စာအုပ်လေးမှတဆင့်…
ဒီည ကျနော်အွန်လိုင်းပေါ်တက်ဖို့ ကြိုးစားရင်း စက်ထဲကစာအုပ်တစ်အုပ်ကို
ဖတ်နေမိတယ် စာရေးဆရာမ ဂျူးရေးတဲ့ “သူမင့်ကိုဘယ်တော့မှ” ဆိုတဲ့စာအုပ်လေးပါ
ဒီစာအုပ်ကို အရင်ကလည်းဖတ်ဘူးပြီးပါပြီ။ ဒါပေမယ့် ခုလောက်သိပ်ပြီးမစဉ်းစားမိခဲ့ပါ
ဆင်းရဲခြင်းထောင်ချောက် ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဘို့ရာ မျိုးဆက်တိုင်းမှာ
တာဝန်ရှိတယ် ၊ ကံဆိုတဲ့စကားလုံးကို အလွန်သုံးတဲ့မြန်မာလူမျိုး ၊ ဒီစကားလုံးတွေက
ဒီနေ့ညမှ ရင်ကိုလာထိနေပါတယ်။ ဆင်းရဲတဲ့အတွက် ဆုံးရှုံးမှုတွေများနေရတယ်
ဒီနေ့လူတကာပြောနေကြသော ပညာခေတ်မှာ ကျနော်တို့လို ရွာသားတွေ
ပညာမတတ်လို့ဆုံးရှုံးမှုတွေ တနင့်တပိုးကြုံတွေ့နေရတယ်။
လူတိုင်းပညာကိုသင်သင့်တယ် ဒီလိုအမြင်တွေ
နဲ့ရေးထားတယ်လို့ တွေးနေမိတာပါပဲ ။ ဒီဇာတ်လမ်းထဲမှာပါတဲ့ မင်းသမီး အေးငြိမ်းမေ
အလွန်ဆင်းရဲတဲ့သူ ဒါပေမယ့် သူမက ပညာကိုလိုလားတယ် မိဘက ကျောင်းမထား
ပညာမသင်ပေးနိုင်ပေမယ့် ထောက်ပံ့မဲ့လူရှိလို့ ပညာဆက်သင်ခွင့်ရတယ်။
ကျနော်မျက်မှောက်မှာကြုံနေရတဲ့အရာနဲ့ နည်းနည်းဆန့်ကျင်သွားတယ်
ကျနော်တို့ကြုံတွေ့နေရတာတွေကဒီလိုမရိုးစင်းလှပါ ဒီလိုဆင်းရဲတဲ့ကလေးကို
ထောက်ပံ့ပီး ပညာသင်ပေးလိုပေမယ့် မိဘက ခွင့်မပြုတာတွေ ဒုနဲ့ဒေးပါ။ ဒီတော့
ဆင်းရဲသားတွေ အရာရာတိုင်းမှာ အောက်ခြေအဆင့်ကမတက်နိုင်ဖြစ်နေရတော့တာပေါ့
ဟုတ်ပါပြီ ဆင်းရဲပေမယ့် ပညာကိုကြိုးစားသင်ယူလို့ ဘွဲ့ရသွားတဲ့ လူတစ်ယောက်ကရော
ဘာတွေများထူးပြီးတိုးတက်သွားနိုင်ပါသလဲ။ ဒါကကျနော်ဆန့်ထွက်တွေးမိတဲ့
အတွေးတစ်ခုပါဒီနေရာမှာ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်
လူငယ်တစ်ယောက်ပေါ့ဗျာကျောင်းပြီးလို့ ဘွဲ့တက်ယူတဲ့နေ့မှာ ဘွဲ့ဝတ်စုံကြီးဝတ်ပြီး
သူ့ညီကိုပြောပါတယ်တဲ့ညီရေ ညီလည်း အစ်ကို့လို
ဘွဲရပညာတတ်ကြီးဖြစ်အောင်ကြိုးစားကွာလို့…
ဒီတော့ညီဖြစ်သူက ပြန်မေးပါတယ်တဲ့ ကိုကိုရေ ဘွဲ့ရတော့ ဘာလုပ်လို့ရလဲဟင်
ဟု ဒီအခါမှာ အစ်ကိုပြန်ဖြေလိုက်တဲ့ စကားက အပြင်ပန်းကြည့်ရင်ရယ်စရာလို့ထင်ရ
ပေမယ့် တကယ်တမ်းတော့ စိတ်မကောင်းစရာ ဝမ်းနည်းစရာပါ
အဲ ညီရ ဘွဲ့ရရင်လေ..ဒီလိုဝတ်စုံကြီးဝတ်ရတာပေါ့ကွဟူသတတ်…
ကဲ..ဒါကတော့ ပညာခေတ်မှ ဆင်းရဲခြင်းထောင်ချောက်သို့ သက်ဆင်းနေရသော
ကျနော်တို့လို အောက်ခြေလူတန်းစား ပညာတတ်များပါ…
ဒီနေရာ ပြောစရာတွေမေးစရာတွေရှိလာပါလိမ့်မည်။
ဒီဇာတ်လမ်းမှတွေးစရာလေးများ တော်တော်များများကိုတော့
ရရှိပါသည်။ ကျနော် စာရေးဆရာမဂျူး၏ ဝတ္ထုကိုဝေဖန်ခြင်းမဟုတ်ပါ
ကျနော်တွေးမိသော အတွေးများသာဖြစ်ပါကြောင်း …………
ပိုမိုကောင်းမွန်သောအနာဂတ်ကိုဖန်တီးရန်မျိုးဆက်တိုင်းမှာတာဝန်ရှိတယ်
နောက်ထပ်ကျနော်တွေ့မိတာလေးကတော့ ဒီစာအုပ်ထဲမှာပါတဲ့
တရားသူကြီးပါ။လေးစားမိပါတယ် သူ့လိုတရားသူကြီးမျိုးတွေ
ကျနော်တိုနိုင်ငံမှာပေါများလာစေဘို့လည်းဆုတောင်းမိပါတယ်။
နောက်တစ်ယောက်ကတော့ ဆရာဝန်မကြီးပါ သူ့ရဲ့လုပ်ဆောင်ချက်
စေတနာတွေကိုလည်းအံ့ဩချီးကျူးမိပါ၏။ဒီလိုဆရာဝန်မျိုးလည်းလိုအပ်
ပါသည်။ကျနော်တွေ့ကြုံခဲ့ရသောတရားသူကြီးတစ်ယောက်အကြောင်း
ပြောပြလိုပေမယ့်မပြောတော့ပါဘူး။နောက်ထပ်ဆရာဝန်အကြောင်းလည်း
ပြောချင်တယ်ဗျ။ဒါပေမယ့်လည်း ကျနော့်ကြောင့်သူတစ်ပါးတွေထိခိုက်နစ်
နာရမှာစိုးလို့ မပြောတော့ပါ။သိလိုလျှင် ကျနော်နှင့်ဆုံသောအခါမေးမြန်းနိုင်ပါသည်။
ကျနော်တို့ကျောင်းသားဘဝကငြင်းခုန်ခဲ့ကြဘူးသော အမှန်ပြောရရင်တော့
ကြီးကြီးကျယ်ကျယ်စကားလုံးတွေပြောကြည့်ကြတာပါ။
နိုင်ငံတစ်နိုင်ငံတိုးတက်ဘို့ စိတ်ဓာတ်နဲ့နည်းပညာဘာအရေးကြီးလည်းဟု
ဒီအချိန်မှာအဖြေကရှင်းနေပေမယ့် လူငယ်ဘဝကအမြင်မို့ ကွဲလွဲနေကြပါတယ်
ကျနော်နဲ့သူငယ်ချင်းသုံးယောက်ကစိတ်ဓာတ်လို့ပြောပါတယ်။ကျန်တဲ့သူငယ်ချင်း
တွေက နည်းပညာလို့ပြောပြီးငြင်းခုန်ကြတာပေါ့။ခုချိန်ပြန်တွေးကြည့်ရင်
ရယ်စရာတော်တော်ကောင်းနေပါတယ်။နောက်ပိုင်းတော့နည်းပညာလို့ပြောတဲ့
သူငယ်ချင်းတွေကျနော်တို့ကိုအရှုံးပေးပါတယ်။
ကျနော်တို့တွေစိတ်ဓာတ်တွေသာကောင်းကြရင်ဒီနိုင်ငံတိုးတက်လာမှာအမှန်ပါ။
ဒီလိုပြောလို့ အားလုံးကိုစိတ်ဓာတ်မကောင်းကြဘူးလို့ သိမ်းကြုံးစွပ်စွဲတာမဟုတ်ပါ။
ပတ်ဝန်းကျင်မှာမြင်တွေ့နေရတာတွေကိုပြောပြခြင်းမျိုးတာဖြစ်ပါတယ်။
ဥပမာတစ်ခုပြောပါမယ်။ကျနော်နေတဲ့ရပ်ကွက်မှာ မိုးတွင်းဆိုရင်လမ်းတွေက
ဗွက်ထလေ့ရှိပါတယ်။အဲ့ဒီဗွက်ထနေတဲ့နေရာလေးကိုကျနော်ငွေအကုန်အကျခံပြီး
သဲကျောက်ခင်းပါတယ် သဲကျောက်တစ်စီးကို၁၅၀၀ဝကျပ်ပေးရတာပါ။
သဲကျောက်ချပေးသွားပြီးဒီသဲကျောက်ကိုလမ်းပေါ်ဖြန့်ဖို့ရာ
အနီးအနားအိမ်တွေကကူညီသင့်တယ်မဟုတ်လားဗျ။
ဒါပေမယ့်လည်းအိမ်နီးနားချင်းတွေ တစ်ယောက်မှထွက်မလာကြပါဘူး။
သဲကျောက်နှစ်စီးလုံးကို ကျနော်တစ်ယောက်တည်းဒိုင်ခံဖြန့်လိုက်ရတာပေါ့။
အစတော့ကျနော်တော်တော်ဒေါသထွက်မိတယ်ဗျို့။
ဒီတော့ကျနော့်အလှူဟာကုသိုလ်မရပဲအကုသိုလ်ဖြစ်သွားရတာပေါ့။
တကယ်ပြောရရင်ကျနော်စိတ်ဓာတ်မကောင်းခဲ့ စိတ်မထားတတ်ခဲ့တာပါ။
နောက်ပိုင်းတွေကျတော့ကျနော်စိတ်ထားတတ်သွားပါတယ်။ပျက်နေတဲ့လမ်း
တွေတံတားတွေတတ်နိုင်သလောက်ပြင်ပါတယ်။ဘယ်သူလာပါဦးလာကူပါဦး
ကျနော်မခေါ်ပါ။လာမကူလည်းဘာမှမခံစားတော့ပါ။ဒီလိုနဲ့ကျနော်စိတ်ဓာတ်ကောင်း
လေးမွေးကြည့်တာပေါ့။နောက်ပိုင်းတော့လူတွေနားလည်လာကြပါတယ်။
ကျနော်လုပ်နေတာတွေ့ရင်ဝင်ကူကြတယ်လေ။
ကျနော်တို့အားလုံးဒီလိုစိတ်မျိုးလေးတွေမမွေးမြူသင့်ဘူးလားနော်။
ကျနော်တို့နိုင်ငံမှာဒါမျိုးစိတ်ထားလေးတွေရှိတဲ့လူတွေ
များလာစေချင်ပါတယ်။တကယ်လည်းပေါများလာသင့်တာပါဘာလို့လည်းဆိုတော့
ကျနော်တို့ဟာဗုဒ္ဓဘာသာဝင်တွေမဟုတ်လား။ပြီးတော့အတိတ်ရှိတဲ့လူမျိုး
သမိုင်းရှိတဲ့လူမျိုး ယဉ်ကျေးမှုရှိတဲ့လူမျိုးတွေလေ။
အရင်ကကမ္ဘာမှာမြန်မာပြည်ဟာသူခိုးမရှိတဲ့နိုင်ငံဖြစ်ခဲ့တယ်လို့စာထဲမှာဖတ်ဘူး
တယ်ဗျ။ ကဲဘယ်လောက်ချစ်စရာကောင်းတဲ့လူမျိုးလည်း ဒီတော့ကျနော်တို့တစ်တွေ
ဟာ ဆရာမဂျူးရဲ့ ဇာတ်လမ်းထဲကလိုတရားသူကြီး နဲ့ဆရာဝန်မတို့လိုလူတွေ
အများကြီးလိုအပ်တာပေါ့။ဒီလိုလူမျိုးတွေသာများလာမယ်ဆိုရင်….
ကျနော်တို့ခေတ်ရောက်ရမည်မှာမလွဲပါဟု…….
ဆက်လက်အတွေးဖြန်ကျက်မိပါသည်။ဒီလိုစိတ်ဓာတ်မျိုးတွေ
မွေးမြူပြီးကျနော်တို့ဟာပိုမိုကောင်းမွန်သော အနာဂတ်ကိုဖန်တီးသင့်တယ်
မဟုတ်လားဗျာ။
8 comments
ငပေါက်ဖော်
January 3, 2012 at 11:06 am
အတွေးတွေ မဖြန် ့ကျက်ချင်သေးပါ အာစိရေ
ခေါင်းထဲပေါ်တာသာ တန်းလုပ်ချလိုက်ပါရစေတော့
လွတ်လပ်စွာ စီးမျှောကြပါလေ…
ကျနော်ကတော့ မျောနေပြီ
blackchaw
January 3, 2012 at 3:04 pm
ကိုထွန်းဝင်းလတ်ရေ
ဖတ်သွားတယ်ဗျို့။
nozomi
January 3, 2012 at 3:30 pm
ဆရာမ ဂျူး ကို အဲဒီစာအုပ်အကြောင်းမေးဘူးတယ်
စာအုပ်လေးက အော်စကာဆုတွေ ရသွားတဲ့ ကုလားကားလေးနဲ့ တူနေလို့ မေးကြည့်တာ
ဆရာမက အဲဒီရုပ်ရှင်ရဲ့ မူရင်း ဝတ္ထုလေး ဖတ်မိပြီး သဘောကျလို့ အိုင်ဒီယာလေးယူထားတာတဲ့ သူ စာအုပ်ရေးတဲ့အချိန်က ရုပ်ရှင်မထွက်သေးဘူးပြောတယ်
pooch
January 3, 2012 at 4:00 pm
ဆရာမဂျူးရဲ့ စာအုပ်တွေထဲက မှတ်မှတ်ရရ ရှိနေတဲ့စာအုပ်လေးပါ ……ဖတ်ပြီးတော်တော်ကြာတာတောင် အတွေးတွေ အမျှင်မပြတ်ခဲ့တာပါ….
water-melon
January 3, 2012 at 4:17 pm
ပိုမိုကောင်းမွန်သောအနာဂတ်ကိုဖန်တီးရန်မျိုးဆက်တိုင်းမှာတာဝန်ရှိတယ်
မျိုးဆက်တိုင်းကရော ပိုမိုကောင်းမွန်သောအနာဂတ်ကိုဖန်တီးပေးနိုင်မှာလား
အောက်ခြေရော
အလယ်ရော
အထက်ရော အားလုံးပေါ့ ကောင်းမွန်တဲ့စိတ်ထားထားနိုင်ရင် ဒို့ပြည်ကြီးတိုးတက်ပါပြီ
weiwei
January 3, 2012 at 4:55 pm
အဲဒီစာအုပ်ဖတ်ဖူးတာ သိပ်မကြာသေးဘူး … ဖရဲသီးပုံလေးနဲ့ မဟုတ်လား …
ကိုနိုပြောတဲ့ ကုလားကားကို ကြည့်ဖူးတယ် … အဲဒီနှစ်ခုကို အခုမှပဲ ဆက်စပ်မိတော့တယ် …
ဆရာမဂျူးရဲ့ဇာတ်လမ်းတွေက နိုင်ငံခြားဝတ္ထုတွေကို မှီငြမ်းတာများတယ်လို့ သတိထားမိတယ် …
ဇာတ်လမ်းတွေက စိတ်ဝင်စားဖို့ကောင်းပြီး အတွေးကောင်းလေးတွေပေးလို့ ထွက်သမျှ မလွတ်တမ်း ဝယ်ဖတ်ဖြစ်ပါတယ် ….
windtalker
January 3, 2012 at 9:21 pm
အိမ်း
ကိုထွန်းဝင်းလတ် ရေ
အများကြီး ကြိုးစားဖို ့လိုသေးတယ်ပေါ့ဗျာ
small cat
January 4, 2012 at 6:40 am
ကိုထွန်းဝင်းလတ်ရဲ့လုပ်ဆောင်ချက်ကိုလေးစားပါတယ်၊ ဒါမျိုးတွေ ကျနော်လည်းစလုပ်နေပါတယ်။