ကျွန်ုပ်နှင့် တစ်သက်စာအလွဲများ (၂)

“When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်…. အဆောင်နေကျောင်းသားဘဝ ရွယ်တူယောင်္ကျားလေးတွေချည်းစုစုပေါင်း (၅၀)လောက်စုနေကြတာဆိုတော့ အယုတ်တမာတွေ၊ ပေါက်တကရတွေကလဲအစုံ၊ နယ်စုံ၊ အသက်အရွယ်အစုံ၊ အတတ်ပညာစုံ (ကောင်းတာရော) မကောင်းတာရော၊ အတွေ့အကြုံအစုံပေါ့ဗျာ…

ယောင်္ကျားလေးတွေချည်းဆိုတော့ အနိုင်မခံအရှုံးမပေး အပြိုင်အဆိုင်လဲများပေ့ပေါ့…

ဟိုကောင်ဆေးလိပ်ခိုးသောက်ရင်…ဒီကောင်အရက်ခိုးသောက်မှ ဂုဏ်ရှိတာ။ လူရှိန်တာ။

မဟုတ်လို့ကတော့ အခြောက်ဘာညာဆိုပြီး ဖင်ပုတ်ခေါင်းပုတ်နဲ့ စော်ကားခံရပြီသာမှတ်…

မနေ့က ထမင်းစားတဲ့အလွဲအကြောင်းပြောပြီးတော့ ဒီနေ့ ရေချိုးတဲ့အလွဲအကြောင်းထပ်ပြောကြတာပေါ့…. ကျွန်တော်တို့အဆောင်မှာ ရေချိုးခန်း သေးသေးလေး (၄)ခုနဲ့ ရေချိုးဖို့ ကန်အကြီးကြီးတစ်ခုရှိတယ်ဗျ…

ရေကန်ကြီးမှာတော့ အကုန်စုပုံပြီးရေချိုးကြတာပေါ့ ရေချိုးခန်းသေးသေးလေးတွေက (၄)ခုပဲရှိတာဆိုတော့ လူတိုင်းရေချိုးခန်းမရဘူးပေါ့ဗျာ…

ကျွန်တော်ကလဲ ရေဆိုရင် ဝအောင်ချိုးရမှ၊ နောက်တစ်ခုက သေချာဂျီးတွန်းချင်တာလေ သူများနဲ့ကန်မှဝိုင်းချိုး ရတာကို ကျွန်တော့်စိတ်ထဲ စင်တယ်လို့ကိုမထင်တာ။ ရေချိုးခန်းထဲမှာ နိကက်ချိုးရမှ စင်သလိုလို စိတ်ထဲဖြစ်နေတော့ ခက်တော့ခက်သားလားဗျ။

ညနေ အဆောင်မှာ အတန်းပြီးချိန်က ၄နာရီဆိုတော့ ထမင်းကျွေးချိန် ၅နာရီမရောက်ခင် တစ်နာရီတိတိ ရေချိုးချိန်နဲ့ နားချိန်ရှိတယ်ပေါ့ဗျာ… ၅နာရီခွဲတာနဲ့ ညနေပိုင်း သမိုင်းချိန်ကို ပြန်ဝင်ရသေးတယ်လေ။

ညနေ (၆)နာရီခွဲအထိပေါ့..(၇)နာရီဆိုရင်တော့ ကျွန်တော်တို့ စာကျက်ခန်းဝင်ရပါတယ်..ည ၁၁နာရီအထိပေါ့…

အဲဒီတော့ ရေချိုးခန်းလိုချင်တဲ့ ကျွန်တော်က အတန်းပြီးတာနဲ့ အခန်းကိုတန်းပြေးပြီး ရေလဲပုဆိုးကိုလဲပြီးတာနဲ့ အခန်းလုတာကိုး။

နေ့တိုင်းလိုလိုလဲ အခန်းကရပါတယ်…

နောက်တစ်ခုက ကျွန်တော်က ရေချိုးခန်းထဲမှာ သီချင်းက အော်ဆိုတတ်သေး။ ကိုညီထွဋ်ပရိတ်သတ်ဆိုတော့ အသံအက်အက်နဲ့ ကိုညီထွဋ်သီချင်းတွေကို ဟဲသေးတာပါ့။ အဲဒီအချိန်တုန်းက ခေတ်စားတဲ့အခွေက ရပ်၊ ကြည့်၊ သွား ဆိုတဲ့အခွေ။ ကိုညီထွဋ်ရဲ့ မီးမုန်တိုင်းတို့ဘာတို့ပေါ့ဗျာ…

ရေချိုးခန်းကတော့ ကျွန်တော့ရဲ့ စတီဒီယိုဖြစ်ခဲ့သေးတယ်…

ကျွန်တော်တို့ရေချိုးခန်းတံခါးက ဂျက်ထိုးပိတ်ရတဲ့ တံခါးအပြည့်မဟုတ်ဘူး။ ဆင်နားရွက်တံခါးလို့ခေါ်တဲ့ အပေါ်လွတ်၊ အောက်လွတ်တံခါး။ ကျွန်တော်က ရေချိုးခန်းထဲရောက်တာနဲ့ ဆပ်ပြာရယ်၊ သွားတိုက်တံရယ်၊ ရေဖလားရယ်၊ (၃)မျိုးကို ကန်ဘောင်ပေါ်တင်…

မျက်နှာသုတ်ပုဝါရယ်၊ ဝတ်လာတဲ့ရေလဲပုဆိုးကို တံခါးရွက်ကလေးပေါ်မှာတင်ပြီး အဆိုရော၊ အချိုးရော တစ်ခါတည်း စလုပ်တော့တာပေါ့…

အဲဒီမှာ ရေချိုးခန်းနားနေတဲ့ သကောင့်သားတွေက နားလဲညီး၊ ရေချိုးခန်းလဲမရတော့ ကျွန်တော့ကိုတင်းပြီး Mood အပြည့်နဲ့ သီချင်းဆိုရင်း ရေချိုးနေတဲ့ ကျွန်တော့် ဝတ်လဲတော်နဲ့ မျက်နှာသုတ်ပုဝါကို ယူပြီးလစ်သွား တော့သကိုး။ ရေလဲချိုးအပြီး လှည့်ကြည့်တော့ ပုဆိုးရော၊ မျက်နှာသုတ်ပုဝါရောမရှိတော့ဘူး…

ခေါင်းမှာလဲရေတွေလောင်းချိုးထားတော့ အေးကလဲအေးနဲ့ အော်ဟစ်အကူအညီတောင်းခဲ့ပါသေးတယ်…

SOS လဲရောက်မလာ။ မေခလာလဲပေါ်မလာတော့…

နောက်ဆုံး တစ်ကနေ တစ်ဆယ်အထိရေမယ်…လာမပေးရင် ဒီအတိုင်းထွက်လာမယ်လို့ ချိန်းခြောက် လိုက်တယ်… တစ်ကနေ တစ်ဆယ့်ငါးလောက်အထိရေတာတောင် တစ်ယောက်မှလာမကူဘူး…

ကျွန်တော်လဲ ရေချိုးခန်းထဲမှာ နာရီဝက်လောက်ကြာလာတော့ သည်းမခံနိုင်တော့ဘူး….

ဆပ်ပြာနဲ့ သွားပွတ်တံကို ထားခဲ့…ထည့်ယူလာတဲ့ ရေဖလားနဲ့ အမြင်မတော်ရာကို အုပ်ပြီး…

ကိုရင်ဂိုရဲ့ ရပ်၊ ကြည့်၊ သွား သီချင်းအတိုင်း အခြေအနေရပ်ကြည့်လိုက် လူရှင်းသလားကြည့်လိုက်၊

လူရှင်းရင် သွားလိုက်နဲ့ ရေချိုးခန်းကနေ ကျွန်တော့်အခန်းကို ပြန်လာခဲ့တယ်…

အဆောင်တစ်ခုလုံးကလဲ ထမင်းသွားစားနေကြပြီဆိုတော့ လူကလဲတစ်ယောက်မှမရှိတော့ဘူး…

ကျွန်တော့်အဖို့ တော်တော်လေးအဆင်ပြေခဲ့တယ်ဗျ…

နောက်ဆုံး ရေချိုးခန်းရှိတဲ့အဆောင်ကနေ ကျွန်တော်နေတဲ့အဆောင်ကြားထဲမှာ စကြံ င်္ရှိတယ်။ အဲဒီ စကြံ င်္က ရေချိုးခန်းရှိတဲ့အဆောင်ရယ်၊ ကျွန်တော်နေတဲ့အဆောင်ရယ်၊ စာသင်စာကျက်ခန်းမကို ဆက်ထားတဲ့ဟာ..

ကျွန်တော်လဲ စကြံ င်္ကို ဖက်အကူးကျမှ ကံဆိုးချင်တော့ သမိုင်းသင်တဲ့ဆရာမအပျိုကြီး (အဲဒီတုန်းက ဆရာမက အသက် ၃ဝ မပြည့်တပြည့်) ဗြုန်းဆို ခြင်းတောင်း လေးဆွဲပြီး ဝင်အလာ…သူနဲ့ကျွန်တော် မျက်နှာချင်းဆိုင်ကြီး သူကလဲလန့်ပြီး ခြင်းတောင်းကို လွှတ်ချ၊ ကျွန်တော်ကလဲလန့်ပြီး ဖလားကိုလွှတ်ချ…လန့်ပြီးဗျား ဖလားလွှတ်ချမိတယ်လို့ဗျာ…

မပြောပါနဲ့တော့…အသားကုန်လွှတ်ဆိုးကုန်တော့တာပေါ့…

ကျွန်တော်လဲ နိကက်တန်းလန်းနဲ့ပဲ အခန်းထဲပြေးဝင်…ဆရာမလဲ ခြင်းတောင်းပစ်လို့ ပင်မဆောင်ဘက်ပြေး အထွက် ထမင်းစားပြီးပြန်လာတဲ့ကောင်တွေနဲ့ ဆရာမကမျက်နှာချင်းဆိုင်…

ကျွန်တော်ကလဲ ရှက်ရှက်နဲ့ထွက်ပြေးတာ ဘေးကတိုင်ကို မမြင်ပဲခေါင်းနဲ့ပြေးအဆောင့် နှဖူးကွဲပြီး လမ်းမမှာ ပက်လက် သောက်ရှက်လဲ ဗြန်းဗြန်းကွဲ…ဆရာမလဲ (၃)ရက်လောက်စာလာမသင်ဘူး…

ကျွန်တော်လဲ သမိုင်းအချိန်ဆို မျက်နှာပူလို့ တစ်ပတ်လောက်ရှောင်နေတယ်…

အခုတော့…ဆရာမလဲ အိမ်ထောင်ကျသွားလို့ အဖွားကြီးတောင်ဖြစ်နေလောက်ရောပေါ့…

ကိုယ်တောင် ဦးလေးအခေါ်ခံနေရမှပဲ…ဘာပဲဖြစ်ဖြစ်လေ…

ရေဖလားနဲ့ ရင်ဂိုရဲ့ ရပ်ကြည့်သွားသီချင်းကြားတိုင်း…ကြောင်ဝတုတ်ကို သတိရကြသည်ပေါ့…

 

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂။

9 comments

  • တောင်တန်း က မောင်ဆန်း

    January 10, 2012 at 12:43 pm

    အော် …
    တကယ်ကို ရီရတယ်ဗျာ …
    တကယ်ပါ .. တကယ်ပါ …
    မောင်ဆန်း ဂေဇက်ထဲမှာ တစ်ခါမှ ဒီလောက်မရီရသေးဘူး
    အကြည်တော် စာအုပ်ဖတ်သလိုကို ရီရပါတယ်
    စိတ်ထဲမှာလဲ ကွက်ကွက်ကွင်းကွင်းပဲ …
    ရေချိုးခန်း ဖလားကို ပြောပါတယ် .. :mrgreen:

  • Moe Z

    January 10, 2012 at 2:33 pm

    ဖြစ်မှဖြစ်ရလေ ကိုကြောင်ဝတုတ်ရယ်
    တော်သေးတာပေါ့ ရေချိုးခန်းနဲ့ အဆောင်အကူးမှာ ခွေးမရှိလို့ 😀

  • pooch

    January 10, 2012 at 3:19 pm

    ဖြစ်မှဖြစ်ရလေ သူငယ်ချင်းများကလည်း အတော်လုပ်ရက်တာပါလားနော်..
    ဆရာမတော့ တော်တော် ရှက်သွားရှာမှာ …… ယောင်ပြီး ခွက်ပါလွှတ်ချရတယ်လို့ … :mrgreen:

  • Thel Nu Aye

    January 10, 2012 at 5:09 pm

    အောင်မယ်လေးရီလိုက်ရတာ။ အရေးအသားကလဲရှယ်ပဲ။ ကွက်ကွက်ကွင်းကွင်းကိုမြင်ပြီးရီလိုက်ရတာမျက်ရည်တောင်ထွက်တယ်။ တွေးတွေးပြီးရယ်ဆိုတာဒါမျိုးပေါ့နော်။

  • MaMa

    January 10, 2012 at 5:52 pm

    ဖစ်မှ ဖစ်ရလေ ကြောင်ဝတုတ်ရယ်…
    အဲ… ဒါနဲ့
    နောက်ရက်တွေကော ဘယ်လိုရေချိုးသတုန်း 😆

  • yaungchikha

    January 10, 2012 at 8:16 pm

    ရီရတယ်ဗျာ……………. ကိုကြောင်ဝတုတ်အဖြစ်က…….
    ဆရာမအပျိုကြီးတော့ …….. တော်တော်လန့်သွားမှာပဲ…… 🙂

  • ရင်နင့်

    January 11, 2012 at 2:24 am

    မ thel nu aye က ကွက်ကွက်ကွင်းကွင်း ကိုုမြင်ပြီးရီလိုုက်ရတယ်တဲ့ ဘယ်တုုန်းကမြင်လိုုက်တာလဲမသိ 😛

  • FattyCat

    January 11, 2012 at 9:16 am

    မမရေ-
    နောက်ရက်ကျတော့လေ….
    ကြွပ်ကြွပ်အိတ်တစ်လုံးထဲမှာ…ရေလဲဝတ်ပုဆိုးနဲ့ မျက်နှာသုတ်ပုဝါကိုထည့်ပြီး…
    ကန်ဘောင်ပေါ်မှာတင်ကာ ရေချိုးကြောင်းပါ…
    အဲဒီကစပြီး ပုဆိုးအခိုးမခံရတော့ပါဘူး…
    ရေလေးခပ်ချိုးလိုက်…ကိုယ့်အထုပ်လေးကို မျက်စောင်းထိုးကြည့်လိုက်နဲ့
    စောင့်ရှောက်ပြီး (၁၀)တန်းအောင်တဲ့အထိ ရေချိုးခဲ့ကြောင်းပါ….

  • Thel Nu Aye

    January 11, 2012 at 9:30 am

    အောင်မယ်လေး။ ရင်နင့်ရယ်သူများကိုဆွဲထည့်ပြန်ပြီ။ သူကရုပ်ရှင်ရိုက်ပြသလိုရေးထားတာကိုး။ အရေးအသားကမြန်မာစာဂုဏ်ထူးထွက်လောက်တယ်လေ။ အဲဒါကြောင့်ပါ။

Leave a Reply