ထမင်းပူ၊ ဟင်းပူဖြင့် ဟင်းအမယ်စုံမှ စားတတ်သော်လည်း ၃ ရက်စာချက်ထားသည့် ဟင်းအား ရေခဲသေတ္တာမှထုတ်၊ Fair Price အပြာရောင် ဆန်ထုတ်လေးကိုသာချက်ထားသည့် ထမင်းနှင့်ဟင်းအား မြိန်ရေ၊လျှက်ရေ စားရတော့သည်။ မည်သူကမှလဲ ဇွတ်အတင်းခိုင်းစေနေခြင်းမဟုတ်ပါဘဲနဲ့ ကိုယ်ကိုယ်တိုင်ကကိုပင် အပိုးကျိုးသွားခြင်းဖြစ်သည်။
နီယွန်မီးရောင်များဖြင့် Night Life များသည်ကား တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးသလို စည်ကားလွန်းလှပါဘိ။ သို့သော် ထို Life များတွင် မပျော်ဝင်နိုင်သည့် ကိုယ့်ကိုယ်ကို အားမလို အားမရခြင်း ဖြစ်မိပြန်သေးသည်။ ထိုနေရာများတွင် တစ်ညတာ ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရန်အတွက် ၁၅ ရက်စာမက ရုန်းကန်ရှာဖွေရမည့်ငွေများကို နှမြောခြင်းကြောင့် တစ်ချိန်က စိတ်ကူးသည်လည်း စိတ်ကူးဘဝမှာပင် အနိစ္စသို့ ရောက်ခြင်းဖြစ်တော့သည်။ ခေတ်ပေါ် ကားလှလှလေးများမှာကား ကြည့်ရုံသက်သက်မှလွဲ၊ ဘာဆိုဘာမှ တတ်နိုင်ခြင်း အလျဉ်းမရှိတော့ပေ။ မိုးမျှော်တိုက်တာကြီးများသည်လည်း နေ့လည်နေ့ခင်း သွားလာရာတွင် အရိပ်ရသည့်အတွက် ကျေးဇူးတင်ရုံမှတစ်ပါး လားလားမျှ သက်ဆိုင်ခြင်းလဲ မရှိ။ အိမ်မှထွက်ပြီးနောက် အလုပ်ကိုသွား၊ အလုပ်မှပြန်လာ အိမ်ကိုသာပြန် အစရှိသဖြင့် ကျင်လည်ရာဘဝသည်ကား ယခင်က အနေအထားထက်ပင် ကျဉ်းမြောင်းလွန်းလှတော့သည်။ ကိုယ်ရှာတာ ကိုယ်သုံးဖို့ဟု ဆိုသော်ငြား ရလာသည့် လစာငွေလေးများအား တတ်နိုင်သလောက်စုထား၊ သက်ဆိုင်သူအား များများစားစား ပို့နိုင်ရေး သေသေချာချာတွေးနေရသဖြင့်လည်း လူမွှေးလူရောင် ပြောင်အောင်ပင် ဝတ်ဆင်နိုင်ခြင်းမရှိပေ။
တစ်ချိန်တစ်ခါတုန်းက စိတ်ကူးယဉ်ခဲ့ဖူးသော ဘဝမျိုးကို ကိုယ်ကိုယ်တိုင်ပင် ငြင်းပယ်ကာ ဘယ်ရွေ့၊ ဘယ်မျှကာလထိ လုပ်ကိုင်သွားမည်၊ ဘယ်ရွေ့၊ ဘယ်မျှလောက်သော ငွေကြေးများကို ရှာဖွေသွားမည်၊ အဘယ်သို့ ရှေ့ဆက်လျှောက်သွားမည်၊ အဘယ်သို့ ခြွေတာစုဆောင်းသွားမည် အစရှိသည်တို့ဖြင့် ဘယ်သူ့ ဘယ်သူကမှ ဇွတ်မတောင်းဆိုပါဘဲနှင့် ကိုယ်ကိုယ်တိုင် အကျဉ်းချခံထားရသူများမှာ ကျွန်တော့်လို နိုင်ငံရပ်ခြား အလုပ်သမားများသာ ဖြစ်ပေတော့မည်။ တစ်ခါတစ်လေတော့လည်း ကျန်ရစ်သူများ အထင်ကြီးလေမလားရယ်ဟူသော ရည်ရွယ်ချက်ဖြင့် လတ်လျားလတ်လျား ကျော်ကြားရာနေရာများကို လမ်းသလားပြီး ရသလောက် ဓါတ်ပုံများရိုက်ကာ နေရာစုံတွင်တင်ပြီး ကြွားကြရသည်မှာလည်း ဒယ်အိုးဖင်အား ထုံးဖြူသုတ်ထားကြသည်ဟုပင် မှတ်ယူမိတော့သည်။
္ထ
ထို့ကြောင့်ပင်လျင် ဘယ်သူမှ စီရင်ချက်ချထားသည်မဟုတ်ပါဘဲနှင့် ကိုယ်တိုင် အကျဉ်းကျခံနေရသည်မှာ ကျွန်တော်၊ နိုင်ငံခြားမှာ အလုပ်လုပ်နေသောသူ ဖြစ်ပေတော့သည်တကား..။
(အသက်တစ်နှစ်ကြီးသည့်အနေဖြင့် ရေးချင်သလိုရေးလိုက်သောစာသာဖြစ်ပါသည်။ ပညာရှင်များ သည်းခံတော်မူကြပါကုန်၊ ဝါသနာရှင်များ ခွင့်လွှတ်ကြပါကုန်၊ ရေးဖော်ရေးဖက်များကိုမူကား အကြောင်းသိနေပြီးဖြစ်သောကြောင့် အထူးအထွေ တောင်းပန်နေရန် လိုဟုမထင်)
19 comments
“ဘီလူးကြီး”ogre
December 15, 2011 at 9:33 am
ကိုရှုံး(ခ) တစ်ခါမှမနိုင်တဲ့လူကြီး..ခင်ဗျား
ချစ်စနိုးခေါ်ချင်ဖြစ်၍ သီးခံပါရန်
ကျုပ်ဖြင် နိုင်ဂျံဂါး သို့ ရှေးရေစက်မရှိလေသောကြောင့်
အိမ်မက်မျှနှင့်ပင်မရောက်ဘူးပါချေ
လက်လှမ်းမှီရာအသိမိတ်ဆွေ ပြောစကားထောက်ချင့်ရလျှင်
စင်္ကာပူရ၌ တစ်ပတ်လျှင် S$ 15 ကျပ်ဖြင့်စားလောက်ကြောင်းကြားသိရပါသည်
ဟုတ်ပါလေစ….. 🙂 😛
TTCG
December 15, 2011 at 3:59 pm
It depends on how do you have your meal. If you are going to have your meals with just eggs, chili, oil and salt, it’s possible. Or you can have just cheap ready made noodle soups like “MaMee” and eggs all the time. But 15$ per week is very very difficult to live. You might manage to live one week. But 2 weeks, 3 weeks? I don’t think so.
When was your friend in SG? Now or last 5 years ago? If it is “5 years ago”, it might be possible. My judgement above depends on the situation and living costs around 2009.
ရှူံးနိမ့်မှုများနဲ့.. လူ
December 16, 2011 at 3:10 am
ဆရာမရှင်းပြခဲ့သလိုပါပဲ.. ၂၀၀၈ မတိုင်ခင်ကတော့ တစ်ပါတ်ကို ၁၅ ကျပ်နဲ့ မနည်းဖြစ်ညှစ်စားရင် ရနိုင်ပါတယ်။ အဲဒီတုန်းက ၅ ကီလိုဆန်တစ်အိတ်မှ ၄ ကျပ်ခွဲသာသာလေး ရှိတာလား။ ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ် ကာလမှာ တစ်အိတ်ကို ၁၂ ကျပ်ကျော်ထိ ဈေးတက်သွားပါတယ်။ နောက်မှ ပြန်ကျသွားတော့ ၈ ကျပ်နဲ့ တန့်သွားပါတယ်။ သူတင်မဟုတ်ပါဘူး၊ ကျန်တဲ့ အခြေခံစားသောက်ကုန်တွေလဲ ဈေးတက်သွားတဲ့အတွက် တစ်ပါတ်ကိုတော့ အနည်းဆုံး ၂၅ ကျပ်လောက်ကုန်မှ နည်းနည်းအူစိုတယ်ဆိုရုံလေး စားနိုင်မှာပါ။ ပြောရရင်တော့ အလုပ်ကြမ်းလုပ်နေရသူတွေအဖို့က အစားများများစားဖို့လိုတယ်လေ၊ ကောင်းတာထက် စားလို့ ပိုမြိန်ဖို့လိုတော့ဟိုဟာလေးပြောင်းချက်လိုက်၊ ဒီဟာလေးပြောင်းချက်လိုက်နဲ့ ဘတ်ဂျတ်ထက်တော့ ကျော်သွားတာပါပဲ။ တစ်ခါတစ်လေဆို Coke လေးတစ်ဗူးလောက်သောက်ချင်တာတောင် တစ်ကျပ်တောင်မကျန်တော့တဲ့ အခါမျိုးတွေ ရှိဖူးတယ်။
အနှစ်ချုပ်ပြောရရင်တော့ ၁၅ ကျပ်နဲ့ တစ်ပါတ်စာဆိုတာ ဟိုး.. လွန်လေပြီးသောအခါက ဖြစ်ပါကြောင်း
nozomi
December 15, 2011 at 9:46 am
ဒီ ဂေဇက် က ကျွန်တော် အကြိုက်ဆုံး ပို့စ် တွေထဲမှာ ခင်ဗျားပို့စ် တွေလဲ ပါတယ်၊
ကိုရှုံးရဲ့ ဘယ်သူနဲ့မှ မတူတဲ့ ရေးဟန်ကိုလဲသဘောကျတယ်
ကျွန်တော် တို့ ကြည့်ဖူး ပေမဲ့ မမြင်လိုက်တာတွေ ကိုရှုံး ပြောပြတော့မှ တွေ့လိုက်ရတာလဲ သဘောကျတယ်
အမြဲအားပေးနေမယ်နော ၊ ဒီဂေဇက်မှာတော့ ခင်ဗျားက အောင်မြင်သူပါ
ရှူံးနိမ့်မှုများနဲ့.. လူ
December 16, 2011 at 3:13 am
ကိုရင် နိုဇိုမိရေ…
ခုလို သတိတရ ချီးကျူးတာ ကျေးဇူးတင်သဗျာ၊ စိတ်မကောင်းစရာက ကိုရင်အဲလိုမန့်လိုက်တိုင်း အတော်လေး နီနေတာ သတိထားမိတယ်။ ခုတောင် ကျုပ်တစ်ခု ပြန်ဖျက်ပေးထားပါတယ်။ ကျွန်တော် မအောင်မြင်ဘူးဆိုတာရယ်၊ အရေးအသားမကောင်းဘူးဆိုတာရယ် လူတိုင်းသိပါတယ်ဗျာ။ ခုလိုအားပေးတာတော့ ဝမ်းသာပါတယ်။ အမှန်တရားကတော့ အမှန်တရားပါပဲ.. လက်ခံရမှာပါပဲ။
ကြောင်ကြီး
December 15, 2011 at 11:20 am
တချို့ကြတော့ ကိုယ့်ကိုယ်ကိုတင် မကဘူး တစုံတယောက်သောသူကြောင့် အကျဉ်းကျရက် ပိုတိုးသွားတာလည်း ရှိသဗျ။ ဟိုးတုန်းက အသိတယောက် မြန်မာပြည်ပြန်လာတော့မယ်လို့ အိမ်ကိုဖုန်းဆက်တော့ မဟေသီက ကိုကိုရယ် နောက်တနှစ်လောက်တော့ နေပါအုံးလို့ပြောတာနဲ့ အကျဉ်းစံရက် တနှစ်တိုးသွားသဗျ။ သူကျွဲလိုနွားလို တနှစ်ရုန်းရှာတာ အဲဒီတုန်းက လီမိတက်တစင်းဖိုး ရှိသကိုး။။။။။ မောင်ရှုံးလည်း ကိုယ်လား သူလား တရားခံ မမှားစေနဲ့ပေါ့ကွယ်။ နို့မို့ရင် ကိုယ်စောင့်နတ် အားကြီးစိတ်ဆိုးနေမယ်။။။ 😀
ရှူံးနိမ့်မှုများနဲ့.. လူ
December 16, 2011 at 3:15 am
ဘာတဲ့… ကျော်ဟိန်း ဝေလည်းမွှေး၊ ကြွေလဲမွှေးဇာတ်ကားနဲ့ အကယ်ဒမီဆုရတော့ သူပြောတာလေး ပြန်အမှတ်ရမိပြန်သဗျာ။
“မိန်းမရှိခိုး သွားမကျိုး” ဆိုလား
😀
windtalker
December 15, 2011 at 11:42 am
ခင်ဗျားပို ့စ်ကိုဖတ်ပြီး မျိုးကြီးရဲ ့သီချင်းစာသား ကို သတိရမိတယ်
“ ဆက်လျှောက် ၊ ခံစားချက်နဲ ့ဆက်လျှောက် ”
ရှူံးနိမ့်မှုများနဲ့.. လူ
December 16, 2011 at 3:17 am
မောင်ရှေ့ကို တည့်တည့် လျှောက်မယ်လေ
မယ်လည်းတည့်တည့်လိုက်ကာ လျှောက်မယ်မောင်ရေ ဆိုတဲ့ သီချင်းလေးလိုပဲ ဆက်လျှောက်ချင်ပါတယ်ဗျာ
pooch
December 15, 2011 at 7:44 pm
ရှုံးလူ မွေးနေ့ အမှတ်တရလေး ရေးတာလား ဒါဆို အမှတ်တရလေးတော့ရေးမှဖြစ်မယ်
အားပေးတဲ့ အနေနဲ့
နည်းနည်းလေးတော့ ဝေဖန်ခွင့်ပြုပါနော်….
ရှုံးလူကို ကြည့်ရတာ စိတ်က တက်လွယ်ကျလွယ်ရှိမဲ့ပုံ ပဲ အငုံစိတ်လေးလည်း ရှိနေတယ်
နောက် အမြဲပဲ အားငယ်တဲ့စိတ်က ကြီးစိုးနေသလိုပဲ … တခုလောက်အကြံလေးပေးပါရစေ..
” No one is perfect ” တဲ့ ကြားဖူးပြီးသားဖြစ်မှာပါ… ဘယ်သူမှ မပြည့်စုံပါဘူး လူတိုင်းလိုအပ်ချက်တွေနဲ့ပါ
ကျမဆို အများကြီး ရှိတယ်.. …
အမြဲတစေ ကိုယ်မလုပ်နိုင်တာ မတတ်နိုင်တာ မဖြစ်နိုင်တာတွေ အတွက် သိပ်စိတ်ဆင်းရဲခံမနေပါနဲ့ …အားကုန်တယ် ….
မလုပ်နိုင်သေးတာ မတတ်နိုင်သေးတာ မဖြစ်နိုင်သေးတာလို့ပဲ တွေးကြည့်လိုက်ပါ…
ပြောကြတယ် မလား ရေချင်းတူရင်တောင် ဟိုးအမြင့်ကြီးက ကျလာတဲ့ ရေက ပိုတင်ရှယ်( Potential ) ရှိလို့ စွမ်းအားပြင်းတယ်လို့ …
အောက်ရောက်နေတဲ့ စိတ်ကို ဟိုးအမြင့်ဆုံးကို ဆွဲတင်ထားလိုက်ပါ.. အားငယ်တတ်တဲ့စိတ်ကို ဟိုး………..အဝေးကြီးကို နှစ်ဟောင်းနဲ့ အတူ လွှင့်ပစ်လိုက်ပါ…
စိတ်တွေကို ရှင်းထုတ်လိုက်…
ကဲ… အကောင်းလေးတွေ ပြောကြည့်ရအောင် …
၁။ ခြေစုံလက်စုံနဲ့ ဦးနှောက်ကလည်း အကောင်းကြီး (စာရေးကလည်း ကောင်းသေး)
၂။ သူများတွေ မရောက်ဖူးတဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖူးတာကိုက သူများနဲ့ မတူတဲ့ အမြင်တွေ အတွေးအခေါ်တွေက တပန်းသာနေပြီ။
၃။ဘဝအတွေ့အကြုံတွေကလည်း စုံမှစုံ။ (အလွမ်းရော အကြမ်းရော)
၄။နိုင်ငံတကာ ဗဟုသုတတွေကလည်း ကြွယ်မှကြွယ် ( အနည်းဆုံးတော့ ရောက်ရာဒေသကလူမျိုးတွေရဲ့ အလေ့အကျင့်တွေ စရိုက်တွေကို ကိုယ်က သူများထက်ပိုသိတယ်)
၅။အေးတူပူမျှ ခံစားပေးမဲ့ ချစ်သူတယောက် ကိုယ့်ဘေးနားမှာ ရှိတယ်။
(တကယ်ချစ်တဲ့သူကို ရှာတွေ့တယ် ဆိုတာ အင်မတန်ထူးတဲ့ ကုသိုလ်ပါနော်။ တွေ့ကရာလူကို တကယ်စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်လို့ရတာမှ မဟုတ်တာ)
၆။အခုလောလောလတ်လတ် ရှုံးလူမှာ ဘာသာစကား အရည်အချင်းလေးမျိုးကို ပိုင်ဆိုင်ထားတယ်။
၁။Mother Language (မြန်မာ)
၂။International Language( English)
၃။ Regional Language ( အခုလက်ရှိ့တိုင်းပြည်မှာ ပြောတာမျိုးပေါ့)
၄။Computer Language (အခုရွာထဲ မှာ စာရေးနိုင်တယ်လေ ၊ ချစ်သူနဲ့ တွေ့လို့ရတယ်)
၇။ကိုယ်လိုချင်သလောက်ပိုက်ဆံ မရှာနိုင်သေးပေမဲ့ ကြိုးစားရင် အခွင့်အရေးရနိုင်ပါသေးတယ်။
ကဲ ဘယ်လောက်တော်တဲ့ ရှုံးလူလဲ။
“ရှုံးလူရဲ့ မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ တလုံးတဝထဲပြည့်စုံနိုင်ပါစေလို့”
အော်….မေ့လို့ ဒီပြန်လာရင် ” ပါပီလွန်နဲ့ ဗင်ဂို” ဆိုတဲ့ စာအုပ်လေးကို ဝယ်ဖတ်ကြည့်ပါ
ဘဝတခုလုံးရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပေးပါလိမ့်မယ် ။ ရှုံးလူအတွက် အဲ့ဒီစာအုပ်လေး လိုအပ်နေပါတယ်
ရှူံးနိမ့်မှုများနဲ့.. လူ
December 16, 2011 at 3:18 am
pooch သုံးသပ်ပြထားတာ အတော်လေးကို စေ့စပ်ပါပေတယ်။ ကိုယ့်ကိုယ်ကို မှန်တစ်ချပ်မှာ ပြန်မြင်နေရသလိုပါပဲ။ ၉၀% သော သုံးသပ်ချက်တွေက မှန်ကန်ပါကြောင်းနှင့် ရည်ညွှန်းထားတဲ့ စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါမယ်ဆိုတဲ့အကြောင်း….
koaung
December 15, 2011 at 7:58 pm
လောကမှာနေတတ်ရင် ဘယ်ဘဝရောက်ရောက် ကျေနပ်စရာပါလို့ပြောလေ့ရှိကြသည် အဆိုးထဲကအကောင်းကိုရှာနိုင်ဘို့ကဒေါ့ လူတဦးရဲ့
ကောင်းမြတ်တဲ့ကိုယ်ကျင်. တရားလို့ခံယူထားပါ၏ ဖြစ်ချင်တာကိုဦးစားမပေးပဲ ဖြစ်သင့်တာကိုဦးစားပေးခဲ့ရင် နောက်ဆုံးပန်းတိုင်မှာ ကိုယ်အဖြစ်ချင်ဆုံးတွေကစောင်. ဆိုင်းနေတတ်ပါတယ်
naywoonni
December 15, 2011 at 10:39 pm
အရှုံးတော မပေးလိုက်ပါနဲ့ ………..။ ဘာပဲဖြစ်ဖြစ် ……….။ တစ်နေ့တော့ ကျွန်တော်တို့တွေ ဆုံကြသေးတာပေါ့……….
ရှူံးနိမ့်မှုများနဲ့.. လူ
December 16, 2011 at 3:19 am
ပျင်းရင်တောင် မနားတဲ့ ဟိုအရင်က ပျဉ်းမနားကနေ အသွင်ပြောင်းသွားတဲ့ နေပူတော်ကြီးကိုရောက်ရင်တော့ ဆုံချင်ပါသေးသဗျား
တညင်သား
December 16, 2011 at 11:40 am
အော် ကိုရှုံး..လူရယ် နိုင်ငံခြားမှာ အလုပ်လုပ်တာ ကိုယ်တိုင်အကျဉ်းချခံထားရတာလားဗျာ… ဒါဆိုရင် ခင်ဗျားကမှ ဧည့်တွေ့ခွင် တစ်လ လောက်ရလိုက်သေးတယ်… ကျုပ်ထက်သာပါသေးတယ်နော်
ဆူး
December 16, 2011 at 11:59 am
ဒီပိုစ်လေးကို ဘော်ဒါတွေ မန်းပေးချင်လို့ မန်းလိုက်တာ မနေ့ကတည်းက ဖတ်ပြီး မန်းတာ တက်ကို မလာတော့ဘူး။
ဒီနေ့ ပြန်ဖွင့်မှ မန်းထားတာ မတွေ့ဘူးဖြစ်နေတယ်။
ရှုံးလူ မဟုတ်တော့ဘူး.. ဘဝ ကို အနိုင်ယူနေတဲ့ နိုင်လူဖြစ်နေပါပြီ။
ရှုံးလူ ဆိုတာ တံတားပေါ်က ခုန်ချသူ တိုက်ပေါ်က ခုန်ချ သူကို ခေါ်ချင်တယ်။ ဘဝ ကို အရှုံးပေးသွားတာ..
ဘဝ ကို တဆင့်ချင်းစီ တထစ်ချင်းစီ တက်နေတဲ့ တက်ကြွတဲ့ လူငယ်တယောက် အဖြစ် အသက်ရှင် ရပ်တည်နေခြင်းသည်လည်း အောင်နိုင်ခြင်းတမျိုးပါပဲ။
ကိုစိုင်းရေ.. မင်္ဂလာ ရှိသော နေ့များစွာကို ပိုင်ဆိုင်နိုင်ပါစေ။
နီလေး
December 16, 2011 at 2:48 pm
ကိုရုှံးလူကြီးရေ နီလေးတို့ဘဝထက်တော့ အများကြီးသာပါသေးတယ် ပိုက်ဆံတစ်ခုထဲအတွက်နဲ့ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို မလုပ်ချင်လဲလုပ် လုပ်ချင်လဲ လုပ်နေရတဲ့လူတွေရှိပါသေးတယ်အသက်တစ်နှစ်ကြီးတိုင်း မဝေးသောအနာဂါတ်မှာ အောင်မြင်မှုဆိုတဲ့ပန်းတိုင်ဟာ နီးသထက်နီးလာနေပါပြီလို့ ခံယူနိုင်ပါစေနော်
blackchaw
December 16, 2011 at 6:29 pm
ကိုရှုံးရေ။ (နာမည်ကြီးကိုပါပြင်ပစ်လိုက်ဗျာ။ ကိုနိုင်လို့)
မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးတစ်ပိုဒ် ကိုရှုံးကို လက်ဆောင်ပါးချင်ပါတယ်။
ဖတ်ကြည့်ပါဗျာ။
” အားငယ်စိတ်ကိုဖျောက်
ဒူးမထောက် အညံ့မခံ
ကိုယ့်အားနဲ့ ကိုယ့်မာန်နဲ့
လောကဓံ ဘဝဆိုးမှာ
ကြိုးစားကာ အံကို ခဲပါလို့
ရောင့်ရဲလျှင် အနေမြတ်ပေလိမ့်
စိတ်ဓါတ်ကို တစ်မျိုးပြောင်းကာ
ခေါင်းမော့လို့မတ်။ ။
comegyi
December 17, 2011 at 4:02 pm
ကိုရှုံးတဲ့ဟေ့
အရေးအသားက
ကောင်းပါပေ့ခင်ဗျာ.
အလွန့်အလွန်ကို
သဘောကျပါတယ်ဗျာ