တောင်သူလယ်သမားဘဝ …
ကျုပ်ကိုအဖေကပြောဘူးတယ်…သားရေ တောင်သူ..တောင်သူလို့ ဘာလို့ခေါ်သလဲသိလားတဲ့
ကျုပ်ကမသိဘူးလို့ ဖြေတဲ့အခါ…. ကျုပ်တို့ရွာရဲ့ အရှေ့ဘက်က တောင်တန်းပြာကြီးကို လက်ညှိုး
ထိုးပြပြီး…အဖေတို့ဘဝဟာ ဟိုးတောင်တန်းကြီးလိုဘဲ နေပူလည်းခံ..မိုးရွာလည်းခံဆိုတော့..
အဲ့ဒီတောင်ကြီးတွေနဲ့တူလို့ တောင်သူလို့ခေါ်တာတဲ့..တကယ်တော့ အဖေပြောတာလည်း
ပြောလောက်ပါတယ်…ကျုပ်တို့တောင်သူတွေရဲ့ဘဝဟာ..နေပူမရှောင်မိုးရွာမရှောင် နွား
တွေနဲ့အတူဖက်ပြီး အလုပ်လုပ်ရပါတယ်…တောင်သူဆိုတာ ဖင်ထဲရွံ့တစ်တောင်လောက်ဝင်မှ
ထမင်းစားရတာကွဆိုတဲ့ အဖေ့စကားကိုလည်းကျုပ်ကြားယောင်နေဆဲပါ….လယ်သမားဘဝ
မှာ ပင်ပန်းဆင်းရဲမှာစိုးလို့ အဖေက ကျုပ်ကိုပညာတတ်ကြီးဖြစ်အောင်ကြိုးစားဘို့ အမြဲပြောဆို
ဆုံးမခဲ့ပါတယ်…ကျုပ်လည်း ပညာကို ကြိူးစားသင်ယူခဲ့ပါတယ်…ဒါပေမယ့် ကျုပ်ဟာ..
လယ်သမားသားဆိုတော့ ဒီအလုပ်ကိုဘဲ ခုထိလုပ်ကိုင်နေရတာ အဆန်းတော့မဟုတ်ပါ..
ပညာတွေသင်ဘွဲ့တွေရပြီးချိန်မှာ..အိမ်မှာနေပြီး အဖေ..အမေတို့နဲ့နေပြီးဒိုးတူဘောင်ဘက်
လုပ်ကိုင်စားသောက်ကြမယ့်..ကိုယ်ထက်အကြီးတွေက အိမ်မှာဘယ်သူမှမရှိကြတော့..
အဖေ့ရဲလုပ်ငန်းတာဝန်တွေက ကျုပ်အပေါ်ကျရောက်လာခဲ့တာမဆန်းပါဘူး……….
တကယ်တော့ ဒီလုပ်ငန်းကိုလုပ်ကိုင်မယ်လို့ ကျုပ်ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး….
ဘာလို့လည်းဆိုတော့ ဒီလုပ်ငန်းဟာပင်ပန်းဆင်းရဲတယ်ဆိုတာကိုယ်တွေ့မို့ပါ…..
ကျုပ်တောင်သူလုပ်ငန်းကို ငယ်ငယ်ကတည်းက အဖေနဲ့အတူ လုပ်ကိုင်ခဲ့ရတာ
မို့ သိခဲ့တာပါ … မနက်စောစောထ လယ်ထဲကိုနွားတွေနဲ့အတူသွား ထယ်ထိုးရ
ပါတယ်…ကျုပ်တို့လယ်ကမိုးရေခံမို့ ပိုပင်ပန်းပါတယ်…ပျိုးကြဲ .. ထယ်ထိုးပြီး..
မိုးရွာမဲ့ရက်ကိုမျှော်ရတော့တာပါ … မိုးရွာပြီဆိုတာနဲ့ လယ်ထဲဆင်းထွန်ရေးငင်
ရတော့တာ…. မိုးရေခံဆိုတော့ ဒီရေက လယ်ကွက်ထဲမှာ ကြာကြာမနေပါဘူး..
ဒီတော့ ထွန်ရေးညက်အောင်တစ်ခါတည်းထွန်ပြီး…တစ်ခါတည်းစိုက်တာပါ..
ပျိုးသက်ကတော့ တစ်လကနေ လေးဆယ့်ငါးရက်အတွင်းစိုက်ကြရတာပါ..
တစ်ခါတစ်လေမိုးနည်းတဲ့ နှစ်ဆိုရင် ပျိုးသက်ကနှစ်လလောက်ထိဖြစ်သွားတတ်
ပါတယ်… ထွန်းရေးငင်ထားတာနောက်ရက်ဆိုရင် လယ်ကွက်ထဲမှာ ရေမရှိ
ဖြစ်တတ်တာမို့ တောက်လျှောက်စိုက်ဘို့ရာ စီစဉ်ရပါတယ်…မနက်လေးနာ
ရီခွဲလောက်ကနေ ဆယ်နာရီလောက်ထိ လယ်ထွန်းပြီးရင် ထမင်းစားခဏနား
ထမင်းစားပြီးရင် စိုက်ပျိုးဘို့ရာအတွက် ပျိုးနှုတ်ရပါတယ်..ပျိုးနှုတ်တယ်ဆိုတာ
ကလည်း…လွယ်လွယ်မရပါဘူး… မနှုတ်တတ်သူတွေဆိုရင် ပျိုးမျှစ်မှာ မြေကြီး
တွေကပ်ပါပြီး ကောက်စိုက်သမတွေ ကောက်စိုက်ရာမှာ အခက်တွေ့တတ်ပါတယ်..
ပျိုးနှုတ်ပြီးတာနဲ့ ကောက်စိုက်သမတွေလိုအပ်တဲ့ နေရာမှာ ပျိုးတွေချပေးရပါတယ်..
ဒီလိုနဲ့ ညနေရောက်တဲ့ထိမနားရတော့ပါဘူး…စိုက်လို့ပြီးသွားရင်လည်း လစဉ်မိုးက
ရွာမှ စပါးကောင်းပါတယ်..လစဉ်မိုးမရွာရင် စပါးအထွက်ညံ့တော့တာပါဘဲ..စပါးထွက်
ညံ့တဲ့နှစ်ဆိုရင်တောင်သူတွေဒုက္ခရောက်ရတော့တာပါပဲ … စားစရာမရှိပေမယ့်…
စပါးအဝယ်ဒိုင်ကိုတော့ စပါးသွင်းရတာမို့ပါ..( ခုတော့ စပါးမသွင်းရတော့ပါဘူး..)
စပါးမရှိလို့မသွင်းနိုင်ဘူးလို့ပြောလို့မရပါဘူး… စပါးမသွင်းနိုင်တဲ့တောင်သူတွေကို
ရဲစခန်းခေါ်ပြီးစပါးသွင်းမလားမသွင်းဘူးလားလို့မေးပါတယ်… စပါးသွင်းမယ်လို့
ပြောတဲ့လူတွေကို လက်မှတ်ထိုးခိုင်းပြီးပြန်လွှတ်ပေမယ့်..စပါးမသွင်းနိုင်တဲ့တောင်သူ
တွေကတော့ အချုပ်ခန်းထဲဝင်ရတော့တာပါ…ဒီတော့မိသားစုတွေကမနေနိုင်ကြ
ပါဘူး..မရှိရှိရာရှာကြံပြီး ဒိုင်ကိုစပါးသွင်းရတော့တာပေါ့…ဒီလောက်ဆင်းရဲပင်ပန်း
စွာလုပ်ကိုင်စားနေရတဲ့ သူတွေကိုမညှာမတာလုပ်ရက်လိုက်တာလို့ တွေးမိပါတယ်..
တောင်သူတွေဟာ စပါးတွေသိမ်းပြီးတော့ရော နားရပါသလားလို့ မေးကြည့်ပါ…
မနားရပါဘူး…စပါးအထွက်မကောင်းတဲ့နှစ်ဆိုရင် ဝမ်းစာစပါးရဘို့နွေစပါးကို
စိုက်ရပါတယ်..ကျုပ်တို့ဆီက ဆောင်းရာသီဟာ တော်တော်အေးပါတယ်…
ဒါပေမယ့် တောင်သူတွေဟာ အအေးဒဏ်ကိုအန်တုပြီး နွေစပါး…စိုက်ဘို့ရာ
အတွက် လယ်ထဲဆင်းကြရတယ်…တချို့ကတော့ မြေပဲစိုက်ကြပါတယ်..
ဒီနေရာမှာ ခင်ဗျားတို့ကပြောမယ်…လောဘကြီးလို့ လုပ်တာကိုးလို့…
အဲ့လိုမဟုတ်ကြပါဘူး…တောင်သူမိသားစုမှာစီးပွားရေးဆိုတာ လယ်
ကအပြင်ဘာမှ မရှိကြတော့ မိသားစုစားဝတ်နေရေးကို ထိန်းဘို့ရာ..
လယ်ကိုလုပ်နိုင်မှ တော်ကာကျတာပါ… စားဘို့အတွက်၊ ဝတ်ဘို့အတွက်၊
လှူဒါန်းဘို့အတွက်၊ သာရေးနာရေးအတွက် အကုန်လုံးဒီလယ်ထဲကရတဲ့
စပါးတွေကိုသာ အားကိုးနေကြရတာပါ…. ဒါကြောင့်လယ်သမားတွေ
ဟာ မိုးစပါးပြီးနွေစပါး တစ်နှစ်လုံးလည် နေရတော့တာပေါ့…..
တောင်သူတွေရဲ့ ဘဝမှာ ပျော်စရာဆိုလို့ ကောက်စိုက်ချိန်မှာ ပျိုးနုတ်လက်စားလိုက်ကြချိန်ရယ်..
စပါးတွေသိမ်းပြီးလို့ ပွဲစားလို့ခေါ်တဲ့ စပါးယပ်ပွဲရယ်ဘဲ ရှိပါတယ်.. ပျိုးနုတ်လက်စားလိုက်တယ်
ဆိုတာကတော့ ကိုယ့်လယ်အတွက် ပျိုးနုတ်မယ်ဆိုရင်လယ်နီးနားချင်းတွေကို ခေါ်ရပါတယ်..
သူတို့တွေကလာပြီး ကိုယ့်ပျိုးခင်းမှာ ပျိုးနှုတ်ကူကြပါတယ်… အဲ့ဒါကိုလက်စားယူတယ်လို့ခေါ်
ပြီး…ကိုယ်ကသူတို့လယ်တွေကို ပြန်ကူနှုတ်ရခြင်းကိုတော့ လက်စားချေတယ်လို့ခေါ်ကြပါတယ်..
အဲ့လိုပျိုးနှုတ်လက်စား..ထွန်ရှဉ်းလက်စားတွေ ရှိကြတယ်ဗျ..ထွန်ရှဉ်းလက်စားဆိုတာကတော့
ကိုယ်လယ်ထွန်ယက်ချိန်မှာ လယ်နီးနားချင်းက တောင်သူတွေကိုယ်လယ်မှာ သူတို့နွားနဲ့
လာထွန်ကူသလိုသူတို့လယ်တွေထွန်ယက်ချိန်မှာလည်း…ကိုယ်ကပြန်ထွန်ကူရပါတယ်..
အဲ့လိုပျိုးနှုတ်ချိန်တွေမှာ ထမင်းကျွေးကြရပါတယ်….ပျိုးနှုတ်ပြီးလို့ အလုပ်မောမောနဲ့
ဆိုတော့ စားလည်းစားနိုင်ကြပြီး ပျော်စရာလည်းကောင်းပါတယ်…တစ်ဦးနဲ့တစ်ဦး
စကြနောက်ကြနဲ့ပေါ့ဗျာ…. စပါးသိမ်းချိန်ကြတော့ သီတင်းကျွတ်ပြီးရင် ကျုပ်တို့ဆီမှာ
မိုးကနည်းသွားပြီ တန်ဆောင်မုန်းလဆန်းဆို စပါးတွေမှည့်ပြီး လယ်ကွင်းတစ်ခုလုံး
ရွှေရောင်ဝင်းနေတော့တာ… တန်ဆောင်မုန်းလဆန်းပိုင်းမှာ စပါးတွေ စရိတ်ကြပါပြီ..
ကျုပ်တို့ဆီက အညာဒေသ အပူပိုင်းဒေသတွေလို မြွေမပေါတော့ စပါးရိတ်ပြီး
ကောက်လွှာတွေကို လယ်ကွက်ထဲမှာဘဲ ဒီအတိုင်းနေလှန်းထားပါတယ်…အနည်းဆုံး
နေသုံးရက်လှန်းပါတယ်…နေလှန်းမှ ကောက်လွှာခြောက်ပြီး စပါးတွေလည်းခြောက်သလို
နွားစာအဖြစ်ကောက်ရိုးအကောင်းကိုရနိုင်ပါတယ်…ကောက်လွှာခြောက်ပြီဆိုရင် ကောက်လှိုင်း
စည်းရပါတော့တယ်….ကျုပ်တို့ဘက်ကကောက်လှိုင်းကို ဝါးကနေဖြာယူထားတဲ့ နှီးနဲ့စည်းကြသဗျာ..
နှီးဆိုတာကတော့ တန်ဆောင်မုန်းလဆန်းမှာ တောထဲကိုသွားပြီး သိုက်ဝါးအနုတွေကိုခုတ်ပြီး
နှစ်ဆစ်သုံးဆစ်တွေဖြတ်ပြီး ဝါးကိုခွဲ အတွင်းသားကိုလွှာထုတ်ကျန်တဲ့ အသားနဲ့အကြောကို
တစ်လွှာခြင်းခွာထုတ်ရတာပါ..ကျုပ်တို့အခေါ်ကတော့ နှီးဖျာတယ်ပေါ့ဗျာ…
နှီးကလည်းတခြားလတွေဆိုမကောင်းဘူးဗျ…တန်ဆောင်မုန်းလကို ဖျာတဲ့နှီးမှ ကောင်းတာ
ဝါးကလည်းမနုမရင့်ဆိုတော့ နှီးကလည်းမပျော့မမာလေးပါ…ဝါးစိမ်းကနေဖျာလို့ရတဲ့နှီးကို
နေပူမှာသုံးရက်လှန်းရပါတယ်…နောက်ဆုံးရက်မှာတော့ နေပူလှန်းတာကိုမရုတ်တော့ဘဲ
နှင်းခံရပါတယ်..နှင်းဆိုတာကတော့ ဆောင်းတွင်းမှာမိုးပေါ်ကကျလာတဲ့ဟာကိုပြောတာပါ..
အဲ့ဒီနှီးတွေနဲ့ ကောက်လှိုင်းစည်းကြရတာပါ…ကောက်လှိုင်းစည်းရာမှာလည်း ကျုပ်တိုလို
လူကြီးလက်နှစ်ဘက်နဲ့ သုံးပွေ့ကို ကောက်လှိုင်းတစ်လှိုင်း စည်းပါတယ်…ကောက်လှိုင်းစည်း
နေချိန်မှာဘဲ ကောက်လှိုင်းတွေထားဘို့နဲ့ စပါးနင်းဘို့ရာ တလင်း ထွင်ရပါတယ်..တလင်းထွင်
တယ်ဆိုတာကတော့ လယ်ကွက်ကို ရိုးပြတ်တွေ မြက်တွေရှိမနေအောင်ရှင်းရတာပါ….
တကယ်လို့မြေကပျော့နေရင် မာအောင်နွားနဲ့နင်းခိုင်း ဖိတုံးနဲ့ဖိပြီးမြေမာလာအောင် မြေကျပ်
အောင်လုပ်ရပါတယ်..ကောက်လှိုင်းတွေစည်းလိုလည်းပြီး တလင်းလည်းရပြီဆိုရင်
တလင်းထဲကို ကောက်လှိုင်းတွေလှည်းနဲ့ တိုက်စုရပါတယ် ကောက်လှိုင်းတွေတလင်းထဲ
မှာ ဆင့်စီထားတာကိုတော့ကောက်ဆိုင်ဆိုင်တယ်လို့ပြောကြပါတယ်…ပြီးရင်စပါးနင်းကြ
ရပါတယ်…စပါးနင်းတယ်ဆိုတာက ကောက်လှိုင်းတွေကို တလင်းထဲမှာ စီပြီး နွားနဲ့
နင်းရတာပါ …အများစုကတော့ သီးထောင်ပြန့် နင်းနည်းနဲ့ နင်းကြပါတယ်..သီးထောင်
ပြန့်ဆိုတာကတော့ ကောက်လှိုင်းတွေကို အသီးကို အပေါ်ဘက်ထောင်ပြီး စီကာနင်းရတာပါ
စပါးနင်းတာကိုတော့ နွားအနည်းအများကိုလိုက်ပြီး ကောက်လှိုင်းကိုလည်း အနည်းအများ
စီနင်းကြတာပေါ့…. စပါးနင်းပြီးသွားပြီဆိုရင် စပါးကိုပုံပြီး ပွဲစားလုပ်ကြပါတော့တယ်…..
ပွဲစားဆိုတာကတော့ ပုံထားတဲ့စပါးကို လူတွေကဝိုင်းပြီး စကောနဲ့ ယပ်ခတ်ရတာပါ….
အဲ့လိုဝိုင်းယပ်ကြတော့ စပါးအဖျင်းတွေကအပြင်ကိုလွင့်ထွက်ကုန်ရော…ပွဲစားလုပ်ပြီဆိုရင်
စပါးမယပ်ခင် ပုံထားတဲ့စပါးကို ပုန်းမကျီနတ်ကို အရင်ပူဇော်ရပါတယ် ..တောင်းတစ်လုံးထဲကို
ထမင်း၊ဟင်း၊ကောက်ညှင်းကျည်တောက်၊ကြက်ဥပြုတ်နဲ့ပန်းတွေထည့်ပြီး နောက်နှစ်တွေကို
စပါးများများရစေဘို့ ဆုတောင်းရတာပါ…အဲ့ဒီကကျလာတဲ့ ပူဇော်စာတွေကိုတော့ အင်ထိုးတဲ့
လူကဘဲ စားခွင့်ရပါတယ်…အင်ထိုးတယ်ဆိုတာက ပုံထားတဲ့ စပါးပုံကစပါးတွေကို ကော်ပြီး
တလင်းရဲ့ သတ်မှတ်နေရာကို ပက်ပေးရတာပါ..အင်ကတော့ အသားကို လင်ပန်းအဝိုင်းပုံထွင်းထားတဲ့
အပြားပါ..အဲ့ဒါကိုရွှေကျင်ရာမှာလည်းသုံးကြပါတယ်..အင်သမားက ပက်ပေးတဲ့စပါးကို
ဘေးနားကလူတွေက စကောနဲ့ယပ်ထုတ်ကြရပါတယ်….ပြီးသွားရင်တော့ စားကြသောက်
ကြပေါ့ဗျာ…အခုတော့ဒါတွေဟာနည်းပါးလာကြပါပြီ…စပါးခြွေလှေ့စက်တွေပေါ်လာ
တော့ အဲ့ဒါကိုသုံးလာကြပါတယ်….စပါးယပ်ပွဲစားပြီးရင်တော့ စပါးပုံထဲက ကောက်စိုက်ခ၊
စပါးရိတ်ခတွေ ပေးရပါတယ်…ပေးစရာတွေပေးပြီးမှ ကိုယ့်အိမ်ကိုစပါးပို့ရတာ………….
စပါးသိမ်းပြီးပြီဆိုရင်တော့ မြေပဲစိုက်မဲ့ တောင်သူတွေက မြေပဲခင်းအတွက် စဆင်းကြ..
နွေစပါးစိုက်မဲ့လူတွေကလည်း ပျိုးထောင်ကြရပြန်ပါတယ်…ဒါတွေစိုက်ပြီးရင်..နောက်နှစ်အတွက်
လိုအပ်တဲ့ ဝါး၊ ခြံတိုင်၊ အိမ်သုံးထင်းတွေကို တောထဲမှာသွားခုတ်ရတော့တာ..ဒီလိုနဲ့ ကျုပ်တို့
တောင်သူတွေဘဝလှည့်ပတ်နေတော့တာပါ…..
7 comments
windtalker
January 4, 2012 at 9:20 pm
အေးဗျာ….တစ်နှစ်လုံး ကောက်စိုက် ၊ ကောက်ရိတ် ၊ ခြွေလှေ ့၊ ပြီးရင် စပါးပွဲစား ၊ ဒိုင် ဆီမှာ ရောင်း ၊ အားလုံး ပြီးရင် အစက ပြန်စ နဲ ့၊ တောင်သူတွေရဲ ့ဘဝ ဟာ တစ်ကယ်ကို ပင်ပန်းကြီးမားလှကြောင်း သိလိုက်ရပါပြီ ဗျာ ။
kotun winlatt
January 4, 2012 at 11:04 pm
တောင်တန်းကြီးတွေလို နေပူခံမိုးရွာခံလို့
တောင်သူလို့ ခေါ်သလို…
လယ်ပြီး..အခင်းးး အခင်းးပြီး လယ်….
အဲ့လို လည်နေလို့… လယ်သမားလို့ခေါ်တယ်လို့
ကျနော်တို့ အချင်းချင်းပြောနေကြ စကားပေါ့..ဆြာပေရယ်…။
manawphyulay
January 5, 2012 at 11:53 am
တောင်သူလယ်သမားတွေကြောင့် ပြည်သူအများ ရပ်တည်မှုရခဲ့တယ်ဆိုတာလည်း ပြောစရာမလိုပါဘူး။ ခုနောက်ပိုင်းမှ တစ်သီးစား နှစ်သီးစားလုပ်လာလို့ နည်းနည်းချောင်လည်လာကြတာပါ။ အရင်တုန်းကတော့ နွားတွေနဲ့ အတူတူ နေပူမိုးရွာမရှောင် စိုက်ပျိုး ရိတ်သိမ်း စပါးလှမ်းလုပ်ခဲ့ရတာပါ။ ခုနောက်ပိုင်းမှ စက်တွေနဲ့ လည်ပတ်လာတော့ နွားတွေကိုသိပ်အသုံးမပြုရတော့ နည်းနည်းသက်သာလာပါတယ်။ ဒါပေမယ့် ဆန်ဆိုတာ ဘယ်ကရလဲ အိုးထဲက ရတယ်ဆိုတာတဲ့ တောင်သူလယ်သမားတွေရဲ့ ကြိုးစားမှုကြောင့် အများပြည်သူတွေ ရပ်တည်မှုအတွက် အသက်ရှင်ရပ်တည်နေတယ်ဆိုတာလည်းမမှားပါဘူး။
lusoegyikoko
January 5, 2012 at 12:33 pm
မြန်မာနိုင်ငံမှာ လူဦးရေ 70 ရာနှုံးက တောသူတောင်သား တောင်သူလယ်သမားများဖြစ်ပါတယ်။
ဒီအခြေခံ လူတန်းစားတွေရဲ့ ဘဝ ကို ဘယ်လိုဆွဲတင် မှာလဲ။ ကွန်မြူနစ် ဆိုရှယ်လစ် သာတူညီမျှရေး
အလုပ်မဖြစ်ပါဘူး။ဈေးကွက် စီးပွားရေး ဒီ မို က ရေ စီ ကယ်တင်နိုင်မ လား။ အနောက်မှာတော့ wallstreet သိမ်းပိုက်တဲ့။အစိုး ရသစ် ဘယ်လိုလုပ်မလဲ။ ဘဝများစွာက်ို ရင်ဘတ်နဲ့ ခံစား တဲ့ ခေါင်းဆောင်
လိုချင် စမ်းပါဘိ။
Thel Nu Aye
January 5, 2012 at 4:36 pm
၈၈ အရေးအခင်းတွေကျောင်းပိတ်တော့ရွာကိုသွားလည်တာ တနှစ်လုံးနီးပါးနေဖြစ်တော့တောသူတောင် သားတွေရဲ့ဘဝကိုအစအဆုံးအနီးကပ်မြင်ခဲ့ရပါတယ်။ လယ်ထဲလဲကိုယ်တိုင်လိုက်ခဲ့တော့သူတို့ဘဝ ကိုအသေးစိတ်သိခဲ့ရပါတယ်။ အရမ်းကိုပင်ပန်းသလောက်အကျိုးခံစားခွင့် လဲနဲပါးပါတယ်။ လယ်ပိုင် ရှင်တွေတောင်ဒီလိုအကျိုးခံစားခွင့်နဲတော့ လယ်ကူလီ၊ကောက်စိုက်သမတွေဆိုတာပြောမနေနဲ့တော့။ အရမ်းကိုပင်ပန်းဆင်းရဲပါတယ်။
တညင်သား
January 5, 2012 at 6:44 pm
တောင်ယာ လုပ်ကိုင်တဲ့သူ တောင်သူ…… လယ်ယာ လုပ်ကိုင်တဲ့သူ လယ်သမား …ခေါ်လိုက်တော့ တောင်သူလယ်သမား ..
ကျုပ်လဲ ရေးဖို့ဂာျိုးစားနေတာ ခင်ဗျားရေးတော့ ကောင်းတာပေါ့…. ဝေဖန်ရရင်တော့ ဇာတ်သိပ်မနာသေးဘူး..
ပညာတွေသင်ပြီးပြီ ဆိုတော့ စက်ကရိယာတွေနဲ့ လုပ်ကြည့်ပါလား .. ကျွန်တော်တို့ဘက်မှာကမရဘူး မိုးများတယ်.. နိုင်ဂျံဂါးမှာ တောင်သူလယ်သမား ရာသီကုန်တဲ့အထိ ရွံ့တစက်မှမပေဘူး……….ဆန်ဖြစ်တဲ့အထိ စက်နဲ့လုပ်တာ
hmee
January 5, 2012 at 7:52 pm
စပါးက နယ်ပြီးလို့ စပါးပုံကြီး ပုံထားတုန်း အခါမဟုတ် မိုးကလာလို့ အပြေးအလျွှားကျီထဲထည့်။ အလျှင်မမှီရင် ပင်ပန်းထားသမျှ သွားပါလေရော။ စပါးနယ်တဲ့ညဆို အမေတို့တွေ ည ၁၁နာရီ ၁၂နာရီထိ စပါးတိုက်ရတာ မှတ်မိတယ်။ တောင်သူဘဝဟာ အလွန်ပင်ပန်းပါတယ်။ မျှော်လင့်ချက်နဲ့ စိုက်ထားပြီး စပါးမရတဲ့ နှစ်များ ၂နှစ်လိုက် ဆက်တိုင်ကြုံပြီဆို အခံရှိတဲ့လူဆို ခံသာပေမဲ့ မရှိမဲ့ရှိမဲ့ လယ်လုပ်ရသူမှာ နလန်ကို တော်တော်နဲ့ မထူနိုင်ပါဘူး။ တနှစ်တနှစ် လယ်ထဲကို ထည့်ရတဲ့ လယ်စါးရိတ်က နဲမှမနဲတာကို လယ်များသူဆို စာရိတ်တင် ၅၀၊၆ဝလောက်ကုန်တာကိုး။ စပါးဒိုင်ဆိုလို့ အမှတ်ရတာရှိသေးတယ် ငယ်ငယ်တုန်းက စပါးအကျေသွင်းပြီတာကို ထပ်သွင်းခိုင်းတာ မသွင်းနိုင်ဘူး ငြင်းလို့ အိမ်မှာ အဖေမရှိချိန် ကိုယ်ဝန်ကြီးနဲ့ အမေ့ကို ဖမ်းသွားလို့ အဖေတယောက် အိမ်ပြန်ရောက်ရောက်ခြင်း စိတ်တိုပြီး ချက်ချင်း တိုင်းအထိတက်တိုင်တာ မှတ်မိသေးတယ်။ ပြုတ်ကုန်တာမှ တတွဲကြီးပဲ။ အမှန်တော့ ကြောက်မလားခြောက်တာ မကြောက်ပဲ ပြန်လုပ်တော့ ပြုတ်တာပေါ့။