တိန်. ..ဂုံ ...ဂလုံ ဂွမ်း....
"တောက် ..အိပ်ယာထ နောက်ကျရတဲ့အထဲ သည် သောက်ရေးမပါတဲ့ ပုလင်းတွေတိုက်မိပြီး
ကွဲပြန်ပြီ ...တံမျက်စီး သေချာလှည်းဦးမှ .... ဟိုကောင်တွေထလာရင် စူးနေဦးမယ် .... "
ခေါင်း တဆစ်ဆစ် ကိုက်သည့်ကြားမှ သွားတိုက်တံ ပစ်ချကာ မကျေနပ် ရေရွတ်ရင်း ဘေဇင်ရှေ့မှ လဲလိုလဲ ကွဲလိုကွဲ ဖြစ်နေသော ပုလင်းတွေကို
ဆာလာအိတ် အလွတ်ထဲ ရှင်းထည့်မိ၏။ ကျနော် လား ..ကျနော် ဟာ ကျနော် ပေါ့ဗျာ ...ကျနော် နာမည် မင်းမင်းတဲ့ ။
ဟိုကောင်တွေဆိုတာလား ...ကျနော်နဲ့ အတူ အခန်းစုငှားနေတဲ့ ဘော်ဒါတွေပေါ့ဗျာ။ ပုလင်းတွေလား ...ဟဲဟဲ
..ယောက်ျားလေး ၅ယောက် လူစု အခန်းငှားနေကြပါတယ် ဆိုမှတော့ မန်ကျည်းဖျော်ရည် ဇီးဖျော်ရည် ပုလင်းတွေ
ဖြစ်မလားဗျာ ..စဉ်းစားသာ ကြည့်ကြပါတော့...။
ငနဲသားတွေနဲ့ ဆန်းဒေးမှာ လှိမ့်တွယ်လိုက်ကြတာ ..ခုထိ တကောင်မှ မနိုးဘူး ...အိပ်ကြတာများ သိုးလို့ ..။
ကျုပ်တို့ ၅ယောက်ဆိုတာ အသက် အစိတ် ပါတ်ချာလည် ရှိပြီး နယ်မြို့ အသီးသီးက နေ ရွှေမြို့တော်ကြီး
ကိုရေ ကြည်ရာ မျက်နုရာ လာရောက်လုပ်ကိုင် စားသောက် နေကြရတဲ့ လူငယ်တွေပေါ့ဗျာ ...။
လူတစ်ကိုယ် စိတ်တမျိုးမို့ ကျုပ်တို့ မတူတာတွေရှိပေမယ့် သူစိမ်းပြင်ပြင် ရွှေမြို့တော်ကြီးမှာ ..
ခင်ရာ ဆွေမျိုးလုပ် ပြီး တယောက်အကောင်းအဆိုး တယောက်သည်းခံရင်း ..ဘဝတိုက်ပွဲဝင်နေတဲ့ ငတိတွေ
ဆိုပါတော့ ...ကဲပါလေ ..နောက်ပိုင်း အကျယ် ပြောပြမယ့် ကျုပ်အကြောင်းခနထား.။
သည်ကောင်တွေ နာမည်တွေနဲ့ အလုပ်အကိုင်တွေ အကြောင်း အရင် မိတ်ဆက်ပေးဦးမှ ...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်မိုး
အညာသား။ ညိုညို ဖိုင့်ဖိုင့်။ ဆံပင် ကဂျာရစ်ကေ နဲ့ ...။ စကားပြောရင် အညာသား ပီပီ ..ခင်ဗျာ့ ..က စပြောတယ်..ကျုပ်ပြောပြမယ်
"ခင်ဗျာ့ ..မန်ချက် ကိုလျော့ တွက်တာကိုးဗျ ။ ခင်ဗျာ့ ဒိုလေး မရှိတော့မှ ပိုတောင် ကစားအား တက်လာသေး...။ ခင်ဗျာ့ နည်းပြရဲ့
သမာ္ဘကိုလည်း ကြည့်ဦးလေ... ခင်ဗျာ့ ......" ။ သည်လို .. စကားပြောရင် ချက်နဲ့ လက်နဲ့ ပြောတတ်တယ်..။ အညာသား စကားကြွယ်တယ်
ပေါ့ဗျာ။ သည်ကောင့် အလုပ်ကတော့ ကွန်ပျူတာပြင်တဲ့ ဆိုင်တဆိုင်မှာ လုပ်တယ်။ လခကတော့ သိန်းဂဏန်း မပြည့်ဘူးပေါ့ဗျာ ။
လခ သိပ် ကောင်းတယ် မဆိုနိုင်ဘူးဗျ ...ဒါပေမယ့် အပြောအဆို တတ်ပြီး လူဝသလောက် ဖင်ပေါ့တဲ့ ငတိ ဆိုတော့ ...
တခါတခါ အောက်ဆိုက် လေးတွေတော့ ရ တတ်သပေါ့။ အောက်ဆိုက် ဆိုတာ သည်လို ....။သူတို့ဆိုင်က ဆားဗစ်ပေးနေကျ ..ရုံးတွေ
ဘာတွေက ပီစီ အသစ်ဝယ်ချင်တဲ့အခါမျိုး ...အလွတ်သဘောနဲ့ စနေ တနင်္ဂနွေတွေမှာ သူ့ကို ၅ထောင်မျိုး ၁သောင်းမျိုးပေးပြီး
စက် လိုက်ဝယ်ခိုင်းတာပေါ့ ..။ တခါတခါလည်း သူ့ချည်း ငွေထုတ်နဲ့ လွှတ်တယ် ဘောင်ချာ နဲ့ ပြန်အပ် ပေါ့။ ဒါမျိုးတွေမှာ အရောင်းစာရေးမ
လေးတွေကို လက်ဖက်ရည်လေး မုန့်လေးကျွေးပြီး ဈေးစစ်တယ်ပေါ့ .. ဘောင်ချာမှာတော့ ကပ်ထားတဲ့ ဈေး အတိုင်း ဖွင့်ပေါ့ဗျာ ..
ကြားက ဟ နေတာလေး စား ပေါ့။ တခါတလေလည်း စက်ဆင် ဝင်းဒိုးတင် ဗိုင်းရပ်စ် သတ် နဲ့ တခါတခါ အတော် လေး ငွေစ ရွှင်သဗျ...
သူ့ဆိုင် ကို လာတဲ့ လူ တခါတခါ သူနဲ့ တင် ပြီး တယ်ပေါ့ဗျာ ....တော်သေးဘီ သူ့အကြောင်း..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်စိုင်း
သူကျ တမျိုးဗျ။ တောင်ပေါ်သား ...ဗမာ စကား တောင် လည်လည် ဝယ်ဝယ် မတတ်ဘူးရယ်။ သူငယ်ချင်း ကအစ ကတ်စတမ်မာ အလယ်
ဘုန်းကြီး သီလရှင် အဆုံး နင် နဲ့ ငါ ဆိုတဲ့ နာမ်စားပဲသုံးတယ် ..။သူ့ အလုပ်လား ..သူက . အဲကွန်း ၊ရေခဲသေတ္တာ
ဆားဗစ်ဆင်ဆိုင်မှာ လုပ်တယ် ။ နာမ်စားကိစ္စ သွားပြောမလို့လား ..မပြောနဲ့ မောမယ် ။ ရှမ်းက ဘာပြောတယ်မှတ်သလဲ ...။
"နင်တို့ကွာ အလုပ်ရှုပ်ခံလို့ ..ပြောလို့ ဖြစ်ပီးတာပဲ "...ဆိုပဲ ..။
ဒါပမယ့် သူ့ကို ရိုင်းပြတယ် လို့တော့ မမှတ်နဲ့ ဗျ။ သက်ကြီး ရွယ်အို တုန်ချိတုန်ချိများ ဘတ်စ်ကားပေါ်တွေ့လို့ကတော့ အဲ့အဘိုး/အဘွား
ဆင်းမယ့် မှတ်တိုင်ထိ လိုက်ပြီး အိမ်တိုင်ရာရောက် ပို့ပေးတတ်သေးတာ ...။ "အဘိုး ဖြည်းဖြည်းဆင်းနော် ..ငါကိုင်ထားပေးမယ် ..နင့် ဒူးက
သိပ်ကောင်းတာ မဟုတ်ဘူးရယ်" ။ ကဲကြည့် ..အဲ့လို လူတစ်မျိုးပါဆို။ ဝါဆို ကထိန် ဆိုရင် သင်္ကန်းဖိုး မတတ်နိုင်ပေမယ့် ဖိနပ်တော့ အမြဲ
ခေါ်လှူနေကျ ကောင် ။ ဥပုသ် မစောင့်နိုင်ပေမယ့် ငတိက လပြည့် လကွယ် ဆို အရက် မသောက်ဖူးရယ်။ ဘိုင်ကတော့ အမြဲ ကျနေလေ့ရှိတယ်
ဒါပေမယ့် ငနဲသားက ဆားနဲ့ ငြုပ်သီးနဲ့ စား ဆိုလည်း စားတယ်..။အေးဆေးပဲ ။ သိပ် ဟက်ဟက်ပက်ပက် ပျော်တာ မတွေ့ဖူးသလို သိပ်လည်း
ဝမ်းနည်းတတ်တာ မဟုတ်ဘူးရယ်။ သူ့ရဲ့ အားနည်းချက်ကတော့ ဒေါသကြီးတာ စိတ်ဆတ်တာပဲ ...။ တခါသား ငတိ ငွေလိုလို့ သူ့ မိဘ ဆင်ထားတဲ့
လက်စွပ်လေး သွားပေါင်ပြီး အပေါင်ဆိုင်က အထွက် ..ကလေးချီထားတဲ့ မိန်းမတယောက် ခါးပိုက်နှိုက်ခံရလို့ပါ နယ်ကပါ ဘာညာ ဆိုပီး ပါတ်ချွဲ
နှပ်ချွဲလုပ်တော့ သနားတတ်တဲ့ ငတိက ငွေထုတ်ပေးသတဲ့လေ...။ ဒင်းကို မမှတ်မိတဲ့ သူတောင်းစား လူလိမ်မ ကံဆိုးချင်တော့ ဒင်းတို့ ဆိုင်နား
ဒါမျိုးအပေါက်ထပ်ချိုးတာ တွေ့တော့ ..ဘယ်ပြောကောင်းမလဲ ..ရေပိုက်ပြင်တဲ့ ခွနဲ့ ကို လိုက်တာ ...လူအဆွဲမြန်လို့ ..နို့မို့ ဒင်းစိတ်နဲ့ ...ဂျေးအောင်း
နေရလောက်ပြီ ... အမှုခေါင်းစဉ်က သူတောင်းစား ရိုက်မှု ...လူကြား ကောင်းမှာ ကို မဟုတ်ဘူး ... ဝှူး ... တော်သေးတယ် ...သူ့အလုပ်က
အလုပ်လက်ခံတဲ့အပိုင်း မဟုတ် ..ဝက်အူလှည့် ပလာယာ လက်ကမချရတဲ့ ပြင်ဆရာ ဆိုတော့ လူတွေနဲ့ သိပ် စကားပြောရတာ မဟုတ်လို့ ။
ဒါတောင် မေ့သလောက်ရှိတခါ။ ဘောကန်- ရန်ဖြစ် ရပ်ကွက်ရုံး ခံဝန်။ ဆိုက်ကားသမား ပိုက်ဆံပိုတောင်း-စကားများ-ဝိုင်းဆွဲ။ အာလူးသည်-အလေးခိုး-
ရိုက်မယ်နှက်မယ်လုပ်။ ဈေးရုံး-ခံဝန်..... ဝှူး ...မောပါ့..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်စော။
သူက ကျနော်တို့ထဲမှာ မင်းသား ။မြစ်ဝ ကျွန်းပေါ်ကလာတယ် ကရင်သွေးပါတယ်။ ကြင်နာတတ်တယ်။ စိတ်ထားဖြူတယ်။
ယောက်ျားလေးတန်မဲ့ အနေအထိုင် အကိုင်အတွယ် သိမ်မွေ့တယ်။ သူ့အလုပ်နဲ့ လည်း ဆိုင်မှာပေါ့နော ။ သည်ကောင်က male nurse ဆိုလား
nurse အကူ ဆိုလားပဲ ။ ပုဂ္ဂလိက ဆေးခန်းကြီးတခုမှာ လုပ်တယ် ။ အိမ်လည်း လိုက်တယ်ဗျ.. တမျိုးမထင်နဲ့ဦး ကိုယ့်ဆြာတို့ ...
အိမ်လိုက်တယ်ဆိုတာ သည်လို ..။ အလွန်ပွေလီသော ဂုဏ်သရေရှိ လူကြီးလူကောင်းများ အသက်ကြီးမှ လူသိမခံဝံ့သော ယောက်ျား ရောဂါများ
ရသည့်အခါ..(ကိုယ့်ဆြာတို့ သိပါတယ်) အမျိုးသမီးနာစ့်ငှားပြီးပြုစုခံဖို့ မသင့်တော်သော ရောဂါမျိုးနေမှာပေါ့ဗျာ ဒါမျိုးတွေဆို သည် ငတိ က
၁ပါတ်၁ဝရက် လိုက်ပါပြု စုပေးရသဗျ။ ဆေးထည့် ပတ်တီးစည်း၊ဖြေ စသည်ဖြင့်ပေါ့ ။ သူက မင်းသား ဆိုတာက သည်လိုဗျ .. လူပုံပန်း က
လူချောရယ်။ လုပ်ဖော်ကိုင်ဖက် နာ့စ်မလေးတွေ ..နဲ့ မုန့်လုပ်စားရတာနဲ့လျောက်လည် ရတာနဲ့ .... ရည်းစားတော့ မရှိသေးဘူးဆိုပဲ ။
အပုန်း လား ဆိုတော့လည်း မဟုတ်ဘူးဗျ။ သူက သည်လိုပဲ အားလုံးကို ဘော်ဒါ ပါပဲတဲ့ ...သည်ငတိ ရဲ့ မကောင်းတဲ့အချက်က service မှာ
စေတနာပါသလောက် ပိုက်ဆံဆို ကပ်စေးနှဲတဲ့အချက်ပဲ ။ သူ့ကိုယ်သူမှ မဟုတ်ရင် ဘယ်သူ့မှသိပ်သဒ္ဒါတယ် မတွေ့ဖူးဘူး ...
(ဒါကြောင့်များ စွံပုံစွံပန်းနဲ့ ရည်းစား မထား သလား မဆိုနိုင်...) တကိုယ်ကောင်းဆန်တဲ့ ညဉ် ကလေးရယ် ကိုယ်တိုင်က လေချဉ်တက်တိုင်း
ဒံပေါက်နံ့ ထွက်နေပါလျက် လကုန်ရက်တွေမှာ သူများဝယ်လာတဲ့ ပဲခြမ်းကြော်သုတ် ကို ဂုန်းဆင်းတတ်တဲ့ အကျင့်လေးရယ် ကို ..
ကျနော်တို့ နှာစေးချောင်းဆိုး ဖျားနာ တိုင်း သူ တွမ်တွမ်ထားတဲ့ ပါရာလေး ဘာမီတွန်လေးတိုက် ..ဆန်ပြုတ်လေး ပြုတ်ကျွေး တတ်တာလေးနဲ့
ဖြေရတာပဲဗျို့.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်ဦး။
သူက တော့ စနစ်သမား ။ စနစ်မကျလို့လည်း မရဘူးလေ .. သူက အရောင်း ကိုယ်စားလှယ်ပေါက်စ လုပ်တယ်ဗျ။ မျက်နှာ လေးထောင့်နဲ့
ရခိုင်အမျိုးသား တယောက် ။ လက်ဖက်ရည်ဆိုင်သုံး ပစ္စည်း တစ်မျိုးကို ရန်ကုန်တခွင် ပြဲပြဲစင် လိုက်ဖြန့်ဖြူး ရတဲ့အလုပ် ဗျ ...။
သူ့ ရဲ့ အဓိက ပြသနာ ကတော့ အကြွေးပေးရတဲ့ ကိစ္စပေါ့ဗျာ။ လူတွေများ ခက်သား ကလား .။ ဒါ သူ့ လက်ကိုင်စကား ....။ သူ့ ကိုခင်ဗျား
စကားစပ်ရင် မေးကြည့် ... သူကြုံတွေ့ရတဲ့ လက်တွေ့နဲ့ ယှဉ်ပြီး လူ့သဘော လူ့မနော ကို သည်လို ... ပြောပြပါလိမ့်မယ်။
"သည်လိုဗျ ..ကျုပ် အလုပ်က .... ပစ္စည်း အကြွေးပေးတယ် ဆိုတာမှာ ဆိုင် အရွယ်အစား နေရာ အနေအထား ဖြုန်းအား အဲ
နောက်ပြီး ယုံကြည်ရတဲ့ ကာလရှည်ဖောက်သည် ဒါမျိုးတွေကို ချိန်ဆ ပြီး ချထားပေးနိုင်တဲ့ ပစ္စည်း ပမာဏ၊ တန်ဖိုး ကွာတယ်ပေါ့ဗျာ ။"
"ဟိုဘက်လမ်း ဓါးလွယ်ခုတ်က ကျုပ် ယောက်ဖ ဖဲသမား ဆိုင်ကို ကျ ဘယ်လောက်ဖိုး ပေးပြီး ကျုပ် ဆိုင်ကျတော့ ဘယ်လောက်ဖိုးပဲ
ပေးတာ တရား သလား" တို့ ။
"အဲ့ကောင်မ ကချဲကြွေးတွေနဲ့ ပါတ်လည်ဝိုင်းနေတာ ...သူ့ကို အဲ့လောက်များများ ပေးရင် စိတ်မချရဘူး နော ..ဆြာလေး" တို့ ....။
ကျုပ်မှာ သူတို့ ကိုယ်ရေးကိုယ်တာတွေ မကြားချင်မှ အဆုံးဗျာ... ။ရောင်းအားကျရင် အကြွေး မပေးရင် အလိမ်ခံရရင်
သူဌေး ကျုပ်ကိုထောင်းမှာဗျ ။ ထိုသို့ပြောပြီးနောက် ကွမ်းကို ပြစ်ခနဲ ထွေးကာ ရခိုင်သားသည် ဟိုင်းလတ် ကားတံခါးကို ဂျိုင်းကနဲနေအောင်
ဆောင့် ပိတ်ပြီးနောက် မည်သည့်ဆိုင်သို့ ဆက်လက် ချီတက်ရန် ကားသမားအား ညွှန်ကြားလေတော့သည်။
ဟုတ်တယ်ဗျ .. ကျုပ်တို့ထဲမတော့ အသက်အကြီးဆုံးနဲ့ ရာထူးအမြင့်ဆုံးက သူပဲလေဗျာ .. ။ သူ့ ဦးလေးဝမ်းကွဲ သူဌေးက သူ့ စက်ရုံမှာ ဖြန့်ချိရေး
တာဝန်ခံ ခန့်ထားတော့ ဂျာ ပေါက်စ လိုပေါ့ဗျာ။ ကျုပ်တို့ အိမ်ရဲ့ ခေါင်သူကြီး ဆိုပါတော့ ...ခေါင်သူကြီးဆို ကိုဦးနာမည်နဲ့ ငှားထားတဲ့အိမ်လေဗျာ
သူက အားလုံးထက် လခကောင်းနိုင်ချေရှိပေမယ့် အားလုံးထက် ခြွေတာ စိစစ်ရတဲ့သူဗျ... ရဆို ...သူ့မှာ အိမ်ထောင်ရှိတယ်လေ.... ။တောက
မိဘ အိမ်မှာ သူ့ အခေါ်စောင့်နေတဲ့ ..ငယ်ကျွမ်းဆွေလေးဆိုပဲ ...။ မိဘ များသာမက ယောက္ခမများ ကို ထောက်ပံ့ရတဲ့ ကိုမောင်ဦးရယ်လေ ...
သူလည်း ကျုပ်တို့လို ကပြစ်ကညစ်လေးတွေကို အိမ်လခယူပြီး ဘယ် ခေါ်ထားချင်ပါ့မလဲဗျာ။ သူ့ သက်ထားလေး ကို ခေါ်ချင်ရှာမပေါ့ ....
အော် မပြည့်စုံတော့လည်း......သတင်းကျွတ် သင်္ကြန် ၁နှစ် ၂ခါ ဌာနေပြန်ရင်း အလွမ်း ဖြေရတာပေါ့...။ အလုပ်ကိစ္စ ပြန်ဆက်ကြစို့ ...
တကယ်တော့ ...မှန်တာပြောရရင် သူလည်း ၅ပါးသီလ မလုံရရှာဘူးရယ်လေ... အလိုက်အထိုက် ဆိုတဲ့ ဗမာစကား ကြားဖူးမှာပေါ့ဗျာ ...
ဖောက်သည်တွေကြား အလိုက် အထိုက်ပေါ့ နော ...။ တခါတလေတော့လည်း စက်ရုံက ဈေးချပေမယ့် မသိလိုက် မသိဖာသာ
အရင်ဈေးနဲ့ ဖြန့်ရတာတို့ ..တက်ရိပ်ရှိရင် အရောင်းပြပြီး ပစ္စည်းအနည်းငယ် အိမ်ပေါ်တင် လှောင်ပြီး တက်မှ
ပြန်လွှတ်တာတို့ ... ။၁ခါသွားရမယ့်ခရီး ကို ၂ခါ အသွားပြ ကားသမားနဲ့ ပေါင်းစား တာမျိုးတို့ပေါ့ ...။
ကျုပ်လား ... မင်းမင်းပါဆို ..ပြောမယ်ဗျ ကျုပ်အကြောင်း..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်မင်း။
ကျုပ်က အင်တာနက်ဆိုင် က စာရေးပေါ့ဗျာ ။ မောင်မိုး လိုတော့ မတတ်ဘူး ..နည်းနည်းပါးပါးတော့ တီးမိခေါက်မိရှိသကိုး ...။မောင်မိုးဆိုလို့
သည်မောင် ကျုပ်တို့ဆိုင်ကို service လာဝင်ရင်း မိုးချုပ်တော့ ယမကာလေးမီဝဲရင်း ဘဝ အကြောင်းလေးတွေ ပြောဖြစ်တော့ ..သူနေစရာ
အဆင်မပြေဘူးဆိုလို့ ကျုပ်နေတဲ့ ကိုမောင်ဦး အိမ်ပေါ် ကျုပ်ပဲ ဆွဲတင်ခဲ့တာရယ်။ ကျုပ်ဆိုင်က အင်တာနက် အပြင် မိတ္ထူ စာစီစာရိုက်ပါ
တွဲဖွင့်ထားတာကိုးဗျ.... ။ သည်တော့ သူများ အင်တာနက် ဆိုင် စာရေးတွေလို ကျုပ်က ကတ်စတမ်မာ ကို ဘယ်အလုံး အားတယ် ဝင်လိုက်ပါ
ဖွင့်ပေးလိုက်ပြီ ဘာညာ ဆာဗာ မှာ အခန့်သားထိုင်ရင်း ကောင်မလေးတွေနဲ့ ကျူမနေနိုင်ဘူးဗျ ...အပ်ထားတဲ့ မိတ္တူဆွဲ စရာရှိဆွဲ ..စာရိုက်စရာ
ရှိရိုက်.. သိပ် တော့ မချောင်ဘူးဗျာ ...။ ကျုပ်ဆိုင်ရှင်တရုတ်က ကျုပ်ကို တလတလ ..ရိုက်ရ ကူးရတဲ့ စာ..(ကျုပ်တို့အခေါ် အပ်ထည်ပေါ့) ပေါ့
မူတည်ပြီး ကော်မရှင် ပေးတယ်ဗျ...။ သည်တော့ လည်း မဆိုးဘူးပေါ့ခင်ဗျား...။ ကျုပ်မှာလည်း ကြားပေါက် ခွင် ကလေးတွေတော့ ရှိတာပေါ့ဗျာ
Virus definition အသစ်တွေ ဒေါင်းတယ် ရောင်းတယ်ပေါ့ .. ။ တခါတခါလည်း ဒေါင်းလုပ် အပ်ထည် လက်ခံတယ်...
(ကျုပ်က ၁ပါတ် ၁ခါလောက် ဆိုင် မှာ အိပ်တယ်လေ ...စက်တွေ virus ရှင်း ဆိုင်လည်း သန့်ရှင်းရေးလုပ် ..) ဒါမျိုးနေ့တွေမှာ
ကျုပ် ဒေါင်းလုပ် အပ်ထည် လက်ခံသည်ပေါ့....။ ဘာတွေဒေါင်းပေးသလဲ ဟုတ် စ ...ကျုပ် အတွေ့အကြုံ အရပြောရရင် အညှီအဟောက်
ရုပ်ရှင် သမားက ၈၀% လောက်ဗျ။ အတင်းအဖျင်းက ၁၅% ဆိုပါတော့ ကျန် ၅% လောက်သာ ပညာရပ်ဆိုင်ရာ ရုပ်ရှင် စာရွက်စာတမ်း နဲ့
မှတ်တမ်းမှတ်ရာတွေလေ ....။ ဒါတွေ ကျုပ်ဖြင့် နားမလည်ပါဘူးဗျာ ...ခုထိတော့ စီဒီ အလွတ် ၁ဗူးဝယ်ပြီး သည်လိုပဲ လုပ်စားနေရတာပဲ ...။
သည်လိုပါပဲဗျာ ..တခါတခါ ဘောစိ မသိအောင် ကျနော် လက်ခံပြီး အမြန်လုပ် အိပ်ထဲထည့်ပေးလိုက်ရတဲ့ အပ်ထည်တွေလည်း ....။
CV အစ လက်ရေးစာမူ အလယ် အကျိုးမျှော်နှိုးဆော်လွှာအဆုံး ကျနော်ရိုက်ဖူးပါတယ် ...။ အလိမ္မာ စာမှာ ရှိတဲ့ ...ကျုပ်အတွက်
တော့မမှန်ဘူးရယ်...။ သူတို့ စာတွေ ခံစားမနေနိုင် ..ကကြီးတွေ့ ကကြီးရိုက် A တွေ့ Aရိုက် ဒါပဲ .....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲပါလေ ..ဇာတ်လမ်း အဖွင့်ကို ပြန်ဆက်ရအောင် .. ။ ခုတလော ကိုမောင်ဦး စီးပွားရေးမကောင်း ...။ မကောင်းဆို ရာသီဥတု ဖောက်ပြန်လာလို့
နယ်ဘက်မှာ သိပ် စိုက်ပျိုးမဖြစ်ထွန်းတော့ .. ။တချိန်တည်းမှာ လူတွေ စည်းပွားမကောင်းလို့ ဆိုလား ..လက်ဖက်ရည်ဆိုင်တွေ ရောင်းမကောင်း ..။
ပစ္စည်း အမှာ လျော့ကျ ...သည်တော့ ...သူဌေးဖြစ်သူ ဦးလေးက ထောင်းသည်။ ထိုစဉ် ဝမ်းသာရမှာလား ပူပင်ရမှာလား မဆိုနိုင် ..
အိမ်သူသက်ထားဆီမှ... လူဦးရေ တိုးမည့် သတင်းက ဝင်လာသည်...။ ကမာ္ဘ့စီးပွားပျက် ကပ် ကို ကျနော်တို့ ၅ယောက်လုံး နားမလည်ပါ
သို့သော် ။တစ်လထက်တစ်လ စားရိတ်ပို ကုန်လာ၏ ။ သည်တော့ သူက ကျနော်တို့ကို အိမ်လခ တိုးတောင်းချင်သည်ဟု စကားစ သည်။
ကော်တရာ မောင်စော က ကိုဦး အူယောင်ငန်းဖျားဖြစ်စဉ် သူမည်မျှ ပြုစုခဲ့ရသည်ကို ကျေးဇူးမထောက်ဟု စွပ်စွဲတော့သည်။
နားပူမခံချင်သူ မောင်စိုင်းက သူ၏ တစ်ခုတည်းသော တန်ဖိုးရှိပစ္စည်းဖြစ်သော "လက်စွပ်ရောင်းပေးမယ်ကွာ" ဟု အော်ပြောပြီး ဝရံတာထွက်
ဆေးပေါ့လိပ်ဖွာနေသည်။
ဖြန်ဖြေရေးသမား အညာသားက .."ခင်ဗျာ့ ကိုစိုင်းနှယ့် ..ကိုယ့်ချင်း ကိုယ့်ချင်း ဘာညာ ..သာဒကာ "သွားလုပ်ရင်း ...ဒေါကကုမ္မာရ နှင့်
ညိတော့သည် ..။ ကျနော့်မှာလည်း ကျနော့် အပူနှင့်ကျနော်...။ ကျနော် ခိုးခိုးကူးနေသော CD-Writer ကြွသွားပြီ ...
အဆူခံရမလား ထိုမျှနှင့် မပြီးဘဲ လျော်ရမလား ..အလုပ်ပြုတ်မလား ...မဆိုနိုင်... .. လာမည့်နှစ် အထက်တန်းတက်မည့်
ကျနော့်ညီလေးကို ရာဘာစေး မခြစ်ခိုင်းရက်ပါ....။ ထို့ကြောင့် ဇက်သာပုနေလျက် အံကြိတ်ထားရ၏ ။
ကျနော်တို့ ဘာတွေလိုအပ်နေပါသနည်း .... ။ကျနော်တို့ ၅ယောက်စလုံး ...တချို့လည်း နေ့ကျောင်း တချို့လည်း စာပေးစာယူဖြင့်... ပညာရေး
ဆုံးခန်းတိုင်ခဲ့ သူချည်းသာဖြစ်သည်။ ကျနော် တခါက ရိုက်ပေးဖူးသော ကြွက်ပြေးလမ်း ဆိုတာလေးကို သွားပြေးသတိရမိသည်။
သို့သော် ထိုအကြောင်း.. အ.အ မုဒိန်းအကျင့်ခံထားရသလို သူတို့ကို ကျနော် ပြန်လည် ရှင်းမပြတတ်ပါ ...
ကိုယ်တိုင်လည်း ထွက်ရပ်လမ်း မသိပေ....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ဆုံး အချင်းချင်း ပုခုံးဖက်မိကြ၏ ... ကိုစောက သူ့ဂျင်းပန်လေး ရောင်းပေးမည် ကတိပြုသည်။ ကိုစိုင်းက လက်စွပ် ပေါင်ဦးမည်...။
ကိုမောင်ဦးမှ ဦးလေးသူဌေးကတော်ထံမှ ငွေချေးကြည့်မည် ဟု ဆိုလာသည်...။ မောင်မိုး နှင့် ကျနော်တို့က အိမ်လခ ၃၀၀ဝ စီ ပိုပေးသွင်း
မည်ဟု ကတိပြု လိုက်ပါသည်...။ ရေရှည်တော့ မည်သို့ ဖြစ်မည်လဲ ..ကျနော်မသိပါ ...။ လအနည်းငယ်တော့ ..ဖြေရှင်းနိုင်မည်ထင်သည်...
ယနေ့ညအတွက်မူကား .......ထွက်ရပ်လမ်း တခုတော့ တွေ့ပါသည် ...။ ၅ယောက်ပေါင်း ..ပြီး ငွေစုလိုက်တော့ မန္တလေးရမ်
၂လုံးဝယ်နိုင်သွားသည်...။ ကိုမောင်ဦးနှင့် ကိုစိုင်းတို့ သွားဝယ် ကြ၏ ...။ ပိုငွေ အချို့ကို ကိုင်ကာ ကျနော်နှင့် မောင်ဦး လမ်းထိပ် ကုန်စုံဆိုင်
သို့ ပြေးကာ မြေပဲနှင့် ဆေးပေါ့လိပ်အချို့ ဝယ်ခဲ့လေသည် ။ သည်အချိန် မောင်စော အိမ်မှညာ ကြက်သွန်လှီးနေပေလိမ့်မည်... ။ .
.ခေါင်းရင်းအိမ်မှတီဗီနှင့် တည့်တည့်ကျသော ပြတင်းပေါက် ဖွင့်ထားပါစေ ဆုတောင်းပါ၏..။ သည်ည ဘောပွဲနှင့် မြည်းမည် ....။
လက်တလောတော့ သောကတွေ ချုပ်ငြိမ်းမည် ထင်ပါသည်...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော့်အတွေးတွေ ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည် ။ တံမြက်စီး လှည်းတာ လက်စသပ်လိုက်ပြီး ..သွားတိုက်တံ ပါးစပ်ထဲထိုးထည့်လိုက်သည်... ။
အော် ... အလုပ်သွားရဦးမှာပါလား ...။
ခင်တဲ့
Inz@ghi
Post Views: 340
13 comments
windtalker
January 5, 2012 at 3:11 pm
နောက်ကို ထွက်ရပ်လမ်း ကို ရမ်နဲ ့မလိုက်နဲ ့
ဝီ နဲ ့လိုက် ။ ရမ် က အတက်အကျ မြန်တယ်
ဝီ က မှ ဖြေးဖြေးလေးနဲ ့ငြိမ့်ငြိမ့်လေး ပေါ့ကွယ်
ငပေါက်ဖော်
January 5, 2012 at 3:39 pm
မောင်ပေလဲ လာနေချင်လို ့ ရမလားတဲ့
ဂျီတော့ခ် ကမေးခိုင်းလိုက်တာ…
အဆင်ပြေရင် ပွဲခ မပေးပါနဲ ့..
အမှောက်ပဲ တိုက်ပါ
Moe Z
January 5, 2012 at 4:08 pm
အပေါ်ကနှစ်ယောက်ပါခေါ်လိုက်လေ မောင်ပေနဲ့ မောင်ပေါက်
ပုလင်းအတွက်က မောင်ပေါက်တာဝန်
အမြည်းက မောင်ပေတာဝန်ယူမှာပေါ့.. 😛
ငပေါက်ဖော်
January 5, 2012 at 4:10 pm
ပြောလိုက်ချမ်းဘာ..ပြောလိုက်ချမ်းဘာ
inz@ghi
January 6, 2012 at 8:07 am
ကျနော် အရက်ဖြတ်ထားတယ်ဗျ….
(မှတ်ချက်။ မနက်အိပ်ယာထချိန်မှ နေဝင်ချိန်အထိသာ)
😛
pooch
January 5, 2012 at 4:15 pm
ခုလက်ရှိ မြို့တက်လာတတ်တဲ့ နယ်ကသူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်ကလေး…….
လူတွေ က တခါတခါ အခက်အခဲလေးတွေကို ကျော်ရင်းဖြတ်ရင်း တဖြည်းဖြည်းချင်း ပြောင်းလဲလာတတ်တယ်… ..
အကောင်းဘက်ရော အဆိုးဘက်ရောပေါ့……. ကိုယ့်သန္ဓေကို လိုက်ပြီးတော့
များသောအားဖြင့်တော့ ဆင်းရတဲ့ဒဏ်ကို ယောက်ျားလေးတွေက ပိုပြီး ခံနိုင်ရည်ရှိတတ်ပါတယ်…….
အောက်ဆုံးကနေ လူးလွန့်ပြီးတတ်လာတတ်တဲ့ လူချမ်းသာများရဲ့ နောက်ကြောင်းကို ပြန်မေးရင် ဒီလိုလေးတွေ တွေ့ရတတ်တယ်… “ဘ” နဲ့ ” ဝ” ပေါင်းထားတဲ့ အတွေ့အကြုံများထဲက တစ်ခုပေါ့….
inz@ghi
January 6, 2012 at 8:08 am
ဟုတ်ပါတယ် မမပုချ်ရေ…
“ဘ”ကုန်းနဲ့ “၀”လုံးကို “စ” လုံးနဲ့ စရတာက မလွယ်ဘာဘူးဂျာ…
😀
manawphyulay
January 5, 2012 at 4:34 pm
အင်း… ခုတော့ ငါးယောက်ပေါင်း လောင်းကျော်လား…. ဒါဆိုရင်ဒီက ကိုရင်စည်၊ ကမ်းကြီးနဲ့ အီးတီ၊ ပေါက်ဖော်တို့လည်း လာနေချင်ပါသတဲ့ရှင်…
TTNU
January 5, 2012 at 5:21 pm
မောင်ဂီ
Profile ပုံ ပြောင်း လိုက်ပါတော့။
ဒီပုံကြည့်ပြီး ငါ့မှာ မောင်ဂီလို့ ရိုက်ပြီးသားကို မှားများနေသလားလို့
ထင်ပြီး Posted by inz@ghi ဟုတ်မဟုတ် ပြန်ကြည့်နေရတယ်။
ဦးဦးပါလေရာ
January 5, 2012 at 5:21 pm
ကိုယ်လျှောက်ဖူးတဲ့ လမ်းဟောင်းလေး ပြန်ကြည့်ရသလိုပဲ ….
ထပ်မသွားချင်တော့ပေမယ့်
လွမ်းတော့ လွမ်းသား……။
Khin Latt
January 6, 2012 at 5:40 am
အေးပါဟယ် …… မြန်မြန် အလုပ်သွားတာဘဲ ကောင်းပါတယ်။
ဘာဘဲ ဖြစ်ဖြစ် လှပတဲ့ ပန်းချီကားလေး ကိုတော့ ဖတ်ခဲ့ပါ၏။ 🙂
inz@ghi
January 6, 2012 at 6:51 am
အစ်မတော်ရေ …
အဲ့ဒါ ကျနော်နဲ့ ခင်တဲ့ နယ်ကလာနေတဲ့ ..သူငယ်ချင်း ၁၄-၅ယောက်လောက်
အကြောင်းကို စုပြီး လူ၅ယောက် လုပ်ထားတာပါ….
သူတို့မှာ ထိုက်သင့်တဲ့ ပညာအရည်အချင်းတွေ ရှိတယ် ….
သို့သော် experience မရှိ…
သူတို့မှာ ဝါသနာပါရာ ကိုယ်စီ ထူးချွန်ရာ field အသီးသီးရှိတယ်…
သို့သော် သူတို့မှာ ရွေးစရာ အလုပ်များများစားစား မရှိ…
သူတို့မှာ ကြိုးစား လိုစိတ် သင်ယူလိုစိတ် ရှိတယ်..
သို့သော် သင့်တော်သည့် learning environment မရှိ
သူတို့မှာ ငယ်ရွယ် ပျိုမြစ်မှု ရှိတယ်..
သို့သော် အရင်းအနှီး မရှိ….
ထိုသို့ ရှိခြင်း နှင့် မရှိခြင်းများကြားမှာ …
လက်တလော စားဝတ်နေရေးပြေလည်ရုံသာ ရှိတဲ့ …
အသက်မွေးဝမ်းကျောင်းပညာ မဖြစ်သော…(ဝါ)
ပညာရမှု နည်းပါးလွန်းသော (ဝါ) ဘယ်သွားသွား ပညာသည်အနေနဲ့
လုပ်စား နိုင်တဲ့ အနေအထား မရှိသော အလုပ်များကို လုပ်ကိုင်ရင်း…
ဘဝအမော ကို အရက်နဲ့ မျှောချနေကြရတယ်ဗျ…..
သည်လူတွေ နောက် ၁ဝနှစ် ..အနှစ် ၂ဝ ကြာတဲ့အခါ……?????
ဆြာတွေပဲ စူပနာနို ဆိုတော့နော် … ဂီ လည်ချောင်းနာနေလို့ …လစ်ပီ…
ဒက်ဂလောက် ဒက်ဂလောက်…….
ကြောင်ကြီး
January 6, 2012 at 10:51 am
လွယ်ပါဒယ်၊ အိမ်လခ တိုးမပေးရအောင် နောက်အိမ်ငှားတယောက် ဆွဲတင်လိုက်။ မလောက်သေးရင် နော်ကတယောက် နောက်တယောက်…..