ဗိုလ်ချုပ်ပေးသော အသိလေးများ-၃

who whoJanuary 6, 20121min1322

စာပေသဘောတရားနှင့် ပတ်သက်လို့ ဗိုလ်ချုပ်၏ ခံယူချက်ကား ဤသို့တည်း။

“စာပေသဘောတရားနှင့် ပတ်သက်၍ ၊ မိမိရေးလိုက်သည့် စာပေ သည် အမြဲတမ်းရှင်သန်နေရမည်။ အဖျက်သဘောမပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်။ ခေတ်မှီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်။ ရှိ ရင်းစွဲအရာတစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေ ရမည်။ ခေတ်အလိုက် လူ့လောကတိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်။ စာဖတ်ပရိသတ်အားလုံးအား တစ်နေ့ထက်တစ်နေ့ တိုးတက် ကြီးပွားစေမည့် စာပေမျိုးဖြစ်ရမည်။”လို့ ရေးသားထားတာကို ဖတ်ခဲ့ရသည်။

ဒီမှာပဲ ဗိုလ်ချုပ်ရဲ့ ရည်ရွယ်ချက်ကြီးမားပုံကို တွေ့ရပါတယ်။ အော် စာအုပ်စာပေ လူ့မိတ်ဆွေဆိုသလို စာပေမှ အသိအလိမ္မာတွေ တိုးစေ သလို အဆိပ်အတောက် ဖြစ်စေတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် စာရေးတဲ့အခါမှာ အထူးသတိထားလို့ ရည်ရွယ်ချက်ကောင်းဖို့ လိုအပ်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စာကိုဖတ်လိုက်လို့ စာဖတ်သူအတွက် အသိအလိမ္မာတွေ တိုးသွားမယ် ။ တနည်း စိတ်ခွန်အားတွေ တိုးလာပြီး ကြိုးစားချင်စိတ်တွေ ဖြစ် လာကြမယ်။ လက်ရှိအနေအထားထက် ပိုကောင်းအောင် ဖန်တီးနိုင်သော စွမ်းရည်တွေတိုးပွားလာမယ်ဆိုရင် ဒီလို စာမျိုး များများရေးသင့်ကြောင်း ဗိုလ်ချုပ်က တိုက်တွန်းလမ်းညွှန်ထားပါတယ်။

တဆက်တည်းလည်း ဗိုလ်ချုပ်၏ ဝါသနာနှင့် ဆန္ဒတို့ကို တွေ့ရပြန် တယ်။

“ဟေ့ကောင် ၊ ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော် ကိုင်ဖက် လူကောင်းတွေလွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေး ဆရာ လုပ်ချင်တယ်။ မင်းကလည်း စာရေးဆရာ ဖြစ်နေပြီဆိုတော့ ငါ့အဖို့ အဖော်လဲ ရတာပေါ့။ ငါတို့ ဆရာ တပည့်နှစ်ယောက် စာရေးစားရင် ဖြစ်နိုင်ပါ လိမ့်မယ်ကွာ။ တို့ နှစ်ယောက်စလုံး ဗမာလိုရော၊ အင်္ဂလိပ်လိုပါ စာတွေ ရေးကြမယ်။ ဒါမှလဲ င့ါမိသားစုအတွက် လောက်မယ်။ တကယ်ပါကွာ ငါက တက္ကသိုလ် ကျောင်းသားဘဝထဲက စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့တယ် ” ဟူ၍ သူ၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူအား ရင်ဖွင့် ခဲ့ဖူးလေသည်။

ကျနော်တအားလေးစားသွားတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပင်ပန်းတကြီး အားချိန်၊ နားချိန်မထားပဲ တစ်မျိုးသားလုံးကို လွတ်လပ်စေချင်တဲ့ ကြီးမားလှတဲ့ ရည်ရွယ်ချက်ကြီး ပြည့်မှီပြီးသွားရင်တော့ သူက ဘေးဖယ်နေပြီး စာရေးဆရာလုပ်မယ်တဲ့လေ။ သူ့ရဲ့ စာရေးခြင်း ဝါသနာနဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်း စာတွေရေးလို့ ဘဝကို ရှင်သန်သွားချင်တယ် ဆိုတဲ့ စိတ်ကလေးကို သိခွင့်ရတဲ့အခါ အော် အများအပေါ်ထားတဲ့ အနစ်နာခံ တဲ့ စိတ်ဓါတ်ကတော့ ချီးကျူးဖို့ အတုယူဖို့ ကောင်းလှပါတယ်။ ကိုယ်ကျိုးမငဲ့ ပဲ တစ်မျိုးသားလုံး လွတ်လပ်စေဖို့ အတွက် သူလုပ်ချင်သော အလုပ်တွေကို ဘေးဖယ်ထားလို့ အများအတွက် နံပါတ်တစ်ထား လုပ်ဆောင်သွားခဲ့သော စံပြပုဂ္ဂိုလ်ကြီးရဲ့ လေးစားထိုက်သော စိတ်ဓါတ်ကို အထင်းသားကို တွေ့နေ ရပါတယ်။

စာရေးရခြင်းရဲ့ အရသာကိုတော့ ကျနော်လည်း သိထားပြီးမို့ ဗိုလ်ချုပ်နည်းတူ ခံစားမိပါတယ်။ ကျနော့် အနေနဲ့ အများနှင့် ရှုပ်ယှက်ခတ် နေမယ့်အစား ကိုယ့် တစ်ယောက်တည်း ငြိမ်ငြိမ်လေး စာရေးနေရတဲ့ အရသာကိုပဲ လိုချင်ခဲ့တာပါ။ တနည်းပြောရရင်တော့ အများလိုချင်ပါတယ် ဆိုတဲ့ ဂုဏ်တွေ၊ ပကာသနတွေ နဲ့ ကင်းမဲ့စွာနဲ့ စာပေနှင့် အများအကျိုးကို အသံတိတ် အပျောက် လုပ်ဆောင်ချင်ခဲ့တဲ့ ကျနော်အတွက်တော့ ဗိုလ်ချုပ်ရဲ့ ဆန္ဒနဲ့များ ထပ်တူနေမလားပဲ။ ဗိုလ်ချုပ်ဟာ သူ့ရဲ့ ကိုယ်ရေး အတ္ထုပတ္တိကို တောင် ပြီးအောင်ရေးမသွားနိုင်ခဲ့ပါဘူး။ ရေးလက်စနဲ့ပဲ အသက်စွန့်သွား ခဲ့ရတာပါ။ သူလုပ်သမျှတိုင်းသည် အနှစ်ပါလှပြီး လူတိုင်းအပေါ် စိတ်ဓါတ် အား၊ အသိဉာဏ်အားနှင့် ခွန်အားပါ တိုးပွားစေသော ရည်ရွယ်ချက်ကြီး အပြည့်ရှိကြောင်းကို ရေးသားထားသော စာများက ဖော်ပြနေပါတယ်။

အင်း…ဒီစာပေတွေကို နောင်လာ နောက်သားများ ဖတ်ရှု့နိုင်ကြလို့ ဗိုလ်ချုပ်ပေးသော အသိများစွာ ရရှိနိုင်ကြပြီး ဒီလို စိတ်ဓါတ်မျိုးများ မွေးဖွား လာနိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့ ဗိုလ်ချုပ်ပေးသော အသိအမွေလေးများ ကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်နော်။

2 comments

  • Thel Nu Aye

    January 6, 2012 at 5:11 pm

    ဗိုလ်ချုပ်ကတော့တသက်မှာတယောက်ပါပဲ။ နောက်တယောက်တွေ့နိုင်ဖို့ခဲယဉ်းပါတယ်။ တကယ့် အဖိုးတန်ပါပဲ။ သူ့လိုလူမျိုးကိုကျွန်မတို့တိုင်းပြည်ကပိုင်ဆိုင်ခွင့်ရလိုက်တာ ဘုရားပေးတဲ့လက်ဆောင်ပါ။ သူ့ကိုပိုင်ဆိုင်ခွင့်ရတဲ့အချိန်ကာလတိုတောင်းပေမဲ့ရလိုက်တဲ့ဆုလာဒ်ကတော့တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ နိုင်ငံတကာမှာဂုဏ်ယူဝင့်ကြွားနိုင်လောက်အောင်တန်ဖိုးရှိပါတယ်။ သူ့ကိုပိုင်ဆိုင်ခွင့်ရလိုက်တဲ့ အပိုဆုအဖြစ် အမေစု ကိုပါပိုင်ဆိုင်ခွင့်ရလိုက်တာဟာကျွန်မတို့တိုင်းပြည်ရဲ့ထပ်ဆင့်ဂုဏ်ဆောင်မှု့ပါပဲ။ သူတို့ကြောင့် ကျွန်မတို့နိုင်ငံတကာမှာဂုဏ်မငယ်တော့ပါဘူး။

Leave a Reply