မေတ္တာကို သစ္စာနှင့် ပုံဖော်မိခြင်း
ဒီနေ့တော့ ဗြဟ္မစိုရ် ကျင့်စဉ်တရား(၄)ပါး အကြောင်းလေး စဉ်းစားမိတာနဲ့။
ဒီတရား(၄) ပါးက ဘာတွေလည်း ဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာတို့ပဲ ဖြစ်တယ်။
ဒီ ကျင့်စဉ်တွေသည် မြတ်သော အကျင့်တရားတွေ ဖြစ်လို ့ မဖြစ်မနေ နားလည်ထားသင့်ပါတယ်။
ဒါကြောင့်လည်း တခုစီကို အသေးစိတ် နှလုံးသွင်းလေးမှန်စေဖို့တော့ ကြိုးစား ရပြီပေါ့။
(၁) မေတ္တာ
ဒီမေတ္တာပို ့တာနဲ ့ ပတ်သက်ပြီးတော့ လူတိုင်းမေတ္တာပို ့နေကြတာ မြင်နိုင်သလို ကိုယ်လည်း တတ်စွမ်း သ၍ မေတ္တာတွေပို ့နေရတယ်။ ကျွန်တော်တို့ မေတ္တာပို့တဲ့အခါ
၁။ အရင်ဆုံး “ ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ” လို ရွတ်ကြ တယ်နော်။
အဲလို နုတ်ကရွတ်ပြီး မေတ္တာပို့တဲ့အချိန် စိတ်မှာ အာရုံယူထားတာလေးက လမ်းကြောင်း မှန်နေဖို ့လိုပါတယ်။ အခု ပြောတဲ့ထဲမှာကအဓိက စကားလုံး(၂)လုံး ပါသွားတယ်နော်။
“ဘေးရန် ” ဆိုတာနဲ့ “ငြိမ်း” တာလေးလေ ။
အဲဒီတော့ ကိုယ်ရွတ်လိုက်တဲ့ ဒီစကားလုံး တွေရဲ့ အနက်ကို ပညာပါပါလေးဖို့ ဆက်ကြပါစို့ဆိုတော့။
“ဘေးရန်” ကို အရင် ပြောမယ်နော်။
လူတိုင်းမှာဘေးရန်(၂)မျိုးကို ခံနေရတယ်။
အဲဒါဘာတွေလည်း ဆိုရင် “ အရှိဘေးရန် ” နဲ ့ “ အထင်ဘေးရန် ” ပဲ။
“အရှိဘေးရန်” ဆိုတာ ခန္ဓာရထားတဲ့ အတွက် အိုဘေး၊ နာဘေး၊ သေဘေးတွေ ခံနေရတယ်။
ဒါက မလွတ်နို်င်တဲ့ ဘေးရန်ပေါ့။
ခန္ဓာကြီးကရှိနေတာကိုး။
“အထင်ဘေးရန်” ကတော့ ဒီခန္ဓာနဲ ့ နွယ်ပြီး လိုချင်တာတွေ၊ မရတာတွေ၊ စိုးရိမ်ရတာတွေ အို စုံလို ့ပေါ့နော်။
ဒါတွေကတော့ အထင်ဘေးရန်တွေပေါ့။
ဘာလို့လည်းဆိုတော့ ကိုယ်ကောင်းတယ် ထင်တဲ့အပေါ် လိုချင်လာတယ်။
အလို တွေကြီးပြီး အရတွေနည်းတဲ့အခါ သောကတွေနဲ့ ဒုက္ခဘေးရန်တွေ ခံရပြန်တယ်လေ။
ဒါကတော့ ထင်နေသမျှ အပေါ် လိုက်ဖြစ်နေရတဲ့ ဘေးရန်တွေပေ့ါနော်။
ကျနော်က ဒီဘေးရန်(၂)ပါးကို သစ္စာရှု့ဒေါင့်ကနေ ကြည့်ပြီး ပြောချင်တယ်။
“အရှိဘေးရန်” က ဒုက္ခဘေးရန်ပေ့ါ။
“အထင်ဘေးရန်” ကတော့ သမုဒယ ဘေးရန်ပေ့ါနော်။
ဒါဆို လူသားတိုင်း ဒုက္ခဘေးရန်နဲ ့ သမုဒယဘေးရန် (၂) ခု ခံနေရတယ်ဆိုတာ ပေါ်လာပါပြီ။
ဒီလို သိလို ့ ဆင်ခြင်မိလို့ပဲ ဒါတွေ မရချင်တော့ဘူးဆိုရင် သမုဒယ နေရာမှာ မဂ္ဂဝင်လိုက်နိုင်ပြီနော်။
သမုဒယမရှိမှသာဒုက္ခပါဖြစ်ခွင့်မရှိတော့မှာပေါ့။
ဒါဆိုရင်ပဲ “ငြိမ်း” တာလေးကိုရသွား၊ရောက်သွားပြီပေါ့။
မေတ္တာရဲ့ဆန် ့ကျင်ဘက်ကတော့ မောဟပဲပေါ့။
မောဟသည် အမှားကို မှားနေမှန်း မသိဘူး၊ အမှန်ကို အမှန်မှန်း မသိအောင် ဖုံးထားတာပါပဲ။ ဒါကြောင့် မောဟဖုုံးထားပြီး ပို့နေတဲ့ မေတ္တာသည် အမှားအမှန် မကွဲပြားပဲပို့နေတဲ့ အတွက် ထိရောက်စေမှာ မဟုတ်ပါဘူး။
သမုဒယ နဲ့ ဒုက္ခ ငြိမ်းမှ ဘေးရန်ငြိမ်းမယ်လို့ သိတာသည် ပညာပဲပေ့ါ။
ဒါကြောင့် သေချာလေး မှတ်လိုက်ပါပြီ။
အမှန်ကိုသိတဲ့ ပညာနဲ ့ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေလို ့ ပွားများပေးတာကိုသာ မေတ္တာပို့ပေးနေတယ်လို့ သိလာရပါပြီ။
မဟုတ်ရင်တော့နုတ်က အော်သာအော်နေတာ၊ စိတ်ကလည်း မျှော်ပြိီးရင်း မျှော်ရင်းပဲ ဆိုရင်တော့ ဒါငြိမ်းအောင် လုပ်နေတာ မဟုတ်တဲ့အပြင် လိုချင်မှု့တွေ ပွားများနေတာမို ့ သမုဒယ ပွားနေတာပါပဲ။
သမုုဒယ ပွားရင်ဘာရမလဲ? ဒုက္ခတွေပဲရမှာပေ့ါနော်။
ဒါကြောင့် အာရုံယူတာ မမှားဖို့ အရေးကြီးလာပါပြီ။
စိတ်မှာ သိမြင်ရမှာက သမုဒယနဲ့ဒုက္ခ ဘေးရန်တွေက ငြိမ်းကြပါစေလို့ ပညာနဲ့သိပြီး ပွားနေရင် ဒါဟာ မဂ္ဂပွားတာ နဲ့အတူတူပဲပေ့ါ။
အင်း..ပြောရမယ်ဆိုရင် ဒါတွေ အရင်ကလည်း စမသိခဲ့ပါဘူး။
အရင်က ထင်ခဲ့တာက တစ်ယောက် ယောက်ကို လိမ္မာစေချင်ရင် သူ ့ကို စိတ်ကမှန်းပြီး မေတ္တာပို ့လိုက်ပါ။ ကိုယ့်မေတ္တာ ရောင်ပြန်ဟပ်လို ့ လိမ္မာရေးခြား ရှိလာလိမ့်မယ် ဘာညာ၊ ဘာညာ ဆိုပြီး ထင်ခဲ့တာလေ။ တကယ်တန်း မေတ္တာပို့တဲ့ အခါလည်း အဲလိုပဲ တစ်ယောက်ယောက်ကို မှန်းပြီး ပို ့ရင် သူဟာ ဒီမေတ္တာစွမ်းကြောင့် အလိုလို ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပြီးပို့ခဲ့တာ ပေါ့။
တကယ်တော့ အဲလိုလုပ်နေတာကိုက သူများကို ပြောင်းချင်နေတဲ့ သမုဒယကပါနေပြီးသားမို့ ဒါပွားနေသမျှ သမုဒယပဲ ပွားနေတာမျိုး ဖြစ်နေပါလား ဆိုတာ နောက်မှပဲ သိမြင်ခွင့် ရတော့တာလေ။ လွဲခဲ့တာတွေကတော့ တပြုံတမကြီးပါပဲ။
နောက်ထပ် လွဲနေတာ ရှိသေးတယ် မေတ္တာတွေပို့ပါများတော့ ဟာ ဒီလို မေတ္တာပို ့ပေးမှ ကောင်းတာ ဘာညာနဲ့ လာပြန်ရော။
ကိုယ်လုပ်နေတာ ကိုယ် ကောင်းတယ်လို့ အဟုတ်ကြီး ထင်နေပြန်ပြီ။
ဒါကိုက အထင်ဘေးရန် တက် လာပြီမလား။
ကောင်းချင်လို့ လုပ်ရင် ဖြစ်ချင်တာ ပါနေသမျှ သမုဒယပဲ။
ဒါဆို ငါဟာ တစ်နေ ့ တစ်နေ ့ သမုဒယ ငြိမ်းအောင် လုပ်နေတာလား?
ပွားအောင်လုပ်နေတာလားဆိုတာ စစ်တမ်း ထုတ်သင့်ပြီနော်။
ရချင်တာ သမုဒယ ၊ မရချင်တာက မဂ္ဂပဲနော်။
ကဲဒါဆို ဘေးရန် (၂) မျိုးလုံး သိသွားပြီ၊ ငြိမ်းတာလည်း သိသွားပြီဆိုရင်တော ့ အရင်ဆုံး ကိုယ့်ကိုကိုယ်က စပြီး မေတ္တာပို့ကြည့်တာပေါ့။
“ဘေးရန်ခပ်သိမ်း ငြိမ်းရပါလို၏” လို့ စိတ်ကို မှန်းလိုက်ရင်ပဲ အော် သမုဒယနဲ့ ဒုက္ခဘေးတွေက ငြိမ်းရပါလို၏လို့ သိထားပြီး တစ်ခါ ရွတ်လိုက်တိုင်း ငြိမ်းငြိမ်းသွားရပါမယ်နော်။
ပြီးမှ သူများကို မေတ္တာပို့ပါ။
ပို ့ရင်လည်း ဒီလိုပါပဲ တစ်ယောက်ယောက်ကို မှန်းပြီး ပို့ရင် ဪသူ့ မှာ သမုဒယ နဲ ့ ဒုက္ခဘေးရန်ကနေ ငြိမ်းတဲ ့ နိရောဓဓါတ်လေးတွေရနိုင်ပါစေလို့ မှန်းပြီး တစ်ခါရွတ်လိုက်ရင်ပဲ တစ်ခါ ငြိမ်းငြိ်မ်းသွားရပါမယ်နော်။
အဲလိုပို့မှသာ နောက်ထပ် ဒုက္ခ ဖြစ်စေမယ် ့ သမုဒယ ငြိမ်းစေတာမို ့ မေတ္တာပို့နည်း အစစ်ပဲလို ့ သိလာရပါပြီ။
ဒီက တစ်ဆင့် သက်ရှိ အားလုံးကို မှန်းပြီးလည်း မေတ္တာပို ့ပေးကြတာပေါ့။
ကဲ ဒါဆိုရင်တော့ “ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ” ဆိုတဲ့ အချက်ကလေးရဲ့ အနှစ်ကိုသိလို့ ပို့တတ်သွားပြီပေ့ါနော်။
အမှန်သိရင် အငြိမ်းဓါတ်က ပါသွားပြီနော်။
၂။ နောက်တစ်ခါ “ဒေါသခပ်သိမ်း ငြိမ်းကြပါစေ”။
ဒါကို သိထားရမှာက အခုရနေတာသည် ဒုက္ခခန္ဓာ၊၊ နောက်ထပ်ပြိး ရချင်နေတာက သမုဒယ။
ရတာလေးအပေါ် ဪ ငါနဲ့ ထိုက်တာ ငါရတာပဲလို့ သဘော မထားတတ်ရင်တော့ မကျေနပ်တာတွေ ဖြစ်လာမယ်။ ဒါသည် ဒေါသပဲလေ။
ကောင်းတာကို ရချင်နေတာသည် အခုရနေတာကို မကျေနပ်နိုင်လို့ပဲ ဒီ့ထက် ကောင်းတာ ရချင်နေတာပဲ မဟုတ်ပါလား။
မကျေမနပ် ဖြစ်နေသမျှ ဒေါသပဲလေ။
ဒီဒေါသ သည် လိုချင်ရချင်ခြင်း ဆိုတဲ့ သမုဒယက ပေါက်ပွားလာတာပဲနော်။
ဒါကြောင့် “ ဒေါသခပ်သိမ်း ငြိမ်းရပါလို၏” “ငြိမ်းကြပါစေ” လို့ဆိုရင်ပဲ ဒါကို ဖြစ်စေတဲ့ သမုဒယနဲ ့ဒုက္ခတွေ ငြိမ်းနိုင်ပါစေလို့စိတ်ကို အာရုံပြုထားရမယ်နော်။
၃။ နောက်တစ်ခု “ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ ” လို ့လည်း မရွတ်ဘူးလား။
ဆင်းရဲခြင်းလည်း (၂) မျိုး ရှိတယ်နော်။
မရလို ့ ဆင်းရဲနေတာသည် သမုဒယ ၊ ရတာတွေ ဆင်းရဲ နေတာသည် ဒုက္ခ လို ့ သိပြီး ဒါတွေက ငြိမ်းရပါလို၏လို ့ ကိုယ့်ကိုကိုယ် အရင်မေတ္တာပို့ပေးပါ။
ကိုယ့်ရင်ထဲ မေတ္တာကိန်းမှ ကိုယ့်ပုံက ငြိမ်းမှ မြင်ရတဲ့ပုဂ္ဂိုလ်က ငြိမ်းတာကို မှီပြီး ပွားချင်စိတ်လေးပေါ်လာမယ်။
အဲဒီကမှတစ်ဆင့် မေတ္တာတွေပွား သွားမှာပေါ့နော်။
ဒါကြောင့် မေတ္တာပွားရင် ကိုယ့်ကိုကိုယ်မေတ္တာနဲ့ အငြိမ်းဓါတ်လေး အရင်ပြန့်အောင် လုပ်ရမှာပါ။
၄။ နောက်ဆုံးတစ်ခုက“နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ” ။
ကိုယ်ရတာအပေါ် ကိုယ်နဲ ့ထိုက်လို့ရတာပဲလို့ နှလုံးသွင်းမှန်သွားရင် နောက်ထပ် လိုချင် ၊ ရချင်တာတွေ ငြိမ်းသွားမယ်။
ဒါဆို သမုဒယ အကြောင်းမလုပ်ရင် ဒုက္ခအကျိုးလည်း မပေါ်တော့ဘူး။
ဒါဆိုရင်တော့ နောက်ဆုံး “ နှလုံးစိတ်ဝမ်း အေးချမ်းရပါလို၏ ” ဆိုတာနဲ့ ကိုက်သွားပြီနော် ။
အဲ အချုပ်ပြန်ကြည့်ရင် ရှေ့(၃) ခု ဖြစ်တဲ့ ဘေးရန်ခပ်သိမ်းငြိမ်းပါစေ။
ဒေါသခပ်သိမ်း ငြိမ်းပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းပါစေဆိုတဲ့အချက်တွေက သမုဒယ နဲ့ ဒုက္ခ ကနေ ငြိမ်းတဲ့ဆီကို ပို့ပေးတာပါပဲ။
နောက်ဆုံး “နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ” ဆိုတာကတော့ မဂ္ဂနဲ ့ နိရောဓရဲ့ ငြိမ်းချမ်းတဲ့အာရုံကို ယူလိုက် တာပါပဲ။
အခုတော့ မေတ္တာပို ့ နည်းလေးလည်း သိသွားပြီမို ့ ပညာမပါပဲ ရွတ်နေတဲ့ ဘဝကနေ ပညာဉာဏ်လေး ဦးစီးပြီး အမှန်ုကို သိနိုင်တဲ့ မေတ္တာအစစ်ရဲ့ ငြိမ်းရာဆီသို့ ဘေးရန်ကင်း၊ ဒေါသကင်း၊ ဆင်းရဲကင်းပြီး ကိုယ်စိတ်နှလုံး ငြိမ်းချမ်းမှုတွေ ရကြပါစေလို ့ ကိုယ့်ကိုကိုယ်ရော အားလုံးကိုပါ မေတ္တာပို ့ ရင်းနဲ့ပဲ ငြိမ်းလိုက်ကြပါစို့လား။
3 comments
ငပေါက်ဖော်
December 30, 2011 at 9:12 pm
သိချင်နေတာနဲ ့အတော်ပါပဲ ဗျာ
ဆရာလေးပြောသလို ကြားဖူးတယ်ခင်ဗျ
တစ်ယောက်ယောက်ကို စိတ်ထဲက မှန်းပြီး မေတ္တာပို ့ရင် ဘာဖြစ်တယ်.ညာဖြစ်တယ် ဆိုတာလေးပါ
ဒါဟာ မေတ္တာပို ့တာ မဟုတ်ပဲ သမုဒယ ပွါးတာသာဖြစ်ကြောင်း ဆရာလေးရှင်းမှ ပေါက်တော့တယ်
ဒါပေမဲ့
ဟုတ်မဟုတ်တော့ မစမ်းဖူးဘူး
ဒါဟာ စိတ်စွမ်းအင်တွေအကြောင်း ကောင်းကောင်းနားလည်တဲ့လူတွေ ပဲသိမယ်ထင်တယ်
မိုးချမ်းမြေ့
December 31, 2011 at 3:55 pm
မေတ္တာသုတ်မှပါတဲ့…မူ(၁၅)ချက်အတိုင်းဆိုရင်တော့…မေတ္တာဆိုတာ…သစ္စာစိုက်ပို့ချင်ရင်တစ်ခုစဉ်းစားမိတာရှိတယ်..။ `သက္ကော`…စွမ်းစွမ်းတမံရှိခြင်းဆိုတဲ့..တစ်ခုကိုကြည့်လိုက်ပါ..။ ဥပမာ…အဖွားအိုတစ်ယောက်လမ်းဖြတ်ကူးမယ်ပေါ့..။ အသက်ကလည်းကြီး..လှုပ်ရှားမှုကလည်းနှေးကွေးနေတာမို့…အန္တရယ်အပေါင်းခညောင်းနေနိုင်တဲ့အချိန်အခါမျိုးမှာ…စွမ်းဆောင်ပေးရမယ့်ပုဂ္ဂိုလ်ဘက်ကနေ…အဖွားအိုကျမ္မာပါစေ..။ချမ်းသာပါစေ..။ အန္တရယ်မှ..ကင်းလွတ်ငြိမ်းပါစေ…လို့…စိတ်နဲ့စွမ်းဆောင်..နှုတ်နဲ့စွမ်းဆောင်ပြီး..ကြိုက်တဲ့သမာဓိမျိုးနဲ့…မေတ္တာပို့နေလို့ရပေမယ့်…ကားတွေသိပ်ရှုပ်ထွေးနေရင်တော့…မလွယ်ရေးချမလွယ်ပါဘူး…။ ဒါဆိုရင်..မေတ္တာမူထဲက… `သက္ကော`…စွမ်းစွမ်းတမံရှိခြင်းဆိုတာဟာ…သက်ရောက်မှုဝေးနေပါလိမ့်မယ်..။ တကယ်လုပ်ရမယ်..စွမ်းဆောင်မှုဟာ…ကိုယ်တိုင်သွားပြီး…အဖွားအိုကိုလမ်းတစ်ဖက်ရောက်အောင်..စွမ်းဆောင်ပေးလိုက်တာက..ပိုပြီး..မေတ္တာသက်ဝင်ရာရောက်ပြီး..လွတ်မြောက်မှုဆိုတဲ့..နိယောဓဆိုက်မယ်လို့ထင်ပါတယ်..။
whowho
December 31, 2011 at 6:02 pm
ဟုတ်ကဲ့။ အဲလို မူ-၁၅ချက်တွေဘာတွေတော့ သိဘူးဗျ။ ဖြစ်နိုင်ရင် ပြောပြပေးပါဦးနော်။ မှတ်ထားရအောင်။ တကယ့်ဆင်းရဲကင်းလိုတဲ့ ရည်ရွယ်ချက်ခြင်းတော့ ကွာမယ်ထင်တယ်ဗျာ။ ခုပြောပြတဲ့ ဥပမာမျိုးမှာက တာဝန်သိစိတ် တစ်ခုထဲနဲ့ကိုပဲ ပြီးပါတယ်။ ကိုယ့်ရှေ့မှာ အဖွားအို၊ အဘိုးအို၊ ကိုယ်ဝန်ဆောင်သည်တွေ …စတဲ့ အားနည်းသူတွေအပေါ် ထားတဲ့ စိတ်အနေနဲ့ကတော့ ကူညီတတ်တဲ့ တာဝန်သိစိတ်နဲ့တင် အလုပ်ဖြစ်ပါလိမ့်မယ်နော်။ ကျနော်တင်တဲ့ပို့စ်မှာက အထူးတလည် မေတ္တာပို့ခြင်း အလုပ်ကို လုပ်ဆောင်နေ တဲ့အခါ စိတ်မှာ လွတ်စေလိုတဲ့ မေတ္တာသည် ဘယ်ထိ ဦးတည်ထားရမလဲဆိုတဲ့ target ကို လှမ်းထောက် ကြည့်ခြင်းပါပဲ။ တကယ့် ဒုက္ခက လွတ်စေချင်တဲ့ မေတ္တာအရင်းခံထားတဲ့စိတ်နဲ့သာ မေတ္တာပို့ပေးမယ်ဆိုရင် ဥပေက္ခာနဲ့ ယှဉ်ထားပြီးသားမို့ အဲလိုလုပ်လို့ ဘာပြန်ရရမယ်ဆိုတဲ့ သမုဒယ တောင့်တမှုတွေကင်းနေမှာပါ။ ဒီတော့ ကိုယ်လည်းငြိမ်း၊ သူများလည်း ငြိမ်းမှာပဲမို့ အနှောင်အဖွဲ့ကင်းသော မေတ္တာပို့ခြင်းနဲ့ မေတ္တာပွားပို့ကြ ပါစို့လား။