ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ ခက်လှပါလား သံယောဇဉ်ရယ်
သတ္တဝါတွေဟာ လောကကြီးထဲမှာ ဘာ့ကြောင့်ပျော်ရွှင်နေကြပြီး မိမိရဲ့ပန်းတိုင်ကိုရောက်အောင် မလုပ်နိုင်ကြတာလို့ စဉ်းစားကြည့်တဲ့အခါ ကိုယ့်မှာရှိတဲ့ သံယောဇဉ်ကို မဖြတ်နိုင်ကြလို့ဆိုတာ သိသာနေပါတယ်။ ခက်တာက နည်းနည်းခြင်းကိုဖြတ်တောက်ဖို့ မကြိုးစားကြတာပဲ။ ခုလိုသိတတ်တဲ့ အချိန်လေးမှာ သံယောဇဉ်ကို နည်းနည်းခြင်းဖြတ်တောက်ပေးမယ် ဆိုရင် နောက်နောင်မကြာခင်မှာ သံယောဇဉ်တွေကုန်ပြီး အေးချမ်းလှတဲ့နေရာကို ရောက်ရှိကြမှာ အမှန်ပါ။ သံယောဇဉ်ဆို တာ ဖြတ်တောက်ဖို့ရန်၊ စွန့်လွှတ်ဖို့ရန် ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လောကကြီးကနေပေးနေတဲ့ ဒုက္ခတွေမှ လွတ်မြောက်ပြီး ငြိမ်းချမ်းမှုချမ်းသာကို ရရှိဖို့ရန်အတွက်က ဒီသံယောဇဉ်တွေကို ဖြတ်တောက်မှရမှာပါ။ အဲဒီလို ချမ်းသာမှုတွေ ခံစားရဖို့ရန်အတွက် သံယောဇဉ်နည်းနည်းဖြတ်ကြပါလို့ စာရေးသူရဲ့အမေအား ဒီလိုလေး ပြောခဲ့တာကို စာဖတ်သူများလည်း သံယောဇဉ်ဖြတ်နိုင်ဖို့ရန် တင်ပြပေးလိုက်ပါတယ်။
ပြည်ပကို ပညာသင်ထွက်နေတဲ့ သားဖြစ်သူကို တွေ့ချင်လှပါတယ်ဆိုပြီး အမေဖြစ်သူဟာ အင်တာနက်ဆိုင် ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူနဲ့တွေ့တဲ့အခါ အမေဖြစ်သူက “သားလေး ပြန်မလာသေးဘူးလား။ အလည်တော့ ပြန်လာဦးလေ၊ အမေ သားကိုတွေ့ချင်နေလှပြီ၊ သားကိုမတွေ့ရလို့ အမေ့မှာ သတိတွေနေ့စဉ်ရပြီး လွမ်းဆွတ်မှုတွေ ဖြစ်နေရတယ် သားရေ”လို့ ပြောရှာပါတယ်။
ဒါနဲ့ စာရေးသူက “သားလည်းလွမ်းတာပေါ့ အမေရယ်။ ဒါပေမဲ့ သံယောဇဉ်ဆိုတာ နည်းနည်းကလေးမှ စွန့်လွှတ်နိုင်အောင် မကြိုးစားဘူးဆိုရင် အားလုံးကိုစွန့်လွတ်နိုင်ဖို့ ဘယ်လွယ်မလဲ။ ဒီလိုပဲ သိတတ်တဲ့လူသားဖြစ်ချိန်လေးမှာ တစ်စတစ်စချင်း စွန့်လွတ်မှ ဘဝနောက်နောင်မှာ သံယောဇဉ်တွေကုန်အောင် လုပ်နိုင်လိမ့်မယ်အမေ။ အမေပဲ သားကို သံယောဇဉ်ဖြတ်ထားနိုင်တယ်ဆိုပြီး သာသနာ့ဘောင်မှာ အများအကျိုးလုပ်ရအောင် ပို့ပေးလိုက်တာမို့လား။ တကယ်လို့ အမေသာ သားအပေါ်မှာ သံယောဇဉ်မဖြတ်နိုင်ဘူးဆိုရင် အမေ့နားမှာ နေခိုင်းမှာပေါ့။ သားကို သာသနာ့ဘောင်မှာ ဘယ်ထားမလဲ။ တကယ်တော့ အမေ့လိုလူမျိုးက ရှားပါတယ် အမေ။ တကယ်ဆို ကိုယ့်မွေးတဲ့သားကို ကိုယ့်ကပဲ နေ့စဉ်မြင်တွေ့ချင်ပြီး ကိုယ့်မွေးတဲ့သားက လုပ်ကိုင်ကျွေးမွေးတာကို ဇိမ်လေးနဲ့ စားနေရမှာပါ။ ခုတော့ အမေက အများအတွက် ဦးစားပေးပြီး အမေ့အတွက် အနစ်နာခံကာ သားကို သာသနာဘောင်မှာ နေခိုင်းတာလေ။ ခုလို နေခိုင်းလိုက်တဲ့အခါကျတော့ အမေ လွမ်းဆွတ်တွေ ဖြစ်ရတယ်။ သားက လုပ်ကိုင်ကျွေးမဲ့အရာကို လက်မခံဘဲ ကိုယ့်ဘာသာလုပ်ကိုင် စားသောက်ရတဲ့အတွက် အမေ ပင်ပန်းပါတယ်။ ဒါပေမဲ့ အမေဟာ ဒီလို မိမိအကျိုးတွေကို အများအကျိုးအတွက် စွန့်လွတ်လိုက်ခြင်းကြောင့် သံယောဇဉ်နည်းနည်းခြင်း ဖြတ်နိုင်မှုအကျိုးတွေ၊ အများအကျိုးအတွက် ကိုယ့်သားကို သာသနာ့ဘောင်မှာ နေခိုင်းခြင်းအကျိုးတွေကို အမေရရှိပါတယ်။ ဒီလို အကျိုးတရားတွေကို ကမ္ဘာပေါ်မှာရှိတဲ့ မိဘတိုင်းမရကြဘူး အမေ။ အမေ့လို အများကောင်းစားရေးကို ဦးစားပေးတတ်တဲ့လူမျိုးသာ ရရှိတာပါ။ အမေဟာ တန်ဖိုးရှိတဲ့ အမေတစ်ယောက်ဖြစ်တယ်ဆိုတာ အမေရော အဖေပါ သိလိမ့်မယ်လို့ သားယူဆပါတယ်”လို့ သားကိုလာတွေ့တဲ့ အမေကို အင်တာနက်ပေါ်ကနေ ပြောလိုက်မိပါတယ်။
အဲဒီအခါ အမေဟာ သူဖန်တီးခဲ့တဲ့ဇာတ်မို့ သူရဲ့အလွမ်းတွေကို သားပေါ်မှာ ဖြတ်ထားရမယ်ဆိုတာသိပြီး ဒီလိုသားမျိုးကို ငါအများအတွက် ပေးဆပ်ပြီးသားပဲလို့တွေးကာ အမေဝမ်းနည်းမှုကနေ ဝမ်းသာမှုတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ သားအတွက် အမေဂုဏ်ယူသလို သားလည်း အမေ့အတွက် ဂုဏ်ယူပါတယ်။ သားရောအမေပါ အကျိုးရှိအောင် သားလည်း ကောင်းမွန်စွာနဲ့ သာသနာ့အကျိုးကို ထမ်းဆောင်ပါမယ်လို့ ကတိပေးရင်း တစ်နှစ်နေမှ တစ်ခါလောက်သာ အင်တာနက်ပေါ်ကနေ လာတွေ့ခွင့်ရတဲ့ အမေကို ငြိမ်းချမ်းမှုသာရှိတဲ့ မြတ်နိဗ္ဗာန်ကို ရရှိဖို့ရန်အတွက် သံယောဇဉ်ဖြတ်နိုင်အောင် ပြောပြလိုက်ပါတယ်။ အဲဒီလို ပြောပြပြီးတဲ့နောက်မှာ အမေဟာ သံယောဇဉ်ဖြတ်နိုင်မှ ချမ်းသာသုခကို ရရှိမယ်ဆိုတာသိရှိပြီး အခုတရားဓမ္မများနဲ့ ပျော်မွေ့ပြီး ဝိပဿနာတရားတွေကို အားထုတ်နေပြီးလို့ ကြားသိရတဲ့အတွက် သားဖြစ်သူမှာ မိဘကိုကျေးဇူးဆပ်တရားဟောရကျိုး နပ်သွားပါပြီ။ ဒါကြောင့် စာဖတ်သူအားလုံးလည်း သံယောဇဉ်နည်းနည်းခြင်း ဖြတ်တောက်နိုင်အောင်ကြိုးစားကာ ငြိမ်းမှုတွေသာရှိတဲ့နေရာကိုရောက်အောင် ကြိုးစားစေချင်ပါတယ်။
ဒါနဲ့ပဲ ဆက်စပ်ပြီး တွေးမိပါသေးတယ်။ စာရေးသူ သာသနာ့တက္ကသိုလ်က ဘွဲ့ရပြီးတော့ မိမိယခုတတ်ထားတဲ့ပညာနဲ့ အများတကာကို စာသင်ပေး အများအကျိုးလုပ်ရတာ မကျေနပ်သေးဘဲ ဒီထက်ပိုမိုပညာတွေရရှိရန်အတွက် ပြည်ပထွက်ပညာသင်ချင်တဲ့ စိတ်ကူးဖြစ်ခဲ့ပါတယ်။ ဒါနဲ့ သာသနာတက္ကသိုလ်ဘွဲ့ရပြီးတော့ ပြည်ပထွက်ပြီး ပညာသင်လို့ရတဲ့ အခြေအနေတော့ ရောက်သွာပြီ။ ပညာသင်ဖို့ ငွေပဲလိုတာနဲ့ ပညာသင်စရိတ်အတွက် မိမိရတဲ့ ဝတ္ထုငွေကို သာသနာ့တက္ကသိုလ်ကနေ ကျောင်းပြီးကတည်းက သုံးနှစ်တိုင်တိုင် စုထားပါတယ်။
ပြည်ပထွက်ဖို့ ငွေလည်း နည်းနည်းစုမိတာနဲ့ မိဘများကို ပြည်ပထွက် ပညာသင်ချင်တယ်။ သားမလောက်သေးတဲ့ငွေကို ပေးပါဦးလို့ သွားတောင်းတဲ့ခါ မိဘများက သူတို့သားအား ပြည်ပ လုံးဝမထွက်စေချင်ပါဘူး။ ဒါဟာလည်း မိဘတိုင်းက ကိုယ့်သားသမီးနဲ့ ဝေးရာကို မနေချင်ကြတာ ဓမ္မတာမို့ မိဘများအား နားလည်ပါတယ်။ ဒါပေမဲ့ ဦးဇင်းက အများအတွက်ကြောင့် ထွက်ချင်တာဆိုတော့ မိဘတွေ လက်မြှောက်အရှုံးပေးလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေပဲ ကိုယ့်သားကို အများအတွက်ဆိုပြီး သာသနာဘောင်မှာ နေခွင့်ပေးထားပြီးသား ဖြစ်နေလို့ သူတို့တားမရတော့တာပါ။ ဒါကြောင့် သံဃာများရဲ့ မိဘဆိုတာ ကျန်တဲ့နေရာကို မကြည့်ပါနဲ့ ဒီလို မိမိသားကို အများအတွက် စွန့်လွှတ်ပေးထားခြင်းကိုပဲ အတော်တော်တဲ့ မိဘတွေလို့ ချီးကျုးထိုက်နေပါပြီ။
ဒါကြောင့် ဦးဇင်းမိဘတွေဟာ ကိုယ့်သားကို အများအတွက် စွန့်လွှတ်ပြီးသားမို့ ရင်ကွဲခံကာ ပြည်ပကိုထွက်ခွင့်ပြုပေးလိုက်တဲ့အပြင် သူတို့ရှိတာလေးတွေကို စာရေးသူ ပညာသင်စရိတ်အတွက် ဖြည့်ပေးလိုက်ပါတယ်။ အဲဒီအခါတုန်းက ဦးဇင်းကို်ယ်တိုင်လည်း မိဘများ သားသမီးပေါ်ထားတဲ့ စေတနာမေတ္တာတွေ။ အများအတွက် ကိုယ့်သားကို စွန့်လွှတ်ပေးမှုတွေကို နားလည်ခံစားရပြီး မျက်ရည်မကျအောင်ထိန်းခဲ့ရပါတယ်။ ရင်ထဲမှာ ဝမ်းနည်းမှုတွေဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ မိဘတွေကို ဒီလိုလုပ်ပေးနိုင်တဲ့အတွက် ချီးကျုးမိပြီး ဝမ်းမြောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို စာရေးသူဖြစ်ရပ်လေး ပြန်လည်တွေးကြည့်ပြီး သားနဲ့အမေအကြောင်း ရေးသား ရင်းနဲ့ မြတ်ဗုဒ္ဓလက်ထက်က ကုမာရကဿပသားမိနှစ်ယောက် ဇာတ်လမ်းလေးကလည်း စာရေးသူတို့ဖြစ်ရပ်လို တူနေတာနဲ့ သတိရမိလိုက်ပါသေးရဲ့။
မြတ်ဗုဒ္ဓလက်ထက်က ကုမရကဿပမထေရ်ကလည်း မိခင်ဖြစ်သူကို တရားထူးရအောင်၊ သံယောဇဉ်ဖြတ်နိုင်အောင် လုပ်ပေးခဲ့သူတစ်ဦးပါပဲ။ ကုမာရကဿပရဲ့ မယ်တော်လောင်းဟာ ငယ်စဉ်ကတည်းက သာသနာ့ဘောင်ဝင်ပြီး ဘိက္ခူနီမဝတ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မိဘတွေက ဝင်ခွင့်မပေးတာနဲ့ အိမ်ထောင်ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ အိမ်ထောင်ကျပြီး မကြာခင် သာသနာဘောင်ဝတ်ဖို့ရန် လင်ယောက်ျားထံမှ ခွင့်ပြုချက်ရတာနဲ့ ဘိက္ခူနီမဝတ်ခဲ့ပါတယ်။ ဘိက္ခူနီမဝတ်ပြီးမှ မိမိမှာ သန္ဓေသားပါလာတာ သိရတဲ့အတွက် ကျောင်းအမကြီး ဝိသာခါတို့ရဲ့ အကူညီနဲ့ သားလေး မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူက ဘိက္ခူနီမဖြစ်နေတော့ သားကိုစောင့်ရှောက်ဖို့ရန် မဖြစ်နိုင်တဲ့အတွက် သားဖြစ်သူကို ဘုရင်ကောသမင်းက မွေးစားလိုက်ပါတယ်။ ဒါနဲ့ သားဖြစ်သူ ကုမာရကဿပအရွယ်ရောက်လာတဲ့အခါ အမေဖြစ်သူသာသနာဘောင်မှာနေတာကို သိရှိရလို့ သူလည်း သာသနာဘောင်မှာနေမယ်ဆိုပြီး သာသနာဘောင်ရောက်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ကုမာရကဿပဟာ (၁၂)နှစ်တိုင်တိုင် တောထဲသွားတရားထုတ်လိုက်တာ ရဟန္တာဖြစ်ပြီး နောက်ပိုင်းတွင် နာမည်ကျော် ဓမ္မကထိကဖြစ်လာပါတယ်။
သားမိနှစ်ယောက်ဟာ သာသနာဘောင်မှာ အတူနေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြပါဘူး။ သားဖြစ်သူကသာ ရဟန္တာဖြစ်နေပေမဲ့ သူရဲ့အမေကတော့ သားကိုလွမ်းဆွတ်သတိရတွေဖြစ်နေတဲ့ အတွက် သံယောဇဉ်မကုန်ဘဲ ဖြစ်နေပါတယ်။ ဒီလို သံယောဇဉ်တွေဖြစ်နေလို့ တရားထူးမရတာကို သားဖြစ်သူကသိတဲ့အတွက် အမေဖြစ်သူ သူ့ကိုမတွေ့အောင် တမင်သက်သက် ရှောင်နေတာပါ။
ဒါပေမဲ့ တစ်နေ့သားဖြစ်သူက ဆွမ်းခံသွား၊ အမေဖြစ်သူကလည်း ဆွမ်းခံသွားရင်းနဲ့ သားမိနှစ်ယောက် လမ်းပေါ်မှာ ဆုံမိကြပါတယ်။ ဒါနဲ့ အမေဖြစ်သူက သားကိုတွေ့ချင်လွန်းလို့ဆိုပြီး တစ်ခါတည်း သပိတ်ပွေ့ပြီးအတင်းလိုက်ပါတယ်။ ဒီလိုလိုက်ရင်းနဲ့ သားကို မှီခါနီးလည်းရောက်ရော သားဖြစ်သူက စဉ်းစားတယ်။ “အော်-ငါက ဒကာာမကြီးလို့ခေါ်လိုက်ရင် ငါ့ကို ခင်သေးတယ်၊ ချစ်ရှာတယ်၊ တွေ့တော့ လည်း ခေါ်ရှာသားပဲဆိုပြီး သားအပေါ်သံယောဇဉ်တွေဖြစ်ကာ သံယောဇဉ်မဖြစ်နိုင်သေးတာနဲ့ တရားရမှာ မဟုတ်ဘူး။ ဒါကြောင့် မခေါ်ဘဲနေတာ ကောင်းပါတယ်”လို့တွေးပြီး အသံမပေးဘဲ ထွက်သွားပါတယ်။ ဒီလိုမှ သူ့အမေကို မစိမ်းကားဘူးဆိုရင် အမေဖြစ်သူဟာ သားအပေါ်မှာ သံယောဇဉ်တွေဖြစ်ပြီး သံယောဇဉ်မကုန်ဘဲ ဖြစ်နေမှာမို့ ခုလိုအမေနောက်ကလိုက်နေတာကို ရပ်မပေးဘဲ သွားနေရှာတာပါ။ အမေဖြစ်သူ သူ့ကိုစိတ်ကုန်ပြီး သံယောဇဉ်ပြတ်အောင် လုပ်နေရှာရတာ။ သံယောဇဉ်ဆိုတာ ကိုယ့်ကိုကိုယ်ဖြတ်မှ မဂ်ဖိုလ်ရမှာ။ သံယောဇဉ်တွေဖြစ်ပြီး သူတစ်ပါးကို ချစ်ခင်နေမယ်၊ အားကိုးနေမယ်ဆိုရင် မဂ်ဖိုလ်ကို မရနိုင်ဘူး။ ဒါကြောင့် သားဖြစ်သူက အမေဖြစ်သူကို တမင်သက်သက် သံယောဇဉ်ပြတ်နိုင်အောင် လုပ်နေတာ။
သားဖြစ်သူက သံယောဇဉ်ပြတ်အောင်လုပ်နေပါသော်လည်း အမေဖြစ်သူကတော့ နောက်ကနေ မရမကလိုက်ကာ သပိတ်ကြီးပွေ့ပြီး အတင်းလိုက်ရင်းလိုက်ရင်းနဲ့ မှီလုမှီခင်လေးမှာ သင်္ကန်းတအားဆွဲမလို့လုပ်လိုက်တော့ အမေဖြစ်သူ မှောက်လျက်ကြီးလဲသွားရှာတယ်။ လဲသွားတဲ့အခါကျတော့ သူ့စိတ်ထဲမှာ “ဪ-ငါ့သားမှာ နည်းနည်းမှ အမေ့စိတ်မရှိဘဲပါလား။ ငါ့မှာဖြင့် နှစ်ပေါင်းနှစ်ဆယ်ကျော် သားကိုလွမ်းဆွတ်သတိရနေလိုက်တာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီး ဘယ်တရားမှလည်း အားမထုတ်နိုင်ခဲ့ဘူး။ ငယ်ငယ်ကတည်းက သားလေးကို နို့ချိုတိုက်ကျွေးချင်ခဲ့ရတာ။ ခုတော့ သားဖြစ်သူက ငါ့ကိုတွေ့တာတောင် အရေးမလုပ်ပါလား။ ငါကသာ သားလေးမွေးပြီးကတည်းက နို့ချိုမတိုက်ကျွေးခဲ့ရလို့ တိုက်ကျွေးချင်စိတ်တွေ ဖြစ်နေရတယ်။ ဒါကို သားက မသိပါလား။ ငါကသာ သံယောဇဉ်တွေ ဖြစ်နေရတာ။ သူက ငါ့ကို ဘာသံယောဇဉ်မှ မဖြစ်ပါလား။ တော်ပြီ ဒီနေ့ကစပြီး မင်းကို သံယောဇဉ်လည်း မထားတော့ဘူး”လို့ စိတ်ဆုံးဖြတ်ချက်ချပါလိုက်တယ်။
အဲဒီလိုဆုံးဖြတ်ချက်ချပြီးသကာလ ဘိက္ခုနီမကျောင်းပြန်သွားပြီး သားအပေါ်ထားတဲ့ သံယောဇဉ်ဖြတ် ထားတဲ့စိတ်နဲ့ တရားအားထုတ်လိုက်တာ အဲဒီနေ့မှာပဲ ရဟန္တာဖြစ်သွားပါတယ်။ သားဖြစ်သူကသာ ဒီလို မစိမ်းကားဘူးဆိုရင် သားအပေါ်မှာ သံယောဇဉ်တွေဖြစ်နေမှာမို့ ဘယ်လိုတရားအားထုတ်ပါသော်လည်း သံယောဇဉ်တော့ ကုန်မှာမဟုတ်ပေ။ ဒါကြောင့် စာရေးသူကလည်း အမေဖြစ်သူကို အမေရေ သားတို့လည်း ဒီလို သံယောဇဉ်တွေ နည်းနည်းခြင်းဖြတ်နိုင်မှ သံယောဇဉ်ကုန်ရာဖြစ်တဲ့ မြတ်နိဗ္ဗာန် ကို ရောက်နိုင်လိမ့်မယ်လို့ပြောပြီး အမေ့ကို နှစ်သိမ့်လိုက်ရပါတယ်။
ဒါကြောင့် လူသားအားလုံးလည်း သူတစ်ပါးကို သံယောဇဉ်တွေ အားကြီးမနေဘဲ လုပ်ပေးသင့်တဲ့အရာ လုပ်ပေးပြီးသကာလ မိမိကိုယ်ကိုအားကိုးကာ သံယောဇဉ် နည်းနည်းခြင်းဖြတ်ပြီး အမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ရွှေပြည်ကို ရောက်လှမ်းနိုင်အောင် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေတယ်။
ဂျာနယ်က ခုမှရောက်လာလို့ ခုပဲ တင်ပေးလိုက်ပါတယ်။ ဂျာနယ်ထွက်တာတော့ (၂)ပတ်ကျော်သွားပြီ။ ဂျာနယ်ဦးဇင်းဆီကိုလည်း မပို့နိုင်၊ သူတို့ဝက်ဆိုဒ်မှာလည်း မတင်နိုင်နဲ့ အလုပ်များနေကြလို့တဲ့လေ။ ဒါကြောင့် ဂျာနယ်ကတော့ နည်းနည်းနောက်ကျသွားပါတယ်။ ဒါပေမဲ့ မဖတ်ရသေးသူတွေအတွက်တော့ အသစ်ပဲမို့ ဒေါင်းလော့ဆွဲဖတ်ချင်သူများ ဒီအောက်ကလင့်ကို ထောက်နှိပ်ပြီး ဒေါင်းလော့ ဆွဲဖတ်နိုင်ပါတယ်။
ဂျာနယ်ဒေါင်းလော့ဆွဲရန် http://www.mediafire.com/?al4sewxgrmq906u
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
One comment
Shwe Tike Soe
December 30, 2011 at 9:59 am
မှန်လှပါဘုရား လေးလေးနက်နက် ထားပြီး မှတ်သားသွားပါတယ်..ဘုရား အခုလိုဆရာတော်ရေးတာလေးဖတ်လိုက်ရတော့ တပည့်တော် စိတ်ထဲမှာမရှင်းမလင်းဖြစ်နေတာလေး ရှင်းသွားပါတယ်ဘုရား ကျေးဇူးတင်ပါတယ်ဘုရား…….